အဖေ မသေစေရဘူး
Vol. 86 Ch. 1189
လူတိုင်း အံ့ဩမှင်သက်စွာ ကြည့်နေကြစဉ် မန်ဟိုက လက်နှစ်ဖက်လုံးဖြင့် မြေကြီးအား ထုရိုက်လိုက်သည်။ သူ့ထံမှ သွေးမြူများအလိပ်လိပ် ထွက်လာပြီး သူ၏အရှိန်အဝါသည် အားနည်းသွား၏။ သို့သော် ရလဒ်ကား .... အံ့အားသင့်ဖွယ်အတိပင်။
ပုံရိပ်ယောင်ပိုက်ကွန်ကြီးမှာ တုန်ခါသွားပြီး နောက်သို့ပင် အနည်းငယ်ဆုတ်သွားသည်။ ယခုတွင် မန်ဟို့အဖေအတွက် အမွှေးတိုင်တစ်တိုင်ထွန်းစာပြည့်ဖို့ အသက်အရှိုက် ခြောက်ဆယ်ခန့်သာ ကျန်တော့၏။
ပိုက်ကွန်ကြီးက ၎င်း၏စွမ်းအားအပြည့်အဝကိုမဟုတ်ဘဲ သေးငယ်သောအပိုင်းလေးတစ်ပိုင်းကိုသာ သူ့အပေါ် အသုံးပြုနေခြင်းဖြစ်ကြောင်း မန်ဟို သိသည်။ မန္တန်၀င်္ကပါက တောင်ကောင်းကင်ဂြိုဟ်သို့ ၀င်ရောက်လာသော တာအိုနယ်ပယ်ကျင့်ကြံသူများကို သတ်ဖြတ်ရာတွင်သာ စိတ်၀င်စား၏။ ယင်းက လီမျိုးနွယ်စုစတေးခဲ့မှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။
တောင်ပင်လယ်လောက၏ကျင့်ကြံသူများအတွက် မန္တန်၀င်္ကပါသည် အတိုင်းအတာတစ်ခုအထိ ကာကွယ်မှုပေးနိုင်၏။ သို့သော် ဖန်ရှုံ့ဖုန်းက မန္တန်၀င်္ကပါ၏ ဥပဒေများကို ချိုးဖောက်နေသည့်အတွက် ၎င်း၏ ပစ်မှတ်ထားခံနေရခြင်းပင်။
မန္တန်၀င်္ကပါ နောက်ဆုတ်သွားသည့်အခိုက်အတန့်တွင် အသက်အရှိုက်ခြောက်ဆယ် ကျန်သေး၏။ မန်ဟိုမှာ မျှော်လင့်ချက်ရှိလာပြီဟု ခံစားလိုက်ရသော်လည်း မန္တန်၀င်္ကပါသည် ရုတ်တရက် တဖျပ်ဖျပ် လက်လာပြီး ၎င်း၏ အသတ်အဖြတ်စိတ်ဆန္ဒက တဖန်ပေါ်ထွက်လာသည်။ ယခုတွင် ပိုက်ကွန်အတွင်း၌ တည်ရှိနေသော အရိပ်များစွာကို မန်ဟို ဖျတ်ခနဲ မြင်လိုက်ရ၏။ ၎င်းတို့အားလုံးက စိတ်ပိုင်းဖြတ်ထားမှုအပြည့်ဖြင့် ပိုက်ကွန်ကြီးကို ရှေ့သို့ တွန်းနေကြသည်။
ပိုက်ကွန်ကြီးသည် မယုံကြည်နိုင်ဖွယ်ရာအမြန်နှုန်းဖြင့် ကျဆင်းလာ၏။ စတုတ္ထနိဗ္ဗာနသစ်သီးဖြင့်ပင် မန်ဟိုမှာ ၎င်းကို တန်ပြန်တွန်းလှန်ဖို့ အစွမ်းအစမဲ့နေသည်။ အမှန်တွင် စတုတ္ထနိဗ္ဗာနသစ်သီးမှာ သူ့ခန္ဓာကိုယ်ထဲမှ အတင်းအကြပ် အထုတ်ခံလိုက်ရလေပြီ။
သူ့မှာ တဆတ်ဆတ် တုန်ရီလျက် နောက်သို့ ယိမ်းယိုင်သွားသည်။ ပိုက်ကွန်ကြီးက ကျဆင်းလာပြီး ဖန်ရှုံ့ဖုန်းကို လွှမ်းခြုံရန် သူ့ကို ဖြတ်သွားသည်။ အသားဂျယ်လီချပ်၀တ်တန်ဆာမှာ တုန်ခါလာသော်လည်း ကြာကြာမတောင့်ခံနိုင်ပေ။ ဖန်ရှုံ့ဖုန်းသည်လည်း သွေးစက်ကို စုပ်ယူရာ၌ အတိမ်းအစောင်းမခံသောအခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်၍ မလှုပ်ရှားနိုင်ပေ။ ပိုက်ကွန်ကလည်း အသားဂျယ်လီကို ဖြတ်ကာ ဖန်ရှုံ့ဖုန်းအပေါ် ကျဆင်းလာတော့မည်။ ထိုသို့ ကျရောက်လာသည်နှင့် ၎င်း၏အသတ်အဖြတ်စိတ်ဆန္ဒက ထိပ်ဆုံးအမှတ်သို့ မြင့်တက်သွားပြီး ဖန်ရှုံ့ဖုန်း၏ခန္ဓာနှင့်စိတ်ဝိညာဉ်ကို သုတ်သင်၍ သူ့ဝိညာဉ်အား ထာ၀ရပျောက်ကွယ်သွားစေလိမ့်မည်။
"မလုပ်ပါနဲ့" သွေးမျက်ရည်များက မန်ဟို၏ပါးပြင်ထက်မှ စီးကျလာပြီး သူ၏အမူအရာက ခက်ထန်ကြမ်းကြုတ်သွားသည်။ သူသည် မချင့်မရဲ ဟိန်းဟောက်လိုက်ပြီး ညာလက်ကို မြှောက်ကာ မိုးကောင်းကင်ကို လက်ညှိုးထိုးလိုက်၏။ သူကား တောင်ပင်လယ်လောက၏ နေနှင့်လကို ဆင့်ခေါ်လိုက်သဖြင့် ချက်ချင်းပင် ပါရာဂွန်သွေးစက်က တဝုန်းဝုန်းမြည်လာသည်။ တုံ့ပြန်သည့်အနေဖြင့် နေနှင့်လမှာ တုန်ခါလာသည်။ ၎င်းတို့ထံမှ ဖြာထွက်လာသော အလင်းတန်းများက အာကာသကို ဖြတ်သန်းကာ ဧရာမပိုက်ကွန်ကြီးအား ချက်ချင်း ၀င်ဆောင့်လိုက်သည်။
သူကား ပိုက်ကွန်ကို ခုခံရန် တောင်ပင်လယ်လောက၏စွမ်းအားကို အသုံးချနေလေသည်။
အုန်းခနဲအသံအကျယ်ကြီး လေထုထဲတွင် ပြည့်နှက်သွားပြီး ပိုက်ကွန်ကြီးမှာ တုန်ရီကာ အလင်းတန်းများ၏ မဆိုစလောက် တွန်းထုတ်ခြင်းကို ခံလိုက်ရသည်။ တောင်ပင်လယ်လောက၏စွမ်းအားမှာ မလုံလောက်၍မဟုတ်ဘဲ ဤနေရာက တောင်ကောင်းကင်ဂြိုဟ်ဖြစ်ပြီး မန္တန်၀င်္ကပါအား လီမျိုးနွယ်စု၏စတေးမှုဖြင့် ဖန်ဆင်းခဲ့ရသည့်အတွက် ဖြစ်သည်။ တောင်ပင်လယ်လောက၏စွမ်းအားက ၎င်းကို ဖျက်ဆီးလိုစိတ်မရှိပေ။
အမှန်တွင် တခြားရွေးချယ်စရာရှိနေသရွေ့ မန်ဟိုလည်း ထိုသို့မလုပ်ချင်ပေ။ လီမျိုးနွယ်စုနှင့် မန္တန်၀င်္ကပါကို သူ လေးစား၏။ သို့သော် ဤသည်က သူ့အဖေ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမည့် အခိုက်အတန့်ဖြစ်သည်။ မန်ဟို၏ရွေးချယ်မှုက ..... မည်သည့်အရာမဆိုထက် သူ၏မိသားစုကိုသာ ရှေ့တန်းတင်လိမ့်မည်။
နေနှင့်လမှ အလင်းတန်းများ ပိုက်ကွန်ကို ရိုတ်ခတ်လိုက်သောအခါ ၎င်းမှာ မဆိုစလောက် တုန်ခါသွားပြီး ဖန်ရှုံ့ဖုန်းထံမှ တွန်းထုတ်ခံလိုက်ရသည်။ မန်ဟိုမှာမူ ဤတိုက်ကွက်ကို ထုတ်လွှတ်ဖို့ ကြီးမားသောတန်ဖိုးကို ပေးဆပ်လိုက်ရ၏။ ထိုတန်ဖိုးက လေဟုန်ခွင်းလောကတွင် ဆင့်ခေါ်ခဲ့စဉ်တုန်းက ပေးဆပ်ခဲ့ရသည်ထက်ပင် ပိုများလေသည်။ ထိုအချိန်က အပြင်သူများကို သတ်ဖို့ ထိုစွမ်းအားကို အသုံးပြုခဲ့သော်လည်း ယခုအခြေအနေကမူ တောင်ပင်လယ်လောကကို ၎င်းကိုယ်၎င်း တိုက်ခိုက်ခိုင်းနေရခြင်းမဟုတ်ပါလော။
ထို့ကြောင့် သူ ပေးဆပ်ရသော တန်ဖိုးသည် ပို၍ ကြီးမား၏။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူကြည့်နေစဉ်မှာပင် ပိုက်ကွန်က ထပ်ကျုံ့လာပြန်သည်။ သူ့အဖေမှာ ယခုတွင် အလွန်တရာအရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်၍ တစ်ကိုယ်လုံး တုန်နေသည်။ ဤအခိုက်အတန့်တွင် မန်ဟို့ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိတော့သည် .....
အဖေ မသေစေရဘူး
သူက စိတ်ထဲတွင် ဟိန်းဟောက်လိုက်သည်။ "ငါ့ရဲ့အာဏာစက်နဲ့ တောင်ပင်လယ်လောကကို ဆင့်ခေါ်တယ်" ထို့နောက် သူက လက်ချောင်းကို ထပ်မံဝှေ့ယမ်းလိုက်ရာ ရုတ်တရက် ပုံရိပ်ယောင်တောင်ပင်လယ်လောကတစ်ခုသည် ဖန်ရှုံ့ဖုန်း၏အပေါ်၌ ပေါ်လာ၏။
ဧကရာဇ်တန်မှတစ်ပါး မည်သူမှ ထိုတောင်ပင်လယ်လောကကို မမြင်ရပေ။ ဧကရာဇ်တန်မှာ မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။
၎င်းကျဆင်းလာစဉ် မန်ဟိုမှာ တဆတ်ဆတ် တုန်ရီလာသည်။ သူ၏အ၀တ်အစားများမှာ သွေးတို့စိုရွှဲနေပြီဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများက လင်းလက်တောက်ပလာသည်။ တောင်ပင်လယ်လောက ကျဆင်းလာသည့်အခါ ဖန်ရှုံ့ဖုန်းတုန်ရီနေခြင်း ရပ်တန့်သွားပြီး ပိုက်ကွန်ကြီးလည်း ရပ်တန့်သွားသည်။ ကံဆိုးစွာနှင့် ထိုအခိုက်အတန့်တွင် ပိုက်ကွန်ကြီး၏ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပို၍ အားကောင်းလာပြီး တောင်ပင်လယ်လောကမှာလည်း ၎င်းကို တိုက်ခိုက်လိုက်စိတ်မရှိပေ။ ပိုက်ကွန်ကြီးက တောင်ပင်လယ်ကို ဖြတ်ပြီးနောက် ဖန်ရှုံ့ဖုန်းဆီ ကျဆင်းလာပြန်သည်။
ဖန်ရှုံ့ဖုန်း မသေမချင်း တောင်ပင်လယ်မန္တန်၀င်္ကပါက ပျောက်ကွယ်မသွားမည့်အလား ထင်ရသည်။
ဖန်ရှုံ့ဖုန်း၏မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး သူသည် နူးညံ့ကြင်နာသော မျက်၀န်းများဖြင့် မန်ဟို့ကို ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချရင်း ပြော၏။ "ဟိုအာ သားအမေနဲ့ အစ်မကို ဂရုစိုက်နော်။ သား အငယ်ဆုံးလေးဆိုပေမယ့် မိသားစုရဲ့ အိမ်ထောင်ဦးစီးပဲ။ အခုကစပြီး .... သူတို့ သားအပေါ် အားကိုးကြလိမ့်မယ်...."
"အဖေ" မန်ဟိုက အော်သည်။ သူ၏ဆံပင်များမှာ ချက်ချင်းဖြူဆွတ်သွားပြီး သူ့မှာ အရိုးစုကြီးပမာ ပိန်ချုံးနေခဲ့လေပြီ။ သို့သော် သူသည် အာရုံအပြည့်အ၀ စိုက်ထား၏။ သူ့အဖေကို ကယ်တင်လိုသည့် သူ၏ဆန္ဒက လျော့ကျသွားခြင်းမရှိသလို ပို၍ပင် ပြင်းထန်လာသည်။
"အဖေ မသေစေရဘူး။ ဒုတိယတောင် လာခဲ့စမ်း"
ဒုတိယတောင်ပင်လယ်က ပိုက်ကွန်ကြီးကို တိုက်ခိုက်ရန် ဝုန်းခနဲ ကျဆင်းလာသည်။ မန်ဟိုက အရူးပမာ လက်ချောင်းကို ထပ်မံဝှေ့ယမ်းရင်း ပါရာဂွန်သွေးစက်အား နောက်တစ်ကြိမ် ဆူပွက်လာစေပြန်သည်။
“တတိယတောင်” အံ့ဩဖွယ်ကောင်းစွာနှင့် တတိယတောင်ပင်လယ်သည် တောင်ကောင်းကင်မန္တန်ဝင်္ကပါကို တိုက်ခိုက်ရန် ဖန်ရှုံ့ဖုန်း၏အပေါ်တွင် ပေါ်လာ၏။ ပိုက်ကွန်ကြီးကား ထပ်မံတွန်းထုတ်ခံလိုက်ရသဖြင့် ဝုန်းခနဲအသံကြီး ပဲ့တင်ထပ်လာသည်။
တောင်ပင်လယ်သုံးခုစွမ်းအားနှင့် တိုက်ခိုက်ခြင်းမှာ မန်ဟို သူ့ပါရာဂွန်သွေးဖြင့် တတ်နိုင်သမျှအကုန်ဖြစ်သည်။ သူ့မှာ ယခုတွင် တဆတ်ဆတ်တုန်နေပြီး အသားများစုတ်ပြဲပေါက်ထွက်နေသည်။ သူကား ... နောက်ဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့လေပြီ။
အချိန်အားဖြင့် အသက်အရှိုက် ၂၀ ကျန်သေးသည်။
ပိုက်ကွန်ကြီးက တောင်တစ်လုံးပြီးတစ်လုံးကို ဖြတ်သန်းလာသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ မကြာမီ အသက်ဆယ်ရှိုက်သာ ကျန်တော့ပြီး ထိုအချိန်တွင် နောက်ဆုံးတောင်ပင်လယ် ပျောက်ကွယ်သွားခဲ့သည်။ ပိုက်ကွန်မှ ထွက်ပေါ်နေသော အသတ်အဖြတ်စိတ်ဆန္ဒသည် ကြောက်စရာကောင်းလောက်အောင် ပြင်းထန်သိပ်သည်းနေ၏။ ဤအခိုက်အတန့်တွင် အသားဂျယ်လီမှာ အသုံးမဝင်တော့ပေ။ ဖန်ရှုံ့ဖုန်းကား အရှင်းသုတ်သင်ခံရပေတော့မည်။
ဖန်ရှံ့ဖုန်းက လေးနက်သောမျက်နှာထားဖြင့် မန်ဟို့ဘက်လှည့်ကာ အော်လိုက်သည်။ “ဟိုအာ အခုပြန်လာခဲ့တော့။ ဒါက အဖေ့ရဲ့ ရွေးချယ်မှု။ မိဘတွေက သားသမီးတွေအတွက် ပေးဆပ်သင့်တာ။ သားသမီးတွေက ပေးဆပ်သင့်တာမဟုတ်ဘူး။ အဖေ့ကို သားကယ်စရာမလိုဘူး အခုချက်ချင်း ပြန်လာခဲ့စမ်း” ဖန်ရှုံ့ဖုန်း၏အမူအရာမှာ လေးနက်နေပြီး သူ့နှလုံးသားသည် စူးအောင်နာကျင်နေ၏။ သူ ခံစားနေရသော ခါးသီးမှု၊ မချင့်မရဲဖြစ်ရမှုသည် မန်ဟို့ထက် အဆများစွာ ပြင်းထန်သည်။
သူ့မှာ သေလိုစိတ်မရှိသော်လည်း မန်ဟို့အပေါ် ထိခိုက်လိုစိတ် ပို၍မရှိပေ။ မန်ဟို့အား တစ်ခုခုအဖြစ်ခံမည့်အစား သူသာလျှင် အသေခံလိုက်မည်။
မန်ဟို့အမူအရာက စိတ်ပိုင်းဖြတ်သန္နိဌာန်ချထားသော အမူအရာဖြစ်သည်။ သူက ဖန်ရှုံ့ဖုန်းကို လျစ်လျူရှုရင်း နတ်မီးတောက်အနှစ်သာရကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် မီးပင်လယ်မဟုတ်ဘဲ ... အနှစ်သာရအရှိန်အဝါဖြစ်၏။ ထို့အပြင် ထိုအရှိန်အဝါက ... တာအိုတစ်ပါး၏အရှိန်အဝါလည်း ဖြစ်လာသည်။
မန်ဟိုက ထိုအရှိန်အဝါကို စွမ်းအားအပြည့်အဝဖြင့် ပေါက်ကွဲသွားစေရင်း ထုတ်လွှတ်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် သူ့အဖေနှင့် ပိုက်ကွန်အကြား ရပ်ကာ လက်နှစ်ဖက်လုံးကို ဖြန့်ကားလိုက်သည်။ အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူကား ပိုက်ကွန်ကို တိုက်ခိုက်ဖို့ သူ့ခန္ဓာကိုယ်၊ သူ့တာအိုအရှိန်အဝါကို အသုံးပြုနေလေသည်။ သူသည် သူ့အဖေအတွက် အသက်ရှူချိန်အနည်းငယ်ထိန်းထားပေးဖို့ ရုန်းကန်ကြိုးစားနေ၏။
ပိုက်ကွန်က တဝုန်းဝုန်းအော်မြည်ရင်း မန်ဟိုနှင့် ဖန်ရှုံ့ဖုန်းတို့နှစ်ယောက်လုံးကို လွှမ်းခြုံသွားသည်။ မန်ဟိုမှာ သူ့အဖေကို ကာကွယ်ပေးထားသည့်အတွက် တိုက်ခိုက်မှု၏ခြောက်ဆယ်ရာခိုင်နှုန်းကို စုပ်ယူလိုက်ပြီး လေးဆယ်ရာခိုင်နှုန်းသာ ဖန်ရှုံ့ဖုန်းဆီ ဝင်ရောက်သွားသည်။
ထိုသို့ဝင်ရောက်လာသည့်အခါ အသတ်အဖြတ်စိတ်ဆန္ဒသည် ထောင်းခနဲ ထွက်လာပြီး ဖန်ရှုံ့ဖုန်းမှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့ဝိညာဉ်မှာ သုတ်သင်ခံရပေတော့မည်။ ဤတစ်ခေါက်တွင် ပိုက်ကွန်သည် မန်ဟို့ကို ဖြတ်မသွားဘဲ သူ၏တာအိုအရှိန်အဝါကြောင့် ပုံရိပ်ယောင်အဖြစ်မှ အကောင်အထည်ရှိလာ၏။
မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မျက်လုံးများ ဝေဝါးလာသည်။ သေရတော့မည့်ခံစားချက်အား ဤမျှနီးနီးကပ်ကပ် သူ မခံစားခဲ့ရဖူးပေ။ မန်ဟိုသည် သူ့အမေ၊ သူ့အစ်မနှင့် ... .ရှုချင်ဆိုသော သူ၏အမျိုးသမီးလေးအကြောင်းကို တွေးလိုက်မိ၏။
နောင်တတို့က သူ့နှလုံးအိမ်တွင် ပြည့်ကြပ်လာသည်။ သူ့မှာ တစ်ခုခုပြောချင်သော်လည်း မပြောနိုင်ပေ။ ဤသို့ဖြင့် သူ့လောကကြီးသည် အမှောင်ဖုံးသွားတော့၏။
“ဟိုအာ” ဖန်ရှုံ့ဖုန်းမှာ တုန်ရီနေပြီး ဆောက်တည်ရာမဲ့လာသည်။ သူက အသက်ဆယ်ရှိုက်ကုန်သွားလျှင်ချင်း တင်ပျဉ်ခွေထိုင်နေရာမှ ငေါက်ခနဲ ထလိုက်၏။ လီမျိုးနွယ်သွေးစက်ကား အပြည့်အဝစုပ်ယူခံခဲ့ရလေပြီ။
ယင်းအတွက် မန်ဟို တိုက်ခိုက်ပေးနေခဲ့ခြင်းဖြစ်သည်။ သူ့ကြောင့်သာမဟုတ်လျှင် ဖန်ရှုံ့ဖုန်းသည် အောင်လည်းအောင်မြင်၊ သေလည်းသေ ဖြစ်သွားလိမ့်မည်။
တစ်ဆက်တည်းမှာပင် ဧကရာဇ်တန်သည် သူ၏တာအိုမှော်အတတ်အား စီရင်နေခြင်းပြီးဆုံးသွား၍ ထုတ်လွှတ်လိုက်၏။ မန်ဟို့အား အရှင်းပိုင်းဖြတ်ခြင်းမပြရသေးသော ဧရာမပိုက်ကွန်ကြီးသည် မှိတ်တုတ်မှိတ်တုတ်လက်သွားပြီးနောက် ဖန်ရှုံ့ဖုန်းနှင့်မန်ဟို့ထံမှ ပျောက်ကွယ်သွားခဲ့လေပြီ။
ထိုအခိုက်အတန့်တွင် တောင်ကောင်းကင်မန္တန်ဝင်္ကပါက ဖန်ရှုံ့ဖုန်းကို တရားဝင်အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။
ဖန်ရှုံ့ဖုန်းကား တာအိုအဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားခဲ့၏။ သို့သော် ပေးဆပ်ခဲ့ရသော အဖိုးအခမှာတော့... ဧရာမကြီးမားသည်။ သူကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့သည့်အပြင် ထိုဒဏ်ရာမှာ သာမန်မဟုတ်ပေ။ သေရာပါတော့မဟုတ်သော်လည်း အပြည့်အဝပြန်သက်သာလာဖို့ လပေါင်းများစွာ တရားထိုင်ဖို့ လိုအပ်သည်။ ထိုအချိန်အတောအတွင်း လှုပ်ရှားမှုလည်း ပြုမရပေ။ မဟုတ်လျှင် ဒဏ်ရာများသည် ထာဝရဖြစ်လိမ့်မည်။
သို့သော် ဖန်ရှုံ့ဖုန်းသည် သူ၏ဒဏ်ရာများကို နည်းနည်းလေးမှ ဂရုမစိုက်။ သူက ချက်ချင်း မန်ဟို့ကို လှမ်းပွေ့လိုက်သည်။ မန်ဟို၏ဖြူဆုပ်နေသောအသားအရောင်၊ တစ်ကိုယ်လုံးဖုံးနေသည့် ဒဏ်ရာဒဏ်ချက်များက ဖန်ရှုံ့ဖုန်း၏မျက်လုံးအိမ်မှ မျက်ရည်များစီးကျလာစေသည်။
“ဂုဏ်ယူပါတယ် အဖေ....” ထိုစကားလုံးနှစ်လုံးကို တိုးညင်းစွာ ပြောပြီးနောက် မန်ဟိုကား သတိလစ်သွားတော့သည်။
မန်ဟိုမသိသော်လည်း သူ သတိလစ်သွားပြီးနောက် ဖန်တစ်မျိုးနွယ်လုံး သူ့ကို ကုစားပေးဖို့ လှုပ်ရှားကြသည်။ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီက မည်သည့်အရာကိုမှ ထိမ်ချန်မထားပေ။ ပထမမျိုးဆက်ခေါင်းဆောင်ကြီး၏ကိုယ်ပွားပင်လျှင် ကူညီပေးဖို့ နတ်ဘုရားစိတ်ဆန္ဒတချို့ ပို့လွှတ်ခဲ့သည်။
မည်သူမျှ မသိသော်လည်း ရွှေတုန်းလျှိုလည်း ရောက်လာခဲ့သည်။ သူက မန်ဟို့ကုတင်ဘေးတွင် ရပ်ရင်း အလွန်တရာစိတ်နှလုံးတုန်လှုပ်နေသာအမူအရာဖြင့် ငုံ့ကြည့်နေသည်။
“ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပြောင်းလဲပစ်ခဲ့တဲ့လူတွေအတွက် ... ဘာမဆိုဖြစ်နိုင်တာပါလား” သူ့မျက်လုံးများက ဆန်းကြယ်စွာ တောက်ပလာသည်။ အတန်ကြာသော် သူ ထွက်ခွာသွား၏။ သူ ရောက်လာသည်ကို မည်သူမှ မသိခဲ့သလို ၊ သူ ထွက်သွားသည်ကိုလည်း မသိကြပေ။
ဧကရာဇ်တန်လည်း တစ်ကြိမ်ရောက်လာသည်။ မန်ဟို့ကို ကြည့်နေစဉ် သူ့နှလုံးသားသည် တုန်ရီနေသော်လည်း မျက်နှာအပေါ်တွင်တော့ မပြသပေ။ မန်ဟို တောင်ပင်လယ်များအား ဆင့်ခေါ်ခဲ့သည်ကို သူ မြင်ခဲ့ရကြောင်း၊ ယခု မန်ဟို့အပေါ်တွင် တောင်ကောင်းကင်မန္တန်ဝင်္ကပါအရှိန်အဝါကို သူ ခံစားနေရကြောင်း ဘယ်သူ့ကိုမှ သူ မပြောပေ။
မန်ဟို့ဒဏ်ရာများသည် ခန္ဓာအရသော်လည်းကောင်း၊ စိတ် သို့မဟုတ် ဝိညာဉ်အရသော်လည်းကောင်း အလွန်ပြင်းထန်သည်။ သူ့မှာ တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ ဖန်မျိုးနွယ်ဘိုးဘေးစံအိမ်ထဲတွင် တစ်ချိန်လုံး မျောနေ၏။ သူ့အမေ၊ သူ့အစ်မနှင့် သူ့အဖေတို့က သူ့ကို ပြုစုပေးရင်း သူ့ဘေးနားတွင် အချိန်ပြည့်ရှိနေကြသည်။
အချိန်များ ကုန်လွန်သွား၏။ နောက်ဆုံးတော့ မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ပွဲကျင်းပဖို့ အချိန်ရောက်လာခဲ့လေပြီ။ မန်လီအပါအဝင် ကျန်မျိုးနွယ်ဝင်များ၏လောဆော်မှုများကြောင့် ဖန်ရှုံ့ဖုန်းသည် အချိန်ထပ်မဆွဲဘဲ အခမ်းအနားစတင်ဖို့ ဆုံးဖြတ်လိုက်၏။
သို့သော် သူသည် မျိုးနွယ်စုခေါင်းဆောင်ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သူ့နှလုံးသားထဲတွင် သူကား သူ့သားနှင့် ယှဉ်၍ပင်မရပေ။
ဤသို့ဖြင့် နောက်ဆုံးတော့ အခမ်းအနားနေ့ရက်သို့ ရောက်လာခဲ့သည်။