← Chapters

နောက်ထပ်ပြဿနာတစ်ခု

Vol. 14 Ch. 169

နောက်ထပ်ပြဿနာတစ်ခု

Vol. 14 Ch. 169

"ဧကရီက တော်တော် အင်အားကြီးတာပဲ"

ဒေါင်းနတ်ဆိုး နောက်ဆုတ်ပေးလိုက်ရသော ဤမြင်ကွင်းကြောင့် ကောင်းကင်နယ်မြေရှိ ကျင့်ကြံသူတိုင်းသည် စိတ်လှုပ်ရှားသွားကြသည်။ သူမက လှုပ်ရှားမှု မပြုလုပ်ခဲ့သည်မှာ တစ်နှစ်ကျော် ရှိနေပြီး အင်မော်တယ်ပြည်ထောင်၏ ရာဇပလ္လင်သို့ တက်ရောက်ခဲ့သော နေ့ရက်များကို လူအများ ပြန်လည် သတိရသွားကြသည်။ အတိတ်၌ သူမသည် ဆယ်ကျော်သက် ကလေးမလေးမျှသာ ဖြစ်သော်လည်း လက်ရှိတွင် တောက်ပသော အမျိုးသမီးတစ်ဦးပမာ သူတို့ရှေ့တွင် ရပ်နေသည်။ တစ်ချိန်က ဤကလေးမလေးသည် အံ့အားသင့်နေသော လူအုပ်ကြီးရှေ့တွင် ယခင် ဧကရာဇ်ဟောင်း ရဲချင်ထျန်ကို အနိုင်ယူခဲ့သည်။ ထိုအခိုက်အတန့်သည် တစ်လောကလုံးကို တုန်လှုပ်သွားစေကာ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ လေးစားမှုကို ပိုင်ဆိုင်ခဲ့၏။

တစ်နှစ်အကြာတွင် နတ်ဧကရီသည် ပို၍ပင် အင်အားကြီးလာမည်ဟု လူတိုင်း ထင်ကြေးပေးထားသော်လည်း သူမသည် ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်ကိုပင် အလွယ်တကူ နှိမ်နင်းလိမ့်မည်ဟု မည်သူမှ မထင်ထားချေ။ ဤအခိုက်အတန့်မှစ၍ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ နှလုံးသားများသည် ပြန်လည်သက်ဝင်လာသော ယုံကြည်မှုကြောင့် တိုက်ခိုက်လိုစိတ်များ တောက်လောင်လာသည်။

"အရုဏ်တက်နတ်ဧကရီ သက်တော်ရာကျော် ရှည်ပါစေ"

အချိန်ခဏအတွင်း မရေမတွက်နိုင်သော လူသားများက တညီတညွတ်တည်း ဒူးထောက်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် စိတ်အားထက်သန်မှုများ တောက်လောင်နေကာ စိတ်ဓာတ်တက်ကြွနေကြ၏။

"ဒါက နတ်ဆိုးတိုက်ကြီးရဲ့ အင်အားကြီး နတ်ဆိုးဧကရာဇ် ငါးပါးထဲက တစ်ပါးပဲ။ သူ့ကိုတောင် အလွယ်လေး အနိုင်ယူပစ်လိုက်တယ်"

ကျောက်ရွှမ်ကျန်းက သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း မှတ်ချက်ချခဲ့သည်။ အရက်သမားကဲ့သို့ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က သူမကို အမှုထမ်းရသော အကြောင်းအရင်းမှာ ပို၍ ထင်ရှားလာသည်။

"ကြယ်ပြာ၊ သူမက စွမ်းအားအချို့ကို ကွယ်ဝှက်ထားတုန်းပဲ၊ ဟုတ်တယ်မလား"

ယွမ်ရှောင်က ဤအရာအားလုံးကို အံ့အားသင့်ခြင်း မရှိသော လူ ဖြစ်နိုင်သည်။ သူတို့ ပထမဆုံး တွေ့ဆုံချိန်တွင် ကြယ်ပြာက ကြောက်မက်ဖွယ်ကောင်းသော ဤအမျိုးသမီးသည် ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက် အင်အားတစ်ခုကို ချိတ်ပိတ်ထားကြောင်း သတိပေးခဲ့သည်။ယနေ့ စွမ်းအားပြသမှုသည် သူ မျှော်လင့်ထားသည့်အတိုင်း အတိအကျဖြစ်နေပြီး သူတို့ အတူတကွ ကျင့်ကြံရာ၌ ယွမ်ရှောင်သည် သူမ၏ မယုံနိုင်လောက်ဖွယ် များပြားသော အတွင်းစွမ်းအားကို မြင်တွေ့သိရှိခဲ့ရသည်။

"ဟုတ်တယ်"

ကြယ်ပြာက ခေါင်းညိတ်သည်။

"အခု ကြည့်လိုက်တော့ သူမက ငါ့ထက် ပိုတည်ငြိမ်တယ်။ ငါ့မှာသာ သူမရဲ့ စွမ်းရည်လောက် ရှိရင် နတ်ဆိုးတိုက်ကြီးကို အချိန်အတော်ကြာကတည်းက တိုက်ခိုက်ခဲ့မှာ"

ယွမ်ရှောင်က ရေရွတ်လိုက်ခြင်း ဖြစ်၏။

"မင်းရဲ့ လမ်းကြောင်းက သူမနဲ့ မတူဘူး။ သူမက နတ်ဧကရီ ဖြစ်ပြီး ကြီးမားတဲ့ ပုံရိပ်တစ်ခု ဖန်တီးဖို့ လိုအပ်တယ်။ မင်းက တစ်ကိုယ်တော် ဝံပုလွေ ဖြစ်ပြီး မင်းရဲ့ အားသာချက်ကို လေ့ကျင့်ဖို့ လိုအပ်တယ်။ အဲဒီ နတ်ဆိုးသတ်ချင်စိတ်ကို ကြမ်းတမ်းလာအောင် ပျိုးထောင်ထားလိုက်"

ကြယ်ပြာက ရယ်မောရင်း ဤစုံတွဲ၌ မတူကွဲပြားသော လမ်းကြောင်းများ ရှိကြောင်း ထောက်ပြလိုက်သော်လည်း ပန်းတိုင်မှာ အတူတူပင်။

"အင်မော်တယ် တိုက်ပွဲ စတင်ရင် မင်းတို့ နှစ်ယောက်ကြောင့် အဲဒီ ပါရမီရှင် နတ်ဆိုးတွေ ဝင်လာနိုင်ပေမယ့် ထွက်သွားနိုင်မှာ မဟုတ်ဘူး"

ကြယ်ပြာက ရယ်မောရင်း မှတ်ချက်ပေးလိုက်ပြီး နတ်ဆိုးမင်းသား သေဆုံးခြင်း၏ အရှက်ရမှုကို သည်းမခံနိုင်လျှင် နတ်ဆိုးတိုက်ကြီးသည် အင်မော်တယ် စစ်ပွဲအတွင်း မျက်ရည်တွေ ကျရပေလိမ့်မည်။ အရုဏ်တက်နတ် ဧကရီက ယခု လှုပ်ရှားလိုက်သောကြောင့် ရည်ရွယ်ချက် ရှင်းလင်းသော ကြေညာချက်တစ်ခု ဖြစ်ကာ ယွမ်ရှောင်အနေဖြင့် ကိုယ့်ကိုကိုယ် ထိန်းချုပ်နေမည့်အစား အစွမ်းကုန်ထုတ်သုံးနိုင်ပေသည်။ သို့ရာတွင် ကံမကောင်းစွာဖြင့် လူအချို့သည် ပျော်ရွှင်မှုကို ဖျက်ဆီးရခြင်းအား နှစ်သက်ကြပြီး လူသားမျိုးနွယ် အစွမ်းထက်လာသည်ကို မြင်တွေ့ရခြင်းမှာ သူတို့၏ မိဘများကို တစ်စုံတစ်ယောက်က သတ်ပစ်ခြင်းထက် ပို၍ နာကျင်နေပုံရသည်။ ထို့ကြောင့် ဤကစားပွဲအတွင်း ကစားသမားအသစ်များ ဝင်ရောက်လာကြသည်။

ဝှစ် ဝှစ် ဝှစ်

ပုံရိပ်များစွာသည် ကောင်းကင်နယ်မြေ၏ ကာကွယ်ရေး အစီအရင်အောက်မှ ရုတ်တရက် ထွက်လာပြီး အရုဏ်တက်နတ်ဧကရီရှေ့တွင် ရဲရဲတင်းတင်း နေရာယူလိုက်ကြသည်။

"အရှင်မ ရပ်လိုက်ပါ"

အသံကုန် အော်သံတစ်ခုသည် တိုက်ပွဲကို နှောင့်ယှက်လိုက်သောကြောင့် လူအုပ်က အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်သောအခါ ကြားဝင်လာသူများမှာ နတ်ဆိုးသူတော်စင်များ၊ အင်မော်တယ်ပြည်ထောင်မှ အဆင့်မြင့် အရာရှိများ၊ ရိုးရာဝန်ကြီး ဟန်ကျင်းလီ၊ မဟာကျောင်းတော် သူတော်စင်နှင့် နှင့် ဧကရာဇ်ဟောင်း ရဲချင်ထျန်တို့ ဖြစ်နေကြ၏။ အင်မော်တယ်ပြည်ထောင်၏ သြဇာလွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်များ အများစုက ဤနေရာသို့ အပြေးတစ်ပိုင်း ရောက်ရှိလာပုံရသည်။ နတ်ဆိုးသူတော်စင်များသည် ဒဏ်ရာပြင်းထန်သော အနက်ရောင် ဥဒေါင်းရှေ့တွင် တန်းစီကာကွယ်ပေးလိုက်သောကြောင့် ၎င်းသည် ရှည်လျားသော လည်ပင်းကို မြှောက်၍ မကျေနပ်သော အကြည့်ဖြင့် အရုဏ်တက်နတ်ဧကရီကို စိုက်ကြည့်နေခဲ့သည်။ ၎င်းသည် ဤတိုက်ပွဲ၌ စွမ်းအားပိုင်းဆိုင်ရာသာမက ဂုဏ်သတင်းအရလည်း အရှက်ရခဲ့သည်။ လူမြင်ကွင်းတွင် မိန်းကလေးငယ်တစ်ဦးက သူ့ကို ရိုက်နှက်ခဲ့သဖြင့် ကောင်းကင်နယ်မြေသို့ ရောက်နေသော နတ်ဆိုးတိုင်းသည် ဒေါသထွက်ပြီး အရှက်ရနေသောကြောင့် မျက်လုံးများ နီမြန်း၍ အစွယ်တဖွေးဖွေးနှင့် မာန်ဖီနေကြ၏။

"ဧကရီ ရပ်တန့်လိုက်ပါ! ဒီလို ဆက်ဖြစ်နေရင် ငါတို့ ကပ်ဆိုးတစ်ခုဆီ ဦးတည်ရလိမ့်မယ်"

မဟာကျောင်းတော် သူတော်စင်က စိတ်ပျက်လက်ပျက် ဖြစ်နေသော မျက်နှာဖြင့် တောင်းပန်သည်။

"ကပ်ဆိုးတစ်ခု ဟုတ်လား"

နဂါးဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးငယ်သည် မိုးကြိုးလျှပ်စီးများ ဝန်းရံကာ လေထဲတွင် ပျံဝဲနေသဖြင့် သူမ၏ မျက်နှာထားကို မမြင်နိုင်သဖြင့် သူမရဲ့ လွှမ်းမိုးသော တည်ရှိမှုသာ လူသားများ ခံစားသိရှိနိုင်၏။

"အင်အားကြီး နတ်ဆိုးဧကရာဇ် ငါးပါး၊ နတ်ဆိုးသူတော်စင် ၁၀၈ ပါးနဲ့ နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုး သန်းပေါင်းများစွာက ဒါကို ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး"

မဟာကျောင်းတော် သူတော်စင်က အနက်ရောင် ဥဒေါင်းကို ကြောက်လန့်တကြား ကြည့်ကာ တီးတိုးပြောလိုက်သည်။ သူ၏ စကားကြောင့် နတ်ဆိုးတိုက်၏ အင်အားကို သိထားသော လူများစွာက ကျောရိုးများအေးစိမ့်သွားကာ နယ်မြေတစ်ခုလုံး တိတ်ဆိတ်သွားသည်။

"မဟာကျောင်းတော် သူတော်စင်က ချဲ့ကားပြောနေပါပြီ"

ထာဝရပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်သည် အေးစက်စက်ရယ်မောပြီး လျှို့ဝှက်ဆန်းကြယ်သော မီးတောက်များက သူ၏ ဒဏ်ရာများကို မြင်သာနိုင်သော အလျင်နှုန်းဖြင့် ကုသပေးနေ၏။

"မင်းရဲ့ ပြိုင်ဘက်ကင်းတဲ့ ပါရမီကို ငါ လေးစားခဲ့တာကြာပြီ။ အသက် ၁၅ နှစ်မှာ မင်းက ပြိုင်ဘက်ကင်းဖြစ်နေလို့ ပညာချင်း ဖလှယ်ချင်ခဲ့တယ်။ ဒီနေ့တိုက်ပွဲက မိတ်ဖြစ်ဆွေဖြစ် ဖလှယ်မှုအတွက် အကောင်းဆုံး အခွင့်အရေးကို ပေးခဲ့တယ်။ ငါကိုယ်တိုင် မြင်ဖူးမှ တကယ်ယုံတော့တယ်။ အရုဏ်တက်နတ်ဧကရီ၊ မင်းက လူသားမျိုးနွယ်မှာ ငါ မြင်ဖူးသမျှ အကြီးကျယ်ဆုံး ပါရမီရှင်ပဲ"

သူ၏ ချီးကျူးစကားကြောင့် လူတိုင်း ယုံကြည်ရအခက်ဖြစ်နေပြီး ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်သည် အသတ်ခံရသော သားအတွက် လက်စားချေရန် ကြိုးပမ်းကာ ကောင်းကင်နယ်မြေကို မွှေနှောက်ရန် ကြိုးစားခဲ့သော်လည်း ဧကရီလက်ထဲ၌ ရိုက်နှက်ခံခဲ့ရသည်မှာ ရှင်းရှင်းလင်းလင်းပင်။

"သေချာတာပေါ့ ငါက ဒါကို နားမလည်ခဲ့ဘူး"

မဟာကျောင်းတော်သူတောင်စင်က တအံ့တသြဖြစ်သွားဟန်ဖြင့် ရေရွတ်ကာ အရုဏ်တက်နတ်ဧကရီနှင့် ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်ကို အလျင်အမြန် ရိုသေစွာ ဦးညွှတ်လိုက်သည်။ ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်သည် အမှန်တကယ် အလျှော့ပေးနေခြင်းမဟုတ်ဘဲ ဆုံးရှုံးသွားသော သူ၏ဂုဏ်သိက္ခာကို အဖက်ဆယ်နေရုံသာ ဖြစ်သည်။ အခြား နတ်ဆိုးဧကရာဇ်များနှင့်အတူ နတ်ဆိုးသူတော်စင် ၁၀၈ဦးလည်း မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ရာ ဤဒေါသထွက်နေသော မိန်းကလေး ဘာဆက်လုပ်မည်ကို မခန့်မှန်းနိုင်ချေ။ လက်ရှိ၌ လူပုံအလယ် ရှုံးနိမ့်သွားသောကြောင့် အရှက်ကွဲခြင်းကို ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်သည် စိတ်ထဲတွင် တေးမှတ်ထားခဲ့သည်။

လူတိုင်း၏အကြည့်က အရုဏ်တက်နတ်ဧကရီထံ ရောက်ရှိသွားကာ စွမ်းအားကို ပြသပြီးနောက် နတ်ဆိုးကို လွှတ်ပေးခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

"ဧကရီ"

မဟာကျောင်းတော် သူတော်စင်က နောက်ဆုတ်စေလိုသော မျှော်လင့်ချက်ဖြင့် သူမကို ကြည့်လိုက်သည်။

"တကယ်တော့ ဒါက မိတ်ဆွေဖြစ် လက်ရည်ဖလှယ်တာပါပဲ။ ဒါပေမယ့် နတ်ဆိုးဧကရာဇ်က ထင်ထားသလောက်လည်း မဟုတ်ပါဘူး"

အရုဏ်တက်နတ် ဧကရီက ရယ်ရယ်မောမော ပြောလိုက်သော်လည်း လျှပ်စီးမီးလျှံများ တောက်လောင်နေသော မျက်ဝန်း၌ အထင်သေးမှုများ ထင်ဟပ်နေသည်။ သူမ၏ စကားကို ကြားရသောအခါ ပထမတွင် မဟာကျောင်းတော် သူတော်စင်နှင့် အင်မော်တယ်ပြည်ထောင်၏ အရာရှိများက သက်ပြင်းချလိုက်မိသော်လည်း ခဏအတွင်း မျက်နှာများ ရှုံ့မဲ့ကုန်သည်။ ဤစကားက ထာဝရပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်၏ မျက်နှာကို လူသိရှင်ကြား ဖြတ်ရိုက်ပစ်လိုက်ခြင်းပင်။

ကောင်းကင်နယ်မြေသည် တိတ်ဆိတ်သွားကာ လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်မိပြီး လျှို့ဝှက်စွာ ပျော်ရွှင်နေကြသည်။ သူတို့သည် ဤနတ်ဆိုးများ၏ ဖိနှိပ်မှုကို တစ်သက်လုံး ခံခဲ့ရသောကြောင့် ဧကရီ၏ လက်စားချေခြင်းသည် အလွန်ကျေနပ်စရာကောင်း၍ ထိုခံစားချက်ကို ဖော်ပြရန် တစ်ခုတည်းသော စကားလုံးမှာ အပျော်လွန်နေခြင်းပင် ဖြစ်သည်။ သို့သော် မဟာကျောင်းတော် သူတော်စင်နှင့် ရဲချင်ထျန်သည် အခြားသူများကဲ့သို့ ပျော်ရွှင်နိုင်ပုံ မရဘဲ အစိုးရိမ်ကြီးနေပုံပေါ်သည်။ ရဲချင်ထျန်သည် တိတ်ဆိတ်နေသော်လည်း ဧကရာဇ်ဟောင်းဖြစ်၍ ဤအုပ်စု၏ အဓိက ကျောရိုးဖြစ်ပြီး သူ၏ အကြည့်သည် အဖြစ်အပျက်တစ်လျှောက်လုံး လေးနက်နေသည်။

"မိတ်ဆွေဖြစ် လက်ရည်ဖလှယ်ပွဲလေး ပြီးသွားရင် ငါတို့ရဲ့ နတ်ဆိုးဧည့်သည်တွေအတွက် အခမ်းအနားကို ပြန်လည်စတင်ပါ့မယ်"

မဟာကျောင်းတော်သူတောင်စင်က နတ်ဆိုးများကို အစွမ်းကုန် ဖားယားနေခြင်းပင်။

"ငါ့ကိုယ်စား သူတို့ကို ကောင်းကောင်း ဆက်ဆံလိုက်"

သူမက ညွှန်ကြားလိုက်သည်။

"အမိန့်အတိုင်းပါ"

မဟာကျောင်းတော် သူတော်စင်က ပြန်ဖြေပြီး အနက်ရောင် ဥဒေါင်းကို လှည့်ကြည့်ကာ ဖိတ်ခေါ်လိုက်၏။

"ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်၊ ကြွပါ"

အရုဏ်တက်နတ်ဧကရီသည် သူမ၏ ရည်ရွယ်ချက်ကို အောင်မြင်ခဲ့ပြီး အင်မော်တယ်ပြည်ထောင်၏ တိုက်ပွဲဝင်စိတ်ဓာတ်ကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။

"ဒါဆိုရင် ယွမ်ရှောင်က အန္တရာယ်မရှိတော့ဘူးလား"

ကျင့်ကြံသူများက အဖြူရောင်ဝတ် လူငယ်ကို စိုက်ကြည့်လိုက်ပြီး အကြည့်တိုင်းတွင် မယုံကြည်နိုင်ဟန်များ ထင်ရှားပေါ်လွင်နေ၏။

"ဧကရီက ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်အပေါ် သူမရဲ့ ခွန်အားကို ပြသနိုင်ဖို့ သူ့ကို ကာကွယ်ပေးမယ်လို့ ကြိုတင်မြင်နိုင်ခဲ့တာလား"

"ဒါက တိုက်ဆိုင်မှုသက်သက်ပဲ။ သူက ကြွက်သားတွေပဲ ရှိပြီး ဦးနှောက် မရှိဘူး"

တစ်စုံတစ်ယောက်က လက်စားချေခံရမည်ကို ကြောက်ရွံ့ပြီး အသံမကျယ်လောင်စေရန် သတိထားကာ တီးတိုးပြောလိုက်သည်။

"ငါ့အကြံအတွက် ဒီဇာတ်လမ်းက ဒီမှာ အဆုံးသတ်တယ်။ နောက်တစ်ခုက အင်မော်တယ် စစ်ပွဲပဲ"

ယွမ်ရှောင်က စိတ်ထဲတွင် ဆုံးဖြတ်လိုက်သော်လည်း မျှော်လင့်မထားသည်များ ဖြစ်ပျက်ခဲ့သည်။

"ရပ်လိုက်ကြစမ်း"

အဆုံးမရှိ ဒေါသများ ပြည့်နှက်နေသော အသံတစ်ခုသည် အဝေးမှ ထွက်ပေါ်လာသောကြောင့် ကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများသည် အံ့အားသင့်သွားပြီး မျက်လုံးအားလုံးသည် အသံထွက်လာရာသို့ လှည့်ကြည့်လိုက်မိ၏။ အပြာရောင် အရာရှိ ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် အလင်းတန်းတစ်ခုအဖြစ် ရောက်ရှိလာကာ အရှိန်အဟုန်ဖြင့် ဆင်းသက်၍ မျက်ရည်များ ကျဆင်းနေရင်း အရုဏ်တက်နတ်ဧကရီရှေ့တွင် ဒူးထောက်လိုက်သည်။

"ဧကရီ လူသားမျိုးနွယ်ရဲ့ ဝိညာဥ်သန်းပေါင်းများစွာ အတွက် တရားမျှတမှုကို ရှာပေးပါ"

ဒူးထောက်နေသော ပုံရိပ်က စစ်ဝန်ကြီး ချီလန် ဖြစ်သည်။

"ဘာဖြစ်ခဲ့တာလဲ"

အရုဏ်တက်နတ်ဧကရီက လေးနက်သော အသံဖြင့် မေးခွန်းထုတ်လိုက်လေသည်။

All Chapters