မသေမျိုးတစ်ယောက်၏ထိုးထွင်းမြင်နိုင်စွမ်း
Vol. 8 Ch. 119
ထာဝရနတ်မယ် အချီကြီးကြံထားခဲ့သည်။ ယွမ်ကျိကိုယ်တိုင် လေ့ကျင့်ပေးခဲ့သည့် လုယန်သည် အစကတည်းက ပါရမီထူးသူဖြစ်သည်။ ရှေးဟောင်းခေတ်မှာပင် မြင်ရခဲသည်။ ကိုယ့်ထက်ကျင့်စဉ်အဆင့်မြင့်သူများကို တိုက်ခိုက်ဖို့ သူ့အတွက် မခက်ခဲနိုင်။ ထို့ကြောင့် ထာဝရနတ်မယ် စင်မြင့်ပေါ်တွင် နာမည်ကောင်းယူရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။
ယခု သူသဘောပေါက်သွားသည်။ ရှေးဟောင်းခေတ်ကဆိုလျှင် လုယန်သည် သူ့ထက်ကျင့်စဉ်အဆင့်မြင့်သူများကို အမှန်တကယ် တိုက်ခိုက်နိုင်ပါလိမ်မည်။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းတွင် ထိုသို့လုပ်နိုင်မည်ဟု မဆိုလို။
မသေမျိုးဂိုဏ်းငါးဂိုဏ်းတွင်ပါဝင်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ ပုံမှန်မဟုတ်သည့်နည်းလမ်းများနှင့် ထူးထူးဆန်းဆန်းစိတ်ကူးစိတ်သန်းများက တစ်ခြားအရာများထက်ပို၍ ပြိုင်ဘက်ကင်းကြောင်း ထာဝရနတ်မယ် နားမလည်။
နှစ်တစ်သိန်းနှစ်သောင်း မယိုင်မနဲ့ ရပ်တည်ခဲ့သည့်ဂိုဏ်းဖြစ်သည်။ ကံချည်းသက်သက်ကြောင့်မဟုတ်။ စွမ်းအားကို ပိုအားကိုးခြင်းကြောင့်ဖြစ်သည်။
မောင်နှမကိုးဖော်ခေတ်တွင် တစ်ယောက်ချင်းစီက ထူးခြားသည့်အစွမ်းအစများပိုင်ဆိုင်ကြသဖြင့် ဂိုဏ်းအင်အားကို ပို၍ပင်တိုးမြှင့်နိုင်ခဲ့သည်။
ဥပမာ ဆေးအိုးတောင်ကို ဦးစီးနေသည့် သတ္တမအကြီးအကဲသည် ငယ်စဉ်က အခြေတည်အဆင့်ကို အကြိမ်တစ်ရာကြိုးစားတည်ဆောက်ပြီး ဂိုဏ်းတပည့်မျိုးဆက်များအတွက် ခိုင်မာသည့် လမ်းစကိုပြခဲ့သည်။ လုယန်လမ်း ထိုလမ်းစဉ်မှ အကျိုးရခဲ့သည်။
သတ္တမအကြီးအကဲ အခြေတည်ထိပ်ဆုံးအဆင့်ရောက်ချိန်တွင် စိတ်ကူးတစ်ခုပေါ်လာသည်။ ဘာကြောင့် လူတစ်ယောက် ရွှေသန္ဓေတစ်ခုသာရှိသနည်း။ ဘာကြောင့် နှစ်ခုသုံးခု မရှိသနည်း။
ရွှေသန္ဓေ နှစ်ခုသုံးခုရှိလျှင် မည်သို့ဖြစ်လာနိုင်သည်ကို သူစတင်သုံးသပ်သည်။ သန္ဓေနှစ်ခုဆိုလျှင် အဆင်ပြေနိုင်သည်။ ရွှေသန္ဓေနှစ်ခု အချင်းချင်းဆွဲငင်ပြီး အချိုးကျကျလည်ပတ်မည်။ သို့သော် သန္ဓေသုံးခုကိစ္စတွင် အကြီးအကဲ အခက်တွေ့သည်။ သန္ဓေသုံးခုလည်ပတ်သည့်လမ်းကြောင်းက ပရမ်းပတာဖြစ်နေသည်။ တသမတ်တည်းမရှိ။
ဇွဲမလျှော့သေးဘဲ ကောင်းကင်မူလတွက်ချက်နည်းဆယ့်ရှစ်မျိုးဖြင့် သူ့ဆရာ၏သိစိတ်အာရုံကိုသုံးပြီး ဖြစ်လာနိုင်မည့်ရလာဒ်ကို တွက်ချက်ကြည့်သည်။ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။
သို့သော် တွက်ချက်မှုအရ သန္ဓေသုံးခုလည်ပတ်နိုင်ဖို့ လိုအပ်ချက်များက ကြီးမားလွန်းသည်။ သန္ဓေတည်အဆင့်တစ်ယောက် ခံနိုင်ရည်ရှိမည်မဟုတ်။ ထို့ကြောင့် သန္ဓေသုံးခုစိတ်ကူးက တဖြေးဖြေးမှေးမှိန်ပျောက်ကွယ်သွားသည်။ ထိုကိစ္စမအောင်မြင်ခဲ့သော်လည်း အသစ်ပေါ်လာသည့် တွက်ချက်နည်းများက အကြီးအကဲအတွက် များစွာအကျိုးပြုခဲ့သည်။
မျိုးရိုးအဆက်ဆက် သုတေသနပြုပြီးနောက် သန္ဓေတည်ဆောက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ တာအိုလမ်းစဉ်ဂိုဏ်း၏ နားလည်မှုက မယုံနိုင်လောက်အောင် နက်နဲလာသည်။ အခြေခံလည်းကောင်းမည်၊ စနစ်အတိုင်းလည်း လိုက်နာမည်ဆိုလျှင် ထိပ်တန်းအရည်အသွေးရွှေသန္ဓေတစ်ခု တည်ဆောက်ဖို့ အခက်အခဲမရှိ။
တာအိုလမ်းစဉ်ဂိုဏ်းမှ ဘယ်တပည့်မဆို အပြင်လောကရောက်လျှင် ပါရမီရှင်ဟု သတ်မှတ်ခံကြရမည်။ မျိုးဆက်တူများထဲတွင် ပြိုင်ဘက်ကင်းသူဟုမပြောပါ။ သို့သော် ကိုးဆယ့်ကိုးရာနှုန်းလောက် အနိုင်ယူဖို့ ပြဿနာမရှိနိုင်။
သိစိတ်နယ်မြေထဲမှလုယန်က ထာဝရနတ်မယ်ကို ငြိမ်သက်စွာစောင့်ကြည့်နေသည်။
အားလုံးကို သူနားလည်ပါသည်။ သို့သော် အသုံးမကျသည်က ထာဝရနတ်မယ်ဖြစ်ပြီး အရှက်ကွဲသည်က ဘာကြောင့် သူဖြစ်ရသနည်း။
ထာဝရနတ်မယ်၏ ပွဲဦးထွက်က မလှပခဲ့။
“ကျုပ်ခန္ဓာကိုယ် ပြန်ပေးတော့”
လုယန် နောင်တရနေသည်။
ထာဝရနတ်မယ်က ဩဝါဒခြွေသည်။
“ကောင်လေး၊ ကျင့်ကြံတယ်ဆိုတာ တိုက်ခိုက်ရုံသက်သက်မဟုတ်ဘူး။ စွမ်းအားက အရာအားလုံးကို ကိုယ်စားပြုနိုင်လို့လား။ အဲလို ဘယ်ဟုတ်မလဲ။ ကျင့်ကြံတယ်ဆိုတာ ထိုးထွင်းမြင်နိုင်စွမ်းကို ဆိုလိုတာ။ အရည်အသွေးကို မျက်လုံးနဲ့ အကဲဖြတ်တာ။ ဈေးပွဲတော်ထဲမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်။ ရေးခေတ်မသေမျိုးတစ်ယောက်ရဲ့ ထိုးထွင်းမြင်နိုင်စွမ်းဆိုတာဘာလဲ မင်းသိအောင်ပြမယ်”
လုယန် နောက်တစ်ကြိမ် ယုံကြည်ပေးလိုက်သည်။
“အားလုံး ကြည့်ကြနော်။ ရှေးဟောင်းနယ်မြေပျက်တစ်ခုကရလာတဲ့ လျိုလီချင်ဟွားပန်းအိုးပါ။ တကယ့်ရှားပါးရတနာပါ”
“နဂါးခွေကျောက်စိမ်းခေါင်းအုံးတဲ့။ အိပ်မက်ထဲမှာ ကျင့်ကြံလို့ရပါတယ်။ တောင်ပိုင်းက အထူးထုတ်ကုန်တစ်မျိုးပါ။ သိပ်ကောင်းတဲ့ပစ္စည်းပါဗျာ”
“အားဖြည့်ဆေးအသေးစားလေးတွေ။ တစ်လုံးမှ ကျိုးဆောင်မှတ်တစ်ဆယ်တည်းပါဗျို့။ သုံးခုဝယ် တစ်ခုလက်ဆောင်ပါ။ များများဝယ်လေ များများပိုရလေပါ။ ဆေးလုံးတစ်ရာဝယ်ရင် ဆေးဖော်နည်းအခမဲ့ရပါမယ်”
“အငှားလိုက်ပါတယ်။ အငှားလိုက်ပါတယ်နော်။ ကျုပ်က ရွှေသန္ဓေအဆင့် ကျင့်ကြံသူပါ။ ခင်ဗျားတို့မစ်ရှင်အတွက် အဖော်လိုက်ပေးနိုင်တယ်။ အလုပ်လုပ်ပေးနိုင်တယ်။ တစ်နေ့ကို ကျိုးဆောင်မှတ် တစ်ရာ့နှစ်ဆယ်ပါ”
(**တစ်ခြားဝန်ဆောင်မှုမျိုးလည်း ရှိသင့်သည်ဟု ယူဆပါသည်)
ဈေးပွဲတောင်တွင် ရတနာများမှအစ အငှားလိုက်သူအဆုံး အားလုံးရှိသည်။ ရွေးချယ်စရာ များပြားလှသည်။
လုယန်ခန္ဓာကိုယ်ကို ထိန်းချုပ်နေသည့် ထာဝရနတ်မယ် ဆောင့်ကြောင့်လိုက်သည်။ ကိုယ်နောက်ပိုင်း အဝတ်ကို လက်ဖြင့်အလိုလို သိမ်းလိုက်မိသည်။ ထို့နောက်မှ လုယန် ဂါဝန်ဝတ်မထားမှန်း နားည်လာသည်။
ထိုအဖြစ်ကိုကြည့်၍ လုယန် ကျိတ်ပြုံးနေသည်။ ယောက်ျားက ဘာကြောင့်ဂါဝန်ဝတ်မည်နည်း။
“ဒီလျိုလီချင်ဟွားပန်းအိုးက ဘယ်လောက်လဲ”
ထာဝရနတ်မယ် ပန်းအိုးကို စိတ်ဝင်တစားကြည့်နေသည်။ အမျိုးအစားခွဲခြားမရသည့် နွမ်းခြောက်နသည့် ပန်းတစ်ပွင့်ပါသည်။ ဘယ်အချိန်ကတည်းက နွမ်းခြောက်ခဲ့မှန်းတော့မသိ။
“ကျိုးဆောင်မှတ် ရှစ်ရာရှစ်ဆယ့်ရှစ်မှတ်ပါ”
“အဲလောက်တောင် ဈေးကြီးတာလား”
“သိပ်လည်း အံ့ဩမသွားပါနဲ့ ညီလေး။ ဒီလျိုလီချင်ဟွားကို ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ မှော်နယ်မြေမှာ တွေ့ခဲ့တာ။ လက်ရာကလည်း ထူးခြားတယ်။ ခိုင်ခံ့မှုလည်းရှိတယ်။ ဈေးနဲ့တန်ပါတယ်”
စီနီယာအကိုက ပန်းအိုးကိုကိုင်၍ မြေပေါ်သို့ ပစ်ပေါက်၍ လက်တွေ့ပြသည်။ မှန်သည် ပန်းအိုးက ကွဲမသွား။
“ခိုင်ခံတာအပြင် တစ်ခြားသုံးလို့ရတာ ရှိလို့လား။ ခိုင်ခံ့တာပဲလား”
စီနီယာအကို အခက်တွေ့သွားသည်။ ထိုပန်းအိုး သူ့လက်ထဲရောက်သည်မှာ အတော်ကြာခဲ့သော်လည်း ဘယ်လိုအသုံးပြုရမည်ကို သူမသိ။ ခိုင်ခံ့မှုကိုအသားပေး၍ ရောင်းနေခြင်းဖြစ်သည်။
“ကျိုးဆောင်မှတ်တစ်ရာဆိုရင်ဝယ်မယ်။ ကျုပ်က အလှသုံးဖို့ပါပဲ”
“အဲလောက်ကြီးတော့ ဈေးမဆစ်နဲ့လေ ညီလေးရာ။ ခုနစ်ရာထားပါ။ ဒီထက်တော့ လျှော့လို့မရတော့ဘူး”
ထာဝရနတ်မယ် လှည့်ထွက်သွားရန်ပြင်သည်။
“အလျင်စလို မဆုံးဖြတ်ပါနဲ့ဦး။ လေးရာထားကွာ။ ဒါငါလျှော့ပေးနိုင်တဲ့ အနိမ့်ဆုံးဈေးပဲ”
“နှစ်ရာ”
စီနီယာအကို အံတစ်ချက်ကြိတ်လိုက်သည်။ ထိုပန်းအိုးကို အတော်ကြာအောင် ရောင်းနေခဲ့သော်လည်း ဝယ်သူမရှိခဲ့။ ယနေ့မှ စိတ်ဝင်စားသူတစ်ယောက် ပေါ်လာခြင်းဖြစ်သည်။ အခွင့်အရေးကို လက်လွတ်မခံနိုင်။
“ယူကွာ”
ထာဝရနတ်မယ် လုယန်ကိုကြွားသည်။
“တွေ့လား၊ ဒါငါ့ရဲ့ ထိုးထွင်းမြင်နိုင်စွမ်းပဲ”
“ဒီပန်းအိုးမှာ လျှို့ဝှက်ချက်တစ်ခုခုရှိလို့လား”
ထာဝရနတ်မယ် ထူးထူးဆန်းဆန်း ခေါင်းခါပြသည်။
“ပန်းအိုးက ခိုင်ခံ့တာပဲရှိတာ။ လျှို့ဝှက်ချက်က ပန်းအိုးမှာမဟုတ်ဘူး။ ဒီပန်းခြောက်ထဲမှာပါ။ ဒီပန်းမှာ ကျင့်စဉ်နည်းလမ်းတစ်ခုပါတယ်။ ငါနင့်ကို အဓိပ္ပါယ်ဖော်ပေးမယ်”
ဈေးထောင့်တစ်နေရာသို့ ထာဝရနတ်မယ် လျှောက်သွားသည်။ ရှေးခေတ်ကျမ်းစာတစ်မျိုးကို ရွတ်ဆိုသည်။ ကြည်လင်သာယာသည့် ကျမ်းရွတ်သံက လေထဲတွင် လွင့်ပျံနေသည်။ ခြောက်သွေ့နေသည့်ပန်းပွင် ထူးဆန်းစွာ ပြန်အသက်ဝင်လာသည်။ တဖြေးဖြေး အပြည့်အဝပွင့်လန်းလာသည်။ ပန်းပွင့်ထဲမှ စာလုံးများ ပျံထွက်လာသည်။
ထာဝရနတ်မယ် အံ့ဩဟန်မရှိ။ ယုံကြည်ချက်အပြည့်ဖြင့် ဘာသာပြန်၍ အဓိပ္ပါယ်ဖော်ပေးသည်။
“ဒါက နင့်ကို လေဟာနယ်သန့်စင်အဆင့်ထိ ရောက်အောင်ခေါ်သွားနိုင်တဲ့ ကျင့်စဉ်ပဲ။ လျိုလီအရိုးအသွင်ပြောင်းကျင့်စဉ်တဲ့။ အဆင့်သုံးဆင့်ခွဲထားတယ်။ အသွင်မပြောင်းအရိုး၊ စိန်အရိုး၊ အပြည့်အဝကျင့်ကြံပြီးရင် လျိုလီအရိုး။ ဒီထဲမှာ အသွင်မပြောင်းအရိုးအဆင့်ပဲပါတယ်။ ချီသန့်စင်အဆင့်ကနေ ရွှေသန္ဓေအဆင့်ထိ ရောက်မယ်။ ရှေးဟောင်းနယ်မြေတစ်ခုကို ဝင်ခွင့်ရလာရင် ကျန်တဲ့ကျင့်စဉ်အပိုင်းတွေကို ရှာတွေ့နိုင်ပါတယ်”
ထာဝရနတ်မယ် ဝင့်ကြွားသည့်လေသံဖြင့် ပြောသည်။ ရှေးခေတ်က အသေးစားမျိုးနွယ်များမှ အလတ်တန်းမျိုးနွယ်များအထိ နှိပ်ကွယ်နိုင်စွမ်းရှိသည့် လေဟသန့်စင်အဆင့်ကျင့်စဉ်မျိုးကို လူပေါင်းများစွာ လိုချင်မက်မောကြသည်။
လုယန်ခဏအသံတိတ်နေပြီးနောက် စာပိုဒ်တစ်ခုကို ရွတ်ဆိုလိုက်သည်။ ထာဝရနတ်မယ် အံ့အားသင့်သွားသည်။ လုယန်ယွမ်ဆိုသည့်စာသားက လျိုလီအရိုးအသွင်ပြောင်းကျင့်စဉ်အဆုံးသတ်အပိုင်းဖြစ်သည်။
“ငါဒါကိုတောင် ဘာသာပြန်မပြရသေးဘူး။ နင်ဘယ်လိုလုပ်သိနေတာလဲ။ဒီစကားလုံးတွေရဲ့ အဓိပ္ပါယ်ကို နင်နားလည်တယ်ပေါ့”
လုယန် သက်ပြင်းချသည်။
“ရှေးဟောင်းနယ်မြေတစ်ခုကရတဲ့ ကျင့်စဉ်အပြည့်အစုံ ဒါအိုလမ်းစဉ်ဂိုဏ်းမှာ ရှိပြီးသားပါ။ ဒီကျင့်စဉ်ကို မှီးငြမ်းစရာတစ်ခုအနေနဲ့ ကျုပ်လေ့လာခဲ့တယ်။ အားလုံး ဖတ်ပြီးပါပြီ။
အမယွမ်ကျိက ဒီကျင့်စဉ်ထဲက ချို့ယွင်းချက်တွေကိုတောင် ပြင်ဆင်မွမ်းမံပြီး လျိုလီအရိုးအဆင့်ကနေ မဖျက်ဆီးနိုင်တဲ့အရိုးအဆင့်ထိရောက်နိုင်အောင် လုပ်ထားတယ်။ အခု လျိုလီအရိုးအသွင်ပြောင်းကျင့်စဉ်က စုစည်းခြင်းထိပ်ဆုံးအထိ ကျင့်ကြံနိုင်နေပြီ။ ခင်ဗျားစိတ်ဝင်စားလို့ ကြည့်ချင်ရင် ကျုပ်ခေါ်သွားပေးလို့ရတယ်။ အဲဒါက ကျမ်းစားတိုက်ပထမထပ်မှာရှိတယ်။ အခမဲ့ဖတ်လို့ရတယ်။ ကြိုက်သလောက် အချိန်ယူပြီး ဖတ်လို့ရပါတယ်”
ထာဝရနတ်မယ် - “...”
ထိုမျှအဖိုးတန်သည့်ကျင့်စဉ်ကို တာအိုလမ်းစဉ်ဂိုဏ်းက ဘာကြောင့်ကျမ်းစာတိုက်ပထမထပ်တွင် ဘာကြောင့်ထားသနည်း။
လုယန်လည်း ကိုယ့်အတွေးနှင့်ကိုယ်ရှိသည်။ သူ့ကျိုးဆောင်မှတ်နှစ်ရာ ပြန်ရနိုင်မလား သိချင်နေသည်။
********************************************************