ဂူသင်္ချိုင်း
Vol. 9 Ch. 121
ခြေတစ်လှမ်းမိုင်ချီ။ ထိုမှော်ပညာသည် လေဟာနယ်မှော်ပညာအနှစ်သာရအစစ်နီးပါး သဘောဆောင်သည်။ လူသုံးများသော်လည်း သင်ယူရန်ခက်ခဲသည်။ ထူးခြားသည့် ထိုးထွင်ဉာဏ်ပညာနှင့် ကံအခွင့်အလမ်းမရှိလျှင် မတတ်မြောက်နိုင်။
ကျွမ်းကျင်သွားလျှင်လည်း ကျယ်ပြန့်သည့် လောကတစ်ခွင် အလိုရှိရာ လွတ်လပ်စွာ သွားလာနိုင်သည်။
“ဒါဆို ခုနနင်စိတ်ကူးထဲ မှန်းဆလိုက်တာ ကျောက်ကမ်းပါးအစွန်ပေါ့။ အတော်ထူးခြားတဲ့ နေရာကို ရွေးလိုက်တာပဲ”
ထာဝရနတ်မယ် အံ့ဩနေသည်။ သူဝင်ပူးကပ်နေသည့်လူငယ်က ထိုမျှခက်ခဲသည့်မှော်ပညာကို ချက်ခချင်းတတ်သွားသည်။
“ဘာထူးခြားတာလဲ။ ရူးနေလား။ ကျုပ်တွေးလိုက်တာက ကောင်းကင်ဂိတ်တောင်ထိပ်ပါ။ ဒါက ဘယ်လိုနေရာကြီးလဲ”
ကျောက်ကမ်းပါးအလွန်က လေထဲသို့ ရုတ်တရက် ရောက်လာသည့်ဘယ်သူမဆို ထိတ်လန့်တုန်လှုပ်မည်သာဖြစ်သည်။
ထိုထက်ပိုဆိုးသည်က သူပြုတ်ကျနေသည်။
မြေပေါ်သို့ ခြေပစ်လက်ပစ်ကျလျှင် အနည်းဆုံး အရိုးတစ်ခြားအသားတစ်ခြား ဖြစ်သွားမည်။
“မြန်မြန်လုပ်၊ မြန်မြန်။ နင့်ခန္ဓာကိုယ်ကို ငါထိန်းချုပ်မယ်။ ငါနင့်ကိုကယ်မယ်”
ထာဝရနတ်မယ် မျက်နှာအကြီးအကျယ်ပျက်နေသည်။ လုယန်သာ မတော်တဆ သေသွားလျှင် သူ့ဝိညာဉ်လည်း ကြေမွပျက်စီးသွားနိုင်သည်။
ထိုမျှအရေးကြီးသည့်အချိန်တွင် မယုံကြည်ရသည့် ထာဝရနတ်မယ်ကို လုယန် အားမကိုးရဲပါ။ ကျသည့်အရှိန်က မြန်သထက်မြန်လာသည်။ မြေပေါ်သို့ ဘေးကင်းကင်းဆင်းနိုင်ဖို့ နည်းလမ်းရှာရမည်။
အသက်ကိုအဝရှူ၍ စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ့ခြေထောက်အောက်တွင် အမှောင်ထုမှလွဲ၍ ဘာမှမရှိ။ ဘာကိုမှ မမြင်ရ။ အမြင့်ကြောက်သည့်စိတ်ကိုလည်း မတွေးအားတော့။
“ခြေတစ်လှမ်းမိုင်ချီ”
အသစ်လေ့လာထားသည့် မှော်ပညာကို အားကိုးလိုက်သည်။ မူလနေရာပြန်ရောက်အောင် သွားနိုင်လျှင် အကောင်းဆုံးရလာဒ်ဖြစ်လိမ့်မည်။
ပြုတ်ကျနေရာမှ လုယန် ချက်ချင်းပျောက်သွားသည်။
ကျောက်ကမ်းပါးအထက် လေထဲတွင် ပြန်ပေါ်လာသည်။
“...”
ယခု သူပြန်သွားနိုင်တော့မည့်ပုံမပေါ်။ သို့သော် မည်သို့ဖြစ်စေ သူ့စိတ်ထဲတွင် အရန်အစီအစဉ် ချထားပြီးဖြစ်သည်။
“ကိုယ်ချုံ့စွမ်းအား”
ခန္ဓာကိုယ်ကိုသာ သူချုံ့နိုင်သည်။ သူ့အဝတ်အစားများက မူလအရွယ်အစားတိုင်း ကျန်ခဲ့သည်။ သူ့ဝတ်စုံအနားစွန်းနှစ်ဘက်ကို ဖမ်းဆုပ်၍ ယာယီလေထီးအဖြစ်သုံးလိုက်သည်။ ကျသည့်အရှိန် နှေးသွားသည်။
“ဟူး...”
လုယန် သက်ပြင်းချလိုက်သည်။
မတ်စောက်သည့် ကျောက်နံရံနှစ်ခုကြားတွင် စိတ်မသက်မသာ သူကျဆင်းနေသည်။ သူစိတ်ပူနေဆဲဖြစ်သည်။ ဘာဆက်ဖြစ်လာဦးမည်မသိ။
“ဟိုမှာကြည့်လိုက်၊ ကျောက်ဖျာတစ်ခု ငေါထွက်နေတာရှိတယ်။ အဲဒီ့အပေါ်သို့ နင်ဆင်းလို့ရတယ်”
ထာဝရနတ်မယ် အော်ဟစ်သတိပေးသည်။
“ဘယ်မှာလဲ၊ ကျုပ်မမြင်ရဘူး”
လုယန် မျက်မှောင်ကျုံ့လိုက်သည်။
“ဘယ်ဘက်မှာပဲ။ ရောက်ခါနီးပြီ။ နင့်ဝိညာဉ်အာရုံက ငါ့လောက်ဝေးဝေးမမြင်နိုင်ဘူး။ ငါကနင့်ထက်ကြိုမြင်ရတယ်”
ထာဝရနတ်မယ် လမ်းညွှန်ရာဘက်သို့ လုယန်လိုက်သွားသည်။ အမှန်တကယ် ကျောက်ဖျာတစ်ခုပေါ် ရောက်သွားသည်။
ခိုင်မာသည့်မြေပြင်ခြေချနိုင်လိုက်သဖြင့် လုယန် စိတ်သက်သာရာရသွားသည်။
“နင်သုံးလိုက်တာ ခြေတစ်လှမ်းမိုင်ချီမှော်ပညာရော ဟုတ်ရဲ့လား”
ထာဝရနတ်မယ်က လုယန်ကို သင်္ကာမကင်းဖြစ်နေဟန်ဖြင့် ကြည့်သည်။ ထိုပညာကို သူအကြိမ်ကြိမ်သုံးဖူးသည်။ ယခုလိုအဖြစ်မျိုး တစ်ခါမှမကြုံဖူး။
“ဟုတ်တယ်ထင်တာပဲ”
လုယန် သိပ်တော့မသေချာလှ။ သို့သော် ကိုယ့်မှော်ပညာပါရမီကို နည်းနည်းသဘောပေါက်ထားပြီးဖြစ်၍ အမယွမ်ကျိအပေါ် အပြစ်အားလုံးပုံချ၍လည်း မဖြစ်။
သူနဲ့လည်း သက်ဆိုင်သည်။
“အနည်းဆုံးတော့ ဒါက လေဟာနယ်မှော်ပညာကောင်းတစ်ခုပါပဲလေ။ လေဟာနယ်ဖြတ်ကူးလို့ရတယ်”
လုယန် သူ့စိတ်သူ ဖြေသိမ့်လိုက်သည်။
ထို့ပြင် ခြေတစ်လှမ်းမိုင်ချီကို လေ့ကျင့်ရသည့် အကျိုးကျေးဇူးတစ်ခုလည်းရှိသည်။
လေဟာနယ်မှော်ပညာလေ့ကျင့်သည့် ဘုန်းကြီးများသည် ပညာတူရန်သူမျိုးကြုံမည်ကို ကြောက်ရွံ့ကြသည်။ ရန်သူများက ကိုယ်လေဟာနယ်ကူးမည့်နေရာကို ကြိုတင်ခန့်မှန်းနိုင်သည်။ အဆက်မပြတ် လိုက်လာနိုင်သည်။ အတော်အန္တရာယ်များသည်။
လုယန်အတွက် ထိုကိစ္စကို စိုးရိမ်စရာမလို။ သူဘယ်နေရာရောက်သွားမည်ကို သူကိုယ်တိုင်ပင် မသိသောကြောင့်ဖြစ်သည်။
“ဒါနဲ့...ကျုပ်တို့ ဘယ်နေရာကို ရောက်နေတာလဲ”
လုယန် ကောင်းကင်ကို မော့ကြည့်သည်။ ဘေးနှစ်ဘက်တွင် မတ်စောက်သည့်နံရံများသာရှိသည်။ ကောင်းကင်ပြာကို မျဉ်းကြောင်းလေးတစ်ခုအဖြစ်သာ မြင်ရသည်။ နေရာအတိအကျကို မခန့်မှန်းနိုင်။
တာအိုလမ်းစဉ်ဂိုဏ်းမှ ဘယ်လောက်ဝေးဝေးရောက်လာသည်မသိ။ အလယ်ပိုင်းတိုက်နယ်ထဲတွင် ရှိနေသေးသလားဆိုသည်ပင် သေချာမသိနိုင်။
“ဘယ်နေရာပဲရောက်ရောက် ကြောက်စရာမလိုပါဘူး။ ထာဝရနတ်မယ်ဆိုတဲ့ငါက နင့်ကိုကာကွယ်ပြီး လမ်းပြမှာပါ။ အမှားအယွင်းမရှိနိုင်ပါဘူး”
ထာဝရနတ်မယ် လုယန်ကို အားပေးနှစ်သိမ့်သည်။
လုယန်စိတ်ထဲတွင် ထိုမသေမျိုးကို အားကိုးသည်ထက် ကိုယ့်ကိုယ်အားကိုးသည်က ပိုစိတ်ချရလောက်သည်ဟု တွေးနေသည်။ မည်သို့ဆိုစေ သူက သူ့စွမ်းဆောင်ရည်အကန့်အသတ်ကိုသိသည်။ ထိုမသေမျိုးက မသိ။
“အထဲကို ဝင်ကြည့်ရအောင်။ လှိုဏ်ဂူတစ်ခု ဖြစ်မယ်ထင်တယ်”
ထာဝရနတ်မယ် အကြုံပြသည်။
“ကောင်းပြီလေ”
လုယန် ဂူထဲသို့ ဝင်လိုက်သည်နှင် ဂျိန်းခနဲ အသံတစ်ခုကြားလိုက်ရသည်။ သူ့နောက်ဘက်မှ တံခါးရွက်နှစ်ချပ် ပိတ်သွားခြင်းဖြစ်သည်။
လုယန် အံကိုကြိတ်၍ စွမ်းအားကုန်ထုတ်သုံးပြီး တံခါးကိုဖွင့်သည်။ သို့သော် မရ။ ဘယ်လိုပစ္စည်းမျိုးဖြင့် တည်ဆောက်ထားသည်မသိ။
ထာဝရနတ်မယ်က အလေးအနက်လေသံဖြင့်
“အားကုန်ခံမနေပါနဲ့။ ဒီတံခါးကို စွမ်းအားမြင့်တဲ့လူတစ်ယောက်က သန့်စဉ်ထားတာ။ အခြေတည်အဆင့်စွမ်းအားနဲ့ ဖွင့်လို့ရမှာမဟုတ်ဘူး”
တံခါးပိတ်သွားသဖြင့် အစကတည်းကမှောင်နေသည်ဂူက ပို၍ပင် မှောင်မည်းသွားသည်။ ဘာမှ မမြင်ရတော့။
လုယန် အလင်းရောင်ရအောင် ရသာသုံးမျိုးမီးတောက်ထုတ်သုံးရန်ပြင်နေချိန်တွင် ဘေးနှစ်ဘက်မှ ခပ်မှိန်မှိန်အလင်းများ ရုတ်တရက် တောက်ပလာသည်။
“ညပုလဲတွေလား”
ဂူအဝင်စင်္ကြန်လမ်းတစ်လျှောက် အလင်းတောက်နေသည့် ကျောက်တုံးများ စီတန်းနေသည်။
ညပုလဲဖြင့် အလင်းရောင်ဖန်တီးသည့် နည်းလမ်းမျိုး လုယန်ကြားဖူးသလိုလိုရှိသည်။
ဘယ်နေရာတွင် ကြားဖူးခဲ့သည်မသိ။
“အခု ဂူထဲကို သွားဖို့ပဲရှိတော့တယ်”
ဘာမှမရှိသည့် စင်္ကြန်လမ်းတစ်လျှောက် လုယန်၏ခြေသံများသာ ပဲ့တင်ထပ်နေသည်။ ခြောက်ခြားစရာလို ဖြစ်နေသည်။
စင်္ကြန်လမ်းအဆုံးတွင် ခံ့ညားထည်ဝါသည် စစ်သည်ရုပ်ထုတန်းနှစ်ခု တွေ့ရသည်။ မှော်လက်နက်မျိုးစုံ ကိုင်ထားကြသည်။ တစ်စုံတစ်ခုကို စောင့်ကြပ်နေသည့်ပုံမျိုးဖြစ်သည်။ စစ်သည်ရုပ်များအလယ်တွင် ကျောက်ကမ္ဗည်းတိုင်တစ်ခုရှိသည်။
“သေဆုံးသူအတွက် ထာဝရနားခိုရာ”
လုယန် ထိုနေရာနှင့် ဘာကြောင့်ရင်းနှီးသလိုဖြစ်နေသည်ကို ချက်ချင်းနားလည်လာသည်။
ဤနေရာသည် ဂူသင်္ချိုင်းတစ်ခုဖြစ်သည်။
သေဆုံးသူအတွက် ထာဝရနားခိုရာဟူသည် စာတန်းကို လူသားဂူသင်္ချိုင်းများတွင် တွေ့ရလေ့ရှိသည်။
လုယန် ကြောက်ချွေးပျံလာသည်။ ဂူသင်္ချိုင်းတစ်ခုထဲ ရောက်လာမည်ဟု သူလုံးဝမျှော်လင့်မထား။
“ဒါက ဂူသင်္ချိုင်းလား”
ထာဝရနတ်မယ် လေသံကိုတည်ငြိမ်အောင် ထိန်း၍ပြောသည်။ သို့သော် သူ့အသံနည်းနည်းတုန်နေသည်ကို လုယန်သတိထားမိသည်။
“ဟုတ်မယ်ထင်တယ်”
လုယန် ခေါင်းငြိမ့်လိုက်သည်။ ထူးခြားသည့်အရာတစ်ခုခုနှင့် ပတ်သက်မိပြီဟု ခံစားနေရသည်။
“ဂလု”
ထာဝရနတ်မယ်၏ တံတွေးမျိုချသံ ကြားလိုက်ရသည်။
လုယန် နည်းနည်းသဘောကျသွားသည်။
“နတ်မယ်၊ ခင်ဗျား သရဲကြောက်နေတာတော့ မဟုတ်ပါဘူးနော်”
“ဘယ်သူကလဲ..ဘယ်သူက ဒါမျိုးတွေကို ကြောက်မှာလဲ။ ငါက တော်ဝင်နတ်မယ်ပါ”
“ဒါပေမယ့် ခင်ဗျားအသံတွေ တုန်နေပါလား”
“အေးလို့ပါ”
“ခင်ဗျား ကိုယ့်ဘွဲ့နာမည်ကိုယ် မှတ်မိသေးလား”
“ထာဝရနတ်မယ်လေ”
“ဒီလိုနာမည်မျိုးဆိုရင် ဂူဖောက်လောကမှာ ခင်ဗျားကို ဖုတ်ကောင်ဘိုးဘေးတစ်ယောက် ဒါမှမဟုတ် ထူးခြားထင်ရှားတဲ့ ဖြစ်တည်မှုတစ်ခုလို့ သတ်မှတ်ကြမှာ။ ခင်ဗျားအတွက် ဘာကြောက်စရာရှိလို့လဲ”
သူ့ကိုကာကွယ်လမ်းပြမည်ဟု ပြောခဲ့သည့် ထာဝရနတ်မယ်စကားကို လုယန် ပြန်သတိရလာသည်။ တောင်စဉ်ရေမရကတိစကားများကို မယုံခဲ့မိသည်မှာ မှန်သွားသည်ဟု ခံစားမိလိုက်သည်။
“ကြောက်စရာမလိုပါဘူး။ ကျုပ်မှာ ဂူသင်္ချိုင်းတွေနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်ရှိတယ်”
လုယန် “ဂူဖောက်မှတ်တမ်း”စာအုပ်ကို ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်လိုက်သည်။ အရေပြားသရဲကိုသတ်ဖြတ်ပြီးနောက် ရှန်မိသားစုခေါင်းဆောင် ရှန်ကျုန်းထန်က လက်ဆောင်ပေးလိုက်သည့် စာအုပ်ဖြစ်သည်။
“ဒါက ဒီနေရာမှာ အသုံးတည့်လာမယ်လို့ ထင်မထားဘူး”
“ဪ..နင့်မှာ ဒီလိုရတနာမျိုး ရှိတယ်ပေါ့”
ထာဝရနတ်မယ်၏မျက်လုံးများ အရောင်လက်လာသည်။ ဂူသင်္ချိုင်းများနှင့် သရဲများကို ကြောက်သည့်စိတ်သည် “မသိမှု”မှ အရင်းတည်လာခြင်းဖြစ်သည်။
ဤစာအုပ်ရှိနေသည်ဖြစ်၍ သူတို့အကြောက်တရားများ များစွာလျော့ပါးသွားလိမ့်မည်။
“စာအုပ်ထဲမှာ ဘယ်လိုပြောထားလဲ ကြည့်ရအောင်။ ဒါက ဘယ်လိုဂူသင်္ချိုင်းမျိုးဆိုတာ ဖော်ပြထားလား”
နတ်မယ် တိုက်တွန်းသည်။
ထိုစာအုပ်ကိုရပြီးကတည်းက လုယန် တစ်ခါမှဖတ်မကြည့်ခဲ့။ ယခုစဖတ်လည်း နောက်မကျသေးပါ။
ပထမဆုံးစာမျက်နှာကိုဖွင့်၍ အသံထွက်ဖတ်လိုက်သည်။
“မဟာရှားရာဇဝတ်ဥပဒေပုဒ်မ ၅၃၂ အရ၊ သမိုင်းဝင်တန်ဖိုး၊ ဗိသုကာလက်ရာတန်ဖိုး သို့မဟုတ် ကျင့်ကြံမှုဆိုင်ရာတန်ဖိုးရှိသည့် ဂူသင်္ချိုင်းများကို တူးဖော်သည့် မည်သည့်သေမျိုး သို့မဟုတ် မည်သည့်ချီအဆင့်ကျင့်ကြံသူမဆို ငွေဒဏ်အပြင် သုံးနှစ်ထက်မနည်းသည့်၊ ဆယ်နှစ်ထက်မများသည့် ထောင်ဒဏ်ကို ကျခံစေရမည်။ ထိုထက်သေးငယ်သည့် ပြစ်မှုမျိုးအတွက် သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်နှင့်ငွေဒဏ်ကို ကျခံစေရမည်။
ထိုပြစ်မှုမျိုးကျူးလွန်သည့် အခြေတည်အဆင့်ကျင့်ကြံများအတွက် ချီကျင့်ကြံသူများအတွက် သတ်မှတ်ထားသည့် ပြစ်ဒဏ်၏နှစ်ဆကို ကျခံစေရမည်”
ဤစာအုပ်လည်း ဘာမှအားကိုး၍မရဟု လုယန်တွေးလိုက်သည်။
*****************************************************