ဖန်မျိုးနွယ်စုရှိ ကြီးမြတ်သောအခမ်းအနား
Vol. 86 Ch. 1190
ဖန်မျိုးနွယ်စုကား နဝမတောင်ပင်လယ်၏ မျိုးနွယ်စုကြီးလေးစုထဲမှ တစ်ခုဖြစ်၏။ အတိတ်တုန်းက သူတို့သည် တောင်ပင်လယ်အားလုံးအပေါ် စိုးမိုးအုပ်ချုပ်နိုင်ရေးအတွက် ကျီတျန်းနှင့် အမြဲတိုက်ခိုက်ခဲ့ရသည်။ ပထမမျိုးဆက်ခေါင်းဆောင်ကြီး အစွမ်းပြခဲ့သော အရှေ့အောင်ပွဲဂြိုဟ်၏ တိုက်ပွဲအဖြစ်အပျက်များကို ထည့်တွက်လျှင် မျိုးနွယ်စုသည် ပုန်ကန်မှုကြောင့် ငွေအင်အား၊ လူအင်အား ဆုံးရှုံးခဲ့ရသည်တိုင် အင်အားကြီးမားမြဲကြီးမားဆဲဖြစ်ကြောင်း သက်သေထူ၏။
‘မျိုးနွယ်စုမှာ အပေါ်ယံမြင်ရသည်ထက်ပို၍ အင်အားနည်းသည်’ဟု သံသယဝင်ကြသော်လည်း အချိန်တချို့ကြာလျှင် ပို၍အင်အားကြီးမားလာမည်မှာ မလွဲဧကန်ပင်။
ထို့အပြင် အက်ရှလွန်ကျင့်ကြံသူဆိုသော မန်ဟို၏အဆင့်အတန်း။ ထိုသတင်းသည် ပျံ့နှံ့လာခဲ့ပြီးပြီဖြစ်၏။ သူက ကျန်ရွေးချယ်ခံအားလုံးကို လွှမ်းမိုးနိုင်သည်ဆိုသောအချက်ကိုပါ ထည့်ပေါင်းလိုက်သည့်အခါ ဖန်မျိုးနွယ်စု၏အာဏာစက်ကား ပို၍ပင်ကြီးမားလာတော့သည်။
ဖန်မျိုးနွယ်စုတွင် ပထမမျိုးဆက်ခေါင်းဆောင်ကြီး၊ တာအိုနယ်ပယ်ပညာရှင်နှစ်ဦးနှင့် နဝမတောင်ပင်လယ်တွင် အစွမ်းထက်ဆုံးရွေးချယ်ခံရှိကြောင်း လူတိုင်းသိကြသည်။ ထိုကဲ့သို့မျိုးနွယ်စုတစ်စုမှ မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ပွဲအခမ်းအနား ကျင်းပလျှင် .... မည်မျှဂယက်ရိုက်မည်လဲ အလွယ်တကူ မှန်းဆကြည့်နိုင်သည်။
ဖန်ရှုံ့ဖုန်းသည်လည်း တာအိုနယ်ပယ်သို့ အောင်မြင်စွာ ဝင်ရောက်ခဲ့ရာ ဖန်မျိုးနွယ်စု၏ စုစုပေါင်းအင်အားသည် နောက်တစ်ဆင့်သို့ မြင့်တက်သွားခဲ့၏။ တာအိုဆရာအစည်းအရုံးသုံးခု သို့မဟုတ် ကျီမျိုးနွယ်စုကို ဖယ်လိုက်လျှင် သူတို့ကို အင်အားအရယှဉ်နိုင်သည့် ဂိုဏ်းသော်လည်းကောင်း၊ မျိုးနွယ်စုသော်လည်းကောင်း နဝမတောင်ပင်လယ်၌ မရှိပေ။
အခမ်းအနားနေ့ရက်သို့ ကျရောက်လာတော့မည်ဖြစ်ရာ မရေမတွက်နိုင်သောနန်းဆောင်များမှာ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် တည်ဆောက်ခြင်းခံနေရ၏။ တင့်တယ်ခံ့ညားသောနန်းတော်များလည်း ပေါ်ပေါက်လာခဲ့ပြီး တောင်တစ်လုံးပြီးတစ်လုံး ပြားပြားဝပ်ပြန့်ပြူးကုန်ကြသည်။ ဖန်မျိုးနွယ်စု၏ခံတပ်ကား ယခုတွင် ဝပ်စင်းနေသော ဧရာမသားရဲကြီးတစ်ကောင်နှင့် တူနေတော့၏။
တောင်ကောင်းကင်ဂြိုဟ်နှင့် အရှေ့အောင်ပွဲဂြိုဟ်ကို ဆက်သွယ်ပေးထားသော မန္တန်ဝင်္ကပါ၊ အစီအရင်များလည်း တစ်ပြုံတခေါင်း ရှိကြသည်။ အမှန်အားဖြင့် ... တောင်ကောင်းကင်ဂြိုဟ်မှာ ဖန်မျိုးနွယ်စု၏ ဗဟိုချက် ဖြစ်နေခဲ့လေပြီ။
ဤနေရာတွင် တချို့သောကန့်သတ်ချက်များ ရှိသော်လည်း ထိုကန့်သတ်ချက်များက ဖန်မျိုးနွယ်စုကို ကာကွယ်ပေးလိမ့်မည်။ ယခုတွင် သူတို့သည် ဂြိုဟ်နှစ်လုံးကို စိုးမိုးနေလေပြီ။ သူတို့၏အင်အားတိုးပွားလာမှုက တား၍မရသောအရာဖြစ်ကြောင်း သိသာပေ၏။
ဖန်မျိုးနွယ်ကျင့်ကြံသူသန်းပေါင်းများစွာ အရှေ့အောင်ပွဲဂြိုဟ်မှ ရောက်လာကြကာ တောင်ကောင်းကင်ဂြိုဟ်၏နေရာအသီးသီးတွင် ဖြန့်ကျက်နေရာယူထားကြသည်။ ဖန်မျိုးနွယ်စု၏ဘိုးဘေးစံအိမ်သည် ယခင်ထက် အဆတစ်ရာပိုမိုကြီးမားနေပြီး အခမ်းအနားကျင်းပမည့် ဗဟိုရင်ပြင်ဖြစ်၏။
အခမ်းအနားနေ့ရက်တွင် မိုးသောက်ချိန်မှစ၍ နဝမတောင်ပင်လယ်အနှံ့အပြားရှိ ဂိုဏ်းအမျိုးမျိုး၊ မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများ တသဲသဲရောက်လာကြသဖြင့် တောင်ကောင်းကင်ဂြိုဟ်ပေါ်ရှိ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများမှာ မရပ်မနား လင်းလက်နေကြတော့သည်။
ဖန်မျိုးနွယ်စုတွင် မိတ်ဆွေများ ရှိသလို၊ ရန်သူများလည်း ရှိသည်။ ဖန်ရှုံ့ဖုန်းအတွက်လည်း အလားတူဖြစ်၍ လူအတော်များများမှာ သူ့အတွက် အထူးတလည် ရောက်လာကြလေသည်။ ဤလူများမှာ သူ တာအိုသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့ပြီဆိုသော ကောလဟာလများအကြောင်း တွေးမိလျှင် သက်ပြင်းသာချနိုင်တော့သည်။ အတော်များများက သူ့ကို စိန်ခေါ်ချင်သော်လည်း စိန်ခေါ်ရဲသူကား မရှိသလောက်ရှား၏။
လူတွေ အများမှအများကြီး ရောက်လာကြသည်။ ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းအပြင် ကျန်မျိုးနွယ်စုကြီးများစွာလည်း ရှိနေကြ၏။ ဂိုဏ်းသေးလေးများမှာတော့ ရေတွက်၍ပင် မရသည်သာမက သင်းကွဲကျင့်ကြံသူများပင် တောင်ကောင်းကင်ဂြိုဟ်တွင် ကြိတ်ကြိတ်တိုးနေကြသည်။ ဖန်မျိုးနွယ်စုက သူတို့အားလုံးအတွက် နေရာထိုင်ခင်းများ စီစဉ်ပေးထားကြသည်။
တာအိုဆရာအစည်းအရုံးသုံးခုလည်း ရောက်လာပြီး ကျီမျိုးနွယ်စုပင် လူတချို့ စေလွှတ်လိုက်သည်။ အပြင်ပန်းတွင် ကျီမျိုးနွယ်စုနှင့် ဖန်မျိုးနွယ်စုအကြား ရန်ငြိုးရှိကြောင်း မပြသပေ။
ဂိုဏ်းများ၊ မျိုးနွယ်စုများ၏ ရွေးချယ်များသည် မန်ဟိုနှင့် ပဋိပက္ခများ ဖြစ်ခဲ့ဖူးသည့်တိုင် ..... ထိုဂိုဏ်းနှင့်မျိုးနွယ်စုအားလုံး ကိုယ်စားလှယ်များ လွှတ်လိုက်ကြသည်။ သို့သော် အံ့ဩစရာကောင်းစွာနှင့် .... ရွေးချယ်ခံတစ်ယောက်ကိုမှ မမြင်ရပေ။ သူတို့အားလုံး ပွဲမတက်ဖို့ ကြိုတင်ဆုံးဖြတ်ခဲ့ကြပုံရသည်။ ဖက်တီးနှင့် မန်ဟို၏မိတ်ဆွေများမှာမူ ..... သူတို့၏ဂိုဏ်းများက သူတို့ကို မလွှတ်ကြပေ။
ယင်းက နားလည်ပေးနိုင်သောအရာဖြစ်သည်။ မန်ဟိုသည် အကြီးပိုင်းမျိုးဆက်ပညာရှင်များ၏ ရင်ထဲသို့ပင် အကြောက်တရားများ ရိုက်ထည့်ပေးနိုင်လောက်အောင် အစွမ်းထက်လှ၏။ အခမ်းအနားသို့ အငယ်ပိုင်းမျိုးဆက်များသာ လွှတ်လိုက်လျှင် မျက်နှာပျက်စရာဖြစ်ရလိမ့်မည်။
ထိုမျှသာမက မန်ဟို၏ကံကြွေးအမိန့်စာသည် ယခုတွင် နဝမတောင်ပင်လယ်တခွင် အသိများနေလေပြီ။ သူက သူနှင့်မျိုးဆက်တူ ရွေးချယ်ခံများအား ကံကြွေးမှတစ်ဆင့် သူ့အပေါ် အကြွေးတင်အောင် လုပ်တတ်ကြောင်း လူတိုင်းသိကြသည်။ ထို့ကြောင့် သူတို့အတွက် သူနှင့်မတွေ့ရလေလေ၊ ကောင်းလေလေပင်။
ဤသို့ဖြင့် အကြီးပိုင်းမျိုးဆက်ကျင့်ကြံသူများသာ ပေါ်လာကြသည်။
မွန်းတည့်ချိန်၊ နေသူရိန်က အထက်မိုးကောင်းကင်ထံ အလျှံညီးညီးမာနကြီးနေစဉ် .... အခမ်းအနား စတင်သည်။
မရေမတွက်နိုင်သောအလင်းတန်းများသည် စားပွဲများအတန်းလိုက် စီတန်းချထားသော ဘိုးဘေးစံအိမ်၏ ဗဟိုရပ်ပြင်သို့ တဟုန်ထိုး ရောက်လာကြ၏။ လေပေါ်တွင်ပင် ပျံဝဲနေသော စားပွဲပေါင်းထောင်ချီရှိကြသည်။ ကျင့်ကြံသူများ ရောက်လာကြသည့်အခါ တာဝန်ကျဖန်မျိုးနွယ်ဝင်များက သူတို့၏ထိုင်ခုံများအား ပြသပေးကြသည်။ တာအိုခေါင်းလောင်းပင်လျှင် နေရာရွှေ့ပြောင်းရောက်ရှိလာခဲ့ပြီး အလွန်ရှိန်စရာကောင်းသောအသွင်အပြင်ဖြင့် မိုးထက်တွင် ပျံဝဲလျက်ရှိ၏။
စားပွဲတိုင်းစားပွဲတိုင်းတွင် ဝိညာဉ်အရက်မှသည် အင်မော်တယ်သစ်သီးများအထိ အရာအားလုံးပြည့်ကြပ်နေ၏။ အခမ်းအနားက သုံးရက်သုံးညတိုင် ကြာမြင့်ရာ ကုန်ကျစရိတ်မှာ သွေးတက်ဖွယ်ကောင်းလောက်အောင် ကြီးမားလှသည်။ သို့သော် ရရှိသော လက်ဆောင်ပဏ္ဍာအရေအတွက်သည်လည်း ခေါင်းကိုက်စရာကောင်း၏။
ထိုအခန်းကဏ္ဍတွင် အတွေ့အကြုံအရှိဆုံးဖြစ်သည့် ဖန်ရှုတောက်က တာဝန်ယူသည်။
အခမ်းအနား၏ ပထမနေ့တွင် ဖန်ရှုံ့ဖုန်းက လူတိုင်း၏ရှေ့မှောက်သို့ ထွက်လာပြီး ဘိုးဘေးများကို တိုင်တည်၍ သစ္စာဆိုသည်။ ထို့နောက် လုပ်ဆောင်ရမည့် ဓလေ့ထုံးတမ်းအားလုံးကို လုပ်ဆောင်ပြီးနောက်တွင် ထိုအပိုင်းပြီးဆုံးသွားသည်။
အခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုစကားဆိုကြသော ကျင့်ကြံသူများ စောင့်နေသည်မှာတော့ ဒုတိယနေ့ဖြစ်သည်။ ဖန်မျိုးနွယ်စုကဲ့သို့ အင်အားကြီးမားသောမျိုးနွယ်စုအတွက် မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ခြင်းအခမ်းအနားသုံးရက်တွင် ရန်ကြွေးများကိုခြေသည့်အပိုင်း ပါဝင်သည်။ ယင်းက လူအများစု မျှော်လင့်နေသောအရာဖြစ်၏။
မန်ဟိုကတော့ မျောနေဆဲဖြစ်သည်။ သူ့အတွက်တော့ အိပ်မက်အရှည်ကြီးမက်နေသည့်အလားပင်။ ထိုအိပ်မက်ထဲတွင် တောင်ပင်လယ်လောက စစဖြစ်တည်စနေရာ…. ထူးခြားသောကမ္ဘာတစ်ကမ္ဘာထဲသို့ သူ အလည်ရောက်သွားသည်။ သူ့အတွက် စတေးမှုများ လုပ်ဆောင်ရင်း ဘိုးဘေးဂိတ်ဝတစ်ခုအား ဖန်ဆင်း၍ မန္တန်အစီအရင်များ စီရင်နေသော မျိုးနွယ်စုတစ်စုကို သူ မြင်လိုက်ရ၏။
ဒုတိယမြောက်နေ့ မိုးသောက်ယံတွင် ဗဟိုရင်ပြင်ထက်၌ အလွန်ကြီးမားသော စားပွဲသောက်ပွဲကြီးအား ခင်းကျင်းထားသည်။ ဖန်ရှုတောက်၏ ဩဇာညောင်းသောအသံကြီးက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွား၏။ “ဖန်မျိုးနွယ်စုက ဖန်ရှုံ့ဖုန်းကို မျိုးနွယ်စုခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပြီးပါပြီ
“ဂုဏ်သရေရှိ လူကြီးမင်းများနှင့်အမျိုးသမီးတို့ သူနဲ့ ခင်ဗျားတို့အကြား ရှိခဲ့တဲ့ ဘယ်အကြွေးမဆို၊ ဘယ်ရန်ငြိုးမဆို ဒီနေ့ နိဂုံးချုပ်အဆုံးသတ်ရလိမ့်မယ်။ အခုကစပြီး ဖန်ရှုံ့ဖုန်းဟာ မျိုးနွယ်စုခေါင်းဆောင်ဖြစ်တဲ့အတွက် သူ့ကို ရန်စရဲတဲ့သူ၊ ပမာမခန့်လုပ်ရဲတဲ့သူ၊ သူ့ကို အကောက်ကြံဝံ့သူအားလုံး ဖန်မျိုးနွယ်လုံးရဲ့ အမျက်ဒေါသကို ရင်ဆိုင်စေရမယ်” ဖန်ရှုတောက်က ဘေးဘီဝဲယာကို ဖြေးညင်းစွာ ကြည့်လိုက်သည်။ သူသည် မလိုလားအပ်သည့်အရာတစ်ခုမှ မဖြစ်ပွားအောင် ပြင်ဆင်မှုများစွာ လုပ်ဆောင်ထားရှိပြီးဖြစ်၏။
အရေးအကြီးဆုံးအချက်မှာ ဖန်ရှုံ့ဖုန်းကား တာအိုနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည့်အချက်ပင်။ လူတိုင်း ဤအခြင်းအရာကို သိသည့်အတွက် ကိုယ့်သေတွင်းကိုယ်တူးဝံ့သူများ ပေါ်လာလိမ့်မည်ဟု မယုံကြည်ကြပေ။ ယင်းက တာအိုနယ်ပယ်မျိုးနွယ်စုခေါင်းဆောင်တစ်ဦးကို စိန်ခေါ်ခြင်းမဟုတ်ပါလော။
“ကဲ ဓလေ့ထုံးတမ်းအတိုင်း စတင်ကြစို့” ဖန်ရှုတောက်က မလှုပ်မယှက် ထိုင်နေပြီး သူစကားပြောသည့်အခါ သူ့အသံသည် မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာ၏။ ဖန်ရှုံ့ဖုန်းက ဒေါသထွက်မနေသည့်တိုင် အလွန်ဖြုံစရာကောင်းသောအမူအရာဖြင့် သူ့ဘေးတွင် တည်ငြိမ်စွာ ထိုင်လိုက်သည်။ သူကား သူ့ကိုကြည့်နေရုံနှင့်တင် လူတိုင်းအား တုန်ရီလာစေပြီး ကျင့်ကြံခြင်းအခြေခံများပင် မငြိမ်မသက်ဖြစ်လာစေသည့် မမြင်ရသောတန်ခိုးအငွေ့အသက်များဖြင့် ပြည့်နေသယောင်ပင်။
တာအိုနယ်ပယ်အဆင့်ကျင့်ကြံသူတိုင်း သူတို့ကိုယ်သူတို့ ရှေးဟောင်းနယ်ပယ်အထိ ဖိနှိပ်ထားရရာ မည်သူမျှ ဖန်ရှုံ့ဖုန်းအတွက် ပြိုင်ဘက်မဖြစ်နိုင်ဟု ဆိုလိုသည်။ သူတစ်ယောက်တည်းသာ တာအိုနယ်ပယ်မဟုတ်ပါလော။
လူအုပ်ကြီးထံမှ စကားသံများ တီးတိုးတီးတိုးထွက်လာသည်။ ဖန်ရှုတောက်သည် အတန်ကြာစောင့်နေပြီးနောက် ဘယ်သူမှ ရှေ့ထွက်မလာသည်ကို မြင်လျှင် အချိန်ကုန်သွားအောင် စောင့်ဖို့ သူ့မျက်လုံးများကို ပိတ်လိုက်သည်။ သူကား စိန်ခေါ်သူမရှိခြင်းကြောင့် အံ့အားသင့်နေပုံမရပေ။
သို့သော် သူ့မျက်လုံးများ ပိတ်လိုက်သောအခိုက်အတန့်တွင် လူထွားကြီးတစ်ဦးသည် လူအုပ်ထဲမှ ထွက်လာ၏။ သူက ခြောက်မီတာတိတိမြင့်မာပြီး အင်မော်တယ်နယ်ပယ်လှိုင်းဂယက်များကို ထုတ်လွှတ်လျက် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေကြီးအား သိမ့်ခနဲ တုန်ရီသွားစေသည်။
“ဖန်ရှုံ့ဖုန်း ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး။ ဒါပေမဲ့ ငါ မင်းကို ဒီနေ့ တိုက်ခိုက်ဖို့ စိန်ခေါ်မယ်။ ဒီနေ့ပြီးရင် အခွင့်အရေးမရှိတော့ဘူး”
လူထွားကြီးက ယုတ်မာစွာပြုံးရင်း သူ၏ခြေထောက်ကို ပြင်းပြင်းဆောင့်နင်း၍ သူ့ကျင့်ကြံခြင်းအခြေခံစွမ်းအားအား ထုတ်ဖော်လိုက်ရာ အုန်းခနဲ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်လာသည်။ လေမုန်တိုင်းတစ်လုံးက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ချက်ချင်း ရိုက်ခတ်သွား၏။
သို့သော် ထိုလေမုန်တိုင်းမှာ အလွန်သေးငယ်လွန်းသည်။ သူ့ကျင့်ကြံခြင်းအခြေခံမှာလည်း အင်မော်တယ်နယ်ပယ်တွင်သာဖြစ်ကြောင်း သိသာ၏။ ထိုကဲ့သို့ကျင့်ကြံခြင်းအခြေခံမျိုးနှင့် ဖန်မျိုးနွယ်စုခေါင်းဆောင်ကို စိန်ခေါ်ခြင်းက ဘုရားကျောင်းသုံးကျောင်းဂိုဏ်းခြောက်ဂိုဏ်းအပါအဝင် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများအား ထူးဆန်းနေသောအမူအရာများဖြင့် လှမ်းကြည့်မိလိုက်စေသည်။
“ဖန်ရှုံ့ဖုန်း မင်းကို မေးခိုင်းလိုက်တဲ့လူတစ်ယောက်ရှိတယ်။ အနောက်ပျော်ရွှင်ဂြိုဟ်ပေါ်မှာ ပြောခဲ့တဲ့ မင်းရဲ့စကားကို မင်းတည်သေးသလားတဲ့” သူက စူးစူးဝါးဝါးအော်ရင်း သွေးအန်ပြီးနောက် ဖန်ရှုံ့ဖုန်းထံ ပြေးဝင်လာသောအလင်းတန်းတစ်တန်း အသွင်ပြောင်းသွားတော့သည်။
ဖန်ရှုတောက်က မျက်မှောင်ကြုတ်သွားပြီး စိတ်လေးလာသည်။
“ဖန်ရှုံ့ဖုန်း ငါ မင်းကို စိန်ခေါ်တယ်” လူထွားကြီးက ဟစ်ကြွေးသည်။ သူကား ယုံကြည်ချက်ရှိပုံရပြီး စိတ်အေးလက်အေးဖြစ်နေသယောင် ထင်ရသော်လည်း သေသေချာချာ ကြည့်ပါက သူ့တစ်ကိုယ်လုံး တုန်ရီနေသည်ကို မြင်ရနိုင်သည်။ ထိုမျှသာမက သူ့မျက်ဝန်းများတွင် ကြောက်စိတ်တို့ ပြည့်နေ၏။
သူကား ဆင်ကို အံတုနေသည့် ပုရွက်ဆိတ်နှင့်တူသည်။ သို့သော် သူ့ကိုယ်သူ ရယ်စရာဖြစ်အောင် လုပ်နေရသည့် အကြောင်းရင်းရှိလေသည်။
ဖန်ရှုံ့ဖုန်းက မျက်လုံးများကို ဖွင့်၍ လူထွားကြီးအား အေးတိအေးစက် ကြည့်လိုက်သည်။ ထိုလူ့တွင် အကြံတစ်ခုခုရှိကြောင်း သိသာသည်။ မဟုတ်လျှင် ယခုလိုအခမ်းအနားတွင် သူ့လို ဘောင်မဝင်သည့်လူက ဘာကြောင့် ပြဿနာရှာနေမည်နည်း။
ဖန်မျိုးနွယ်ကျင့်ကြံသူတစ်ယောက်က ငေါက်ခနဲ ထရပ်ပြီး ဒေါသတကြီး အော်သည်။ “ပြဿနာရှာနေတာ တော်သင့်ပြီ။ မင်းရဲ့ကျင့်ကြံခြင်းအခြေခံနဲ့ မင်းက ရန်ကြွေးခြေနေတာမဟုတ်ဘူး၊ ပြဿနာရှာနေတာပဲ။ အစောင့်တွေ သူ့ကို ဖယ်ရှားလိုက်”
ဖန်မျိုးနွယ်ကျင့်ကြံသူများက လူထွားကြီးဆီ ချက်ချင်း ပျံသန်းလာကြသည်။
လူထွားကြီးက ဤသို့ဖြစ်လာလိမ့်မည်ဟု ကြိုတင်မှန်းဆထားပြီးဖြစ်ဟန်တူသည်။ သူသည် ချက်ချင်း နောက်ဆုတ်၍ အံတင်းတင်းကြိတ်ကာ ဆေးလုံးတစ်လုံးအား သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ သူ ၎င်းကို သွားများဖြင့် ခြေလိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် ပြင်းပြင်းထန်ထန် တုန်ရီလာ၏။ သူ၏ကျင့်ကြံခြင်းအခြေခံက စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး သူ့အင်အားသည် တဟုန်ထိုးကြီးထွားလာသည်။ သူကား အင်မော်တယ်နယ်ပယ်မှ ရှေးဟောင်းနယ်ပယ်သို့ ချက်ချင်း တက်သွား၏။ တန်ရာတန်ကြေးအနေဖြင့် သူ့ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာသည်။ သူ စားခဲ့သော ဆေးလုံးမှာ သူ့ကျင့်ကြံအဆင့်ကို အတင်းအကြပ်မြှင့်တင်ပေးဖို့ သူ့အသက်စွမ်းအားကို စားသုံးလိုက်သည့် အဆိပ်တစ်မျိုးဖြစ်သည်။
ပေးဆပ်နေရသော အဖိုးအခကြောင့် သူ့အနေဖြင့် အမွှေးတိုင်တစ်တိုင်ထွန်းစာမျှသာ ထိုအခြေအနေတွင် နေနိုင်လိမ့်မည်။ ထို့နောက် သူ့မှာ ခန္ဓာကိုယ်ရော၊ စိတ်ဝိညာဉ်ပါ သေဆုံးကာ မည်သူမျှ သူ့ကို ကယ်နိုင်တော့မည်မဟုတ်ပေ။
ဖန်ရှုတောက် မျက်မှောင်ကြုတ်လျက် ကြည့်နေစဉ် ဖန်ရှုံ့ဖုန်း၏မျက်လုံးများက လင်းလက်သွားပြီး သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ညာလက်ချောင်းကို လှုပ်ရှားလိုက်ရာ လာနေသော လူထွားကြီးမှာ တဆတ်ဆတ် တုန်ခါပြီးနောက် ဖောင်းခနဲ ပေါက်ကွဲသွားတော့သည်။
သူ သေသွားသည်နှင့် နောက်ကျင့်ကြံသူတစ်ယောက် ပျံထွက်လာသည်။ ဤလူသည်လည်း အင်မော်တယ်နယ်ပယ်သာ ဖြစ်သော်လည်း ဆေးလုံးတစ်လုံးကို စားကာ သူ၏စွမ်းအားကို တဟုန်ထိုး မြင့်တက်သွားစေပြီး ဖန်ရှုံ့ဖုန်းကို အော်ဟစ်သည်။ ဖန်ရှုံ့ဖုန်းမှာ တခဏစဉ်းစားနေပြီးနောက် သူ့လက်ချောင်းကို လှုပ်ရှားလိုက်ပြန်သည်။
သုံးယောက်မြောက်၊ လေးယောက်မြောက်၊ ငါးယောက်မြောက်...
ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး နောက်ဆုံးတော့ အယောက်လေးဆယ်အထိ ဖြစ်လာခဲ့သည်။ အခမ်းအနားကို တက်ရောက်နေသော ကျင့်ကြံသူအားလုံးက ထူးဆန်းသောအမူအရာများဖြင့် ကြည့်နေကြသည်။ ထိုအမူအရာများက ဖန်မျိုးနွယ်ဝင်များ၏မျက်နှာထက်၌ ပို၍ပင်သိသာ၏။ ဤအဖြစ်အပျက်ကိုမူ မြင်နေသော မည်သူမဆို တစ်ခုခု မူမမှန်ကြောင်း ပြောနိုင်ပေလိမ့်မည်။
သို့သော် ဤမျှနှင့်မပြီးသေး။ ကျင့်ကြံသူပေါင်းစွာက တစ်ပုံစံတည်း လုပ်လာကြသည်။ သူတို့သည် သူတို့အသက်ကို စတေး၍ ဖန်ရှုံ့ဖုန်း၏ ကျင့်ကြံခြင်းအခြေခံအား တဖြည်းဖြည်း အားနည်းလာစေ၏။ တခြားအခြေအနေတွင်ဆိုလျှင် ကိစ္စရှိမည်မဟုတ်။ သို့သော် ဖန်ရှုံ့ဖုန်းမှာ တာအိုဒဏ်ရာရထားဆဲဖြစ်၍ တိုက်ခိုက်ခြင်းပင် မပြုသင့်ပေ။ တိုက်ကွက်တစ်ကွက်၊ နှစ်ကွက်လောက်က မသိသာသော်လည်း ဤဖြစ်ရပ်မှာ အဆုံးမရှိ သံသရာလည်နေ၏။ သူ့ကို အဆတ်မပြတ် တိုက်ခိုက်နေသူများတွင် အလွန်မြင့်မားသော ကျင့်ကြံခြင်းအခြေခံများ မရှိသော်လည်း သူတို့ ယာယီစားသုံးခဲ့သော ဆေးလုံးများက သူတို့၏စွမ်းအားများကို မြင့်တင်ပေးထား၏။
ဖန်ရှုံ့ဖုန်းအနေဖြင့် သူတို့ကို ပုရွက်ဆိတ်ကလေး သတ်သလို အလွယ်တကူ သတ်ပစ်နိုင်သည်....
သို့သော် ပုရွက်ဆိတ် အရမ်းများလာလျှင်တော့ သတ်ဖြတ်ရသည်က ခေါင်းကိုက်စရာ ကောင်း၏။
သိသိသာသာပင် တစ်စုံတစ်ယောက်က ဖန်ရှုံ့ဖုန်း၏ ဒဏ်ရာများကို ကုစားမရတော့သော အတိုင်းအတာအထိ ရောက်ရှိစေချင်နေလေသည်။ သူတို့က သူ့ကို တိုက်ခိုက်အောင် ဖိအားပေးနေ၏။
အမှန်တွင် ဖန်ရှုံ့ဖုန်းအနေဖြင့် ငြင်းဆိုနိုင်သည်။ သူသည် သူ့ပြဿနာကို ဖြေရှင်းဖို့ သူ့မျိုးနွယ်စုမှ ကျင့်ကြံသူများကို ခိုင်းနိုင်၏။ သို့သော် ဤဇာတ်ကို ကြံစည်ထားသော မည်သူမဆို ထိုဖြစ်နိုင်ချေကို သေချာပေါက် ထည့်တွက်ထား၍ အစီအစဉ်နောက်တစ်ခုလည်း ကျိန်းသေဆွဲထားလိမ့်မည်။
ဖန်ရှုံ့ဖုန်း၏မျက်လုံးများက အေးစက်စက် တောက်ပလာသည်။
ဤသည်မှာ အခြားသူများ၏ အကူအညီကို သူ လက်မခံနိုင်သော အခြေအနေတစ်ရပ် ဖြစ်သည်။ ဤပွဲသည် မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ပွဲဖြစ်ပြီး သူ၏ စိန်ခေါ်သူများမှာ အင်မော်တယ်နယ်ပယ်သာ ဖြစ်နေသည်။ သူ့အနေဖြင့် အခြားသူများထံမှ အကူအညီတောင်းလျှင် ဖန်မျိုးနွယ်စုသည် လာမည့်နှစ်များအတွင်း အပြစ်တင်ခံရပြီး ဟာသလုပ်ခံရလိမ့်မည်။
ဖန်ရှုတောက်၏မျက်နှာက အလွန်မည်းမှောင်နေ၏။ ဖန်ရှုံ့ဖုန်းကို ကူညီခြင်းက ပြဿနာများ ဖြစ်ပွားစေနိုင်သော်လည်း အလွန်မျက်နှာပျက်ရမည်သာဖြစ်ရာ သူ့မှာ ဝင်ရောက်စွက်ဖက်ဖို့ တွေးနေမိသည်။ ထိုစဉ် ဖန်ရှုံ့ဖုန်းက တစ်စုံတစ်ခုကို သတိပြုမိလိုက်သကဲ့သို့ ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။ သူသည် သူ့ဒဏ်ရာများကို ထိန်းချုပ်ထားသော်လည်း ကျင့်ကြံသူရာပေါင်းများစွာကိုသာ တိုက်ခိုက်နေရပါက အဆုံးသတ်တွင် ထိန်းချုပ်မှုလျော့နည်းသွားပြီး သူ့ဒဏ်ရာများ ပြန်ဖြစ်ပေါ်လာလိမ့်မည်။
ဤအခိုက်အတန့်တွင် ကျင့်ကြံသူနောက်ထပ်တစ်ယောက် ပေါ်လာ၏။ သူက အနားပင် ရောက်မလာခင် အော်လိုက်သည်။
"ဖန်ရှုံ့ဖုန်း အရိုင်းအစိုင်းကောင်။ ငါ့ကျင့်ကြံခြင်းအခြေခံက အားနည်းပေမယ့် မင်းကို ငါလည်း စိန်ခေါ်တယ်။ မင်း ငါ့ကို တိုက်ခိုက်ရဲလား" ကျင့်ကြံသူမှာ တုန်ရီနေပြီး ထိုသို့ စကားပြောဖို့ရန်ပင် မနည်းရဲဆေးတင်ထားရပုံပေါ်သည်။ သို့သော် သူက မထူးဇာတ်ခင်းနေ၏။
ဖန်ရှုံ့ဖုန်းက သူ့ကို အေးတိအေးစက်ကြည့်ပြီး လက်ချောင်းကို ဝှေ့ယမ်းတော့မည့်အချိန် ရုတ်တရက် အေးစက်စက်အသံက လေကိုခွင်း၍ ရင်ပြင်တစ်လျှောက် ဟိန်းထွက်သွားသည်။
"မင်းက ငါ့အဖေကို စိန်ခေါ်ဖို့ အရည်အချင်း ပြည့်မှီတယ် ထင်နေတာလား"