ဆဋ္ဌမအလွှာသို့ ချိုးဖျက်ခြင်း....
Vol. 11 Ch. 180
ချီခွန်ကြယ်သခင်ကိုယ်တိုင်ကလည်း မယုံကြည်နိုင်ဖြစ်နေသည်။ သူက ချီခွန်ကြယ်နယ်မြေကို နှစ်ပေါင်းနှစ်သိန်းနီးပါး အုပ်ချုပ်ခဲ့ပြီး ကြယ်ခုနှစ်လုံးလှိုဏ်ဂူကို အကြိမ်များစွာ ကျင်းပခဲ့သည်။ သို့သော် လင်းယွမ်ကဲ့သို့ ပါရမီရှင်ကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
ယခင် သူက ထိုကဲ့သို့သော ပါရမီရှင် ဆင့်ကဲပြောင်းလဲသူများအကြောင်းကို ကြားဖူးခဲ့သော်လည်း ယခု မမျှော်လင့်ဘဲ သူ၏ တပည့်ဖြစ်လာခဲ့သည်။
" တကယ် အသက်တစ်ရာမပြည့်သေးဘူးလား။ " အဖြူရောင်ဝတ်ရုံနှင့်လူက မှင်သက်သွား၏။ " ငါ့တပည့်က ရှုံးသင့်ပါတယ်။ တကယ်မွန်းစတားပဲ။ "
" အဲ့ဒါက ပြောစရာမလိုဘူး။ သူက ဆဋ္ဌမအလွှာကို ရောက်ရင်လည်း သူ့အတွက် စိန်ခေါ်မှုတွေ ရှိနေဦးမှာပဲ။ ငါတို့ လူသားမျိုးနွယ်က ကြောက်စရာကောင်းတဲ့ အလားအလာနဲ့ တိုးတက်နေပေမယ့် ဆဋ္ဌမအလွှာနဲ့ သတ္တမအလွှာကို တက်လှမ်းရာမှာ ကျရှုံးသွားတဲ့ လူတွေလည်း ရှိတာပဲ။ "
ချီခွန်ကြယ်သခင်က သူ၏ ခေါင်းကို ခါလိုက်သည်။ " ငါတပည့်ကို သိပ်အထင်မကြီးနဲ့။ အမြင့်ရောက်လေ အကျနာလေပဲ။ "
" ဟန်ဆောင်နေတုန်းလား။ " အဖြူရောင်ဝတ်ရုံနှင့်လူက မျက်လုံးများ ပြူးပြီး ကြည့်လိုက်သည်။
" မင်းရဲ့ တပည့်ကို ငါတပည့်တစ်ရာနဲ့ လဲမယ်ဆိုရင်ရော။ "
" မဖြစ်နိုင်ဘူး။ " ချီခွန်ကြယ်သခင်က တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။
ရက်အနည်းငယ် ကြာပြီးနောက် ဗဟိုကုန်းမြေနေအိမ်တွင် လင်းယွမ်က စံအိမ်အပြင်ဘက်သို့ ထွက်လာသည်။
" မစ္စတာလင်းရဲ့ ပစ္စည်းက ဒီမှာပါ။ " အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က မီတာအနည်းငယ် ရှည်သော သေတ္တာတစ်လုံးနှင့် ရပ်နေသည်။
လင်းယွမ်က သေတ္တာအား မြေအောက်လေ့ကျင့်ရေးကွင်းသို့ ပို့ရန် သူ၏ စက်ရုပ်ကို ခိုင်းစေလိုက်သည်။
" အဖေ အမေ ရှစ်စန်းတောင်ထိပ်သခင်က ဘယ်လောက်အံ့ဩစရာကောင်းလဲဆိုတာ အဖေတို့ စဉ်းစားမိမှာတောင်မဟုတ်ဘူး။ သူက ဝမ်ယန်တော်ဝင်သားတော်ကို အလွယ်တကူ ရိုက်နှက်ခဲ့တယ်။ ဝမ်ယန်သားတော်ဆိုတာ ဝမ်ယန်ကြယ်နယ်မြေက ဆဋ္ဌမအလွှာအောက်မှာ နံပါတ်တစ်ပဲ။ " လင်းယိက ရှစ်စန်းတောင်ထိပ်သခင်အကြောင်းကို သူ၏ မိဘများအား ပြောပြနေသည်။
" မယုံနိုင်စရာပဲ။ "
" ရှစ်စန်းတောင်ထိပ်သခင်က တကယ်ကြောက်စရာကောင်းတယ်။ " လင်းယိ၏ မိဘများကလည်း ခေါင်းငြိမ့်လိုက်ကြသည်။
" ငါတို့ ကန်လန်ကြယ်မှာလည်း ရှစ်စန်းတောင်ထိပ်သခင်လို ပါရမီရှင်တစ်ယောက် ပေါ်လာနိုင်မလား သိချင်မိတယ်။ " လုချုံးက သက်ပြင်းချလိုက်သည်။
" အမေ အိပ်မက်မက်နေတာလား။ အဲ့ဒါ ရှစ်စန်းတောင်ထိပ်သခင်လေ။ ချီခွန်ကြယ်နယ်မြေရဲ့ သန်းချီတဲ့ ဂြိုလ်တွေထဲမှာ နံပါတ်တစ်ပဲ။ ကန်လန်ကြယ်မှာ အကိုရှိတာကပဲ ကံကောင်းလွန်းနေပြီ။ ရှစ်စန်းတောင်ထိပ်သခင်ဆိုရင်တော့ လုံးဝမဖြစ်နိုင်ဘူး။ " လင်းယိက သူမ၏ ခေါင်းကို ခါပြီး ရှင်းပြလိုက်သည်။
လုချုံးက ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်နေသော်လည်း ဆင့်ကဲပြောင်းလဲသူများအကြောင်းကို များစွာနားမလည်ဘဲ ရှစ်စန်းတောင်ထိပ်သခင်က ကြောက်စရာကောင်းသည်ကိုသာ သိလေသည်။
သို့သော် မည်မျှကြောက်စရာကောင်းသည်ကို မသိဘဲ ကန်လန်ကြယ်မှ တစ်ယောက်လောက် ထွက်ပေါ်နိုင်ရန် မျှော်လင့်နေသည်။
ကန်လန်ကြယ်ကဲ့သို့ ဂြိုလ်လေးတစ်ခုတွင် ရှစ်စန်းတောင်ထိပ်သခင်ကဲ့သို့ အစစ်အမှန်နဂါးကို မွေးထုတ်ပေးရန်မှာ အိပ်မက်မက်နေခြင်းသာ ဖြစ်၏။
မြေအောက်လေ့ကျင့်ရေးကွင်းတွင် လင်းယွမ်က ထိုင်ပြီး သူ၏ ရှေ့မှ သေတ္တာကို ကြည့်နေသည်။ သေတ္တာထဲတွင် အနီရောင်စိတ်ဝိညာဉ်အရည် ပါဝင်လေသည်။ ဤတစ်ကြိမ်တွင် သူက ဆဋ္ဌမအလွှာသို့ အောင်မြင်စွာ ရောက်ရှိနိုင်ရန် ပိုများသော အနီရောင်စိတ်ဝိညာဉ်အရည်များကို မှာယူခဲ့သည်။
" အဆင့်တက်ရမယ့်အချိန်ပဲ။ " လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
အတွင်းပိုင်းအခြေအနေမှာ စိတ်ဝိညာဉ်ပေါင်းစည်းခြင်းက ၁၀၀ ရာခိုင်နှုန်းရှိပြီးဖြစ်ပြီး အပြင်ပိုင်းအခြေအနေက အနီရောင်စိတ်ဝိညာဉ်အရည်များ ရှိလေသည်။
" ဟိုမင် " လင်းယွမ်က ခနစဉ်းစားပြီး အစောင့်ခေါင်းဆောင် ဟိုမင်ကို ခေါ်လိုက်သည်။
" ငါကျင့်ကြံနေတဲ့ အချိန်မှာ ဘာပဲဖြစ်ဖြစ် အနားကို ဘယ်သူမှမလာစေနဲ့။ " လင်းယွမ်က ညွှန်ကြားလိုက်သည််။
" ဟုတ်ကဲ့ " ခေါင်းဆောင်ဟိုမင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" စတာပေါ့။ "
လင်းယွမ်က အသက်ရှူလိုက်သည်နှင့် များပြားသော အနီရောင်စိတ်ဝိညာဉ်အရည်များက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သန့်စင်သော စွမ်းအားများက ထွက်ပေါ်လာခြင်းနှင့်အတူ အနီရောင်စိတ်ဝိညာဉ်အရည်များက တဖြည်းဖြည်း လျှော့နည်းလာသည်။ လင်းယွမ်၏ စိတ်ဝိညာဉ်ကလည်း လျင်မြန်စွာ အားကောင်းလာသည်။
ဆဋ္ဌမအလွှာကို ကြယ်ဖျက်ဆီးခြင်းအဆင့်လို့ ဘာကြောင့် ခေါ်တာလဲ။ အကြောင်းမှာ သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်သွားသောကြောင့် ဖြစ်သည်။ သူတို့က ဂြိုလ်တစ်ခု၏ ပတ်ဝန်းကျင်ကို မလိုအပ်ဘဲ အသက်ရှူရုံမျှဖြင့် ပြင်ပမှ စကြာဝဠာစွမ်းအားများကို စုပ်ယူနိုင်ကြလေသည်။
ဆဋ္ဌမအလွှာများအတွက် အလယ်နှင့် အဆင့်နိမ့်ဂြိုလ်များက ကန့်သတ်ချက်တစ်ခုသဖွယ်ဖြစ်လာပြီး သူတို့က စကြာဝဠာကိုသာ မှီခိုကြလေသည်။
လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က တဖြည်းဖြည်း အသွင်ပြောင်းလဲလာပြီး ဆဋ္ဌမအလွှာများသာ ပိုင်ဆိုင်သော စွမ်းအားစက်ဝန်းတစ်ခု ထွက်ပေါ်လာသည်။ ၎င်းကို သာမန်လူများမပြောနှင့် စတုတ္ထအလွှာနှင့် ပဉ္စမအလွှာများပင် သတိမထားမိနိုင်ပေ။
" ဟမ် ညီငယ်လေးက အဆင့်တက်နေတာလား။ " လူထွားကြီးက မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ဗဟိုကုန်းမြေသို့ ကြည့်လိုက်သည်။
" ညီငယ်လေးကို ကာကွယ်ပေးရမယ်။ " လူထွားကြီး၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး ဗဟိုကုန်းမြေ၏ အထက်တွင် ပေါ်လာသည်။
" မတော်တဆ သတ္တမအလွှာ မျိုးနွယ်ခြားတွေ လာတိုက်ခိုက်ရင်တောင် ညီငယ်လေး အဆင့်တက်ဖို့ ငါအချိန်ဆွဲပေးနိုင်တယ်။ အဋ္ဌမအလွှာဆိုရင်တော့ ညီငယ်လေး ထွက်ပြေနိုင်အောင် အချိန်ဆွဲပေးလို့ရတယ်။ "
မျိုးနွယ်ခြားများက လင်းယွမ်၏ အထောက်အထားကို မသိကြပေ။ မဟုတ်လျှင် သူ့ကို သတ်ဖြတ်ရန် သန်မာသောလူများ စေလွှတ်မည်မှာ ကြာပြီဖြစ်သည်။
ကန်လန်ကြယ်၏ အခြားတစ်ဖက်တွင် အရပ်ပုပုနှင့် နတ်ဆိုးကြွက်မျိုးနွယ်က အိပ်ယာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသည်။ သူ၏ အနီးတွင် ကြံ့ခိုင်သော အမျိုးသားများက နှိပ်နယ်ပေးရင်း ချွေးများစိုရွဲနေကြသည်။
" နည်းနည်း အားထည့်စမ်းပါ။ မင်းတို့ ထမင်းစားမလာဘူးလား။ ကောင်းကောင်းလုပ် ငါစိတ်ကျေနပ်ရင် ပိုက်ဆံက အဓိကမဟုတ်ဘူး။ "
နတ်ဆိုးကြွက်မျိုးနွယ်က ဘဝကို သာယာစွာ ဖြတ်သန်းနေသည်။
ရုတ်တရက် သူက တုန်လှုပ်သွားသည်။ " ဟမ် "
နတ်ဆိုးကြွက်မျိုးနွယ်က ဗဟိုကုန်းမြေရှိရာသို့ ကြည့်လိုက်ပြီး သူ၏ သေးငယ်သော မျက်လုံးများက ပြူးကျယ်သွားသည်။
" ဒါ ဆဋ္ဌမအလွှာကို ချိုးဖျက်တာလား။ " နတ်ဆိုးကြွက်မျိုးနွယ်က ထိတ်လန့်သွား၏။ ဉာဏ်ပညာနတ်ဘုရား၏ အမိန့်အောက်တွင် သူကာကွယ်ပေးရသော လင်းယွမ်က စတုတ္ထအလွှာသာ ရှိသည်ကို သူသိနေသည်။
" အချိန်ဘယ်လောက်ကြာသေးလို့လဲ။ " နတ်ဆိုးကြွက်မျိုးနွယ်က စိတ်ရှုပ်ထွေးနေပြီး သူက ကန်လန်ကြယ်သို့ ရောက်သည်မှာ တစ်နှစ်သာရှိသေးသည်။
" ဘယ်လိုပါရမီရှင်လဲ။ " ဉာဏ်ပညာနတ်ဘုရားက သူ့ကို လင်းယွမ်၏ သက်တော်စောင့်အဖြစ် ကန်လန်ကြယ်သို့ စေလွှတ်ခဲ့သောကြောင့် လင်းယွမ်က သာမန်လူတစ်ယောက် မဟုတ်သည်ကို သူသိသော်လည်း အချိန်တိုအတွင်း ဆဋ္ဌမအလွှာသို့ တက်ရောက်သွားခြင်းက ကြောက်စရာကောင်းလှသည်။