လူငယ်မျိုးဆက်၏ စံပြ
Vol. 14 Ch. 168
ကျောက်ရွှမ်ကျန်းသည် အံ့အားသင့်စွာဖြင့် အဖြူရောင် လူငယ်ကို စိုက်ကြည့်နေသည်။
“မင်းက တော်တော်ကြည့်ကောင်းပေမယ့် ဘာလို့ ဒီလောက် အသေးအဖွဲနဲ့ ဒေါသထွက်လွယ်နေရတာလဲ”
သူက မယုံကြည်စွာ မှတ်ချက်ချသည်။
“စကားတွေ အများကြီး မပြောနဲ့။ သူတော်စင် ဓားစက်ကွင်းတွေ ပေးဗျာ”
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ပြန်ပြောသည်။
“မင်း ငါ့ကို လုယက်နေတာပဲ"
“လက်ခံလိုက်ပါတော့ ဦးလေး ကျောက်”
လန့်ကော်က ရယ်မောရင်း ဖြတ်ပြောသည်။
“သူက သူတော်စင် ဓားစက်ကွင်းတွေကို လူတိုင်း လိုက်ပြနေမှာကွ”
ကျောက်ရွှမ်ကျန်းက မျက်နှာရှုံ့မဲ့သွားကာ ချန်ရီသည် ဤမျှ စဥ်းလဲသော မြေခွေးတစ်ကောင်ကို မည်သို့ရှာတွေ့ခဲ့ကြောင်း စဥ်းစားမရပေ။ ဤသို့ဖြင့် ယွမ်ရှောင်၏ အကျပ်ကိုင်မှုကြောင့် ကျောက်ရွှမ်ကျန်းသည် ကျန်ရှိသော သူတော်စင်နယ်ပယ် ဓားစက်ကွင်း သုံးခုကို တွန့်ဆုတ်စွာ ထုတ်ပေးခဲ့ရသည်။
“ဓားစက်ကွင်းနယ်ပယ်အရဆိုရင် မင်းက သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဓားဝိညာဉ်ကို ပိုင်ဆိုင်ထားတယ်”
သူတော်စင် ဓားစက်ကွင်း လေးခုဖြင့် ဝန်းရံထားသော နဂါးငွေ့တန်း အဆင့် ဓားဝိညာဉ်မှ ကြောက်မက်ဖွယ် ချီစွမ်းအင်ကို ယွမ်ရှောင်က ခံစားနိုင်ခဲ့သည်။ ဤစွမ်းအင်များသည် ဓားဝိညာဉ်၏ ဖျက်ဆီးနိုင်စွမ်းကို မြှင့်တင်ပေးပြီး တာအို ဂါထာများနှင့် အနည်းငယ် ကွဲပြားသော်လည်း အလွန် အားကောင်းကြသည်။
“တာအို ဂါထာ၊ ဓားစက်ကွင်း၊ ဓားကျင့်စဉ်… ငါက ကောင်းကင်နယ်မြေရဲ့ အကောင်းဆုံးတွေကို ရထားပြီးပြီ။ ဓားအော်ရာနဲ့ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ဖို့ လိုအပ်သေးတယ်”
ယွမ်ရှောင်က ဤအရာ နှစ်ခုလုံးကို အင်မော်တယ် စစ်ပွဲအတွင်း မြှင့်တင်နိုင်သဖြင့်
၎င်းအတွက် သူ၏ ပြင်ဆင်မှုများမှာ ပြီးမြောက်လုနီးပါးပင်။ ကောင်းကင်နယ်မြေသို့ ရောက်ရှိပြီးကတည်းက ချန်မျိုးနွယ်နှင့် သူ၏ အိမ်ထောင်ရေး၊ ဓားတာအိုကျောက်တိုင်မှ အထွတ်အထိပ်ဓားသိုင်း နားလည်ခြင်းနှင့် ဝိညာဉ်ရတနာ နန်းတော်တွင် နတ်ဆိုးမင်းသားကို လုပ်ကြံသည်အထိ… ဖြစ်ရပ်အားလုံးသည် ရက်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည်။
ဖန်ဆင်းရှင် အင်မော်တယ်၏ အဆင့်တက်မှုသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်ကာ သေရွာပြန်ခရီးတွင် ကြယ်ပြာနှင့် လနီကို တွေ့ဆုံပြီးသည်မှာ ရက်နှစ်ဆယ်ကျော်သာ ရှိသေးသည်။ ကျောက်ရွှမ်ကျန်းသည် အောက်နယ်မြေ၌ ယွမ်ရှောင် မည်မျှ အင်အားကြီးကြောင်း သိထားသည်။
“ဦးလေး ကျောက်၊ ကောင်းကင်နယ်မြေမှာ ခင်ဗျားတို့လို တည်ငြိမ်တဲ့ လူအိုတွေ များစွာ ရှိတယ်။ တကယ်လိုအပ်တာက ကျုပ်လို ရူးသွပ်မိုက်မဲတဲ့ လူငယ်တစ်ယောက်ပဲ။ အရာရာကို လှုပ်လှုပ်ခတ်ခတ် ဖြစ်အောင် လုပ်ဖို့ ကျုပ်က လူသားမျိုးနွယ်အတွက် လူမိုက် အခန်းကဏ္ဍကို တာဝန်ယူပြီး ဘယ်လို အကျိုးဆက်တွေ ရှိရှိ တာဝန်ယူပါ့မယ်”
ယွမ်ရှောင်က အသက်ပြင်းပြင်း ရှူကာ ယုံကြည်မှုများ ပြည့်နှက်စွာ အာမခံလိုက်သောကြောင့် ကျောက်ရွှမ်ကျန်းသည် ထိုလူငယ်ကို စိုက်ကြည့်နေပြီး ခံစားချက်များ ပြောင်းလဲလာသည်။
“ဒီကမ္ဘာမှာ မင်းနဲ့ ငါတို့ရဲ့ ဧကရီ ရှိနေတာက လူသားမျိုးနွယ်အတွက် တကယ့်ကို ကောင်းချီးတစ်ပါးပဲ”
ကျောက်ရွှမ်ကျန်းက စိတ်လှုပ်ရှားစွာ မှတ်ချက်ချသည်။
“ကျုပ် တိုက်ခိုက်ရမှာကို မကြောက်ဘူး။ အသက်နဲ့ရင်းပြီး တိုက်ခိုက်နေတဲ့အချိန်မှာ ဉာဏ်နည်းပြီး ငကြောက်တွေလို ပုန်းအောင်းနေတဲ့ လူတွေ မရှိဖို့ပဲ မျှော်လင့်တယ်။ နတ်ဆိုးတွေက ကျုပ်ကို မတားနိုင်ပေမယ့် လူသားမျိုးနွယ်ရဲ့ လျှာတွေက စိတ်ကို တကယ်ပဲ ထိုးဖောက်နိုင်တယ်”
ယွမ်ရှောင်သည် တိမ်နိုင်ငံရှိ နေ့ရက်များကို ပြန်တွေးမိပြီး ပြည်သူများက သူ့ကို မယုံကြည်ခဲ့ခြင်းမှာ သူတို့၏ အမြင်မှာ အကန့်အသတ်ရှိ၍ အင်မော်တယ်များကြောင့် မျက်စိကွယ်နေခြင်းပင်။ ကောင်းကင်နယ်မြေ၌ လူတိုင်းက လိမ္မာပါးနပ်လွန်းနေသောကြောင့် မျိုးနွယ်၏ ကောင်းကျိုးကို လျစ်လျူရှုပြီး ကိုယ်ပိုင် အကျိုးအမြတ်ကို ဦးစားပေးကြ၏။ သူတို့က မြင့်မြတ်သော စံနှုန်းများကို ပြောနေရင်း ခဏအကြာတွင် ရှက်ရွံ့ခြင်းမရှိဘဲ လောဘအတွက် လှုပ်ရှားတတ်ကြသည်။ သူတို့က ကိုယ်ကျင့်တရား မြင့်မားသယောင် ဟန်ဆောင်ပြီး အောက်တန်းကျသော လုပ်ရပ်များကို လုပ်နေခြင်းပင်။
“ဖန်ဆင်းရှင် အင်မော်တယ်ရဲ့ ခန္ဓာကိုယ်နဲ့ စွမ်းအားကို ဆက်ခံထားတာက လူသားမျိုးနွယ်အတွက် နှစ်ထောင်ပေါင်းများစွာအတွင်း အကြီးမားဆုံး ပြောင်းလဲမှုပဲ။ ငါ တစ်ခါသေဖူးပေမယ့် အခု အင်မော်တယ်ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားချိန်မှာပြင်းပြင်းထန်ထန် မတိုက်ခိုက်နိုင်ရင် တိမ်နိုင်ငံမှာ သေသွားတာက ပိုကောင်းဦးမယ်”
ယွမ်ရှောင်က ဤကံကြမ္မာအတွက် လူမိုက်လုပ်ရခြင်းကို မှားယွင်းသည်ဟု မထင်ဘဲ လူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်သတ်မှတ်ခံရရန် နတ်ဆိုးများရှေ့မှောက်တွင် အရှက်ကွဲမခံနိုင်ပေ။ ယွမ်ရှောင်နှင့် သူ၏ ခေါင်းတလား သားရဲများသည် တိုက်ခိုက်ခြင်းနှင့် ကျင့်ကြံရေး အထောက်အပံ့အတွက် တာဝန်ကိုယ်စီယူထားပြီး တစ်ဦးနှင့်တစ်ဦး အပြည့်အဝ ဖြည့်ဆည်းပေးကြသည်။ သူတို့၏ နှောင်ကြိုးက ညီအစ်ကိုများထက် ပို၍နက်ရှိုင်းပြီး ယွမ်ရှောင်၏ ပြင်းထန်သော တိုက်ပွဲများနှင့် ရဲရင့်သော လုပ်ဆောင်ချက်များသည် ကြယ်ပြာနှင့် လနီ၏ ထောက်ခံမှုကို ရာနှုန်းပြည့် ရရှိထားသည်။ ညီအစ်ကိုသုံးဦးသားသည် ဘဝနှင့် သေခြင်းကို မျှဝေကြပြီး အခြားကျင့်ကြံသူများကဲ့သို့ ကိုယ်ကျိုးအတွက် ဦးနှောက်သုံးရမည်ထက် မျိုးနွယ်အရေးကိုသာ ရှေးရှူကြ၏။
“သူတို့အားလုံးကို သတ်ပစ်လိုက်။ ပြင်းပြင်းထန်ထန် တိုက်ခိုက်၊ မင်းက ဖန်ဆင်းရှင် အင်မော်တယ်ပဲ၊ စကြဝဠာက မင်းရဲ့ လောကပဲ။ ဘယ်သူက မင်းကို ဖြုတ်ချနိုင်မလဲ”
ကြယ်ပြာက တစ်ချက်ပြုံး၍ ကြုံးဝါးခဲ့သည်။
“ငါတို့က သာမန် ကြောင်တွေ ခွေးတွေအဖြစ် ပြန်မွေးလာတာမဟုတ်ဘူး။ ဘာကိစ္စ နှိမ့်နှိမ့်ချချ နေရမှာလဲ”
လနီက အော်ဟစ်လိုက်သည်။
“ကျင့်ကြံမှုအတွက် အထောက်အပံ့က ငါတို့ရဲ့ အိတ်တွေကို ခြောက်ကပ်သွားစေနိုင်ပေမယ့် ပိုက်ဆံက ပြန်ရှာနိုင်တဲ့ အရာတစ်ခုပဲ"
“အဆင်ပြေပါတယ်! ငါတို့ရဲ့ အစ်ကိုကြီးက ပိုက်ဆံရှာတတ်တဲ့ ပါရမီရှင်ပဲ”
လနီက ယွမ်ရှောင်အနေဖြင့် ရန်သူများကို အမြန်ဆုံး အနိုင်ယူစေချင်သည်။
“ယွမ်ရှောင်၊ မင်းကို ချန်ကောင်းကင်အိမ်တော်အထိ ငါ လိုက်ပို့ပေးမယ်။ နောက် နှစ်ရက်အတွင်း သိုသိုသိပ်သိပ်နေတာ အကောင်းဆုံးပဲ”
ကျောက်ရွှမ်ကျန်းက လေးနက်စွာ မှာကြားလိုက်သောကြောင့် ယွမ်ရှောင်သည် နာခံမှုရှိစွာ ခေါင်းညိတ်ခဲ့သည်။
“ဦးလေး ကျောက်၊ ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်က ဒီရက်ပိုင်းအတွင်း ကျုပ်ကို သတ်ပစ်ဖို့ ကြိုးစားနိုင်တယ်လို့ ထင်လား”
ယွမ်ရှောင်က ဝိညာဥ်ရတနာနန်းတော်အတွင်းမှ ဘေးချင်းကပ် လမ်းလျှောက်ထွက်လာရင်း မေးလိုက်သည်။
“ဖြစ်နိုင်ခြေ သုံးခု ရှိတယ်”
ကျောက်ရွှမ်ကျန်းက ပြန်ဖြေသည်။
“ဘာသုံးခုလဲ”
“ပထမတစ်ခုက သူ တကယ် မင်းကို သတ်ဖို့ ကြိုးစားနိုင်တယ်။ နတ်ဆိုးတွေကြားမှာတောင် ဒီဧကရာဇ်က ရက်စက်ကြမ်းကြုတ်ပြီး လက်စားချေတတ်တယ်လို့ နာမည်ကြီးတယ်။ သူတို့က အပြစ်သေးသေးလေးကိုတောင် သည်းခံနိုင်စွမ်းမရှိတဲ့ အရိုင်းတွေပဲ။ ဒီနတ်ဆိုးတွေက အင်အားကြီးပေမယ့် အတော်လေး ဉာဏ်နည်းကြတယ်”
“ခင်ဗျားက ကျုပ်ကို ခြိမ်းခြောက်နေသလို ခံစားရတယ်"
ယွမ်ရှောင်က သူ၏ နဖူးမှ ချွေးစက်ကို သုတ်လိုက်သည်။
“မင်း လန့်သွားတာလား”
ကျောက်ရွှမ်ကျန်းက အံ့အားသင့်သည့် အရိပ်အယောင်ဖြင့် ရယ်မောရင်း ဆက်ပြောသည်။
“ဒုတိယတစ်ခုက မင်းကို မသတ်ဘူး။ အဲဒီအစား သူက အင်မော်တယ် စစ်ပွဲအတွင်း မင်းကို နှိပ်စက်ဖို့ နတ်ဆိုး ပါရမီရှင် ငါးထောင်ကို ညွှန်ကြားထားဖို့ များတယ်။ ဒီနည်းနဲ့ဆိုရင် နတ်ဆိုးတိုက်ကြီးက ဂုဏ်သိက္ခာရှိလိမ့်မယ်၊ နတ်ဆိုးဧကရာဇ်က အားနည်းသူကို အနိုင်ကျင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ရှောင်ရှားဖို့ တော်တော်လေး ကောင်းတဲ့ ဗျူဟာပဲ”
“ကျုပ်လည်း ဒီအတိုင်း တွေးထားတာပဲ”
ယွမ်ရှောင်က မှတ်ချက်ချသည်။
“တတိယ ဖြစ်နိုင်ခြေကရော”
"သူက ဒီရက်ပိုင်းအတွင်း မင်းကို သတ်ဖို့ ကြိုးစားနိုင်သေးတယ်။ အခုအချိန်မှာတောင် ရောက်လာနိုင်တယ်”
ကျောက်ရွှမ်ကျန်းက သူ၏ အသံကို ခပ်တိုးတိုး လျှော့ချကာ ပြောလိုက်သည်။
“ဟမ်”
ယွမ်ရှောင်က အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဒီတတိယ ဖြစ်နိုင်ခြေအရဆိုရင် နတ်ဆိုးဧကရာဇ်က ဖြစ်နိုင်ချေနှစ်ခုကို နားလည်ထားပြီးသား ဖြစ်လိမ့်မယ်။ သူက လူသားမျိုးနွယ်ကို မထီမဲ့မြင်ပြုချင်ရင် လူသားတွေရဲ့ ထင်မြင်ချက်ကို ဂရုမစိုက်သလို ငါတို့ရဲ့ အရုဏ်တက်နတ်ဧကရီကိုတောင် ကြောက်မှာ မဟုတ်ဘူး။ အမှန်တကယ်တော့ ရန်သူက ရိုင်းစိုင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ တိရစ္ဆာန်ပဲ”
ကျောက်ရွှမ်ကျန်းက လေးနက်စွာ ပြောလိုက်သည်။
“ပထမနဲ့ တတိယကြားမှာ ကွာခြားချက် ရှိလား”
ယွမ်ရှောင်က အံ့အားသင့်စွာ မေးလိုက်သည်။
ကျောက်ရွှမ်ကျန်းက ယွမ်ရှောင်ကို နက်နက်ရှိုင်းရှိုင်း ကြည့်နေရင်း အားပေးသည့် အနေဖြင့် သူ၏ ပခုံးကို ပုတ်လိုက်သည်။
“စိတ်မပူပါနဲ့။ အရုဏ်တက်နတ် ဧကရီရဲ့ ထွန်းတောက်မှုက နတ်ဆိုးတိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်စေခဲ့တယ်။ နတ်ဆိုးဧကရာဇ်တောင် အကြောင်းပြချက်မရှိဘဲ ကောင်းကင်နယ်မြေမှာ မဆင်မခြင် လုပ်ရဲမှာ မဟုတ်ဘူး”
“ကောင်းပြီ”
ယွမ်ရှောင်က နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါပေမယ့် ထာဝရနတ်ဆိုးဧကရာဇ်က မင်းကို သတ်ဖို့ တကယ် ရည်ရွယ်ထားရင် ငါရော မင်းရဲ့ ယောက္ခမရော မကာကွယ်နိုင်ဘူး။ ဒီနတ်ဆိုးရဲ့အမြင်မှာ မင်းက ဖယောင်းတိုင် မီးတောက်လိုပဲ အားနည်းတယ်၊ လေတစ်ချက် မှုတ်လိုက်ရုံနဲ့ အလွယ်တကူ ငြိမ်းသွားနိုင်တယ်”
ကျောက်ရွှမ်ကျန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
“အာ၊ ဒါဆိုရင် ကျုပ် ကံကောင်းဖို့ ဆုတောင်းထားရမယ် ထင်တယ်”
ယွမ်ရှောင်က ဂရုမစိုက်ဟန်ဖြင့် ရယ်မောနေသောကြောင့် ကျောက်ရွှမ်ကျန်းသည် အမှန်တကယ် မင်သက်သွားခဲ့သည်။
သူတို့သည် ဝိညာဉ်ရတနာ နန်းတော်မှ အတူတူ ထွက်လာချိန်၌ နန်းတော် အပြင်ဘက်တွင် လူသားများဖြင့် ပြည့်နှက်နေပြီး လူသတ်မှုဖြစ်ထားသော်လည်း စည်ကားနေဆဲဖြစ်၏။
“ယွမ်ရှောင် ထွက်လာပြီ”
မျက်လုံးအားလုံးက သူ့ထံ ချက်ချင်း ကျရောက်လာသည်။
“ဒီနေ့လုပ်ရပ်ကြောင့် မင်းက ကောင်းကင်နယ်မြေမှာ တကယ့်ကို နာမည်ကြီးသွားပြီ”
ကျောက်ရွှမ်ကျန်းသည် လူငယ်မျိုးဆက်များထံမှ လေးစားအားကျသော အကြည့်များကို သတိထားမိခဲ့ပြီး ယွမ်ရှောင်၏လုပ်ရပ်သည်သည် လူငယ် အများစု၏ စိတ်ကို အနိုင်ရရှိခဲ့ပုံရသည်။
“သူရဲကောင်းတွေက ငယ်ရွယ်စဉ်မှာ တက်တက်ကြွကြွ တောက်လောင်နေတဲ့ စိတ်ဓာတ်က တကယ်ပဲ အားကျစရာကောင်းတယ်”
ကျောက်ရွှမ်ကျန်းက သူ၏ အတိတ် နေ့ရက်များ၌ ချန်ရှောင်နှင့်အတူကောင်းကင်နယ်မြေတွင် ထွန်းတောက်လာခဲ့သည်များကို ပြန်လည်အောက်မေ့ခဲ့သည်။ သူသည် လက်ရှိ ဝိညာဉ်ရတနာ နန်းတော်၏ အကျိုးစီးပွားကို ကိုယ်စားပြုထားရသောကြောင့် ယွမ်ရှောင်ကို ပွင့်ပွင့်လင်းလင်း မထောက်ခံနိုင်သော်လည်း ရဲရင့်မှုကို လေးစားသည်။ လူသားမျိုးနွယ် လူငယ်များ၏ မျက်လုံးတွင် ယွမ်ရှောင်၏ ဦးခေါင်းထက်၌ ဓားများဖြင့် ပြုလုပ်ထားသော သရဖူတစ်ခုကို ဖြစ်ပေါ်လာသယောင် ထင်မှတ်ရသည်။ ကဲ့ရဲ့ရှုတ်ချသော အကြည့်များနှင့် တီးတိုးလှောင်ပြောင်မှုများ ရှိနေသေးသော်လည်း ဖော်ပြရန် မထိုက်တန်သော အမှိုက်များသာ ဖြစ်ကြသည်။
“လူသားမျိုးနွယ်မှာ မျှော်လင့်ချက် ရှိသေးတယ်။ ဒီကလေး အသက်ရှင်နိုင်ဖို့ပဲ မျှော်လင့်တယ်”
ကျောက်ရွှမ်ကျန်းက နွေးထွေးစွာ ရေရွတ်လိုက်သော်လည်း ထိုအချိန်၌ အလွန်တရာ အေးစက်သော အရှိန်အဝါ တစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ခဏအတွင်း တောက်ပသော နေ့အချိန်မှာ အမှောင်ထုဖြင့် လွှမ်းခြုံခံလိုက်ရ၏။ ညသန်းခေါင်ယံထက် ပိုနက်မှောင်၍ ကြီးမားသော ယပ်တောင်သဏ္ဍာန် အရိပ်တစ်ခုသည် ကောင်းကင်ကို လွှမ်းခြုံသွားကာ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာရာ ငရဲဘုံတစ်ခုအလား ပတ်ဝန်းကျင်က ပြောင်းလဲသွား၏။
“ဘာကြီးလဲ"
ထိုအရိပ်အောက်တွင် ရှိနေသော လူသားတိုင်းသည် တစ်ကိုယ်လုံး ဖြူဖျော့သွားပြီး ချွေးစက်များ စီးကျလာကာ မော့ကြည့်လိုက်သောအခါ ကောင်းကင်၌ နတ်ဆိုးများ ပြည့်နှက်နေကြောင်း တွေ့လိုက်ရသည်။ အနီရောင် အလင်းတန်းတစ်ခုသည် ယွမ်ရှောင်ကို တိုက်ရိုက် ဦးတည်ကာ ထွက်ပေါ်လာသဖြင့် သွေးပင်လယ်အတွင်း ရောက်နေသည့်အလားပင်။ ထို့ကြောင့် သူက နောက်ကျော၌ ဓားများစွာ ချိန်ရွယ်ထားကာ ရှေ့ဘက်တွင် ကြောက်စရာ ဝိညာဉ်များ ပြည့်နှက်နေသော အနက်ရှိုင်းဆုံး ငရဲတံခါးတွင် ရပ်နေမိသကဲ့သို့ ခံစားလိုက်ရသည်။ အရိပ်အောက်တွင် ရှိနေသော လူအများအပြားသည် ကြောက်လန့်တုန်လှုပ်စွာ ပြိုလဲသွားပြီး အသက်ရှူရပ်မတတ်ဖြစ်နေကာ လည်ပင်းကို လက်ကြီးတစ်ခု လာရောက်ဆုပ်ကိုင်ထားသကဲ့သို့ ဆွံအကုန်သည်။
“ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်”
တတိယ ဖြစ်နိုင်ခြေကြောင့် ကျောက်ရွှမ်ကျန်း၏ မျက်နှာက အရောင်ပြောင်းသွားကာ ယွမ်ရှောင်ကို အလျင်အမြန် ဆုပ်ကိုင်ပြီး ခရမ်းရောင် မုန်တိုင်းကို ဆင့်ခေါ်၍ ဝိညာဉ်ရတနာ နန်းတော်သို့ ပြန်လည် ပြေးဝင်သွားသည်။ သူသည် မကာကွယ်နိုင်ဟု ပြောခဲ့သော်လည်း နောက်ဆုံးတွင် ကာကွယ်ရန် ကြိုးစားခဲ့သော်လည်း ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်ကို တားမြစ်နိုင်စွမ်းရှိမည် မဟုတ်ချေ။
ဂီး
စူးရှသော ငှက်အော်သံတစ်ခု ပဲ့တင်ထပ်သွားကာ လူအများ၏နားမှ သွေးများ စီးကျလာ၏။ အမှောင်ရိပ်အတွင်းမှ ထွက်ပေါ်လာသော ရောင်ခြည်တစ်ခုသည် ချက်ချင်းရောက်ရှိလာကာ သေစေနိုင်လောက်သော အစွမ်းဖြင့် ယွမ်ရှောင်၏ နဖူးကို တည့်တည့် ချိန်ရွယ်ထားသည်။ နှစ်ပေါင်းများစွာ အစွမ်းထက်ခဲ့သော နတ်ဆိုးဧကရာဇ်သည် အချိန်နှစ်ရက်ကို စောင့်ဆိုင်းနေစရာ အကြောင်းမရှိပေ။ ထိုတိုက်ခိုက်မှုကြောင့် ယွမ်ရှောင်အဆုံးသတ်ပြီဟု တွေးမိသောအခါ လူတိုင်း ဝမ်းနည်းသွားကြသည်။ လူငယ်တစ်ယောက်၏ ရဲရင့်မှုသည် ကောင်းကင်နယ်မြေကို ကိုင်လှုပ်နိုင်ခဲ့သော်လည်း နတ်ဆိုးတစ်ကောင်၏အစွမ်းအောက်တွင် သေခြင်းအငွေ့အသက်များ နယ်မြေတစ်ခွင် ဖုံးအုပ်သွားလေသည်။