အဖေ့အတွက် တိုက်ခိုက်ပေးခြင်း
Vol. 86 Ch. 1191
အသံ ရင်ပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူအားလုံး ရင်တုန်လာသည်ကို ခံစားလိုက်ကြရသည်။ ဖန်မျိုးနွယ်ကျင့်ကြံသူများကတော့ ဝမ်းသာအားရ ခေါင်းမော့လာကြသည်။ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီပင်လျှင် ထိုနည်းတူ အားတက်သွား၏။
ဖန်ရှုံ့ဖုန်းက အလွန်စိတ်လှုပ်ရှားနေသောဟန်ပန်ဖြင့် ထရပ်ပြီး လှည့်ကြည့်လိုက်ရာ သူတို့ဆီ လျှောက်လာနေသော အပြာရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက်ကို မြင်လိုက်သည်။
ထိုလူငယ်ကား.... မန်ဟိုမှတစ်ပါးအခြားမဟုတ်ပေ။
မန်ဟို့မျက်နှာသည် ယခုလေးတင် အိပ်ရာထဲ လဲနေရာမှ ထလာခဲ့သည့်အလား အတန်ငယ်ဖြူဆုပ်နေ၏။ သူ့မှာ ပုံမှန်ထက် များစွာအားနည်းနေပုံပေါ်ပြီး စာပေသမားဆန်ဆန်လျှောက်လာကာ ဖန်ရှုံ့ဖုန်းကို လက်ယှက်အရိုအသေပေးလိုက်သည်။
“သား နိုးလာပြီလား” ဖန်ရှုံ့ဖုန်းက ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ပြောလိုက်သည်။ “ဒီမှာ ဘာလာလုပ်တာတုန်း။ အနားယူနေရမှာလေ”
“ကျွန်တော် အိပ်သင့်သလောက် အိပ်ပြီးပါပြီ” မန်ဟိုက ပြုံးရင်း ပြောသည်။ “အနားယူသင့်သလောက်လည်း အနားယူပြီးပြီ။ အဲဒါကြောင့် အခု သွေးပူလေ့ကျင့်ခန်းနည်းနည်းပါးပါး လုပ်မလို့” ဤတစ်ခေါက် သူ့ဒဏ်ရာများသည် သူ့အား တစ်လကျော် မျောနေစေခဲ့သည်အထိ ပြင်းထန်ခဲ့၏။ သူက နိုးလာလျှင်ချင်း နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည့်အခါ ဖြစ်ပျက်နေသောအရာကို မြင်ခဲ့၍ ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
အင်မော်တယ်နယ်ပယ်ကျင့်ကြံသူမှာ မန်ဟို့ကို မြင်သည်နှင့် မျက်နှာပျက်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ “မန်ဟို .... မင်းက မန်ဟိုပဲ။ ငါ စိန်ခေါ်နေတာက မင်းအဖေ၊ မင်းမဟုတ်ဘူး။ မင်းအနေနဲ့ ဝင်ပါခွင့်မရှိဘူး”
ဤစကားကို ကြားသော် မန်ဟိုက ချာခနဲ လှည့်လာပြီး ကျင့်ကြံသူကို အေးတိအေးစက် ကြည့်လိုက်သည်။
“ငါ ဘယ်သူလဲ မင်း သိတာတောင် ငါ့ကို အဲဒီလိုပြောရဲသေးတယ်လား” သူက သွေးအေးအေး ပြောသည်။ “မင်းကြည့်ရတာ သေချင်နေတဲ့ပုံပေါ်ပေမယ့် ငါ မင်းကို အရှင်ထားပေးချင်ရင် ထားပေးလို့ရတယ်
“ငါ့မှာ ဝင်ပါခွင့် မရှိဘူးလို့ မင်း ထင်တယ်ပေါ့။ ဒါက ဖန်မျိုးနွယ်စု ၊ ငါက ဝင်ပါခွင့် ရှိတယ်လို့ ပြောရင် ငါ့မှာ ဝင်ပါခွင့် ရှိတယ်” သူ၏သွေးအေးအေးအသံက ဩဇာအပြည့်ဖြင့် ပဲ့တင်ထပ်လာသည်။
သူက စကားပြောပြီးသည်နှင့် ရှေ့တစ်လှမ်းတက်လိုက်ရာ ကျင့်ကြံသူ၏အရှေ့တည့်တည့်သို့ ရောက်သွားသည်။ ထိုလူမှာ မျက်နှာပျက်သွားပြီး ထွက်ပြေးတော့မည့်အချိန် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ ၎င်းက မိုးခြိမ်းသံသဖွယ် ဟိန်းထွက်လာရင်း ကျင့်ကြံသူ၏စိတ်ကို ပျက်ပြားစေကာ သွေးပျက်စွာအော်သံကြီး ထွက်လာစေ၏။ ထို့နောက် ကျင့်ကြံသူ၏အသားစများ ဖောင်းခနဲ ပြန့်ကြဲသွားတော့သည်။
၎င်းက ဖြတ်လတ်ပိရိသောသတ်ဖြတ်မှု ဖြစ်သည်။ မန်ဟိုက သွေးများ၊ အသားများ မိုးပေါက်များသဖွယ် နေရာအနှံ့သို့ လွင့်စင်သွားသည်ကို ဂရုမစိုက်ပေ။ သူ၏အခြေအနေများကို ကိုင်တွယ်ပုံက သူ့အဖေနှင့် ခြားနားကြောင်း ထင်ရှားသည်။ သူ့အဖေသည် မျိုးနွယ်စုခေါင်းဆောင်ဖြစ်၍ ထောက်ထားစရာများစွာ ရှိ၏။ မန်ဟိုက မျိုးနွယ်စုခေါင်းဆောင်မဟုတ်သည့်အပြင် သူ့ပန်းတိုင်က ခြောက်လှန့်ဖို့ပင်။
“ကဲ နောက်ဘယ်ကောင်လဲ” သူက သူ့အင်္ကျီလက်စမှ သွေးစများကို ခါရင်း အေးတိအေးစက် မေးလိုက်သည်။
သူ့မေးခွန်းသည် တိတ်ဆိတ်မှုနှင့် တွေ့ဆုံသွား၏။ မျက်လုံးအားလုံးက သူ့ထံမှ မခွာကြပေ။ ပွဲတက်ရောက်သူများစွာမှာ မှန်သားပြင်ထက်ရှိ မန်ဟို့ပုံရိပ်များသာ မြင်ခဲ့ဖူး၍ သူ့ကို လူကိုယ်တိုင် ပထမဆုံးအကြိမ်တွေ့ရခြင်းဖြစ်လေသည်။ ယခု သူတို့အားလုံး သူ့ကို ကိုယ်တိုင်မြင်ရသောအခါ သူ၏ပုံပန်းသွင်ပြင်သည် သူတို့၏မှတ်ဉာဏ်ထဲ၌ ထာဝရခတ်နှိပ်ခံလိုက်ရတော့၏။
စကားပြောလိုက်သော သူ၏ပုံစံ၊ သူ၏အပြုအမူတို့မှ သူ မည်မျှလွှမ်းမိုးတင်စီးသလဲ မြင်နိုင်သည်။ ဤလူသည် ... စည်းမျဉ်းဥပဒေများသာမက ကောင်းကင်ဘုံများကိုပင် အာခံဖီဆန်ရဲသူဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးများစွာ ပြူးကျယ်ကုန်ကြတော့သည်။
ဖန်ရှုံ့ဖုန်းက မဆိုစလောက် ပြုံးနေသော်လည်း ဘာမှမပြောပေ။ ဘေးရှိ ဖန်ရှုတောက်၏မျက်ဝန်းများတွင်လည်း အပြုံးရိပ်တို့ ထင်ဟပ်လာပြီးနောက် သူက ဖန်ယန်ရှီကို လှမ်းကြည့်လိုက်သည်။ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်၏။
လက်ရှိအခြေအနေကို ဖြေရှင်းရန် တခြားနည်းလမ်းများစွာ ရှိကြောင်း မန်ဟို သိသည်။ သို့သော် တကယ်တမ်း ထိုနည်းလမ်းတစ်ခုမှ မသင့်တော်ပေ။ မျိုးနွယ်စုထဲရှိ သူတို့၏အဆင့်အတန်းများနှင့် အချိန်အခါကို ထည့်တွက်လျှင် ပုံမှန်အားဖြင့် သိုသိုသပ်သပ် ဖြေရှင်းမည့်ကိစ္စများအား ထိုသို့လုပ်မရတော့ပေ။
မန်ဟိုက တင်စီးလွှမ်းမိုးသောအသွင်ဖြင့် ပေါ်လာခဲ့ပြီး လူတစ်ယောက်ကို ချက်ချင်း သတ်ဖြတ်ခဲ့သည်။ ထိုမျှသာမက အတိတ်တုန်းက မန်ဟိုနှင့် ရင်ဆိုင်ခဲ့ဖူးသောလူတိုင်းသည် သူ့စကားလုံးများက မည်မျှထက်ပြီး ပက်စက်သလဲ ပြောနိုင်၏။ စကားစစ်ထိုးရာ၌ သူ့ကို ကြောနိုင်သူ မရှိသည်မဟုတ်ပါလော။
မန်ဟိုက တခဏစောင့်နေပြီးနောက် ဘယ်သူမှ မပေါ်လာကြောင်း တွေ့လျှင် အေးအေးဆေးဆေး ပြောလိုက်သည်။ "ဘယ်သူမှမရှိတော့ဘူးလား”
“မင်းတော့ သေချင်နေတာပဲ ကောင်လေး” ရုတ်တရက် လေပြင်းတစ်ချက်တိုက်ခတ်လာပြီး သက်လတ်ပိုင်းလူတစ်ယောက်သည် မန်ဟို့ဆီ ပြေးတက်လာ၏။ သူက အင်မော်တယ်နယ်ပယ်မဟုတ်ဘဲ ရှေးဟောင်းနယ်ပယ်ဖြစ်သည်။
“ကျုပ်က သေချင်နေတာမဟုတ်ဘူး။ သေခြင်းကို လိုက်ရှာနေတာ။ ဘယ်သူ့သေခြင်းလဲ သိလား။ ခင်ဗျားရဲ့ သေခြင်းပဲ” မန်ဟိုသည် မလှုပ်မယှက်ရပ်၍ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူ၏နတ်ဘုရားစွမ်းရည်အား သူ့ကို ဝင်တိုက်ခွင့်ပေးလိုက်သည်။ လေပြင်းက သူ့အား လေညင်းလေးသဖွယ် ဖြတ်သွားလေသည်။ သက်လတ်ပိုင်းလူမှာ မှင်သက်သွား၏။ တစ်ချိန်တည်းမှာပင် မန်ဟို့လက်က သူ့ငယ်ထိပ်ကို လှစ်ခနဲ ဆုပ်ကိုင်လိုက်သည်။
“ဝိညာဉ်ဖွေရှာ” မန်ဟိုသည် သူ၏လက်ချောင်းများမှတစ်ဆင့် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ ထိုလူအား တုန်ရီလာစေပြီး စူးစူးဝါးဝါး အော်လိုက်ရစေ၏။ သူ့မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမသွားခင် အသက်ရှူချိန်အနည်းငယ်မျှသာ ခံလိုက်သည်။
မန်ဟိုက ခေတ္တမျှ တွေးတွေးဆဆ ပျံဝဲနေပြီးနောက် ရုတ်တရက် ဖျတ်ခနဲ ပျောက်သွားကာ လူအုပ်ကြီးအထဲက အဘိုးအိုတစ်ယောက်ထိုင်နေသော စားပွဲတစ်ဝိုင်း၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။ အဘိုးအို၏မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ ထရပ်တော့မည့်အချိန် မန်ဟိုက နတ်ဘုရားသုတ်သင်ခြင်းလက်သီးအား ပစ်သွင်းလိုက်သည်။ အဘိုးအိုသာမက စားပွဲပင် ချက်ချင်း ပြာကျသွား၏။
မန်ဟိုက ဖျတ်ခနဲ ပျောက်သွားပြန်ပြီး မတူညီသောအရပ်မျက်နှာတွင် …. အမျိုးသမီးတစ်ဦး၏အရှေ့၌ ပေါ်လာသည်။ သူမက ကျောက်စိမ်းပြားတစ်ပြားကို ကိုင်ရင်း ချိုးရန် ပြင်နေသည်။ မန်ဟိုက သူမလက်ကို လှမ်းဆွဲလိုက်၏။
“ကျုပ် ကူညီပေးပါရစေ” သူက လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ပြောလိုက်သည်။ ကျောက်စိမ်းပြားရော၊ လက်မောင်းတစ်ဖက်လုံးပါ ချက်ချင်း ကြေမွသွား၏။ ထို့နောက် သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အမျိုးသမီးပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သူမမျက်ဝန်းများ မယုံနိုင်စွာ ပြူးကျယ်သွားစဉ်မှာပင် သူမကား တစစီ စုတ်ဖြဲခံလိုက်ရတော့၏။
မျက်စိတစ်မှိတ်အတွင်း မန်ဟိုက လူအုပ်ကြီးထဲရှိ နေရာ ၁၇ နေရာသို့ ဖျတ်ခနဲ ဖျတ်ခနဲ ရောက်သွားသည်။ အကြိမ်တိုင်း သူသည် မတူညီသော ကျင့်ကြံသူတစ်ယောက်၏အရှေ့တွင် ပြန်ပေါ်လာကာ ချက်ချင်း သတ်ပစ်တတ်သည်။
အသက်ရှိုက်စာအနည်းငယ်ကြာသော် မန်ဟိုက ဗဟိုရင်ပြင်ရှိ သူ၏မူလနေရာသို့ ပြန်ရောက်လာခဲ့သည်။ လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲဖြစ်နေပြီး သူ့ကို ဒေါသတကြီး ဆဲဆိုနေသော ကျင့်ကြံသူတချို့ပင် ရှိ၏။
ဆူညံပွက်လောရိုက်မှုမှာ ပို၍ပြင်းထန်လာသည်။ မန်ဟို့အပြုအမူများက ပြဿနာကို လက်ယပ်ခေါ်နေသည်နှင့် တူနေလေသည်။
သို့သော် မန်ဟိုက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဖန်မျိုးနွယ်ကျင့်ကြံသူတို့၊ အိမ်ရှေ့မင်းသားအမိန့်ကို နာခံကြစေ။ အဲဒီလူ၊ ဟိုလူ၊ ဒီလူတွေကို ခေါ်ပြီး ...” မန်ဟိုက လူတစ်ရာကျော်အား လျင်လျင်မြန်မြန် လက်ညှိုးထိုးပြသည်။ သူ သူတို့ကို လက်ညှိုးထိုးလိုက်သည်နှင့် သူတို့၏ခန္ဓာကိုယ်များအပေါ်တွင် တောက်ပနေသောအမှတ်များ ပေါ်လာကြ၏။
သူတို့အားလုံး အလွန်အမင်း တုန်လှုပ်သွားကြတော့သည်။
“.... သတ်ပစ်လိုက်ကြ” ဖန်မျိုးနွယ်ကျင့်ကြံသူများက မန်ဟို လက်ညှိုးထိုးပြခဲ့သောလူများဆီ မဆိုင်းမတွ ပျံသန်းသွားကြသည်။
တုံ့ပြန်သည့်အနေဖြင့် ကျင့်ကြံသူတစ်ရာကျော်က ဟိန်းဟောက်၍ ဆေးလုံးများအား သူတို့ပါးစပ်ထဲ ပစ်ထည့်ကာ ကျင့်ကြံအဆင့်ကို မြှင့်တင်လိုက်ကြသည်။ သို့သော် ထိုအခြေအနေနှင့်ပင် သူတို့မှာ ဖန်မျိုးနွယ်စုအတွက် ပြိုင်ဘက်မဟုတ်သေးပေ။ မကြာမီ ကယောင်ချောက်ချားအော်သံများ ဆူညံလာပြီး တစ်အုပ်လုံး အသတ်ခံလိုက်ရတော့သည်။
သုဿန်တစပြင်ပမာ တိတ်ဆိတ်ငြိမ်ကျသွား၏။ စောစောက ဒေါသတကြီးဆဲနေသူတိုင်း ဆွံ့အကုန်ကြသည်။ မျိုးနွယ်စုကြီးများနှင့် ဂိုဏ်းကြီးများမှ လူများသည် စောစောက ဣန္ဒြေရခဲ့ကြသော်လည်း ယခုမူ မန်ဟို့ကို ကြည့်ရင်း သိသိသာသာ တုန်လှုပ်ကုန်ကြသည်။
“ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့ ၊ ဒီနေ့က ကျုပ်အဖေအတွက် မင်္ဂလာရှိတဲ့ အခမ်းအနားဖြစ်တယ်” မန်ဟိုက ဆက်ပြောသည်။ “ခင်ဗျားတို့ ရန်ငြိုးတွေ၊ အကြွေးတွေ ခြေချင်ရင် ခြေကြပါ။ ဒါပေမဲ့ ခင်ဗျားတို့ အစဉ်အလာကို သွေဖယ်နေရင်တော့ ... ကျုပ်လည်း အစဉ်အလာကို သွေဖယ်မယ်” သူ့မျက်နှာသည် အတန်ငယ်ဖျော့တော့နေသော်လည်း သူ့စကားလုံးများက အေးစက်ပြီး စူးရှသည်။ ယခုတွင် လူအတော်များများသည် သူ့အား ပို၍ နားလည်သွားကြလေပြီ။
“ဘယ်လောက်အထင်ကြီးစရာကောင်းလိုက်သလဲ မန်ဟို” အသံတစ်သံက ပြောသည်။ ၎င်းသည် ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအငွေ့အသက်များကို ထုတ်လွှတ်လျက် လမ်းလျှောက်ထွက်လာသော အဘိုးအိုတစ်ဦး၏အသံဖြစ်၏။ ဤလူသည် မိုးတိမ်ဂုရုကြီးကဲ့သို့ တာအိုနယ်ပယ်သို့ အချိန်မရွေးတက်လှမ်းနိုင်သူလည်း ဖြစ်သည်။
“ငါ့မှာ မင်းအဖေနဲ့ ရန်ငြိုးရှိတယ်” အဘိုးအိုက ဖန်ရှုံ့ဖုန်းကို မုန်းတီးစက်ဆုပ်စွာ ကြည့်ရင်း ပြောသည်။ “ဒါပေမဲ့ မင်းက သူ့အတွက် ရပ်တည်ပေးနေမှတော့ မင်းနဲ့ ရှင်းရတော့မှာပေါ့”
ဖန်ရှုံ့ဖုန်းက အဘိုးအိုကို သွေးအေးအေး ပြန်ကြည့်သည်။ သူ ထိုလူ့ကို ချက်ချင်း မှတ်မိလိုက်သည့်တိုင် စောစောက သူ၏တည်ရှိမှုကို အာရုံမရခဲ့ပေ။ ကြည့်ရသရွေ့ ထိုလူသည် တာအိုနယ်ပယ်အဆင့်ကျင့်ကြံသူများ သူ့ကို မမြင်ရအောင် မှော်အတတ်တစ်ခုခု သို့မဟုတ် မှော်ပစ္စည်းတစ်ခုခု သုံးခဲ့ပုံရသည်။
စကားလုံးများ ပါးစပ်မှ ထွက်သွားသည်နှင့် အဘိုးအို၏ခန္ဓာကိုယ်သည် ဖျတ်ခနဲ လေကို ခွင်းလာပြီး ရှစ်ထောင့်သင်္ကေတတစ်ခု သူ့ပတ်ပတ်လည်တွင် ပေါ်လာ၏။ ၎င်းက မန်ဟို့ဆီသို့ မိုးကြိုးများ ပစ်လွှတ်ရင်း လည်လာသည်။ တစ်ချိန်တည်းမှာပင် အဘိုးအိုက ဖမ်းဆုပ်သည့်လက်ဟန်လုပ်ကာ မဟာဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် လက်ချောင်းနှစ်ချောင်းမုဒြာကွက် ဖော်ပြီးနောက် ဟိန်းဟောက်လိုက်ရာ အဆုံးမဲ့ရောင်စဉ်များအား ဓားထံမှ ဖြာထွက်လာစေသည်။ သူ့ကျင့်ကြံခြင်းအခြေခံသည် အသက်ဝင်လှုပ်ရှားလာပြီး သူ့မီးအိမ်များ ပေါ်လာပြီးနောက် ရှစ်ထောင့်သင်္ကေတနှင့် တစ်သားတည်းပေါင်းစည်းကာ ၎င်းကို အင်မော်တယ်မီးလျှံဖြင့် လောင်ကျွမ်းစေလိုက်၏။
မန်ဟို့အမူအရာက တစ်ချက်ပြောင်းလဲမသွားပေ။ အဘိုးအို ပြေးတက်လာနေစဉ် သူက ရှေ့တက်လိုက်သည်။ တစ်ဆက်တည်းမှာပင် သူ့စွမ်းအားသည် တဟုန်းဟုန်း တောက်လာပြီး သူက သူ၏ညာလက်ဖြင့် လှမ်းဖမ်းသည့်ဟန်လုပ်လိုက်သည်။
၎င်းကား ကြယ်ခူးသိုင်းမှတစ်ပါး အခြားမဟုတ်ပေ။
ပုံရိပ်ယောင်လက်ကြီးတစ်ဖက်က ဝုန်းခနဲ ပေါ်လာသည်။ ၎င်းသည် ရှစ်ထောင့်သင်္ကေတကို ၀င်တိုက်၍ စိစိညက်ညက် ခြေပစ်လိုက်၏။ မဟာဓားကြီးလည်း ကြေမွသွားပြီး အဘိုးအို၏မျက်လုံးများမှာတော့ မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်သွားသည်။ သူက နောက်ဆုတ်ဖို့ ကြိုးစားခဲ့သော်လည်း နောက်ကျလွန်းသွားခဲ့လေပြီ။ ဧရာမလက်ကြီးက သူ့ကို ဆုပ်ကိုင်လိုက်၍ သူ့မှာ မချိတင်ကဲ အော်ဟစ်လိုက်သည်။ ယခုတော့ သူ့နှလုံးသားတွင် ဖော်ပြမတတ်နိုင်သော အံ့အားသင့်မှု၊ ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေခဲ့လေပြီ။
"မင်း...." သူ့မှာ မန်ဟို့အရှေ့သို့ ဆွဲခေါ်မခံလိုက်ရခင် စကားလေးတစ်လုံးကိုသာ ရေရွတ်ရန် အချိန်ရလိုက်သည်။
သူ့အတွက် ဒုတိယစကားလုံးကို ပြောရန် အချိန်မရှိလိုက်ပေ။ မန်ဟိုက သွေးအေးအေးဖြင့် အဘိုးအို၏ငယ်ထိပ်ကို ဆုပ်ကိုင်လိုက်သည်။ ဤအဘိုးအိုသည် မိုးတိမ်ဂုရုကြီးကဲ့သို့ ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်တွင် ဖြစ်လင့်ကစား မန်ဟိုက သူ့ကို ဝိညာဉ်ဖွေရှာဦးမည်သာ။
အဘိုးအိုက အကြောက်အကန် ရုန်းနေပြီး သူ့မျက်လုံးများမှာ သွေးကြောများဖြင့် နီရဲသွားသည်။ သူက တွန့်ဆုတ်မနေဘဲ သူ၏ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်၍ တာအိုနယ်ပယ်အရှိန်အဝါအား ပေါ်ထွက်လာစေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူကား တာအိုသို့၀င်ရောက်ခြင်းဖြင့် ဤသေရေးရှင်ရေးအခြေအနေမှ ရုန်းထွက်ဖို့ ကြိုးစားနေလေသည်။
နတ်မီးတောက်အနှစ်သာရကို မစုပ်ယူရသေးလျှင် မန်ဟို့အနေဖြင့် ဤအခြေအနေတွင် ဘာမှတတ်နိုင်မည်မဟုတ်ပေ။ သို့သော် သူကား တချို့ကဏ္ဍများတွင် တာအိုနယ်ပယ်အဖြစ် သတ်မှတ်နိုင်နေပြီဖြစ်၏။ အရေးကြီးဆုံးကတော့ သူသည် ယခုတွင် လောကပါလတာအိုအင်မော်တယ်စစ်စစ် ဖြစ်နေလေပြီ။
သူ့ညာလက်တွင် မိုးပြာရောင်အလင်းတို့ ကွန့်မြူးလာပြီး သူက သူ၏ တန်ခိုးဖြင့် တာအိုအရှိန်အဝါကို ဖြိုခွင်း၍ တာအိုသို့၀င်ရောက်ခြင်းအား ကျရှုံးသွားစေသည်။
ထို့နောက် နတ်ဘုရားစိတ်ဆန္ဒက အဘိုးကြီး၏စိတ်ထဲ ဝင်ရောက်ကာ ဝိညာဉ်ဖွေရှာတော့သည်။
အဘိုးကြီးမှာ တဆတ်ဆတ် တုန်ရီနေလျက် စူးစူးဝါးဝါး အော်သည်။ "အရှင် ကယ်ပါဦး"
မန်ဟို့နှုတ်ခမ်းက မထီမဲ့မြင် ကွေးညွှတ်သွားသည်။ အဘိုးကြီး၏အသံ ထွက်သွားစဉ် သူ့အနောက်ရှိ လေထုထဲတွင် လှိုင်းဂယက်များ ဖြာထွက်လာပြီး ပိန်လှီခြောက်ကပ်နေသော လက်ကြီးတစ်ဖက် ဘွားခနဲ ပေါ်လာသည်။ ထိုလက်ကြီးကား ယခုလေးတင် သင်္ချိုင်းကုန်းမှ ထွက်လာခဲ့သည့်အလား သေခြင်းအခိုးအငွေ့တို့ လှိုင်လှိုင်ထနေသည်။ အံ့အားသင့်ဖွယ်အကောင်းဆုံးမှာတော့ ၎င်းက တာအိုအရှိန်အဝါကို ထုတ်လွှတ်နေခြင်းပင်ဖြစ်သည်။
ထိုအရှိန်အဝါက အလွန်တရာမှ အားကောင်းလွန်းသဖြင့် သာမန်တာအိုနယ်ပယ်ကျင့်ကြံသူများပင်လျှင် ၎င်းကို တောင့်မခံနိုင်ပေ။
မိုးနှင့်မြေကြီးမှာ တုန်ရီလာပြီး လေပြင်းများ တဝေါဝေါ တိုက်ခတ်လာသည်။ ပတ်၀န်းကျင်ရှိ ကျင့်ကြံသူအားလုံး လုံးလုံးလျားလျား အံ့အားသင့်ကုန်ကြ၏။ ဤသည်ကား တာအိုနယ်ပယ်ကျင့်ကြံသူများ မဝင်ရောက်နိုင်သည့်နေရာ တောင်ကောင်းကင်ဂြိုဟ်ဖြစ်သည်။ သို့ထိတိုင် ထိုလက်ကြီးက တာအိုနယ်ပယ်အရှိန်အဝါကို ထင်ထင်ရှားရှား ထုတ်လွှတ်နေသည်။ ထို့အတွက် ... အဖြေတစ်ခုသာ ရှိသည်။
၎င်းက .... တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူတစ်ယောက်၏လက် ဖြစ်လိမ့်မည်။
ကြောက်မက်ဖွယ် တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူတစ်ယောက်သည် သေခါနီးနေသည့်တိုင် သာမန်တာအိုနယ်ပယ်ပညာရှင်များကို ချေမှုန်းနိုင်သည်အထိ အင်အားကြီးမား၏။
ဤရုတ်တရက်အခြေအနေက ဖန်ရှုံ့ဖုန်း၊ ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့ကို မျက်လုံးများ ကျဉ်းမြောင်းလျက် ရှေ့တက်လာစေသည်။ သို့သော် သူတို့မျက်နှာအပေါ်၌ ပျာယာခတ်နေသောအရိပ်အယောင် တစ်စုံတစ်ရာမရှိပေ။
"ဟိုအာ ပြန်လာခဲ့" ဖန်ရှုတောက်က အလောတကြီး အော်သည်။ သူသည် မန်ဟို့ကို အန္တရာယ်ကင်းရာသို့ ပြန်ဆွဲခေါ်ရန် လှမ်းလိုက်၏။
"ဒီလူ့ကြည့်ရတာ သိပ်တွေးတတ်တဲ့ပုံမပေါ်ဘူးလို့ အခုလေးတင် တွေးနေတာ" မန်ဟိုက အေးစက်စက် ပြောသည်။ "ဖြစ်ချင်တော့ .... သူ့နောက်ကွယ်မှာ တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူတစ်ယောက် ရှိနေတာကိုး" သူက လက်ဘက် လှည့်၍ ပြောလိုက်သည်။ "တောင်ကောင်းကင်မရဏ၀င်္ကပါ အသက်၀င်စမ်း"