ရှေးခေတ်မှထူးဆန်းထွေလာများ
Vol. 8 Ch. 120
တကယ်တမ်းပြောရလျှင် ထာဝရနတ်မယ်ထိုးထွင်းမြင်နိုင်စွမ်းသည် တကယ်ထူးခြားပါသည်။ ဤတစ်ကြိမ်ကတော့ ချို့ယွင်းချက်ဖြစ်သည်။ တစ်ခြားကျင့်စဉ်ရတနာမျိုးဖြစ်ခဲ့လျှင် ကံထူးသည်ဟု ဆိုနိုင်ပါသည်။
သို့သော် ထာဝရနတ်မယ်က ထိုသို့မတွေး။ အရှက်ကွဲသည်ဟု တွေးသည်။ တစ်ကြိမ်မဟုတ်။ မသေမျိုးတစ်ယောက်က ဂျူနီယာမျိုးဆက်တစ်ယောက်ရှေ့တွင် နှစ်ကြိမ်အရှက်ကွဲခဲ့သည်။
ထာဝရနတ်မယ်ပဲဝါသည် ဂုဏ်သိက္ခာမရှိတော့လေသလား။
“ကဲ...မသေမျိုးနတ်မယ်။ ခင်ဗျား တစ်ခြားဘာမှလုပ်စရာမရှိတော့ရင် ပြန်အိပ်တာကောင်းမယ်ထင်တယ်”
လုယန် အကြံပြုသည်။
“ကောင်လေး၊ ငါ့စွမ်းရည်က ဒါအကုန်ပဲလို့ မထင်ပါနဲ့”
ထာဝရနတ်မယ် လက်မလျှော့သေး။ သူ့အစွမ်းအစကို သက်သေပြချင်သည်။
“ရှေးခေတ်က ငါဟာ ထိပ်တန်းစွမ်းအားရှင်ပါ။ ငါ့ဘဝတစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ရတနာတွေ စုစည်းခဲ့တယ်။ ဥပမာပြောရရင် မြောက်ဝင်ရိုးစွန်းကြယ်(ဓူဝံကြယ်)မှာ မသေမျိုးရတနာတွေအပါအဝင် ရတနာတွေအများကြီး ငါ့မြှုပ်ထားခဲ့တယ်။ နေရာအတိအကျလည်း မှတ်မိတဘ်။ နင်အဲဒါတွေကိုရှာနိုင်ရင် ဂိုဏ်းတစ်ခုထောင်ပြီး ဇိမ်ကျကျနေလို့ရတယ်”
“ဒါပေမယ့် အမည်မဲ့ရှေးစွမ်းအားရှင်က တစ်ခြားကြယ်တွေနဲ့အတူ မြောက်ဝင်ရိုးစွန်းကြယ်ကိုလည်း သန့်စင်ခဲ့တာမဟုတ်လား။ ကျုပ်ဘလို့ ရှာတွေ့နိုင်တော့မှာလဲ”
ထာဝရနတ်မယ် ခဏအသံတိတ်သွားသည်။ ထို့နောက် ဆက်ပြောသည်။
“နင်ကျင့်ကြံတာကိုလည်း ငါလမ်းညွှန်ပေးနိုင်ပါတယ်။ နင့်နဲ့သက်တူရွယ်တူတွေထက် နှစ်ဆပိုတိုးတက်မယ်။ အခြေခံလည်းခိုင်မာမယ်။ ချောချောမွေ့မွေ့အဆင့်တက်နိုင်မယ်လေ”
“ကျေးဇူးပါ။ ဒါပေမယ့် အမယွမ်ကျိလည်း ကျုပ်ကိုလမ်းညွှန်နိုင်ပါတယ်”
“ဒီကောင်မလေးက ငါလောက်အတွေ့အကြုံဗဟုသုတရှိနိုင်ပါ့မလား။ ငါလမ်းညွှန်ပေးတာက ပိုပြီးနာလည်လွယ်မှာပါ။ သူက အရာရာတိုင်းကို ဘယ်လိုနှံ့စပ်နိုင်မှာလဲ။ ဘယ်နေရာမဆို ဟာကွက်တွေ ရှိတတ်တာပဲ။ ဥပမာ နင့်အခြေခံတည်ဆောက်မှုက...အင်း...အတော်ပြည့်စုံပါတယ်လေ”
“...”
ထာဝရနတ်မယ် ဝန်ခံလိုက်ရသည်။ ဝေဖန်ထောက်ပြလိုသည့်မျက်လုံးဖြင့် ကြည့်သော်လည်း လုယန်၏အခြေခံတည်ဆောက်မှုက တကယ်ပြည့်စုံသည်။ အမှားတစ်ခုမှ ရှာမရ။
“ပြီးတော့ ငါကမိန်းကလေးဖြစ်လို့ ပိုပြီး တွေးတတ်မြင်တတ်တယ်။ နင်သဘောကျတဲ့မိန်းကလေးကို ပိုးပန်းနိုင်အောင် ကူညီပေးနိုင်ပါတယ်”
ထာဝရနတ်မယ် အကြံကုန်ဂဠုန်ဆားချက်၍ မသေမျိုးဂုဏ်သိက္ခာကိုပင် မငဲ့တော့ကြောင်း လုယန် ရိပ်စားမိလိုက်သည်။
“မလိုပါဘူး။ အမယွမ်က ပြောတယ်။ ကျင့်စဉ်လမ်းအတွက် ယန်စွမ်းအင်ကို များများထိန်းထားတာ အကောင်းဆုံးပဲတဲ့”
“အတွေးတိမ်လိုက်တာ”
ယွမ်ကျိအမြင်ကို ထာဝရနတ်မယ် နှာခေါင်းရှုံ့သည်။
“ရှေးခေတ်ကယောက်ျားတွေဟာ ညတိုင်းမိန်းမတွေနဲ့ အတူနေပြီး သူတို့ဟာရမ်ပွဲမှာ မိန်းမရာချီရှိတယ်ဆိုတာ နင်မကြားဖူးဘူးလား။ သူတို့က ယင်ယန်ကျင့်စဉ်ကိုကျင့်ပြီး ကျင့်စဉ်အဆင့်ကို မြန်မြန်တက်နိုင်တယ်။ အဲလိုကျင့်စဉ်တွေ နင်လိုချင်လား။ နင်နဲ့သင့်တော်မယ့် ကျင့်စဉ်တစ်ချို့ ငါ့မှာရှိပါတယ်”
လုယန် တည်ငြိမ်စွာပြန်မေးသည်။
“ဟာရမ်လုပ်တဲ့လူ နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားလဲ အရင်ပြောပါဦး”
“ဟာရမ်လုပ်တဲ့မိန်းမတွေက သူ့ကိုတိုက်ခိုက်လို့ တစ်စစီဖြစ်သွားတယ်။...ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက သူဘယ်လောက်မြန်မြန် ကျင့်စဉ်တက်နိုင်ခဲ့သလဲဆိုတာပဲ”
“ပြီးရင် သူဘယ်လောက်မြန်မြန်သေသွားလဲဆိုတာလား”
“မှော်ပညာတွေလည်း ငါအများကြီးတွေ့ဖူးတယ်။ အဲဒါတွေကို ဘယ်လိုပြန်တိုက်ခိုက်ရမလဲဆိုတာ ငါသင်ပေးနိုင်ပါတယ်။ ဥပမာ “လိုတရစကားလုံး”မဟာနတ်စွမ်းအားမှော်ပညာမျိုးပေါ့။ ပြောသမျှစကားတိုင်းက အမှန်ဖြစ်လာတယ်။ အဆင့်မြင့်ဆုံးတိုက်ခိုက်မှော်စွမ်းအားပညာပဲ။
ငါကူးဖြတ်ခြင်းအဆင့်မှာတုန်းက အဲဒီ့ပညာကျွမ်းကျင်တဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ တကယ်စွမ်းအားကြီးတဲ့ရန်သူပါ။ မိုးမြေသားတော်တစ်ယောက်လိုပဲ တကယ်ကြောက်စရာကောင်းတယ်။ သူပြောတဲ့စကားတိုင်း တကယ်ဖြစ်အောင်လုပ်နိုင်စွမ်းရှိတယ်။ အနန္တတန်ခိုးရှင်လို့ပြောရင်တောင် ရပါတယ်။
ဒါပေမယ့် သူဘယ်လောက်စွမ်းအားကြီးကြီး နောက်ဆုံးကျတော့ ငါ့ကိုရှုံးသွားတာပါပဲ”
လုယန် အံ့အားသင့်သွားသည်။ လိုတရစကားလုံးမှော်ပညာရှင်သည် ရင်ဆိုင်ဖို့ အလွန်တရာခက်ခဲမည့်သဘောရှိသည်။ သို့သော် ကြောက်စရာကောင်းသည့် ထိုရန်သူမျိုးကို ထာဝရနတ်မယ်က အနိုင်ယူခဲ့သည်။
လုယန်ပြန်စဉ်းစားသည်။ ထာဝရနတ်မယ်သည် မယုံကြည်ရ။ ရှေးဟောင်းခေတ်သည် ပရမ်းပတာနိုင်သည်။ ပါရမီရှင်များ အနိုင်ယူလွှမ်းမိုးဖို့ကြိုးစားကြသည်။ စွမ်းအားရှင်များ အသေအကြေတိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် မသေမျိုးငါးယောက်နှင့် ထာဝရနတ်မယ်သာ ကျန်ရစ်သည်။ ထိုနယ်မယ် ပါရမီဘယ်လောက်ထူးခြားသည်ကို အမြင့်ဆုံး အောင်မြင်မှုက သက်သေခံနေသည်။
“ခင်ဗျားသူ့ကို ဘယ်လိုအနိုင်ယူခဲ့တာလဲ”
“ငါအလစ်ဝင်တိုက်ခဲ့တာ။ သူက သူ့ကိုယ်သူကာကွယ်ဖို့ လိုတရစကားလုံးမှော်ပညာကို လွန်လွန်ကဲကဲလေ့ကျင့်ထားတဲ့ပုံပဲ။ အရင်ကလည်း တစ်ခါမှ ဒီလိုဒဏ်ရာမရဖူးဘူးထင်တယ်။ “နာလွန်းလို့ သေတော့မယ်ကွ”လို့ သူအော်တယ်။ အဲဒါပြီးတော့ သူသေသွားတာပဲ”
လုယန် - “...”
ဘယ်လိုကြီးမှန်းမသိ။
“စိတ်မကောင်းစရာတစ်ခုတော့ရှိတယ်။ သူသေသွားတော့ လိုတရစကားလုံးမှော်ပညာမျိုးဆက်လည်း အဆုံးသတ်သွားတယ်”
လုယန် အံ့အားသင့်နေသည်ကိုကြည့်၍ ထာဝရနတ်မယ် ယုံကြည်မှုပိုတိုးလာသည်။
“ဒီလို မှော်ကျိန်စာတွေအပြင် တစ်ခြားမှော်ပညာတွေလည်း ငါသင်ပေးနိုင်ပါတယ်။ “မြေချုံ့ပညာ”ဆိုတာ ကြားဖူးလား။ ရှားပါးတဲ့ လေဟာနယ်ပညာတစ်ခုပဲ။ ရှေးခေတ်တုန်းက ရွှေသန္ဓေအဆင့်ရောက်မှ သင်ယူနိုင်ကြတာ။ ဒါပေမယ့် ငါလမ်းညွှန်ပေးရင် ဒီပညာကို နင်အခုသင်လို့ရပါတယ်”
“မြေချုံ့ပညာလား”
လုယန် ကျိတ်၍ဝမ်းသာသွားသည်။ ယွမ်ကျိသင်ကြားပုံက အဆင့်ကျော်လွန်းသည်။ သို့သော်ယခု မသေမျိုးတစ်ယောက်က သင်ပေးမည်ဖြစ်၍ ပြဿနာမရှိလောက်။
လုယန်စိတ်ဝင်စားမှန်း ရိပ်မိသဖြင့် ထာဝရနတ်မယ်က စိတ်ရှည်လက်ရှည်သင်ပေးသည်။ မှော်ပညာ၏ တစ်ဆင့်ချင်းစီကို အသေးစိတ်ရှင်းပြသည်။ လုယန် မှတ်စုစာအုပ်တစ်ခုထုတ်၍ ဇွဲကောင်းသည့် ကျောင်းသားတစ်ယောက်လို ခေါင်းငြိမ့်လိုက် ရေးမှတ်လိုက် လုပ်သည်။
သိပ်မကြာမီ မြေကြီးထဲ ဝင်လိုက်ထွက်လိုက်၊ အကွာအဝေးချုံ့လိုက်ချဲ့လိုက် လုပ်နေသည့် လုယန်ကိုကြည့်၍ ထာဝရနတ်မယ် စိတ်ဓာတ်ကျသွားသည်။ သူ့သင်ကြားမှုစွမ်းရည်အပေါ် သံသယဝင်လာသည်။
သူမမြင်ဖူးသည့်အဖြစ်ဟူ၍ မရှိသလောက်ရှားသည်။
ယခုမြင်ကွင်းမျိုး မမြင်ဖူးသည်မှာတော့ သေချာသည်။
ကောင်းသည့်တစ်ချက်က လုယန်၏အကွာအဝေးချုံ့ချဲ့စွမ်းရည် တိုးတက်လာခြင်းဖြစ်သည်။ ယခု သူသည် မြေကြီးကို ချုံ့နိုင်ချဲ့နိုင်လာသည်။ မှော်စွမ်းအားအသက်သွင်းသည့်အမြန်နှုန်းလည်း တိုးတက်လာသည်။
“ဒီတစ်ခုအပြင် နောက်ထပ်လေဟာနယ်မှော်ပညာတစ်မျိုး ထပ်သင့်ပေးနိုင်ပါသေးတယ်”
မသေမျိုးတစ်ယောက် ပိုင်ဆိုင်ထားသည့် မှော်ပညာများကိုထုတ်ပြဖို့ ထာဝရနတ်မယ် စိတ်အားထက်သန်နေသည်။
“ဘာပညာလဲ”
“ခြေတစ်လှမ်းမိုင်ချီပညာပါ။ ဒီပညာကျွမ်းကျင်သွားရင် ဝေးတယ်ဆိုတဲ့ခရီး မရှိတော့ဘူး။ ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ သွားချင်တဲ့နေရာကိုရောက်တယ်”
ခြေတစ်လှမ်းမိုင်ချီပညာသည် မြေချုံ့ပညာထက် ကျွမ်းကျင်ဖို့ပိုခက်ခဲသည်။ အစက ထိုပညာကို လုယန်မသင်နိုင်လျှင် စိတ်ဓာတ်ကျသွားမည်စိုး၍ သူမသင်ခဲ့ခြင်းဖြစ်သည်။
ယခု လုယန် တစ်လွဲတတ်သွားမည်ကိုသာ သူစိုးရိမ်နေသည်။
“ခြေတစ်လှမ်းမိုင်ချီပညာဟာ လေဟာနယ်အကြောင်း အဆင့်မြင့်မြင့်နားလည်ဖို့လိုတယ်။ အခြေခံကျတဲ့ တစ်ခြားလေဟာနယ်မှော်ပညာတွေကို လေ့လာမထားရင် ဒါကိုသင်ဖို့ခက်တယ်။ နင်ယုံကြည်ချက်ရှိရဲ့လား”
လုယန် စဉ်းစားသည်။ သန့်စင်သည့်အဝတ်အစားများကို သူဆင့်ခေါ်နိုင်သည့် အဝတ်အစားသန့်စင်မှာ်ပညာကို သူသင်ဖူးသည်။ ထိုပညာလည်း လေဟာနယ်မှော်ပညာတစ်မျိုးဖြစ်သည်။
ထို့ကြောင့် သူခေါင်းငြိမ့်လိုက်သည်။ ထာဝရနတ်မယ် စသင်သည်။
“ခြေတစ်လှမ်းမိုင်ချီမှော်ပညာလည်း မြေချုံ့ပညာနဲ့ အခြေခံသဘောတရားချင်းအတူတူပါပဲ။ အရင်ဆုံး မှော်မန္တန်ကို အလွတ်ရအောင်မှတ်ထားရမယ်။ သေချာနားထောင်ပါ”
ရှုပ်ထွေးခက်ခဲသည့် ရှေးဟောင်းမန္တာန်တစ်ခုကို ထာဝရနတ်မယ် ရွတ်ဆိုပြသည်။
သို့သော် ယခုလက်ရှိတွင် လုယန်သည် သိစိတ်နယ်မြေတစ်ခု တည်ဆောက်ထားပြီးဖြစ်သည်။ အားကောင်းသည့် သိစိတ်အာရုံကြောင့် သိပ်မကြာမီ ထိုမန္တာန်ကို အလွတ်ရသွားသည်။
“နောက်တစ်ဆင့်က နင့်စိတ်ထဲမှာ မြေပုံတစ်ခုရှိရမယ်။ အဲဒီ့မြေပုံပေါ်က နေရာတစ်ခုကို မြင်ယောင်ကြည့်ပါ။ မန္တာန်ရွတ်နေတဲ့အချိန်မှာ အဲဒီ့နေရာကို အာရုံစူးစိုက်ထားရမယ်။
နင့်ရဲ့ စိတ်အာရုံရယ်၊ စွမ်းအင်ရယ်၊ ဝိညာဉ်ရယ် တစ်သားတည်းပေါင်းစပ်နိုင်တာနဲ့ အဲဒီ့နေရာကို လေဟာနယ်ကူးသွားနိုင်လိမ့်မယ်”
ထိုသို့ပြောပြီးနောက် သတိပေးသည်။
“ဒါပေမယ့် လေဟာနယ်ကူးနိုင်တဲ့ အကွာအဝေးက နင့်ရဲ့ကျင့်စဉ်အဆင့်နဲ့ သက်ဆိုင်တယ်။ ပထမဆုံးအကြိမ် စမ်းကြည့်တဲ့အခါ အရမ်းဝေးလွန်းတဲ့နေရာကို မရွေးသင့်ဘူး”
လုယန် လမ်းညွှန်ချက်အတိုင်း သေချာဂရုစိုက်၍ ကြိုးစားသည်။ ကောင်းကင်ဂိတ်တောင်ထိပ်ကို စိတ်ကူးဖြင့်မှန်းဆ၍ မန္တာန်ရွတ်ဆိုပြီး အော်ဟစ်လိုက်သည်။
“ခြေတစ်လှမ်းမိုင်ချီ”
ဘာမှဖြစ်မလာ။
ထာဝရနတ်မယ်က ဆက်ပြောသည်။
“ခြေတစ်လှမ်း လှမ်းဦးလေ။ ခြေတစ်လှမ်းမိုင်ချီဆိုတဲ့သဘောတရားက သွားချင်တဲ့နေရာကို ခြေတစ်လှမ်းလှမ်းရုံနဲ့ ရောက်မယ်လို့ ပြောချင်တာ။ ဒီတော့ ခြေတစ်လှမ်းတော့လိုတယ်”
ခြေတစ်လှမ်းလှမ်းကြည့်မှ အောင်မြင်မှုရှိမရှိ သိနိုင်မည်။
လုယန် ခြေတစ်လှမ်းတိုးလိုက်သည်။ သူ့ခြေထောက်အောက်မှမြင်ကွင်း ပြောင်းလဲသွားသည်။ သူရောထာဝရနတ်မယ်ပါ အောင်မြင်မှုကို ခဏတာ ပျော်ရွှင်ကျေနပ်သွားသည်။
“ဟေ့....ဟေ့...မဟုတ်သေးဘူး။ နင့်ခြေထောက်အောက်ကိုကြည့်ဦး”
ထာဝရနတ်မယ် အော်ဟစ်လိုက်သည်။
လုယန် ငုံ့ကြည့်သည်။ ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့အောက်တွင် ချောက်နက်ကြီးဖြစ်သည်။ အောက်ခြေကိုမမြင်ရ။
သူ့နောက်ဘက်သို့ အမြန်လှည့်ကြည့်သည်။ ကျောက်ကမ်းပါးစွန်းကို မြင်ရသည်။
ခြေတစ်လှမ်းမိုင်ချီ၏ ရည်ရွယ်ချက်က လူတစ်ယောက်ကို လောကအစွန်သို့ ပိုပေးခြင်းလားမသိ။
ဝေဖန်သုံးသပ်နေဖို့ လုယန်စိတ်မဝင်စား။ ယခုသူ လေထဲတွင်ရှိနေသည်။ အတိအကျဆိုရလျှင် တွဲလောင်းကျနေခြင်းဖြစ်သည်။
လေထဲတွင် ခြေထောက်များကို နှစ်ကြိမ်ဆန့်ခါပြီးနောက်တွင် ချောက်နက်ထဲသို့ သူပြုတ်ကျသွားသည်။
*******************************************************