ဒေါသထွက်နေသော အစွမ်းမရှိသည့် လူအုပ်
Vol. 14 Ch. 174
ယွမ်ရှောင် ကောင်းကင်နယ်မြေတွင် ရက်အနည်းငယ်မျှသာ နေထိုင်ခဲ့ဖူးသဖြင့် အင်မော်တယ်နတ်ပြည်ထောင်၏ လက်ရှိအခြေအနေနှင့် လျင်မြန်စွာ အကျွမ်းတဝင်ဖြစ်ရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
"ယခင်က အဇူရာ သစ်ရွက် အင်မော်တယ်နတ်ပြည်ထောင်မှာပဲ ဒီလို အရာမျိုး ရှိတာ မဟုတ်ဘူး။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်က ပိုတောင် ဆိုးဦးမယ်။ ဒါက အင်မော်တယ်နတ်ပြည်ထောင်တွေထဲမှာ နတ်ဆိုးတိုက်ကြီးအတွက် ရုပ်သေးရုပ်တစ်ခုလိုပဲ။ ကောလဟာလတွေအရ နတ်ဆိုးတွေက အဲ့ဒီမှာ ရာထူးနန္တရတွေကိုတောင် ပေါ်ပေါ်တင်တင် ရယူနိုင်တယ်တဲ့။ ဒါ့အပြင် သူတို့က သာမန်လူတွေကို နတ်ဆိုးတွေ စားသောက်ဖို့ နတ်ဆိုးတိုက်ကြီးဆီ ပို့ကြတယ်။ 'ယငရဲပြည်က ဟာလာဟင်းလင်းဖြစ်ပြီး နတ်ဆိုးအားလုံး ဒီရောက်နေတယ် ဆိုတဲ့ ဆိုရိုးစကား အတိုင်းပဲ"
ယွမ်ရှောင်က အေးစက်စက် ရေရွတ်လိုက်သောအခါ လနီသည် နားမလည်နိုင်ဟန်ဖြင့် ထပ်မေးလာခဲ့သည်။
"ငါ နားမလည်ဘူး။ ဘာလို့ ကိုယ့်လူမျိုးကို သစ္စာဖောက်ရတာလဲ။ ဘာ အကျိုးကျေးဇူး ရှိလို့လဲ"
"အကျိုးကျေးဇူးတွေက မရေမတွက်နိုင်အောင်ပဲ။ ပထမဆုံး၊ မင်းရဲ့ မျိုးဆက်တွေက နတ်ဆိုးတိုက်ကြီးကို မျက်နှာချိုသွေးသူတွေ ဖြစ်ရင် အထူးအခွင့်အရေးတွေကို ထာဝရ ခံစားနိုင်တယ်။ ဒုတိယ၊ နတ်ဆိုးတွေရဲ့ ထောက်ခံမှုနဲ့ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်က တခြားပြည်ထောင်တွေထက် အမြဲတမ်း ပိုပြီး အစွမ်းထက်ခဲ့တယ်။ ဒါက နတ်ဘုရားတိုက်ကြီးမှာ ထိပ်တန်း အင်မော်တယ်နတ်ပြည်ထောင်လို့တောင် ပြောနိုင်တယ်။ အရင် အဇူရာ သစ်ရွက် အင်မော်တယ်နတ်ပြည်ထောင်ကလည်း အကျိုးကျေးဇူး ရခဲ့တယ်။ ဒီနှစ်ခုကလွဲပြီး တခြား ပြည်ထောင် လေးခုက နတ်ဆိုးတွေကို ဦးညွှတ်ဖို့ ငြင်းဆန်ခဲ့တယ်။ သူတို့ရဲ့ ပြည်သူတွေက ပိုပြီး ငြိမ်းချမ်းစွာ နေထိုင်နိုင်ပေမယ့် အထက်တန်းလွှာ မျိုးနွယ်တွေကတော့ သိပ် အဆင်မပြေကြဘူးလေ"
ရှေးခေတ်တွင် နတ်ဘုရားတိုက်ကြီး၌ အင်မော်တယ်နတ်ပြည်ထောင် အရေအတွက်နည်းပါးပြီး ကောင်းကင်နယ်မြေသည် တစ်ခုတည်းသော မြို့တော် ဖြစ်ခဲ့သည်။ သို့သော် အချိန်ကာလ ပြောင်းလဲလာသည်နှင့်အမျှ၊ နတ်ဘုရားတိုက်ကြီးသည် အင်မော်တယ်နတ်ပြည်ထောင်များအဖြစ် ပိုင်းခြားခံလိုက်ရပြီး ခရမ်းရောင်ကောင်းကင်နဲ့ အဇူရာ သစ်ရွက် အင်မော်တယ်နတ်ပြည်ထောင်များ အသစ် ဖြစ်တည်လာကြ၏။ အထူးသဖြင့် အဇူရာ သစ်ရွက် အင်မော်တယ်နတ်ပြည်ထောင်က သီးသန့်စကြာဝဠာအတွင်း တည်ရှိပြီး ကောင်းကင်နယ်မြေကို ရရှိထားသောကြောင့် အားသာချက်တစ်ခု ဖြစ်၏။ မည်သို့ပင်ဖြစ်နေပါစေ ၎င်းသည် တစ်ချိန်က ရှေးဟောင်းပြည်ထောင်များ၏ မြို့တော် မဟုတ်ပါလော။
ခရမ်းရောင်ကောင်းကင်နှင့် တခြား ပြည်ထောင်များတွင် သီးသန့်စကြာဝဠာ လောကမျိုး မရှိသော်လည်း မြို့တော်များက နတ်ဘုရားတိုက်ကြီး၏ လုံခြုံရာနေရာများ၌ တည်ရှိနေဆဲဖြစ်ကာ အစွမ်းထက် ပုဂ္ဂိုလ်များလည်း မရှားပါးချေ။ အထူးသဖြင့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်ဖြစ်ပြီး သာမန် နိုင်ငံသားများက ပြည်ထောင် အစွန်းအဖျား၌ နေထိုင်နေရသော်လည်း အထက်တန်းလွှာ မျိုးနွယ်များမှ ပေါ်ထွက်လာသော ပါရမီရှင်များသည် အံ့ဩစရာကောင်းလောက်အောင် အရေအတွက် များပြားလှ၏။ ၎င်း၌ မည်သူပင်ဖြစ်ပါစေ မွေးဖွားလာသည့်အတိုင်း ကံကြမ္မာ သတ်မှတ်ခံထားရပြီး ထူးခြားသော ဇာတ်လမ်းမျိုး မရှိပေ။
"အင်မော်တယ်နတ်ပြည်ထောင် ခြောက်ခုရဲ့ အင်အားတွေနဲ့ အရုဏ်တက်နတ် ဧကရီ တကယ် ပေါင်းစည်းပြီး နတ်ဆိုးတိုက်ကြီးကို အခုချက်ချင်း စစ်ကြေညာရင်ငါတို့ နိုင်နိုင်မလား"
လနီက မေးလိုက်သည်။
"ဒါက ဖြစ်နိုင်ခြေ မရှိတော့ဘူး။ ရန်သူက အတွင်းထဲအထိ စိမ့်ဝင်ပြီးနေပြီ။ ငါတို့ရဲ့ လူသားအများစုကို လူပုံစံ နတ်ဆိုးတွေအဖြစ် ပြောင်းလဲပစ်လိုက်ပြီ"
ယွမ်ရှောင်က ခေါင်းတစ်ချက်ယမ်း၍ ထင်မှတ်ထားသည့်အတိုင်း ယိုချင်းကျစ် ဦးဆောင်သော မဟာကျောင်းတော်အုပ်စုနှင့် လူနှစ်သိန်းကျော် အရေအတွက်က စုဝေး၍ နန်းပလ္လင်ကို သန့်စင်ရန် ကြွေးကြော်အော်ဟစ်ရင်း ခမ်းနားထည်ဝါသည့် ဝိညာဉ်ရတနာနန်းတော်ရှေ့တွင် ရပ်နေကြ၏။
"ဝိညာဉ်ရတနာနန်းတော်က ကျောက်ရွှမ်ကျန်း၊ အဲ့ဒီ သစ္စာဖောက်က ဝန်ကြီးတွေနဲ့ ပူးပေါင်းပြီး ပစ္စည်းတွေကို မတန်တဆ ဈေးနှုန်းတွေနဲ့ ရောင်းချတယ်။ သူက ပြည်သူတွေဆီကနေ အမြတ်ထုတ်လို့ ငါတို့ အင်မော်တယ်နတ်ပြည်ထောင်ရဲ့ ကြွယ်ဝမှုတွေကို လုယက်ပြီး ကောင်းကင်နယ်မြေရဲ့ မြို့သူမြို့သားတွေကို ချွတ်ခြုံကျစေတယ်။ ဒီလောက် ယုတ်ညံ့တဲ့ လူတစ်ယောက်က ငါတို့ ပြည်ထောင်မှာ ချမ်းသာကြွယ်ဝမှုကို ဘယ်လိုလုပ် စုဆောင်းနိုင်ရတာလဲ။ သူ့ကို မတားဆီးနိုင်ရင် ငါတို့ရဲ့ ဂုဏ်သိက္ခာက ဘယ်မှာလဲ"
ယို ချင်းကျစ်က ထည်ဝါမြင့်မားသော အဆောက်အအုံကို ပြဇာတ်ဆန်ဆန် ညွှန်ပြပြီး ဟိန်းဟောက်လိုက်သောအခါ
သူ့နောက်ရှိ လူအုပ်၏ ဒေါသကို မီးလောင်ရာ လေပင့်ပေးလိုက်သလိုပင်။
"အတိအကျပဲ။ ဝိညာဉ်ရတနာနန်းတော်ရဲ့ ဈေးနှုန်းတွေက လမ်းဘေး ဓားပြတိုက်နေသလို မြင့်မားတယ်"
"သူတို့ရဲ့ အရည်အသွေးကလည်း ဆိုးဝါးလွန်းတယ်။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်က ပစ္စည်းတွေလောက် ဘယ်နေရာမှ မကောင်းဘူး"
"အမြတ်ကြီးစားသမား။ ပြည်သူတွေရဲ့ အသက်သွေးကြောကို စုပ်ယူနေတာ"
"သူ့ကို ဖမ်းချုပ်ရမယ်"
"ဒီနေရာကို ဝင်စီးကြ။ မင်းတို့ ရသမျှ မင်းတို့ဟာပဲ"
"အားလုံး ဖျက်ဆီးပစ်"
တစ်ခဏအတွင်း စိတ်အားထက်သန်နေသည့် အဖျက်သမား ကျင့်ကြံသူ နှစ်သိန်းက ဝိညာဉ်ရတနာနန်းတော်ဆီ ပြေးဝင်လာသောကြောင့် နန်းတော်၏ဧည့်သည်များ ထိတ်လန့်ကုန်သည်။
"ရပ်စမ်း။ မင်းတို့ ဝိညာဉ်ရတနာနန်းတော်ကို ဖောက်ဝင်ရဲရင် ငါတို့ကို အပြစ်မတင်နဲ့"
နန်းတော်၏ အစောင့် ထောင်ပေါင်းများစွာ ဝင်ပေါက်၌ စုရုံးလိုက်ကြသော်လည်း တစ့ဖက်အုပ်စု၏ ရိုင်းစိုင်းမှုနှင့် အရေအတွက်ကြောင့် မသက်မသာဖြစ်နေကြ၏။ အင်မော်တယ်နတ်ပြည်ထောင်၏ အထက်တန်းလွှာ မျိုးဆက်များလည်း ပါဝင်ပြီး အများစုက အမှန်တကယ်၌ ဝိညာဉ်ရတနာနန်းတော်၏ အထူး ဖောက်သည်များနှင့် ငွေအမြောက်အမြား သုံးရန် မျက်တောင်မခတ်တတ်သော ငွေသုံးကြမ်းသူများ ဖြစ်ကြသော်လည်း ဈေးနှုန်းအကြောင်းပြ၍ ဆူပူနေကြသည်။ လူအုပ်ကြီး ချဉ်းကပ်လာသောကြောင့် အစောင့်များက လက်နက်များ ထုတ်ဖော်၍ တိုက်ပွဲအတွက် အသင့်ပြင်ရုံသာ တတ်နိုင်သည်။ သို့သော် ထိုလက်နက်များက ရတနာများ ဖြစ်သောကြောင့် ထိုလူငယ်များ၏ မျက်လုံးများ လောဘမီး တောက်လောင်လာသည်။
"ငါတို့က အင်မော်တယ်နတ်ပြည်ထောင်ရဲ့ အနာဂတ်ပဲ။ ဝိညာဥ်ရတနာနန်းတော်ရဲ့ လက်ပါးစေတွေ ငါတို့ကို အစုလိုက်အပြုံလိုက် သတ်ပစ်လိုက်ရင် ပိုကောင်းတယ်။ တိုင်းပြည်က ပိုပြီး ဆူဆူပူပူဖြစ်လာမှာပဲ"
"ငါ့ကို သတ်။ လာစမ်းပါ၊ လုပ်လိုက်။ ငါ့ကို သတ်"
ထိုလူငယ်များက စိတ်အားထက်သန်၍ ကောက်ကျစ်စွာ ဉာဏ်များနေကြပြီး အရာရာကို ကြိုတင်ကြံစည်ထားကြောင်း သိသာနေရာ ဝိညာဉ်ရတနာနန်းတော်၏ အစောင့်များ ဆွံအကုန်သည်။ သို့သော် သူတို့က တစ်ယောက်ယောက်ကို ထိခိုက်စေမိလိုက်လျှင်ပင် ပြဿနာအစပျိုးရန် အကြောင်းပြချက် ဖြစ်နိုင်၍ အခက်ကြုံနေစဥ် ကျောက်ရွှမ်ကျန်းက နန်းတော်ဝင်ပေါက်၌ ပေါ်လာသည်။
မဟာ ဝိညာဉ်ရတနာ အတားအဆီးကို ဖွင့်လိုက်"
သူက တည်ငြိမ်စွာ အမိန့်ပေးလိုက်ကာ ခဏအတွင်း တောက်ပသော ရွှေရောင် ဒိုင်းကာတစ်ခုသည် နန်းတော်ကို လွှမ်းခြုံသွားပြီး၊ အပြင်လောကနှင့် ခွဲထုတ် ကာကွယ်ပေးခဲ့သည်။ သို့သော် ဆူပူအုံကြွနေသည့် ကျင့်ကြံသူ နှစ်သိန်းက ၎င်းကို တိုက်ခိုက်လာသောကြောင့် အသံများ တဘုန်းဘုန်းမြည်နေရာ နန်းတော်အတွင်းရှိ ဧည့်သည်များ တုန်ရီနေကြ၏။
" ဆူပူနေတဲ့ သောက် ကလေးတစ်သိုက်"
ကျောက်ရွှမ်ကျန်းက စိတ်ထဲမှ ကျိန်ဆဲ၍ နန်းတော်အတွင်းပိုင်းသို့ ဟန်ဆောင်အပြုံးတစ်ခုနှင့် ပြန်လှည့်သွားခဲ့သည်။
"လူကြီးမင်းများ၊ စိတ်ပူစရာ မရှိပါဘူး။ ကျေးဇူးပြုပြီး ခင်ဗျားတို့ စိတ်အေးလက်အေးနဲ့ စျေးဝယ်နိုင်ကြပါတယ်။ သူတို့က လူပြက်တွေသက်သက်ပါပဲ။ ဘွဲ့ထူးဂုဏ်ထူးတွေနောက်မှာ ပုန်းပြီး သွားလေရာမှာ ပြဿနာရှာနေကြတယ်။ ဒီကလေးတွေကို နည်းနည်းလောက် ဒေါသထွက်ခွင့် ပေးလိုက်ပါမယ်။ သူတို့ရဲ့ ဘိုးဘေးတွေကို ဧကရီက အပြစ်ပေးလိုက်လို့ ခွေးပေါက်လေးတွေ ဟောင်တာက မထူးဆန်းပါဘူး"
"ဒီကောင်တွေက ကျုပ်ကို အန်ချင်စိတ် ဖြစ်စေတယ်။ အင်မော်တယ်စစ်ပွဲအတွက် လူသစ်ကြိုဆိုပွဲကို အဲ့ဒီ လူတွေက ငါ့ကို ဖိတ်စာပို့ခဲ့သေးတာပဲ။ အဲ့ဒီ ကြိုဆိုပွဲက အောက်နယ်မြေရဲ့ ကျင့်ကြံသူတွေအပေါ် သူတို့ရဲ့ သာလွန်မှုကို ကြွားဝါဖို့ ပွဲတစ်ခုသက်သက်မို့လို့ ငြင်းလိုက်မိတာ ကံကောင်းတယ်"
လန့်ကော်က ရွံရှာဟန်ဖြင့် နှာခေါင်းတစ်ချက်ရှုံ့လိုက်၏။
"စိတ်မပူပါနဲ့၊ အင်မော်တယ်စစ်ပွဲက နီးကပ်နေပြီ။ ဒီလက်ပါးစေ ခွေးတွေက နတ်ဆိုးတွေအတွက် ရပ်တည်နေကြပေမယ့် ကံကောင်းစွာနဲ့ မင်းတို့ မျိုးဆက်မှာ နယ်မြေကိုးဆယ့်ကိုးခုကနေ ပါရမီရှင်တွေ အများအပြား ထွက်ပေါ်လာတာပဲ။ ကိုးကောင်းကင် အင်မော်တယ်စစ်တပ်၊ ချန်မျိုးနွယ်နဲ့ ဓားကျင့်ကြံသူတွေကလည်း အလားအလာရှိတဲ့ လူငယ် ပါရမီရှင်တွေကို ကင်းထောက် ရှာဖွေထားတယ်။ တခြား အင်မော်တယ်နတ်ပြည်ထောင် လေးခုရဲ့ ဖြောင့်မတ်တဲ့ စစ်သည်တွေနဲ့ နတ်ဧကရီ ဦးဆောင်တာကို ပေါင်းစပ်လိုက်ရင် မင်းတို့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဒီခွေးတွေနဲ့ နတ်ဆိုးတွေအောက် နိမ့်ကျမှာ မဟုတ်ဘူး"
ကျောက်ရွှမ်ကျန်းက လေးနက်စွာ ရှင်းပြကာ စိတ်မပူရန် ဖြောင်းဖြလိုက်၏။
"ဟမ် စစ်သူကြီးက ချန်မျိုးနွယ် တစ်ခုလုံး အင်မော်တယ်စစ်ပွဲကနေ လက်ရှောင်မယ်လို့ ပြောထားတယ်မလား"
လန့်ကော်က နားမလည်ဟန်ဖြင့် ရေရွတ်လိုက်၏။
"မင်း သူ့စကားတွေကို ယုံကြည်နေတာလား။ ချန်မျိုးနွယ်ရဲ့ အဓိက မျိုးဆက်တွေက သူတို့ အရည်အချင်းတွေကို ကိုးလွှာကောင်းကင် အင်မော်တယ်စစ်တပ်မှာပဲ သွေးကြတာ၊ ကောင်းကင်နယ်မြေကို ပြန်လာတယ်ဆိုတာ ရှားရှားပါးပါးပဲ။ သူတို့က နဂါးအဆင့်သတ်မှတ်ချက်မှာ ပါဝင်ဖို့ အရမ်း ပျင်းနေကြရုံပဲ။ ငါ့ကို ယုံထားလိုက်၊ အရေးကြုံလာရင် သူတို့က ဒီ စက္ကူကျားတွေထက် အများကြီး ပိုသန်မာတယ်ကွ"
"သူတို့ ထွက်သွားကြပြီ"
လန့်ကော်က အပြင်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်၏။
"သူတို့က ဝိညာဥ်ရတနာနန်းတော်က ထွက်သွားပေမယ့် ကိုးကောင်းကင်အင်မော်တယ် စစ်တပ် လှုပ်ရှားလာတဲ့အထိ နေရာတိုင်း ပြဿနာရှာကြဦးမှာပဲ"
ကျောက်ရွှမ်ကျန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကောင်းကင်နယ်မြေ၌ စီးပွားရေးရှစ်ဆယ်ရာခိုင်နှုန်းကို ထိုကျောင်းတော်သားများ၏ နောက်ခံမျိုးနွယ်များ ပိုင်ဆိုင်ကာ စျေးနှုန်းကြီးမြင့်ပေသည်။ ဝိညာဥ်ရတနာနန်းတော်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ တမင်သက်သက်ဖြစ်သော်လည်း အဓိကသော့ချက်က အင်မော်တယ်စစ်ပွဲဖြစ်သောကြောင့် အရေးသိပ်မပါလှချေ။
"အင်မော်တယ်စစ်ပွဲမှာ သူတို့ရဲ့ နည်းလမ်းဟောင်းတွေကို သုံးပြီး ဉာဏ်များဖို့ ကြိုးစားရင် ကြောက်မက်ဖွယ် အဆုံးသတ်နဲ့ ကြုံစေရမယ်"
လန့်ကော်က ဒေါသတကြီးဖြင့် လေးနက်စွာ ကတိပြုလိုက်သည်။
"ရဲ ရှင်းချန်နဲ့ ရဲ ရှင်းယင် မရှိလို့ လက်တွေ့မှာ သူတို့ရဲ့ ခွန်အား တစ်ဝက်လောက် အားနည်းသွားပြီ။ ဝန်ကြီးချုပ်ရဲ့ သား၊ ယို ချင်းကျစ်တောင် မင်းနဲ့ အဆင့် အတူတူလောက်ပဲ ရှိတယ်။ ဒါပေမယ့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်မှာ မင်း သတိထားသင့်တဲ့ ပါရမီရှင် နည်းနည်း ရှိတယ်။ နတ်ဆိုးတိုက်ကြီးရဲ့ သူတော်စင်အဆင့် နတ်ဆိုးမင်းသားတွေနဲ့ မင်းသမီးတွေနဲ့ လမ်းမှာ ဆုံခဲ့ရင်တော့ ထွက်ပြေးတာက အကောင်းဆုံးပဲ"
ကျောက်ရွှမ်ကျန်းက သတိပေးလိုက်ပြီး စိတ်မရှည်ခြင်းသည် ကြီးမြတ်သည့် အစီအစဉ်တွေကို ဖျက်ဆီးနိုင်သည်ဟူသော ဆိုရိုးအတိုင်း ကိုးကောင်းကင် အင်မော်တယ်စစ်တပ်သည် ထိုလူအုပ်ကို လျစ်လျူရှုထားခဲ့သည်။ အခြားဆိုင်များသည်လည်း သတင်းကြားပြီးနောက် ဉာဏ်ရှိရှိဖြင့် တံခါးတွေကို စောစော ပိတ်ကာ လုံခြုံရေးကို ဦးစားပေးခဲ့ကြ၏။ ဆိုင်မျက်နှာစာများ ဖျက်ဆီးခံခဲ့ရသော်လည်း အဖိုးတန်ပစ္စည်းများ မပါဝင်သောကြောင့် ဆုံးရှုံးမှု မကြီးမားခဲ့ပေ။
"ဒီ လူရမ်းကားတွေက သူတို့ မှန်းထားသလောက် ပြဿနာတက်အောင် မလုပ်နိုင်ကြဘူး။ ဒီစောက်ပေါ သခင်လေးတွေက ကောင်းကင်နယ်မြေ ပြည်သူတွေရဲ့ ထောက်ခံမှု မရကြဘူး။ ကျင့်ကြံသူတွေက ငတုံးတွေ မဟုတ်လို့ သူတို့ရဲ့ ဟန်ဆောင်မှုတွေကို ထွင်းဖောက် မြင်နိုင်ကြတယ်"
ကောင်းကင်နယ်မြေ၏ အစစ်အမှန်ကျင့်ကြံသူများက နတ်ဧကရီကို စိတ်အားထက်သန်စွာ ထောက်ခံခဲ့သောကြောင့် ဆူပူမျိုးလောက်ဖြင့် သွေးမထိုးနိုင်ပေ။ ဤသို့ဖြင့် အဓိပ္ပာယ်မဲ့ အကြမ်းဖက် ဆူပူနေသော နေ့တစ်နေ့ ကုန်ဆုံးသွားကာ ထိုငကြောက်များသည် နေဝင်ချိန် နီးကပ်လာသည်နှင့်အမျှ ပျောက်ကွယ်သွားခဲ့သည်။ နန်းပလ္လင်ကို သန့်စင်ပစ်ရန် ကြွေးကျော်သံများမှာ အနှစ်မရှိ အဓိပ္ပါယ်မရှိသောကြောင့် သူတို့ စုဝေးနိုင်သည်မှာ ကပ်ဖားယပ်ဖားများနှင့် အုပ်စုလေးတစ်ခုသာ ဖြစ်၏။ အရုဏ်တက်နတ် ဧကရီသည် ထာဝရ ပျော်ရွှင်ခြင်း နတ်ဆိုးဧကရာဇ်ကို နေ့ခင်းကြောင်တောင် ကွပ်မျက်လိုက်သောအခါ သူမ၏ ဂုဏ်သတင်းက ကောင်းကင်အထိ မြင့်မားလာခဲ့သည်။ ဤဆူပူမှုများက ကြိုတင်ကြံစည်ထားခြင်းဖြစ်သော်လည်း သူမ၏လုပ်ဆောင်ချက် တစ်ခုတည်းဖြင့် မှေးမှိန်သွားကြရသည်။ ယွမ်ရှောင်က တစ်ချက်ပြုံး၍ စိတ်သက်သာရာရသွားကာ ယနေ့ အဖြစ်အပျက် အားလုံးအရ နတ်ဧကရီ၏အင်အားစုသည် ပြည်သူများ၏ စိတ်နှလုံးကို ရရှိထားကြောင်း သိသာနေသောကြောင့်ပင်။ ပြည်သူလူထုက အမြင်ကျယ်ပြီး မိတ်ဆွေနှင့် ရန်သူ၊ လူနှင့် လက်ပါးစေ ခွေးကို ခွဲခြားနိုင်သောကြောင့် ဤတိုက်ပွဲကို တိုက်ခိုက်ရန် စစ်မှန်သည့် အဓိပ္ပာယ်တစ်ခု ရှိနေခဲ့ပေသည်။
ချန်ကောင်းကင်အိမ်တော်ရှိ အခန်းသို့ ပြန်ရောက်သည့်အခါ သူက နံရံကို မှီလိုက်ပြီး ပြတင်းပေါက်မှ ဆန့်ထုတ်လိုက်သောအခါ ကိုယ်ပွားဖြစ်သော လနတ်သား၏ လက်တစ်ဖက်ရောက်ရှိလာခဲ့သည်။
"ဒီ ဖန်ဆင်းရှင် မိုးစက်က မြေဖြူအသားချပ်ဝတ်တန်ဆာလို့ ခေါ်တဲ့ လက်ဆောင်တစ်ခု ထုတ်ပေးလာတယ်။ ဒါက နည်းနည်းတော့ အော့အန်ချင်စရာ ကောင်းပေမယ့် ဆံပင်နဲ့ အမွှေးအတောင်တွေကို သိသိသာသာ အားကောင်းစေတယ်။ ငါ့ ဓားဝိညာဉ်က ဒေါင်းမင်းသားရဲ့ ခန္ဓာကိုယ်ကို အလွယ်လေး မထိုးဖောက်နိုင်ခဲ့တာက ဒါကြောင့်ပဲ"
ကိုယ်ပွားသည် ဤ ဖန်ဆင်းရှင်မိုးစက်ကို စုပ်ယူဝါးမျိုပြီးသည်နှင့် တပြိုင်နက် ရုပ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုက အဆပေါင်းများစွာ တိုးတက်လာပေလိမ့်မည်။ ယွမ်ရှောင်သည် သူ၏ ကိုယ်ပွားကို အင်မော်တယ်စစ်ပွဲမတိုင်ခင် ပိုမိုအားကောင်းလာစေရန် ရတနာများစွာ လက်လွှဲပေးလိုက်ပြီး နတ်ဆိုးအင်အားစုကို အတွင်းမှ မွှေနှောက်ပစ်ရန် ရည်ရွယ်ထားသည်။
"မနက်ဖြန်က စတင်ခြင်း အခမ်းအနားနေ့ပဲ။ နတ်ဆိုးသူတော်စင် ၁၀၈ ယောက်၊ နတ်ဆိုးဧကရာဇ်တွေ၊ အင်မော်တယ်နတ်ပြည်ထောင် ငါးခုရဲ့ ဧကရာဇ်တွေနဲ့ စစ်သည် ထောင်ပေါင်းများစွာ စုရုံးကြပြီး၊ ခမ်းနားတဲ့ ပွဲထွက်ခြင်းကို ပြုလုပ်ကြလိမ့်မယ်။ ငါ ဒီအချိန်ကို ကိုယ့်ကိုယ်ကို ပိုပြီး အားကောင်းအောင် လုပ်ဖို့ အသုံးချရမယ်"
ထို့နောက် သူက အရုဏ်တက်နတ်နန်းတော်ထံ တစ်ချက်လှမ်းကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထိုအချိန်၌ မွှေးပျံ့သော ကိုယ်သင်းနံ့တစ်ခု ရလိုက်သောကြောင့် လှည့်ကြည့်လိုက်ရာ ချန်ရီနှင့် မျက်လုံးချင်းဆုံသွားခဲ့သည်။
"ဒီနေ့ တစ်ယောက်ယောက်က ဧကရီနဲ့ သီးသန့် တွေ့ဆုံခွင့် ရခဲ့တယ်လို့ ကြားတယ်"
သူမက စနောက်လိုဟန်ဖြင့် ပြောလာခဲ့သည်။
"ဟုတ်သည်"
"ဘယ်သူက ပိုလှလဲ။ ဧကရီလား ဒါမှမဟုတ် ငါလား"
"သူမက မင်းထက် ပိုပြီး ဆွဲဆောင်အား ပြင်းတယ်"
သူက ပြန်လည် စနောက်လိုက်လေသည်။