ဆူပူမှုများ
Vol. 14 Ch. 173
မဟာကျောင်းတော် သူတော်စင် သေဆုံးသွားကြောင်း သိလိုက်ရသည်နှင့် တပြိုင်နက် မဟာကျောင်းတော်တစ်ခုလုံး ဒေါသစိတ်ဖြင့် ပွက်လောရိုက်သွားကာ မကြာမီပင် အင်မော်တယ်ပြည်ထောင်၏ ထူးချွန်ထက်မြက်သော လူငယ်များ မဟာကျောင်းတော်မှ တသီတတန်းကြီး ထွက်လာကြသည်။ ထောင်ပေါင်းများစွာသော လူငယ်များသည် ကောင်းကင်နယ်မြေမှ အထက်တန်းလွှာ မိသားစုများ၏ အကောင်းဆုံး ရတနာများ ဖြစ်ကာ လမ်းမများပေါ်သို့ ရောက်ရှိလာကြပြီး မျက်နှာများ ဒေါသကြောင့် နီရဲနေကာ မျက်လုံးများတွင် မျက်ရည်များ ပြည့်နှက်နေပြီး ဖြောင့်မတ်မှန်ကန်သော စိတ်ဓာတ်မျိုးဖြင့် အော်ဟစ်ရင်း လှုံ့ဆော်နေသည်။
"ရာဇပလ္လင်ကို သန့်ရှင်းပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြ"
စနစ်တကျ စီစဉ်ထားသော ဤစကားတစ်ခွန်းသည် တော်ဝင်အမိန့်တော်ကို ဖုံးလွှမ်းသွားပြီး ကောင်းကင်နယ်မြေ၏ နေရာတိုင်းတွင် ပဲ့တင်ထပ်ကာ ကျင့်ကြံသူတိုင်း၏ နားတွင် စွဲထင်ကျန်ရစ်ခဲ့သည်။
ဤအဖွဲ့ကို ဦးဆောင်သူများမှာ မဟာကျောင်းတော်၏ နဂါးအဆင့်စာရင်းမှ ထူးချွန်ထက်မြက်သူများ ဖြစ်ကြပြီး ရဲရှင်းယင်နှင့် အခြားပါရမီရှင်များ သေဆုံးပြီးနောက် လူသစ်များစွာသည် ထိုစာရင်းတွင် အဆင့်တက်လာကြသည်။ ထိပ်ဆုံးနေရာကို ရယူထားသော ချန်ရီမှလွဲလျှင် ဆူပူရာ၌ ထိပ်ဆုံးအယောက်တစ်ရာတွင် အရေအတွက် ရှစ်ဆယ်ကျော် ပါဝင်ပြီး သူတို့သည် အင်မော်တယ်ပြည်ထောင်၏ အနာဂတ်ကို ကိုယ်စားပြုသော အရည်အချင်းရှိ လူငယ်ထောင်ပေါင်းများစွာကို ဦးဆောင်ခဲ့သည်။ ထို့ကြောင့် အနာဂတ်လူငယ်မျိုးဆက်သည် အဇူရာသစ်ရွက်အင်အားစု၏ ဦးနှောက်ဆေးခြင်းကို အတော်အတန် ခံထားရပြီဖြစ်သည်။
ဆူပူရန် ဦးဆောင်သူမှာ ဝန်ကြီးချုပ်၏သားဖြစ်ပြီး ယိုချင်ကျီဟု အမည်ရကာ လက်ရှိ နဂါးအဆင့်စာရင်းတွင် ဒုတိယနေရာ၌ ရှိပြီး ချန်ရီ၏နောက်တွင်သာ ဖြစ်၏။ ကောင်းကင်နယ်မြေရှိ သက်တမ်းအရင့်ဆုံး မိသားစုများထဲမှ တစ်ခုဖြစ်သော ကျော်ကြားသည့် ယိုမျိုးနွယ်သည် ဘိုးဘေးကျောင်းတော်၌ လေးစားဖွယ် နေရာတစ်ခုကို ရယူထားနိုင်သည်။ ယိုချင်ကျီသည် မိုးပြာရောင် အဝတ်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်ကို ဆံထုံးဖြင့် ရိုးရိုးရှင်ရှင်း ထုံးထားသော်လည်း အရပ်ရှည်ပြီး ခန့်ညားထည်ဝါသဖြင့် အင်မော်တယ်များအလား ကျက်သရေရှိသူ ဖြစ်၏။ သို့သော် သူ၏ မျက်လုံးများသည် လက်ရှိ၌ သွေးရောင်သန်းနေပြီး ဒေါသစိတ် ပြည့်နှက်နေကာ သူ၏အနောက်တွင် အင်မော်တယ်ပြည်ထောင်မှ ထောင်ပေါင်းများစွာသော ထူးချွန်လူငယ်များ လိုက်ပါလာကြပြီး ခိုင်မာလေးလံသော ခြေလှမ်းဖြင့် ချီတက်လာကြ၏။
"ရာဇပလ္လင်ကို သန့်ရှင်းပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းကြ"
ငယ်ရွယ်သော ကျင့်ကြံသူများက တညီတညွတ်တည်း ပြိုင်တူ ကြုံးဝါးလိုက်ပြန်သည်။
"မိတ်ဆွေတို့၊ ငါတို့ရဲ့ ငယ်ရွယ်တဲ့ နတ်ဧကရီဟာ ဆယ်ကျော်သက် ကလေးတစ်ယောက်သာ ဖြစ်လို့ သစ္စာမဲ့တဲ့ အကြံပေးတွေကြောင့် အလွယ်တကူ လှည့်စားခံရနိုင်တယ်။ ဒီလည်ဝယ်တဲ့ မကောင်းဆိုးဝါးတွေဟာ တရားရုံးကို ထိန်းချုပ်ထားပြီး ငါတို့ရဲ့ ရှေးဟောင်းအစဉ်အလာကို ဖျက်ဆီးနေကြတယ်။ သူတို့ဟာ ဆိုးယုတ်လှတဲ့ အကျိုးအမြတ်တွေအတွက် ငါတို့ရဲ အသက်တွေကို စတေးနေကြတယ်။ သူတို့ရဲ့ နှလုံးသားတွေဟာ မှောင်မိုက်ပြီး နတ်ပြည်ထောင်အပေါ် သစ္စာမဲ့တယ်"
ယိုချင်ကျီက အလေးအနက်ထားဟန်ဖြင့် လက်တစ်ဖက်ကို မြှောက်ကာ မိန့်ခွန်း စတင်ပြောကြားခဲ့သည်။
"ငါတို့ရဲ့ မဟာကျောင်းတော် သူတော်စင် မျိုးရိုးအဆက်ဆက်က နတ်ပြည်ထောင်ကို အမှုတော်ထမ်းခဲ့ကြပြီး ၎င်းရဲ့ ဘုန်းအသရေအတွက် သူတို့ရဲ့ အသက်ကိုတောင် စတေးခဲ့ကြတယ်။ ဒါပေမယ့် အခု ငါတို့က သစ္စာရှိတဲ့ အကြံဉာဏ်မျိုးပေးခဲ့ပေမယ့် ထာဝရ ပါးစပ်ပိတ်ထားရမယ့်ကိန်း ဆိုက်နေပြီ။ ဒီလိုအချိန်အခါမှာ ငါတို့လို ပညာရှင်တွေက တရားမျှတမှုနဲ့ ပြည်သူတွေအတွက် မရပ်တည်ရင် ငါတို့ရဲ့ ဂုဏ်သိက္ခာနဲ့ ဥပဒေက ဘယ်မှာလဲ"
ယိုချင်ကျီ၏ မျက်လုံးများ၌ မျက်ရည်များ စီးကျလာပြီး အသံက စိတ်ခံစားမှုများဖြင့် မာန်ပါပါ ပြင်းထန်နေ၏။ ထို့နောက် သူက လျင်မြန်စွာ ဒူးထောက်ကာ စုရုံးရောက်ရှိလာသော ပရိသတ် လူအုပ်ကြီးကို နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။
"ဒီအရပ်မှာရှိပြီး အသိဉာဏ်ရှိတဲ့လူသားအားလုံးကို ငါတောင်းပန်ပါတယ်။ အင်မော်တယ် နတ်ပြည်ထောင်အတွက် စဉ်းစားရင် ငါတို့ရဲ့အင်အားက မပြောပလောက်ပေမယ့် ပူးပေါင်းပေးကြပါ။ ပြည်သူတွေအတွက် တရားမျှတမှုကို တောင်းဆိုကြမယ်။ သစ္စာမဲ့တဲ့ ဒီလူဆိုးတွေကို ဖယ်ရှားပေးဖို့ ငါတို့ တောင်းဆိုရမယ်။ ဒီလိုမှသာ ငါတို့ရဲ့ ငယ်ရွယ်တဲ့ နတ်ဧကရီဟာ အမှန်တကယ် အမြင်မှန်ရလာလိမ့်မယ်။ ငါတို့ရဲ့ မွေးရပ်မြေအတွက် ဒီနေ့မှာ နောက်ဆုံး စတေးမှုအဖြစ် အားလုံး ပါဝင်ပေးကြပါလို့ တောင်းပန်ပါတယ်"
ထိုစကားအဆုံးတွင် အင်မော်တယ်ပြည်ထောင်မှ ထောင်ပေါင်းများစွာသော ထူးချွန်ထက်မြက်သူ လူငယ်များသည် သူနှင့်အတူ ဒူးထောက်လိုက်ကြ၏။
"သူပြောနေတဲ့ သစ္စာမဲ့ အကြံပေးက ဘယ်သူလဲ"
" ဒါက ချန်မျိုးနွယ်ရဲ့ အမြင့်ဆုံး စစ်သူကြီးကို ဆိုလိုတာ မဟုတ်လား။ ဒါဆို... ငါတို့လည်း သူတို့နဲ့ ပူးပေါင်းလိုက်ကြမလား"
"ငတုံးတွေ ဒီလောက် အရလား။ ဒီမဟာကျောင်းတော်က ပညာရှင်တွေ ဘယ်လိုလူမျိုးတွေဆိုတာ မင်းတို့ သိလို့လား။ သူတို့ကို ငါတို့နဲ့ တန်းတူလို့ ထင်နေကြတာလား။ သူတို့က ဆူဆူညံညံနဲ့ လူထုကို လှုံ့ဆော်ပြီးရင် ဇိမ်ခံဘဝကို ပြန်သွားကြလိမ့်မယ်။ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်က နှိမ်နင်းရင် ငါတို့က အရင်ဆုံး အသတ်ခံရလိမ့်မယ်"
"စကားအနည်းငယ်နဲ့ လှည့်ပတ်ရုံနဲ့ အယုံလွယ်တဲ့ လူမိုက်တွေလို့ ငါတို့ကို ထင်နေတာလား"
"ဒါပေမယ့် တချို့က တကယ်ထင်ပြီး စိတ်လှုပ်ရှားနေကြတယ်..."
လူအုပ်အကြားတွင် တီးတိုးစကားများ ပျံ့နှံ့လာပြီး အမြင်အမျိုးမျိုးရှိနေသော်လည်း ဤလူငယ်များ၏ ရည်ရွယ်ချက်က အမှန်ပင် အောင်မြင်ခဲ့သည်။ သို့သော် လူအများစု မဟုတ်ဘဲ
သူတို့နောက်တွင် နောက်လိုက်အနည်းငယ်သာ လိုက်ပါလာပြီး အများစုမှာ နောက်ခံ မျိုးနွယ်၏ သြဇာလွှမ်းမိုးမှုဖြင့် ရရှိခဲ့သော သူငယ်ချင်းများနှင့် အိမ်တော်ထိန်းအချို့သာ ဖြစ်သည်။ သူတို့၏ ခရီးစဉ်သည် ဒေါသတကြီး အော်ဟစ်သံများဖြင့် ပြည့်နှက်နေသော ဆူညံနေသည့် ပြပွဲတစ်ခုသာသာ ဖြစ်၏။ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်သည် သူတို့ကို အချိန်ကြာမြင့်စွာကတည်းက မြင်တွေ့ခဲ့သော်လည်း ဤအုပ်စုတွင် အင်မော်တယ်ပြည်ထောင်၏ အရင်းအမြစ်များကို အသုံးပြုခဲ့သော ထူးချွန်ထက်မြက်သည့် လူငယ်များ ပါဝင်နေသည်။ သူတို့က ငယ်ရွယ်သော်လည်း တစ်ဦးချင်းစီသည် အင်အားစုတစ်ခုချင်းစီကို ကိုယ်စားပြုကာ တရားမျှတမှုဟု အသံကောင်းဟစ်နေရုံသာရှိ၍ မည်သည့် အနှောင့်အယှက်မှ ကြီးကြီးမားမား မဖြစ်လာသေးသောကြောင့် ကိုးကောင်းကင် အင်မော်တယ်စစ်တပ်အနေဖြင့် စောင့်ကြည့်ရုံသာ တတ်နိုင်ပြီး အရေးယူရန် မဆင်မခြင် မလုပ်ရဲချေ။ ခြေတစ်လှမ်းမှားသွားလျှင် ကိုးကောင်းကင်စစ်တပ်သည် အင်မော်တယ်ပြည်ထောင်၏ အရည်အချင်းရှိသူများကို သတ်ဖြတ်နေသည်ဟူသော အကြောင်းပြချက်မျိုး ထွက်ပေါ်လာရန် အတပ်သေချာပြီး ကောင်းကင်နယ်မြေတစ်ခွင် ပိုမိုပွဲဆူလာစေရုံသာ ရှိပေသည်။ ထို့ကြောင့် မဟာကျောင်းတော်မှ ဤလူငယ်များ၏ အုံကြွမှုသည် ကောင်းကင်နယ်မြေတစ်ခွင်ရှိ ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။
မကြာမီပင် ဆူပူအုံကြွနေသော အင်အားသည် အရေအတွက် သိန်းနှင့်ချီ၍ တိုးပွားလာခဲ့ပြီး ကောင်းကင်နယ်မြေ၏ အဓိက လမ်းမများတစ်လျှောက် ချီတက်ကာ ရာဇဝတ်မှုများကို ထပ်ခါထပ်ခါ စာရင်းပြုစုခဲ့ကြသည်။ သူတို့သည် မည်သူ့ကိုမှ အမည်တပ်၍ မစွပ်စွဲသေးသော်လည်း အားလုံးသော လက်ညှိုးများက ကိုးကောင်းကင် အင်မော်တယ်တပ်မတော်၏ အမြင့်ဆုံး စစ်သူကြီးချန်ရှောင်ထံ တိုက်ရိုက် ညွှန်ပြနေသည်။ တော်ဝင်နန်းတော်မှ ချန်အိမ်တော်သို့ အပြန်လမ်းတွင် ယွမ်ရှောင်သည် ဤမြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။
"အတော်ရယ်ရတဲ့ ငကြောင်တွေ။ အရုဏ်တက်နတ် နတ်ဧကရီက သူတို့ရဲ့ မိဘတွေကို သတ်ဖြတ်ခဲ့တာလေ။ ဘာလို့ သူမကို ပစ်မှတ်မထားကြတာလဲ။ အဲဒီအစား မင်းရဲ့ ကံမကောင်းတဲ့ ယောက္ခမကို သူတို့က ဦးတည် တိုက်ခိုက်နေကြတယ်။ သူတို့မှာ ဦးနှောက်မရှိဘူးလား"
ကြယ်ပြာက ရယ်မောကာ ပြောလိုက်သည်။
"မဟုတ်ဘူး။ သူတို့က ထက်မြက်ပါတယ်။ အရုဏ်တက်နတ်ဧကရီမှာ ရှေးဦး ခေါင်းလောင်းရဲ့ ထောက်ခံမှုရှိပြီး သူမကို အုပ်ချုပ်သူအဖြစ် တရားဝင် ရပ်တည်ခွင့် ပေးထားတယ်။ ဘယ်ခြိမ်းခြောက်မှုကိုမဆို ဖယ်ရှားဖို့ သူမမှာ လုပ်ပိုင်ခွင့် ရှိတဲ့အပြင် သူမကိုယ်တိုင်လည်း အလွန် အစွမ်းထက်တယ်လေ။ သူတို့က သူမကို တိုက်ရိုက် မတိုက်ခိုက်နိုင်တော့ စစ်သူကြီးကို ပစ်မှတ်ထားကြတယ်။ သူတို့ရဲ့ အကြံအစည်က သူ့ကို ဂုဏ်သိက္ခာချပြီး နတ်ဧကရီရဲ့ ထောက်ခံသူ အင်အားကို အားနည်းစေဖို့ ရည်ရွယ်တယ်။ တကယ်လို့ စစ်သူကြီးအပေါ် ပြစ်မှုနဲ့ စွဲချက်တွေ များပြားလာတဲ့အချိန်မှာ သူမက သူ့ကို ဆက်ကာကွယ်နေမယ်ဆိုရင် ပြည်သူ့ယုံကြည်မှုကို ဆုံးရှုံးရလိမ့်မယ်။ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်ရဲ့ ထောက်ခံမှု မရှိတော့ရင် သူမက ကမ္ဘာကြီးတစ်ခုလုံးနဲ့ တစ်ယောက်တည်း အမှန်တကယ် ရင်ဆိုင်ရလိမ့်မယ်"
ယွမ်ရှောင်က ခေါင်းတစ်ချက်ယမ်း၍ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို ထောက်ပြလိုက်ခြင်းပင်။
"ဘာလို့ လူ့ဘုံက ဒီလောက် ရှုပ်ထွေးနေတာလဲ။ အကုန်လုံးကို သတ်ပစ်လိုက်ရင် ပြီးတာပဲကွာ"
ကြယ်ပြာက အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ကာ မှတ်ချက်ချသည်။
"မင်းပြောတာက ရိုးရှင်းတဲ့ ဖြေရှင်းနည်းပဲ။ ဒါပေမယ့် ခွန်အားအပေါ် မူတည်တယ်။ အရုဏ်တက်နတ်ဧကရီမှာ အဲဒီလိုအခွင့်အရေး လောလောဆယ် မရှိဘူး။ ပြီးတော့ မင်း သတိမထားမိဘူးလား။ ဒီဆူပူနေသူ အားလုံးက မျိုးနွယ်ကြီးတွေရဲ့ ဆက်ခံသူတွေဖြစ်ပြီး သူတို့ကို အင်မော်တယ်ပြည်ထောင်ရဲ့ အနာဂတ်လို့ ဆိုကြတယ်။ သူတို့ကို သတ်ပစ်လိုက်ရင် ပြည်သူတွေ ဒေါသထွက်သွားလိမ့်မယ်။ တကယ်တော့ လူတိုင်းဟာ နတ်ဆိုးတိုက်ကြီးရဲ့ ခြိမ်းခြောက်မှုအောက်မှာ အသက်ရှူကြပ်နေကြတာပဲ။ မဟာကျောင်းတော် သူတော်စင် နဲ့ ဟန်ကျင်းလီတို့လို သူတော်ကောင်းယောင်ဆောင်နေကြတဲ့ အရာရှိတွေဟာ အသက်အရွယ်ကြီးလွန်းလို့ပဲဖြစ်ဖြစ် အရည်အချင်းမရှိလို့ပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ အားလုံးရဲ့အထက်မှာ ရှိတယ်လို့ မြင်ကြပေမယ့် စကားများများ ပြောမိတဲ့အခါ အရုဏ်တက်နတ် အင်ပါယာဘုရင်မအတွက် အပြစ်ပေးဖို့ လိုအပ်တဲ့ အခွင့်အရေးကို ပေးလိုက်သလို ဖြစ်သွားတယ်"
ယွမ်ရှောင်က သက်ပြင်းတစ်ချက်ချ၍ အခြေအနေကို ရှင်းပြခဲ့ပြီး ရဲချင်းထျန်၊ ဝန်ကြီးချုပ်နှင့် အဇူရာသစ်ရွက် အင်အားစု၏ အခြားလူများသည် အင်အားမသေးလှပေ။ ရဲချင်းထျန်သည်လည်း သူ၏ မျိုးဆက်၌ ကျော်ကြားသော ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ပြီး ထိုစုပေါင်းအင်အားက အမှန်တကယ်ပင် အထင်ကြီးစရာကောင်းလှသည်။ ထို့အပြင် သူတို့သည် ခရမ်းရောင်ကောင်းကင် အင်မော်တယ်ပြည်ထောင်မှ ခရမ်းရောင်ဧကရာဇ်၏ ထောက်ခံမှုကိုလည်း ရရှိထားသည်။
"နောက်ဆုံးတော့ မင်းရဲ့ မိန်းမက ဒီအင်မော်တယ်ပြည်ထောင်မှာ နောက်ခံအုတ်မြစ်အပိုင်းမှာ အရမ်းအားနည်းနေတာပဲ"
ကြယ်ပြာက မှတ်ချက်ချသည်။
"ဒီအင်မော်တယ်ပြည်ထောင်က မူလက ရဲတော်ဝင်မိသားစု အပိုင်ဖြစ်ပြီး သူမက အတင်းအဓမ္မ ဝင်ရောက်ခဲ့တာမလား။ အကြီးမားဆုံး ဟန့်တားနိုင်စွမ်းက သူမရဲ့ တိုက်ခိုက်ရေးစွမ်းရည် မဟုတ်ဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ နောက်ခံအကြောင်းတွေပဲ။ ဒီနေ့မှာ သူမဟာ ထာဝရ ပျော်ရွှင်မှု နတ်ဆိုးဧကရာဇ်ကို သတ်ပြီး မဟာကျောင်းတော် သူတော်စင်ကို ရဲရဲတင်းတင်း သုတ်သင်လိုက်တဲ့အတွက် တခြား နတ်ဆိုးဧကရာဇ်တွေနဲ့ လူသားဧကရာဇ်တွေရဲ့ စိတ်ထဲမှာ သူမရဲ့နောက်ကွယ်က ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားကြီးနောက်ခံအကြောင်း နောက်တစ်ကြိမ် ထင်ကြေးအမျိုးမျိုးနဲ့ ခန့်မှန်းကြလိမ့်မယ်လို့ ငါထင်တယ်"
ယွမ်ရှောင်က ရယ်မောလိုက်ပြီး
ချန်ရီသည် သရုပ်မှန်ကို ဖုံးကွယ်၍ နတ်ဧကရီအဖြစ် ခြေလှမ်းတစ်ခု ရဲရင့်စွာ လှမ်းခဲ့သည်။ သူမသည် စစ်သူကြီးချန်ရှောင်၏ သမီးဖြစ်ကြောင်း အပြင်လူများ သိသွားလျှင် ရာဇပလ္လင်ကို သိမ်းပိုက်သည့်အခိုက်အတန့်တွင်ပင် စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ပေလိမ့်မည်။
" ငါ နားမလည်နိုင်ဘူး။ ဒီနေ့ အစ်ကိုကြီးရဲ့ မိန်းမက အထင်ကြီးစရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့တာ မဟုတ်ဘူးလား။ ရဲချင်းထျန်နဲ့ မဟာကျောင်းတော် သူတော်စင်တို့လို လူသားတွေက သူမနဲ့ ပူးပေါင်းပြီး အခြား အင်မော်တယ်ပြည်ထောင်တွေနဲ့ မဟာမိတ်ဖွဲ့လိုက်ရင် နတ်ဆိုးတိုက်ကြီးကို အတူတကွ နှိမ်နင်းလို့ ရတယ်မလား။ သူမ အင်အားကြီးမှန်း လူတိုင်းသိပေမယ့် သူမကို ဖိနှိပ်ချင်နေကြတယ်။ ဒါက ငါ့လိုငတုံးရဲ့ အမြင်မှာတောင် မမိုက်မဲလွန်းဘူးလား"
လနီက ညည်းညည်းညူညူဖြင့် ဝင်ပြောလိုက်၏။
"ဟားဟား၊ ဒါဆို မင်းက ငတုံးဆိုတာ ဝန်ခံတယ်ပေါ့"
ကြယ်ပြာက ရယ်မောသည်။
"ဒီလို လုပ်ရတဲ့ အကြောင်းအရင်းကို မင်းနားလည်လား"
"သူတို့က သူမကို ဖိနှိပ်ချင်နေတာ မဟုတ်ဘူး။ သူတို့က သူမကို တကယ်ကို ကြောက်နေကြတာကွ။ တကယ်လို့ စစ်ပွဲဖြစ်ပြီး ကောင်းကင်နယ်မြေရဲ့ လူသားတွေ အနိုင်ရသွားရင်သူတို့ ကြောက်လန့်တုန်လှုပ်သွားလိမ့်မယ်"
"ဘာလို့လဲ"
လနီက လုံးဝ နားမလည်နိုင်ဟန်ဖြင့် တွေဝေသွားသည်။
"ဘာလို့လဲဆိုတော့ သူတို့က လက်စားချေခံရမှာမှာကို ကြောက်လို့လေ။ မျိုးဆက်ပေါင်းများစွာ သူတို့က နတ်ဆိုးတွေနဲ့ ပူးပေါင်းပြီး လူသားတွေကို ခေါင်းပုံဖြတ် အနိုင်ကျင့်ခဲ့ကြတယ်။ သူတို့က လူသားတွေဖြစ်ပေမယ့် အတွင်းစိတ်မှာ နတ်ဆိုးတွေလိုပဲ။ စစ်ပွဲဖြစ်ပြီး လူသားတွေ ရှုံးနိမ့်ရင် သူတို့ ပျော်ရွှင်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့နဲ့ သူတို့ရဲ့ အဆက်အနွယ်တွေဟာ ကောင်းကင်နယ်မြေမှာ ဇိမ်ခံဘဝနဲ့ ဆက်နေထိုင်ပြီး သာမန်လူသားတွေအပေါ် ဂုတ်သွေးစုပ်နေဦးမှာပဲ။ ဒါပေမယ့် လူသားတွေ အနိုင်ရသွားရင် သူတို့ရဲ့ဘဝက ကံဆိုးမိုးမှောင် ကျလိမ့်မယ်။ နတ်ဆိုးတွေ ချေမှုန်းခံလိုက်ရရင် သူတော်ကောင်းဟန်ဆောင်ထားတဲ့ ဒီသစ္စာဖောက်တွေဟာ ပိုဆိုးတဲ့ ကံကြမ္မာကို ရင်ဆိုင်ရလိမ့်မယ်။ ငါသာ ချန်ရီဆိုရင် သူတို့ရဲ့ မျိုးနွယ်တစ်ခုလုံးကို သုတ်သင်ရှင်းလင်းပစ်ပြီး အစအနလေးတောင် ပြန်ပေါ်မလာအောင် သေချာအဆုံးသတ်ပစ်လိုက်မယ်"
ကြယ်ပြာက အေးစက်စက် ရှင်းပြလိုက်ခြင်းဖြစ်၏။
"စစ်ပွဲပြီးရင် လက်စားမချေဘူးလို့ ကတိပေးပြီး ဟန်ဆောင်လှည့်စားလိုက်ရင်ရော ဘယ်လိုလဲ"
လနီက တစ်ချက်တွေး၍ ပြောသည်။
"လူမိုက်၊ မင်းတောင် အဲဒါကို ယုံလို့လား"
"ယုံတယ်လေ"
လနီ၏ ခပ်တုံးတုံး အဖြေစကားကြောင့် ကြယ်ပြာက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
"အဓိကကတော့ အဇူရာသစ်ရွက်အင်အားစုနဲ့ ဒီလူတွေဟာ မိုက်မဲတာမဟုတ်ဘူး။ သူတို့က အားလုံးကို သိတယ်၊ သူတို့ကိုယ်တိုင် လုပ်ထားတဲ့ မကောင်းမှုတွေကိုတောင် သိနားလည်ကြပေမယ့် မျိုးဆက်ပေါင်းများစွာ နတ်ဆိုးတွေနဲ့ ယှဥ်တွဲပေါင်းသင်းပြီး အကျိုးအမြတ်အတွက် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားကြတယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ကိုယ်ကျိုးရှာမှုကြောင့် ဖြစ်ပေါ်လာတာပဲ။ သူတို့ကို လူသားမျိုးနွယ်အတွက် တိုက်ခိုက်ပေးဖို့ မျှော်လင့်တာက လုံးဝ မဖြစ်နိုင်တော့ဘူး"
ယွမ်ရှောင်သည် ပြည်သူများကို လှုံ့ဆော်နေသော မဟာကျောင်းတော်၏ ကျောင်းသားများကို ကြည့်ရင်း သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။ လူသားများ သို့မဟုတ် နတ်ဆိုးများ မည်သူ အသက်ရှင်ကျန်ရစ်သည်ဖြစ်စေ အများဆုံး ဒုက္ခခံရသူများမှာ သာမန်လူသားများသာ ဖြစ်လေသည်။