← Chapters

ပဟေဠိဆန်သော တစ်ဝက်တစ်ပျက်တာအိုပညာရှင်

Vol. 86 Ch. 1192

ပဟေဠိဆန်သော တစ်ဝက်တစ်ပျက်တာအိုပညာရှင်

Vol. 86 Ch. 1192

မန်ဟို ပိန်လှီခြောက်ကပ်နေသော လက်ကြီးဘက် လှည့်၍ မျက်နှာမူလိုက်သောအချိန်တွင် ၎င်းကား အဆုံးမဲ့ရှေးအရှိန်အဝါနှင့်အတူ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည့်၀နေလျက် သူ့နဖူးမှ ခုနစ်လက်မကျော်ကျော်သာ ကွာတော့လေသည်။

မိုးမှောင်ကျလာပြီး မြေပြင်များတွင် အရိပ်များကျလာကာ လေတွေငြိမ်သက်ကုန်သည်။ ထိုလက်ကြီးမှတစ်ဆင့် တစ်လောကလုံး၏အလင်းနှင့်အရောင်ကို စုပ်ယူလိုက်သကဲ့သို့ ၎င်း၏သေခြင်းအခိုးအငွေ့များ တထောင်းထောင်းထလာသည်။

အတွင်းသွေးကြောများကို ဖြတ်၍ သွေးများ စီး‌ဆင်းရန် ခက်ခဲနေသည့်အလား ပိန်လှီခြောက်ကပ်နေသောလက်ကြီး၏ အရေပြားပေါ်တွင် အဖုအပိန့်များ၊ ဒဏ်ရာဒဏ်ချက်များ ရှိနေသည်။ ဆွေးမြည့်မြည့်အပုပ်နံ့ကလည်း ၎င်းထံမှ ဖြာထွက်လာကာ ပတ်၀န်းကျင်တွင် ညှီဟောက်လာ၏။

ထိုလက်ကြီး၏ပတ်ဝန်းကျင်ဧရိယာမှာ အခြားကမ္ဘာနှင့်တူလာပြီး ၎င်းက အဆိုပါဧရိယာထဲတွင် ပြိုင်ဘက်ကင်းအင်မော်တယ်နတ်မင်းကြီးတစ်ပါး ဖြစ်နေသယောင်ပင်။ လက်ကြီးထံမှ လက်ကလေးတစ်ချောင်း ဝှေ့ယမ်းလိုက်ရုံနှင့် အသက်အားလုံးနှုတ်ယူခံရတော့မည့်အလား ထင်ရ၏။

၎င်းလက်ကြီးက အလွန်လျင်မြန်စွာ ပေါ်လာခဲ့သဖြင့် မည်သူမှ တုံ့ပြန်ရန် အချိန်မရခဲ့ပေ။ သို့သော် ဤသည်မှာ မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ပွဲ အခမ်းအနားဖြစ်သည်။ ဖန်ရှုံ့ဖုန်တို့အသာထား သာမန်ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့အရေးပေါ်အခြေအနေများအတွက် မည်ကဲ့သို့ မပြင်ဆင်ထားဘဲ နေမည်နည်း။

တောင်ကောင်းကင်ဂြိုဟ်၏ မန္တန်၀င်္ကပါကြောင့် ဤနေရာသို့ လာရောက်သော တာအိုနယ်ပယ်ပညာရှင်များပင်လျှင် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို ရှေးဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်အထိ နှိမ့်ချထားရသည်မဟုတ်ပါလော။ သို့သော် တစ်၀က်တစ်ပျက်တာအိုကျင့်ကြံသူများက ..... ရှေးဟောင်းနယ်ပယ်နှင့် တာအိုနယ်ပယ်အကြား သက်တမ်းကန့်သတ်ခံထားရသော နယ်ပယ်တွင် တည်ရှိ၍ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို နှိမ့်ချထားရန် မလိုအပ်ပေ။ တောင်ကောင်းပင်ဂြိုဟ်၏ မန္တန်၀င်္ကပါကလည်း ထိုကဲ့သို့လူများကို ဘာမှလုပ်မည်မဟုတ်။

ဥပမာအားဖြင့် ဖန်ရှုံ့ဖုန်း တာအိုသို့၀င်ရောက်ခြင်းကျရှုံးခဲ့လျှင် တောင်ကောင်းကင်မရဏ၀င်္ကပါက သူ့ကို အသိအမှတ်မပြုလျှင်တောင်မှ ဖျက်စီးခြင်းပိုက်ကွန်ကား ပေါ်လာခဲ့မည်မဟုတ်ပေ။

ဖန်ရှုတောက်၊ ဖန်ယန်ရှီနှင့် ဖန်ရှုံ့ဖုန်းတို့အားလုံး မန်ဟို့ကို ပြန်ဆွဲခေါ်ရန် ပျံသန်းလာကြသည်။ သို့သော် မန်ဟိုက မတူညီသော ဆုံးဖြတ်ချက်ကို ချခဲ့ပြီးသားဖြစ်၏။ သူက လာနေသောလက်ကြီးကို ‌ အေးစက်စက်ကြည့်ပြီးနောက် ‘တောင်ကောင်းကင်မရဏ၀င်္ကပါ’ ဆိုသော စကားလုံးများကို ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် မြေပြင်များတစ်လျှောက် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး ပဲ့တင်ရိုက်ခတ်သွား၏။

အရှိန်အဝါတစ်ခုသည် မြေကြီး၊ လေ၊ ‌တောင်တန်း၊ ပင်လယ်၊ မြစ်ချောင်း၊ အပင်များနှင့် တောင်ကောင်းကင်ဂြိုဟ်ကိုယ်တိုင်မှ ပျံ့လွင့်တက်လာသည်။ အရှိန်အဝါက နေရာအနှံ့မှ လှိုင်လှိုင်ထလျက် ထွက်လာ၏။ ၎င်းက အသတ်အဖြတ်စိတ်ဆန္ဒ၏ အရင်းအမြစ်နှင့် တူသည်။

အသတ်အဖြတ်စိတ်ဆန္ဒတို့သည် စုဝေးလာသည်နှင့်အမျှ တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံရင်း ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီး ဖြစ်လာ၏။

၎င်းကား‌ .... တောင်ကောင်းကင်မရဏ၀င်္ကပါမှတစ်ပါး အခြားမဟုတ်ပေ။

ပိုက်ကွန်ကြီးသည် ဖြည်းဖြည်းချင်း ပေါ်လာသယောင်ထင်ရသော်လည်း တကယ်တော့ မန်ဟို ထိုစကားလုံးလေးလုံးကို ပြောလိုက်သည့်အခိုက်အတန့်မှာပင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ သူကား ၀င်္ကပါကို ထိန်းချုပ်နိုင်နေပုံပေါ်၏။

ထိုဖြစ်ရပ်က ဖန်ရှုတောက်နှင့် ဖန်ယန်ရှီကိုပင်လျှင် အံ့အားသင့်၍ မယုံနိုင်ဖြစ်သွားစေသည်။ ဖန်ရှုံ့ဖုန်း၏မျက်လုံးများလည်း ဝိုင်းစက်ပြူးကျယ်သွားသလို ဖန်မျိုးနွယ်၀င်အားလုံးလည်း ထိုနည်းတူပင်။ အခမ်းအနားတက်ရောက်သော ‌န၀မတောင်ပင်လယ်၏ ဂိုဏ်းများနှင့် မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများလည်း စိတ်နှလုံးတုန်ရီပြီး ပင့်သက်ရှိုက်မိလိုက်ကြသည်။

"အဲ့ဒါက တော‌င်ကောင်းကင်မရဏ၀င်္ကပါမလား"

"ဘယ်လောက်ကြီးမားလိုက်တဲ့ အဖျက်အစီးစွမ်းအားလဲ ကြည့်စမ်း။ အဲ့ဒီ၀င်္ကပါက ဘယ်အရာကိုမဆို ဖယ်ရှားပစ်နိုင်တယ်။ ဒီတောင်ကောင်းကင်မရဏ၀င်္ကပါက အံ့ဩစရာပဲ။ ဒါပေမဲ့ ... ဘာကြောင့် မန်ဟိုက ဆင့်ခေါ်နိုင်နေရတုန်း"

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မန်ဟိုက တကယ်ပဲ တောင်ကောင်းကင်မရဏ၀င်္ကပါကို ထိန်းချုပ်နိုင်နေတာလား"

ယခုတွင် မျက်စိဖြင့် တပ်အပ်မြင်တွေ့နေရသော အံ့မခန်းလိလိဖြစ်ရပ်များကြောင့် သူတို့အားလုံး ချာချာလည်နေကြလေပြီ။ မန်ဟိုက တောင်ကောင်းကင်မရဏ၀င်္ကပါ၏ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ခြံရံလျက် လေလယ်တွင် ပျံဝဲနေသည်။ သို့သော် သူသည် ၎င်း၏အလယ်တည့်တည့်တွင် ရှိနေရာ တောင်ကောင်းကင်မရဏ၀င်္ကပါကို အမှန်တကယ် ထိန်းချုပ်နိုင်နေသည့်ပုံပေါ်နေ၏။

မရဏ၀င်္ကပါကို ထိန်းချုပ်နိုင်ခြင်းသည် တောင်ကောင်းကင်ဂြိုဟ်ကို ထိန်းချုပ်နိုင်ခြင်းဟု ဆိုလိုသည်။ ထိုအဓိပ္ပာယ်က တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် သူ့အား အနိုင်ယူ၍မရတော့ပေ။

ခပ်လှမ်းလှမ်းရှိ တန်နိုင်ငံ၏ အင်ပါယာနန်းတော်ထဲတွင် ဧကရာဇ်တန်သည် ပင်မခန်းမထဲတွင် ရပ်လျက် အ‌ဝေးကို ငေးကြည့်နေ၏။ သူ့မှာ အံ့ဩနေသော်လည်း တခဏကြာတွေးပြီးနောက် ခေါင်းခါရမ်းလိုက်သည်။ မန်ဟို မေ့မျောနေခဲ့သော အချိန်ကတည်းက သူသည် တောင်ကောင်းကင်မရဏ၀င်္ကပါ၏ အသိအမှတ်ပြုမှုကို မန်ဟို ရရှိသွားခဲ့ကြောင်း ခံစားခဲ့ရ၏။ ဖန်ရှုံ့ဖုန်းနှင့်ပတ်သက်၍မူ ဝင်္ကပါက သူ့ကို မသုတ်သင်တော့ခြင်းသာ ဖြစ်သည်။ မန်ဟိုနှင့်ပတ်သက်၍မူ သူ့အဖေအတွက် သူ့အသက်သူ စတေးခြင်းဖြင့် ၎င်း၏ အသိအမှတ်ပြုမှုကို အပြည့်အဝရရှိခဲ့၏။

မန်ဟို၏ သူ့အ‌ဖေကို ကယ်တင်နေသော အပြုအမူများက တောင်ကောင်းကင်မရဏ၀င်္ကပါအတွင်းရှိ လီမျိုးနွယ်ဘိုးဘေးများကို စိတ်နှလုံး တုန်လှုပ်သွားစေခဲ့သည့်အလားပင်။ သို့နှင့် မန္တန်၀င်္ကပါတစ်ခုလုံးသည် သူ၏အမိန့်ကို နာခံသော အတိုင်းအတာအထိ သူ့ကို အသိအမှတ်ပြုခဲ့၏။

ထိုအခိုက်အတန့်တွင် အခြားတစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့သည်။ အရှေ့ဘက်နယ်မြေများထဲရှိ အထီးကျန်တောင်တန်းထဲတွင် ရွှေတုန်းလျှိုသည် ကျောက်ကမ်းပါးဘေးက လမ်းတစ်လမ်းပေါ်တွင် လမ်းလျှောက်နေ၏။ သူက တုံ့ခနဲရပ်၍ ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

“ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့လူတွေ ....." သူက မျှော်လင့်ချက်များ‌ တောက်ပနေသော မျက်၀န်းများဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် ပြုံးရင်း ရှေ့ဆက်လျှောက်သွား၏။

ဖန်မျိုးနွယ်စု၏အခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ကျင့်ကြံသူအားလုံးမှာ ခေါင်းအထက်၌ ဖြစ်ပေါ်နေသောအရာများကြောင့် လုံးလုံးလျားလျား တုန်လှုပ်နေကြလေသည်။

ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီးက မန်ဟို့ကို လွှမ်းခြုံလျက်ရှိရာ သူ့အား မိုးနှင့်မြေကို ကိုယ်စားပြုနေသကဲ့သို့ အရောင်အဝါတို့ တောက်ပနေစေတော့သည်။

ပိန်လှီခြောက်ကပ်နေသော လက်ကြီးမှာလည်း အံ့အားသင့်သွားပြီး တုန်ရီစပြုလာသည်။ လက်ကြီးက ချက်ချင်းလက်ငင်း ပြန်ရုတ်လိုက်၏။ ၎င်းမှာ တောင်ကောင်းကင်ဂြိုဟ်မှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးချင်နေသည့်အလား၊ မန်ဟို့အနားသို့ မကပ်ရဲတော့သည့်အလား ‌အတန်ငယ်ပင် မှေးမှိန်သွားသည်။

"မင်း ဘယ်မှမသွားရဘူး" မန်ဟိုက အေးစက်စက်ပြောရင်း လက်ကိုဝှေ့ယမ်းလိုက်ရာ ဧရာမပုံရိပ်ယောင်ပိုက်ကွန်ကြီးသည် ချက်ချင်း တောက်ပ‌လာ၏။ အလင်းရောင်က အရာအားလုံးကို ချုပ်နှောင်ချိတ်ပိတ်လိုက်ရာ စူးစူးဝါးဝါးအော်သံကြီးတစ်သံ လေတွင် ဆူညံသွားသည်။ သိပ်မလှမ်းမကမ်းတွင် လေထုသည် လှိုင်းထသွားပြီး ပုံရိပ်တစ်ခုပေါ်လာသည်။

၎င်းက အနက်ရောင်၀တ်ရုံရှည်ကို ၀တ်ဆင်ထားသော အဘိုးအိုတစ်ဦးဖြစ်၏။ သူ့အား သေခြင်းအရှိန်အဝါက ခြံရံထားပြီး သူပေါ်လာလျှင်ချင်း ပိုက်ကွန်ကြီးက သူ့ထံ ပြေး၀င်သွားသည်။

ပိုက်ကွန်ကြီး သူ့အနား ရောက်လာသည်ကိုမြင်လျှင် အဘိုးအိုက ခေါင်းနောက်လှန်၍ အာခေါင်ခြစ်အော်လိုက်သည်။ သေခြင်းအရှိန်အဝါက ပိုမိုတထောင်းထောင်း ထလာသဖြင့် တဝုန်းဝုန်းမြည်သံများအား ကြားရနိုင်၏။ သူ့မှာ ပို၍ပင် အသက်ကြီးသွားပြီး သူ့ခြေထောက်များက ပြာကျစပြုလာသည်။

သူသည် ကြီးမားသောအဖိုးအခကို ပေးဆပ်ရင်း မိုးနှင့်မြေကို အရောင်အဝါတို့ ပြိုးပြိုးပျက်ပျက် လက်နိုင်စေသည်အထိ အားကောင်းနေပြီဖြစ်သော သူ၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ဤရွေ့ဤမျှသာဆိုလျှင် အရေးကြီးမည်မဟုတ်သော်လည်း သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အင်္ကျီလက်စထဲမှ ကြေးဒင်္ဂါးတစ်စေ့ထွက်လာသည်။

ကြေးဒင်္ဂါးသည် အဝါရောင်တောက်ပနေပြီး မျက်နှာပြင်တစ်ဖက်ပေါ်တွင် မှော်သင်္ကေတတစ်ခုရှိကာ အခြားတစ်ဖက်တွင် ရှစ်ထောင့်အစီအရင်(ပါးကွအစီအရင်)အား မြင်ရနိုင်သည်။ မန်ဟိုသည် ၎င်းကို မြင်သည်နှင့်တစ်ပြိုင်နက် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သူတစ်ယောက်တည်းသာမဟုတ်။ ဖန်ရှုံ့ဖုန်းလည်း ပင့်သက်ရှိုက်လိုက်ရပြီး ဖန်ရှုတောက်နှင့် ဖန်ယန်ရှီတို့လည်း အလားတူတုံ့ပြန်ကြသည်။

“တောင်သရဲမိုးကြိုးအမိန့်” ဖန်ရှုတောက်မှာ မယုံကြည်နိုင်စွာ ပြောလိုက်သည်။

မှန်သည်... ၎င်းကား တာအိုလျှောက်လှမ်းခြင်းသတ္တမပြစ်ဒဏ်မှ တောင်သရဲမိုးကြိုးအမိန့်ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းသည် ပြစ်ဒဏ်အတောအတွင်း ပေါ်လာမည့် အားတစ်ရပ်ဖြစ်သည့်တိုင် ယခုတော့ ဤနေရာတွင် ဘွားခနဲ ပေါ်လာခဲ့လေပြီ။ ဖန်မျိုးနွယ်စုသည် ၎င်းကို မှတ်မိလိုက်ပြီး ကျန်ဂိုဏ်းများနှင့်မျိုးနွယ်စုများမှ မှတ်မိကြသူများလည်း ရှိသည်။ ထိုလူများသည် အလွန်အမင်း အံ့အားသင့်နေသောအမူအရာများဖြင့် ငေါက်ခနဲ ထရပ်လိုက်ကြ၏။ သူတို့မျက်ဝန်းများထဲရှိ အံ့ဩမှုမှာ ချက်ချင်း လောဘအဖြစ် ပြောင်းလဲသွားသည်။

ဤပစ္စည်း အစစ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးမကြီးပေ။ ၎င်း၏ပေါ်ပေါက်လာမှုလေးကတင် လူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေခဲ့လေပြီ။

ယခုတွင် လူတိုင်း အဘိုးအို၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်းမြင်နေရသော်လည်း မည်သူမှ သူ့အား မသိကြပေ။ ဧည့်သည်ဂိုဏ်းများနှင့်မျိုးနွယ်စုများမှ ကျင့်ကြံသူများပင် သူ မည်သူမှန်း သိကြခြင်းမရှိ။

ဖန်ရှုံ့ဖုန်းက မျက်မှောင်ကြုတ်သွားသည်။ သူ့အတွက်လည်း ထိုလူက သူစိမ်းဖြစ်သည်။

ထိုအချက်က အမှန်တကယ် ထူးဆန်းပြီး မဖြစ်နိုင်ပေ။ နဝမတောင်ပင်လယ်တွင် ကျင့်ကြံသူတစ်ယောက်အနေဖြင့် စိတ်ဝိညာဉ်နယ်ပယ်မှ ရှေးဟောင်းနယ်ပယ်အထိတောက်လျှောက် လူမသိသူမသိ တက်သွားဖို့က မဖြစ်နိုင်သည်သာ။ သူ ပြစ်ဒဏ်ကျော်လွှားရာတွင် ကျရှုံး၍ တစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်လာလျှင်တောင်မှ .... ထိုကဲ့သို့သိုသိုသိပ်သပ်နေနိုင်သူသည် ရှားမှရှား၏။ သူနှင့် ဆုံ့တွေ့ဖူးသည်ကို ရှိကို ရှိမည်။

ထိုမျှသာမက ထိုသူနှင့် ဆုံတွေ့ဖူးသူများသည်လည်း နက်နဲသောကျင့်ကြံအဆင့်များဖြင့် ဖြစ်လိမ့်မည်။ သူ့အနေဖြင့် အမည်မဲ့မထင်မရှားပုဂ္ဂိုလ်တစ်ဦး မဖြစ်နိုင်ပေ။ ထို့အပြင် တစ်ဝက်တစ်ပျက်တာအိုပညာရှင်တစ်ယောက်သည် လျစ်လျူရှုထား၍ရသည့်သူ... ဂရုမစိုက်ဘဲထား၍ရသူ မဟုတ်ပေ။

သို့ထိတိုင် ဤအဘိုးအိုကား လူတိုင်းအတွက် သူစိမ်းဖြစ်နေသည်။ အမည်မသိတစ်ဝက်တစ်ပျက်တာအိုကျင့်ကြံသူတစ်ယောက် ရှိနေသည်ကပင် ထူးဆန်းသင့်သလောက် ထူးဆန်းနေပြီဖြစ်သော်လည်း ပို၍ပင်ထူးဆန်းသည်မှာတော့ သူ့တွင် တောင်သရဲမိုးကြိုးအမိန့်ရှိနေခြင်းပင်။ ထိုအခြင်းအရာက သူ့ကို ထူးဆန်းသွားစေသည်သာမက ပဟေဠိဆန်သွားစေသည်။

မျက်လုံးအားလုံး တောင်သရဲမိုးကြိုးအမိန့်ပေါ် ကျရောက်သွားသည့်အချိန်မှာပင် ဖန်ရှုံ့ဖုန်းက ရုတ်တရက် အေးစက်စက် နှာမှုတ်လိုက်သည်။ သူက မျက်ဝန်းများတင်းမာနေလျက် ခက်ထန်ထန်သောအသံဖြင့် စကားပြောလိုက်သည်။ “ဆိုတော့ သူတောင်းစားကြီးရှန့်ကွမ်းဖြစ်နေတာကိုး။ လွန်ခဲ့တဲ့နှစ်တွေက အင်မော်တယ်အပျက်အစီးများနယ်မှာ ငါတို့တိုက်ခိုက်ခဲ့တုန်းက မင်းရဲ့ကျင့်ကြံခြင်းအခြေခံကို ငါ ဖျက်စီးပစ်ခဲ့တယ်။ ငါ ဘယ်လိုထင်ထားခဲ့မလဲ မင်းက  ကျင့်ကြံခြင်းအခြေခံကိုကုစားနိုင်တဲ့ ကံကြမ္မာကောင်းကို တွေ့ခဲ့တဲ့အပြင် တာအိုလျှောက်လှမ်းခြင်းပြစ်ဒဏ်ကိုလည်း ရင်ဆိုင်ခဲ့လိမ့်မယ်လို့။ မင်း မအောင်မြင်ခဲ့တာ ဆိုးလွန်းတာပဲ။ အခုတော့ မင်းသက်တမ်းက အဆုံးသတ်ခါနီးပြီ.... ဟိုအာ၊ ဒီလူနဲ့အဖေ့မှာ ဘယ်တော့မှဖြန်ဖြေလို့မရခဲ့တဲ့ သွေးကြွေးရှိခဲ့တယ်။ သား အဖေ့အတွက် သတ်ပေးမလား”

သူ့အသံထွက်လာသည်နှင့် လူတိုင်း၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သို့သော် စိတ်ထဲတွင် ဆဲနေကြ၏။ သူတို့ပြောနိုင်သည်အရ ဖန်ရှုံ့ဖုန်းသည် တောင်သရဲမိုးကြိုးအမိန့်ကို မြင်ခဲ့ပြီး အခြားသူများ ၎င်းကို လုကြတော့မည်ကို ခန့်မှန်းမိ၍ ထိုသို့မဖြစ်အောင် လုပ်ကြံဇာတ်လမ်းထွင်ခဲ့ခြင်းဖြစ်မည်။

မှန်ပါသည်၊ မည်သူမှ ထိုသံသယများကို ဖွင့်ဟမပြောနိုင်ပေ။ အဘိုးအိုမှာ အမှန်တကယ်ပင် ဖန်ရှုံ့ဖုန်းကို ပစ်မှတ်ထားနေပုံပေါ်သည်မဟုတ်ပါလော။

အဘိုးအိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ကာ  လက်နှစ်ဖက်လုံးကို လေပေါ် မြှောက်လိုက်သည်။ တောင်သရဲမိုးကြိုးအမိန့်ဖြစ်သော ကြေးဒင်္ဂါးသည် ရုတ်တရက် ဧရာမပိုက်ကွန်ကြီးဆီသို့ ပျံတက်သွား၏။

အဘိုးအိုသည် ကျင့်ကြံခြင်းအခြေခံမှ သေခြင်းအခိုးလှိုင်းများကို ဖြန့်ကျက်၍ သူ့လမ်းရှိ အရာအားလုံးကို ဖယ်ရှားပေးနေစဉ် တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ပြေးတော့မည့်အလား ပိုက်ကွန်ဆီသို့ ဦးတည်သွားသည်။

သူ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်သွားနိုင်သရွေ့ တောင်ကောင်းကင်မရဏ၀င်္ကပါသည် သူ့ကို သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ သူ၏ သက်တမ်းမှာ ကန့်သတ်ခံထားရသော်လည်း သူ့တွင် အသက်ကို ဆွဲဆန့်နိုင်သည့် လျှို့ဝှက်အတတ်တစ်ချို့ရှိသေး၏။

"တောင်သရဲ"

"မိုးကြိုးလျှပ်စီး"

"သရဲသုတ်သင်"

"စိတ်ဝိညာဉ်ချိုးနှိမ်" ကြေးဒင်္ဂါး ပုံရိပ်‌ယောင်ပိုက်ကွန်ကြီးအား ၀င်တိုက်သွားသော အခိုက်အတန့်တွင် အဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူကား ယခုတွင် စွမ်းအားအထွတ်အထိပ်အား ထုတ်ထားလေပြီ။ ကြေးဒင်္ဂါးက အဝါရောင်တဖျပ်ဖျပ် လက်လာပြီး ရုတ်တရက် ကြောက်မက်ဖွယ်တောင်သရဲတစ်ကောင်၏ ပုံရိပ်ပေါ်လာသည်။ တောင်သရဲကြီးက ၎င်း၏လက်နှစ်ဖက်ကို ဧရာမပိုက်ကွန်ကြီးထံသို့ ဆန့်ထုတ်လိုက်၏။ ၎င်း ဟိန်းဟောက်၍ ပိုက်ကွန်ဆီ ပြေးဝင်သွားစဉ် မိုးကြိုးလျှပ်စီးများက ၎င်းပတ်ပတ်လည်တွင် တဂျိန်းဂျိန်း ထစ်ချုန်းနေသည်။

၎င်းတို့ တစ်ခုကို တစ်ခု ထိတွေ့လိုက်သော အခိုက်အတန့်တွင် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးက မိုးနှင့်မြေတွင် ပြည့်နှက်သွား၏။ မိုးကြိုးစွမ်းအားက မီတာ ၃၀၀၀၀ မိုးကြိုးနဂါးကြီးအသွင်‌ပြောင်းကာ ပိုက်ကွန်ကြီးတွင် ‌အပေါက်ဖောက်လိုက်သည်။

ထိုမြင်ကွင်းက မန်ဟိုနှင့် ဧကရာဇ်တန်၏ သူငယ်အိမ်များကိုပင် ကျဉ်းမြောင်းသွားစေသည်။ တောင်ကောင်းကင်မရဏ၀င်္ကပါက အားနည်း၍ မဟုတ်ဘဲ တောင်သရဲမိုးကြိုးအမိန့်က မကုန်ခမ်းနိုင်သောစွမ်းအားများဖြင့် ဒဏ္ဍာရီလာပစ္စည်းတစ်ခု ဖြစ်နေသည့်အတွက်ပင်။

အရေးကြီးဆုံးမှာတော့ မန်ဟိုသည် မန္တန်၀င်္ကပါကို ထိန်းချုပ်နိုင်သော်လည်း ဧကရာဇ်တန်ကဲ့သို့ ကျွမ်းကျင်မှုမရှိသည့်အတွက် စွမ်းအားအပြည့်အ၀ကို မထုတ်လွှတ်နိုင်ပေ။

အဘိုးကြီးက ပိုက်ကွန်ကို ထိုးခွင်းရန် ဟိန်းဟောက်ရင်း အလင်းတန်းအသွင်ပြောင်းလိုက်သည်။

မန်ဟိုသည် အေးစက်စက် နှာမှုတ်၍ ညာလက်ကို ထိုလူ့ဆီ မြှောက်ကာ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။

ချက်ချင်းပင် တောင်ကောင်းကင်မရဏ၀င်္ကပါက တောက်ပသောအလင်းရောင်တို့ကို ဖြန့်ကျက်လျက် ဧရာမလက်ကြီးသဏ္ဌာန်ဖြစ်လာကာ အဘိုးကြီးအား ကြောက်ခမန်းလိလိ အဖျက်အဆီးစွမ်းအားကြီးဖြင့် ဖိချလိုက်တော့သည်။ အဘိုးကြီး၏မျက်လုံးများမှာ မျှော်လင့်ချက်မဲ့သွားပြီး သူက ထပ်မံဟိန်းဟောက်ရင်း သူ၏ အသက်စွမ်းအားများကို လောင်ကျွမ်းစေလိုက်ရင်း လက်ကြီးအား တန်ပြန်တိုက်ခိုက်လိုက်သည်။

သို့သော် သူ့မှာ မီးပုံထဲ တိုးဝင်နေသည့် ပိုးဖလံနှင့်တူ၏။ မျက်စိတစ်မှိတ်အတွင်း လက်ကြီးက သူ့ကို ဆုပ်ကိုင်လိုက်ပြီး စိစိညက်ညက် ချေပစ်လိုက်လေပြီ။ သူ၏ခန္ဓာနှင့် စိတ်ဝိညာဉ် ဖျက်ဆီးခံလိုက်ရစဉ် သွေးပျက်စွာအော်သံကြီးသည် ပဲ့တင်ထပ် ကျန်ရစ်ခဲ့၏။ သို့သော် သူက မသေခင် မုန်းတီးစက်ဆုပ်စွာ အော်ဟစ်သွားခဲ့သည်။

"ဖန်မျိုးနွယ်စု .... မင်းတို့တွေ ... ဘယ် ... တော့မှ လောကပါလမျိုးနွယ်စု ဖြစ်လာမှာမဟုတ်ဘူး”

All Chapters