နတ်ဧကရီ၏ ဆုံးဖြတ်ချက်
Vol. 14 Ch. 173
"ကျုပ်လည်း ပြည်သူတွေအတွက် ရပ်တည်ပါတယ်"
ဟန်ကျင်းလီက မဟာကျောင်းတော် သူတော်စင် နံဘေးတွင် ဝင်ရပ်ရင်း ပြောလိုက်သည်။ အင်မော်တယ်နတ်ပြည်ထောင်မှ အရာရှိများသည် တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကာ သူတို့ဘက်တွင် ရပ်တည်လိုက်ကြပြီး ထောက်ခံခဲ့ကြသည်။ ခန်းမ၏ လူဦးရေ ထက်ဝက်သည် လက်ရှိ၌ သူတို့ဘက် ပါသွားပြီဖြစ်သည်။
"ထပ်ရှိသေးလား"
ဧကရီက မေးမြန်းလိုက်သောအခါ ကျန်ရှိသော အရာရှိများ တုံ့ဆိုင်းနေကြပြီး နောက်ဆုံးတွင် သူမကို ဦးညွှတ်ကာ နောက်ဆုတ်သွားကြ၏။
"ကောင်းပြီ"
သူမ ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ပြီး လက်ကောက်ဝတ်ကို အသာအယာ လှုပ်လိုက်သောအခါ ဧရာမ ခေါင်းလောင်းကြီးဖြစ်သော ကောင်းကင်နယ်မြေ၏ ရတနာ ရှေးဦးခေါင်းလောင်းသည် ဘုန်းခနဲ ဆင်းသက်လာပြီး မဟာကျောင်းတော် သူတော်စင်နှင့် ထောက်ခံသူများကို အုပ်မိုးသွားခဲ့သည်။
"ခင်ဗျား ဘာလုပ်နေတာလဲ"
ဟန်ကျင်းလီ အော်ဟစ်နေစဥ် ရုတ်တရက်ဆန်လွန်းစွာဖြင့် အဆုံးမရှိသော မိုးကြိုးနှင့် မီးတောက်များ ခေါင်းလောင်းအတွင်း၌ ပေါက်ကွဲထွက်လာခဲ့သည်။ ခေါင်းလောင်းအတွင်းမှ ကြောက်မက်ဖွယ် အော်ဟစ်သံများနှင့် ကျိန်ဆဲသံများ ပဲ့တင်ထပ်ကြားနေရသောကြောင့် ခန်းမအတွင်းရှိ လူတိုင်း ရဲချင်းထျန်းအပါအဝင်၊ အံ့ဩတကြီး ဖြစ်ကုန်ကြရာနေရာတစ်ခုလုံးတွင် လုံးဝ တိတ်ဆိတ်သွားခဲ့သည်။
အရုဏ်တက်နတ် ဧကရီသည် တည်ငြိမ်စွာ ထိုင်နေပြီး မျက်ဝန်းများ မှိတ်ထားကာ လက်ချောင်းများဖြင့် ပလ္လင် လက်တင်တန်းပေါ်တွင် စည်းချက်ကျကျ ခေါက်နေသည်။
တောက် တောက် တောက်
ခေါက်သံ တစ်ချက်တိုင်းတွင် နန်းတော်တစ်ခုလုံး တုန်ခါသွားကာ ကိုးဆယ့်ကိုးကြိမ်မြောက်တွင် သူမက တစ်ချက်ပြုံး၍ ကြေညာလိုက်သည်။
"ဟင်း ကျက်ပြီ။ မဟာကျောင်းတော် သူတော်စင် ဟင်းရည်ကို ဘယ်သူ မြည်းစမ်းချင်လဲ"
ရှေးဦးခေါင်းလောင်းကို ဖွင့်လိုက်သောအခါ လူများအစား အမည်းရောင် ပြာပုံတစ်ခုသာ ကျန်ရှိတော့သည်။ သူမ၏ စူးရှသော အကြည့်က ရဲ ချင်းထျန်းထံ ကျရောက်သွားကာ မေးခွန်းထုတ်လိုက်ခြင်းပင်။
"သခင်ရဲ ဘိုးဘေးကျောင်းတော်ရဲ့ ကိုယ်စားလှယ်အနေနဲ့ အရင်ဆုံး မြည်းစမ်းကြည့်ချင်လား"
"အရှင်မရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒီလောက် ကောင်းမွန်တဲ့ အစားအစာမျိုးက အဓိပတိ စစ်သူကြီးချန်၊ ကျောက်ရွှမ်ကျန်းနဲ့ တခြား ပုဂ္ဂိုလ်တွေအတွက် ပိုသင့်တော်ပါလိမ့်မယ်။ ကျုပ်ကို ခွင့်ပြုပါဦး"
သူ၏ မျက်နှာသည် ပြာများထက် ပို၍ မည်းနက်သွားကာ အားတင်း၍ ရယ်မောလိုက်သည်။ ထို့နောက် နတ်ဧကရီကို ဦးညွှတ်ပြီး သူက နောက်ဆုတ်သွားသောအခါ မျက်နှာထားမှာ တင်းမာနေသော်လည်း ချွေးစေးများ နဖူးထက်တွင် မြင်သာနေ၏။ နန်းတော်အပြင် ရောက်သောအခါ သူက မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျောက်ကွယ်သွားသကဲ့သို့ ကျန်အရာရှိများသည်လည်း ခြေထောက်များ တုန်တုန်ရီရီနှင့် အလျင်အမြန် ထွက်ခွာသွားကြသည်။ ဘေးဘက် ခန်းမဆောင်တွင် ယွမ်ရှောင် အရာအားလုံးကို စောင့်ကြည့်နေခဲ့ပြီး မဟာကျောင်းတော် သူတော်စင်၊ ဝန်ကြီး ဟန်ကျင်းလီ နှင့် အခြား အရာရှိများ ပြာဖြစ်သွားကြောင်း မျက်မြင်တွေ့ခဲ့ရ၏။
"ယွမ်ရှောင်ကို ဆင့်ခေါ်လိုက်"
နတ်ဧကရီက ခေါင်းလောင်းကို သိမ်းဆည်းရင်း လက်တစ်ချက်ယမ်းလိုက်ရာ လေပြင်းများတိုက်ခတ်လာ၍ ခန်းမအတွင်းရှိ ပြာနှင့် အညစ်အကြေးများ ချက်ချင်း ပြောင်စင်သွားကာ နေရာတစ်ခုလုံး သန့်ရှင်းစင်ကြယ်သွားသည်။ မကြာမီ အဖြူရောင်ဝတ်ထားသော လူငယ်တစ်ယောက် ဝင်ရောက်လာပြီး သူမ၏ ရှေ့တွင် ရပ်လိုက်သောအခါ ရွှေရောင်-အနီရောင် နဂါးဝတ်ရုံနှင့် ပုလဲကိုးလုံးဖြင့် တန်ဆာဆင်ထားသော သရဖူကို ဆင်မြန်းထားသည့် ဧကရီသည် မြင့်မားသော ပလ္လင်ပေါ်မှ သူ့ကို စိုက်ကြည့်နေခဲ့သည်။သူမက ရုတ်တရက် ထရပ်လိုက်ပြီး လှေကားထစ်များမှ ဆင်းသက်လာသောကြောင့် ရှည်လျားသော ဝတ်ရုံသည် နောက်တွင် ဒရွတ်တိုက် လိုက်ပါလာသည်။ သူမက ယွမ်ရှောင် အနားမှ ဖြတ်သွားသောအခါ မျက်နှာကို သွေးနီရောင် မိုးကြိုးလျှပ်စီးများဖြင့် ဖုံးကွယ်ထားသော်လည်း သူ ရင်းနှီးသော လှပသည့် ပုံရိပ်ကို ချက်ချင်းမှတ်မိနိုင်ခဲ့သည်။
"ဒီနေ့ မင်းရော ငါရော နှစ်ယောက်လုံး တစ်ကိုယ်ကောင်းဆန်ပြီး အသိဉာဏ်မဲ့တယ်လို့ သမုတ်ခံခဲ့ရတယ်"
သူမက ခန်းမ၏ ဝင်ပေါက်ရှေ့တွင် ရပ်တန့်ပြီး ကောင်းကင်နယ်မြေတစ်ဝိုက် ကျယ်ပြန့်သော ရှုခင်းကို စိုက်ကြည့်ရင်း စကားစလိုက်သည်။
"ဟုတ်တယ်"
"အင်မော်တယ် စစ်ပွဲအပြီးမှာ မျိုးနွယ်နှစ်ခုကြား စစ်ပွဲတစ်ခုကို ငါ စတင်မယ်။ နတ်ဆိုးတိုက်ကြီးကို ငါက တရားဝင် စစ်ကြေညာမယ်"
အရုဏ်တက်နတ် ဧကရီက တစ်လုံးချင်း ကြေညာလိုက်သည်။
"နားလည်ပါပြီ"
ယွမ်ရှောင်က လျင်မြန်စွာ ခေါင်းညိတ်ပြခဲ့၏။ တောက်ပသော နေရောင်အောက်တွင် ဧကရီသည် လက်နှစ်ဖက်ဆန့်ထုတ်၍ နံနက်ခင်း အလင်းရောင်ထဲတွင် ဝှေ့ယမ်းနေသဖြင့် သူ မြင်တွေ့ရသည်မှာ အရုဏ်တက်နေရောင်အောက်ရှိ သူမ၏ ခန့်ညားထည်ဝါသော ပုံရိပ်သာ ဖြစ်သည်။
"ငါတို့ရဲ့ သာမန်ပြည်သူတွေ ဒုက္ခခံစားခဲ့ရတာ အရမ်းကြာပြီ။ ဒီစစ်ပွဲကို အခု မတိုက်ရင် နောက်မျိုးဆက်က တိုက်ရလိမ့်မယ်။ မရေမတွက်နိုင်တဲ့ မျိုးဆက်တွေအတွက် သာယာဝပြောတဲ့ ခေတ်တစ်ခုကို လုံခြုံအောင်လုပ်ဖို့ တစ်စုံတစ်ယောက်က အရာအားလုံးကို စွန့်စားရမယ်။ တကယ်လို့ ငါသာ အောင်မြင်မှုတစ်ခု မချန်နိုင်ခဲ့ဘဲ သေဆုံးသွားရင် နောက်တစ်ခေတ်မှာ ငါ့လိုမျိုး ပါရမီရှင် နောက်တစ်ယောက် ရှိချင်မှ ရှိလိမ့်မယ်။ အဲ့ဒီအချိန်ရောက်ရင် ဘယ်တိုက်ပွဲမဆို ဆိုးရွားတဲ့ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်တယ်။ အခုက ငါတို့အတွက် သမိုင်းမှာ အခွင့်သာဆုံး အချိန်ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်ကလည်း ငါတို့ကို ကြီးထွားသန်မာဖို့ အခွင့်အရေး ပေးမှာ မဟုတ်ဘူး။ ငါတို့က ဒီမျိုးနွယ်ကို ဖယ်ရှားဖို့ အရင်ဆုံး ပြင်းပြင်းထန်ထန်နဲ့ ပြတ်သားစွာ ထိုးနှက်ရမယ်"
သူမက ဆက်ပြောလိုက်ပြီး အသံတွင် စိတ်ပိုင်းဖြတ်မှုများ ပဲ့တင်ထပ်နေကာ ယွမ်ရှောင်သည် နားလည်ကြောင်း ခေါင်းညိတ်ကာ ဖော်ပြလိုက်၏။
"ဒီစစ်ပွဲအတွက် ငါ့မှာ ဘာသေချာမှုမှ မရှိဘူး။ တကယ်လို့ ငါတို့ရဲ့ စစ်သည်တော်တွေနဲ့ အရပ်သားတွေကို စတေးရမယ်ဆိုရင် ငါလည်း သူတို့နဲ့အတူ သေဖို့ အသင့်ပြင်ထားတယ်။ သမိုင်းရဲ့ ရှုတ်ချပြစ်တင်မှု ကို ငါ တာဝန်ခံမယ်၊ ထာဝရ ကျိန်ဆဲခံရမယ် ဆိုရင်တောင်မှပေါ့။ ငါ့ရဲ့ မျှော်လင့်ချက်ဟာ ဒီစစ်ပွဲက နတ်ဆိုးတိုက်ကြီးကို သုတ်သင်ရှင်းလင်းပြီး လူသား နယ်မြေတွေကို ပြန်လည်ထူထောင်ရင်း မရေမတွက်နိုင်တဲ့ ခေတ်တွေအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးဖို့ပဲ။ ကြာရှည်ခံနိုင်မယ့် ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုအတွက် တချို့ စတေးမှုတွေက လိုကိုလိုအပ်တယ်"
အရုဏ်တက်နတ် ဧကရီသည် ထွက်ပြူစ နေမင်းကို ဖြည်းဖြည်းချင်း မျက်နှာမူလိုက်ရာ ၎င်း၏ ရောင်ခြည်များသည် သူမအပေါ်သို့ ရွှေရောင်အလင်းတန်းများ ဖြာကျစေသည်။
"ကောင်းကင်ဘုံရဲ့ ကံကြမ္မာအရ ငါ မွေးဖွားလာခဲ့တယ်။ ငါက မိန်းမတစ်ယောက်သာ ဖြစ်ပေမယ့် ငါ့ရဲ့ ခွန်အားတိုင်းကို ပြည်သူတွေအတွက် အသုံးပြုမယ်။ ငါတို့ နယ်မြေတွေရဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောမှုအတွက် ငါ့အသက်ကို ပေးဆပ်မယ်။ ဒါက ငါ့ကို သေဆုံးစေရင်တောင် နောင်တရမှာ မဟုတ်ဘူး။ သူတို့ရဲ့ အသက်ကို ပေးဆပ်ဖို့ ဆန္ဒရှိတဲ့ စစ်သည်တွေနဲ့အတူ ငါ ရပ်တည်ချင်တယ်၊ ငါတို့ရဲ့ အသက်နဲ့ခန္ဓာကို အားလုံးအတွက် ငြိမ်းချမ်းရေးလမ်းခင်းဖို့ အသုံးပြုရင်းပေါ့။ သမိုင်းကနေ ချီးကျူးမှု ဒါမှမဟုတ် အပြစ်တင်မှုတွေ ရလာရင်လည်း ငါ တစ်ယောက်တည်း ခံယူလိုက်မယ်"
"ဒီစစ်ပွဲမှာ အသက်ပေါင်းများစွာ စတေးခံရမှာဖြစ်လို့ ငါ ဂုဏ်မယူဘူး။ ရဲရင့်တဲ့ လူသား ဝိညာဉ်တွေ တမလွန်ဘဝမှာ ရည်ရွယ်ချက်မဲ့ လှည့်လည်သွားလာနေမှာကိုလည်း ငါ မလိုလားဘူး။ ဒါကြောင့် စစ်ပွဲ ပြီးဆုံးတဲ့အခါ ကံကောင်းလို့ ငါ အသက်ရှင်နေသေးရင် စစ်သည်တော်တွေကို တမလွန်ခရီးမှာ အဖော်ပြုပေးဖို့အတွက် ဓားတာအို ကျောက်တိုင်မှာ ငါ့ကိုယ်ငါ အဆုံးစီရင်မယ်"
သူမက စကားကို ခဏရပ်လိုက်ပြီး ယွမ်ရှောင်နှင့် အကြည့်ချင်းဆုံသောအခါ နူးညံ့သွားသည်။
"ယွမ်ရှောင်၊ ငါ မရှိတော့တဲ့နောက်မှာ မင်း ငါ့ရဲ့ တာဝန်ကို ဆက်ခံပြီး ပြည်သူတွေကို ကာကွယ်ပေးလိမ့်မယ်လို့ ငါ မျှော်လင့်ထားတယ်"
သူမက ခပ်တိုးတိုးရေရွတ်၍ အရေးတကြီး တောင်းဆိုလိုက်၏။
ကောင်းကင်နယ်မြေ၏ လမ်းများ စည်ကားနေသော်လည်း ပါးစပ်အဟောင်းသားဖြစ်လောက်သော တိုက်ပွဲတစ်ခုအပြီးတွင် သေမင်းတမန် တိတ်ဆိတ်မှုတစ်ခုသည် ဤ သေးငယ်သော လောကကို လွှမ်းခြုံထား၏။ ဤရက်က ကောင်းကင်နယ်မြေတွင် အသက်ဝင်ဆုံးနေ့ ဖြစ်ပြီး နတ်ဘုရားတိုက်ကြီးမှ ကျင့်ကြံသူများနှင့်အတူ နတ်ဆိုးတိုက်ကြီးမှ နတ်ဆိုး အမြောက်အများ ရောက်ရှိလာသောကြောင့် ရလဒ်အနေဖြင့် တည်းခိုခန်းများ၊ အရက်ဆိုင်များ၊ ဈေးဆိုင်များ နှင့် ဖျော်ဖြေရေးခန်းဆောင်များ ပြန်လည် ဖွင့်လှစ်လာကြသည်။ စိတ်ခံစားချက်မှာ ထူးဆန်းနေသော်လည်း လူများသည် မကြာသေးမီက တိုက်ပွဲအကြောင်း မရပ်မနား ပြောဆိုနေကြပြီး အရုဏ်တက်နတ် ဧကရီ၊ ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ် နှင့် ယွမ်ရှောင် ဟူသည် လူတိုင်း၏ နှုတ်ဖျားတွင် ရှိနေသော နာမည်သုံးခု ဖြစ်သည်။
ကောလဟာလအရ နတ်ဆိုးများကို မည်သည့် ပြဿနာမှ မရှာရန် တင်းကျပ်သော အမိန့်များ ပေးထားသည်ဟု ဆိုသော်လည်း သူတို့၏ သတ်ဖြတ်လိုစိတ်မှာ ထင်ရှားနေသည်။ သူတို့က မလှုပ်ရှားသေးသော်လည်း မျက်လုံးများရှိ ဒေါသ အရောင်အဝါသည် လူသားများကို အကြိမ်တစ်ထောင်ခန့် သတ်ဖြတ်ပြီးသကဲ့သို့ ထင်မှတ်စေသည်။ သို့ဖြစ်ရာ ကိုးကောင်းကင် အင်မော်တယ် စစ်တပ်နှင့် ကောင်းကင်နယ်မြေ အစောင့်များသည် မြို့ကို အုပ်စုဖွဲ့ ကင်းလှည့်နေရပြီ ဖြစ်သည်။
ကောင်းကင်နယ်မြေ အစောင့်တပ်သည် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အင်မော်တယ် စစ်တပ်မှ အငြိမ်းစား စစ်သားများဖြင့် ဖွဲ့စည်းထားသည်။ သူတို့သည် များသောအားဖြင့် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်ထက် ပိုမို အေးချမ်း၍ ငြိမ်သက်သော ဘဝများ ပိုင်ဆိုင်ထားကြသည်။ လမ်းများအထက်တွင် ကျားဖြူ သံချပ်ကာ ဝတ်ဆင်ထားသော စစ်သားများ ပြည့်နှက်နေကာ အရုဏ်တက်အင်မော်တယ်ပြည်ထောင်တစ်ခုလုံး ပြင်ဆင်နေကြောင်း သိသာ၍ ကောင်းကင်နယ်မြေကို တစ်ခုလုံး တပ်လှန့်ထားပြီး စစ်သားများ၏ မျက်နှာထားများ တင်းမာခက်ထန်နေကြ၏။ နတ်ဆိုးတိုင်းအပေါ် ကိုးကောင်းကင် အင်မော်တယ် စစ်တပ်က အမြဲမပြတ် စောင့်ကြည့်နေကာ ဤအင်အားစုသည် ဓားကျင့်ကြံသူ တစ်သိန်းထက် အရေအတွက် များစွာ သာလွန်ပုံရသည်။ ထိုအချိန်တွင် နန်းတော်မှ ထုတ်ပြန်လာသော အမိန့်တော်တစ်ခုသည် တိတ်ဆိတ်နေသော ကောင်းကင််နယ်မြေကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေခဲ့၏။
"တော်ဝင်အမိန့်အရ မဟာကျောင်းတော် သူတော်စင်၊ ရိုးရာ ဝန်ကြီး ဟန်ကျင်းလီ၊ နှင့် အခြား အရာရှိ နှစ်ဆယ့်သုံးဦးတို့သည် တော်ဝင်တရားရုံးတွင် နတ်ဧကရီကို မလေးမစား ပြုမူခဲ့ကြသည်။ သူတို့က ရှေးခေတ် ကောင်းကင်နယ်မြေ ပဋိညာဉ်ကို လျစ်လျူရှုခဲ့ကြပြီး အဇူရာသစ်ရွက် အင်မော်တယ်နတ်ပြည်ထောင်ကို ပြန်လည်ထူထောင်လိုသော ဆန္ဒများ ရှိနေကြပြီး ရှေးဦးခေါင်းလောင်းကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ကြသည်။ သူတို့က သစ္စာဖောက်မှုနှင့် အမိန့်မနာခံမှု စသော ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြသဖြင့် နတ်ဧကရီ အမျက်ထွက်တော်မူပြီး ဤ ပုဂ္ဂိုလ်များကို သေဒဏ် စီရင်တော်မူလိုက်သည်။ နိုင်ငံတော်အတွက် သူတို့၏ ယခင် အမှုထမ်းခဲ့မှုများကို ထောက်ထား၍ မိသားစုနှင့် မျိုးရိုး ကိုးဆက်ကို ချမ်းသာခွင့် ပေးတော်မူသည်။ အင်မော်တယ်နတ်ပြည်ထောင်ရှိ အရာရှိအားလုံး သတိထားကြပြီး လမ်းမှားမရောက်စေရန် သတိပေးလိုက်သည်။ အမိန့်တော် နာခံစေ"
ဘုန်း ဘုန်း ဘုန်း
ကိုးကောင်းကင် အင်မော်တယ် စစ်တပ်သည် တော်ဝင်အမိန့်တော်ကို ထုတ်လွှင့်ကြေညာရင်း ကောင်းကင်နယ်မြေ၏ ခမ်းနားသော လမ်းများတလျှောက် ချီတက်ကာ လူတိုင်းကြားသိစေရန် လှည့်လည်နေကြ၏။ သူတို့က ကြီးမားသော တံခွန်များကို မြှောက်ကိုင်ထားကြပြီး ၎င်းတို့အထက်တွင် အနက်ရောင် မှင်ဖြင့် အင်မော်တယ်နတ်ပြည်ထောင်၏ ရာဇဝတ်သား အရာရှိ နှစ်ဆယ့်သုံးဦး၏ နာမည်များကို ရေးသားထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အံ့ဩစရာကောင်းလောက်အောင် သိနိုင်သည်မှာ ကိုးဆယ်ရာခိုင်နှုန်းသည် ရဲ၊ မူ သို့မဟုတ် ဟန် ဟူသော မျိုးရိုးနာမည်များ ဖြစ်နေသဖြင့်အင်မော်တယ်နတ်ပြည်ထောင်တွင် အထက်တန်းလွှာ မျိုးနွယ်များ၏ အုပ်ချုပ်ရေးတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အာဏာကို သက်သေပြနေ၏။
"မဟာကျောင်းတော် သူတော်စင်က ပြည်ထောင်ကို သစ္စာဖောက်ခဲ့တာလား"
"သူတို့ နှစ်ဆယ့်သုံးယောက်လုံးက အရာရှိကြီးတွေပဲ"
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ကိုးကောင်းကင် အင်မော်တယ် စစ်တပ် ဖြတ်သန်းသွားစဉ် မင်သက်ရင်း တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေကြပြီး သူတို့၏ နှလုံးသားများ တုန်လှုပ်နေကြ၏။ နတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခြင်းနှင့် လူသားမျိုးနွယ် အရာရှိကြီးများကို သုတ်သင်ရှင်းလင်းခြင်း စသဖြင့်
အင်မော်တယ်နတ်ပြည်ထောင်၌ အရုဏ်တက်နတ် ဧကရီ၏ ယနေ့ လုပ်ရပ်များသည် ကြောက်မက်ဖွယ်ရာကောင်းလွန်းပြီး သူမ၏ အစီအစဥ်ကို နားမလည်နိုင်ခဲ့ကြပေ။ သူမက မျိုးရိုးနောက်ခံ သို့မဟုတ် အခြေခံအုတ်မြစ် မရှိသော မိန်းမတစ်ယောက်ဖြစ်သော်လည်း ကောင်းကင်နယ်မြေ၏ရတနာ ရှေးဦးခေါင်းလောင်း၏ အစွမ်းဖြင့် နန်းပလ္လင်သို့ တက်ရောက်ခဲ့သည်။ သူမက ကြီးမားသော အာဏာကို ကိုင်စွဲထားသော်လည်း ရဲ၊ မူ၊ နှင့် ဟန်မျိုးနွယ်များလက်အောက်၌ ထင်ရှားသော မိသားစုများနှင့် မျိုးနွယ်စု ဒါဇင်ပေါင်းများစွာ ရှိသည်။ ထိုမျိုးနွယ် တပည့်များနှင့် အထက်တန်းလွှာများသည် နတ်ပြည်ထောင်၏ အရေးပါသော ရာထူး ကိုးဆယ်ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားသဖြင့် ထင်ရှားသော ပုဂ္ဂိုလ် အများအပြားအား ယနေ့ ကွပ်မျက်လိုက်ခြင်းကို အဇူရာသစ်ရွက် နတ်ပြည်ထောင်ဟောင်း၏ အင်အားစုများက ငြိမ်ခံနေလိမ့်မည် မဟုတ်ချေ။ လူတိုင်း သိထားသည်မှာ အင်အားစုသုံးခုသာ အရုဏ်တက်နတ် ဧကရီနှင့် အမှန်တကယ် ရပ်တည်ကြပြီး အဓိပတိ စစ်သူကြီးချန်ရှောင် နှင့် ချန်မျိုးနွယ်တို့ ဦးဆောင်သော အင်မော်တယ်နတ်ပြည်ထောင်၏ စစ်တပ်၊ ဝိညာဉ်ရတနာနန်းတော် ဦးဆောင်သည့် အမျိုးမျိုးသော ကြီးမားသည့် ကုန်သည်စုပေါင်းအဖွဲ့နှင့် အင်မော်တယ်ပြည်ထောင် အနှံ့အပြား၌ စီးပွားရေး လုပ်ကိုင်နေသော ကုန်သည်အုပ်စုများနှင့် နောက်ဆုံးတွင် ကောင်းကင်နယ်မြေ၏ လူသစ်ကျင့်ကြံသူများ ဖြစ်ကြ၏။ လူသစ်ဟု ခေါ်ဆိုခြင်းသည် ကောင်းကင်နယ်မြေ၏ မူလဇာတိဖွားများ မဟုတ်သော်လည်း ကိုယ်ပိုင်ကြိုးပမ်းမှုများကြောင့် အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့သော ပုဂ္ဂိုလ်များကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် အောက်နယ်မြေမှ တက်ရောက်လာခဲ့သော စစ်ဘက်ဆိုင်ရာ ဝန်ကြီး ချီလန်ဖြစ်၏။
အသစ်ရောက်ရှိလာသူများသည် သူတို့၏ မူလဇာစ်မြစ် မည်သို့ပင်ဖြစ်ပါစေ၊ ကောင်းကင်နယ်မြေရှိ အထက်တန်းလွှာ မိသားစုများ၏ အတွင်းစည်းများထဲသို့ အမှန်တကယ် ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိပေ။ အကယ်၍ သူတို့သာ ထူးခြားသော အလားအလာကို ပိုင်ဆိုင်၍ အဆင့်မြင့်မြင့်သို့ တိုက်ခိုက်တက်ရောက်လာခြင်းမရှိလျှင် ဘဝအောင်မြင်မှုများ အကန့်အသတ်ရှိပေလိမ့်မည်။ ချီလန်ကဲ့သို့ လူတစ်ယောက်အတွက် အရုဏ်တက်နတ် ဧကရီထံမှ ချီးမြှောက်ခြင်း မရှိလျှင် လက်ရှိရာထူးသို့ လုံးဝရောက်ရှိနိုင်မည် မဟုတ်ချေ။
"အဇူရာသစ်ရွက် အင်အားစုက အရာရှိတွေ အသတ်ခံလိုက်ရပြီ။ သူတို့က ဒါကို ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူးဆိုတာ သေချာတယ်"
စစ်ဘက်နှင့် ကုန်သွယ်မှု အပြင် အဇူရာသစ်ရွက် အင်အားစုသည် အင်မော်တယ်နတ်ပြည်ထောင်၏ အရာရာတိုင်းနီးပါးတွင် လက်တံရှည်လျားပြီး အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး ကဲ့သို့ အမျိုးမျိုးသော ကဏ္ဍများကို လွှမ်းမိုးထားသည်။ သူတို့က မဟာကျောင်းတော်နှင့် ဘိုးဘေးကျောင်းတော်မှ စတင်၍ မဟာတာအို အိမ်တော်နှင့် အင်မော်တယ် ဌာနကြီး ခြောက်ခုအထိ အဖွဲ့ဝင် အများအပြားကို ထိန်းချုပ်နိုင်ကြ၏။ အင်မော်တယ်စစ်ပွဲ မတိုင်မီ အရုဏ်တက်နတ် ဧကရီသည် နတ်ဆိုးဧကရာဇ်တစ်ပါးကို ခေါင်းဖြတ်သတ်ခဲ့ပြီး ခြေတံလက်တံရှည်သော အဇူရာသစ်ရွက် အင်အားစုနှင့် တိုက်ရိုက် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ ထိုခဏအတွင်း လူတိုင်း စိတ်နှလုံးများ တုန်လှုပ်နေကာ နေရာတိုင်းမှ အန္တရာယ်များ အချိန်မရွေး ထွက်ပေါ်လာနိုင်ချေ ရှိလေ၏။
"မျှော်လင့်ထားတဲ့အတိုင်း အဇူရာသစ်ရွက် အင်အားစုက လက်တုံ့ပြန်လိမ့်မယ်။ သူတို့က မထင်ထားတဲ့ ထောင့်တိုင်းကနေ ထွက်ပေါ်လာနိုင်တယ်”