အကဲဖြတ်မှော်ပစ္စည်း
Vol. 9 Ch. 122
“ဒါကဘာလဲ’
ထာဝရနတ်မယ် တွေးရကြပ်သွားသည်။ ရာဇဝတ်ဥပဒေအယူအဆကို သူမသိ။
ရှေးခေတ်က လူ့အသိုင်းဝိုင်းသည်။ သွေးဆက်ကိုလိုက်၍ မျိုးနွယ်စုများအဖြစ် ဖွဲ့စည်းသည်။ ပြစ်ဒဏ်ချမှတ်မှုများကို “မိသားစုဥပဒေ” သို့မဟုတ် “မျိုးနွယ်ဥပဒေ”ဖြင့် ဆောင်ရွက်သည်။ ဂိုဏ်းအဖွဲ့အစည်းပုံစံ ဆိုလျှင်လည်း “ဂိုဏ်းဥပဒေ”ဖြင့် ပြစ်ဒဏ်ပေးသည်။
နိုင်ငံဟူသည့် အယူအဆ မရှိ။ ထို့ကြောင့် နိုင်ငံ့ဥပဒေလည်းမရှိ။
သို့သော် သူဉာဏ်မနည်းပါ။ ရေးထားသည့်အကြောင်းအရာများအရ ရာဇဝတ်ဥပဒေ၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းမှန်းဆမိသည်။
သဘောတရားကို နားလည်ပါသည်။ သို့သော် ဂူဖောက်မှတ်တမ်း၏ ပထမဆုံးစားမျက်နှာတွင် ဘာကြောင့် ဥပဒေပုဒ်မများကို ဖော်ပြထားသနည်း။
လုယန် ချောင်းနှစ်ချက်ဆိုးလိုက်သည်။ အားလုံးကို သူထိန်းချုပ်နိုင်ပါသည်ဟူသည့်သဘောဖြစ်သည်။
“မလန့်ပါနဲ့ နတ်မယ်။ ကျုပ်တို့ခေတ်က စာအုပ်တွေက ဒီလိုပါပဲ။ ပြစ်မှုမကျူးလွန်ခင် ပြစ်ဒဏ်ကိုအရင်သိရမယ်ဆိုတဲ့ သဘောပါ။ ဒါမှ စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားလို့ရမယ်လေ”
“ဪ”
ထာဝရနတ်မယ်က လုယန်ကို သံသယမကင်းသေးဟန်ဖြင့် ကြည့်သည်။
ဒုတိယစာမျက်နှာတွင် ပို၍လေးနက်သည့် အကြောင်းအရာများပါသည်။ ဖုတ်ကောင်အမျိုးအစား၊ ခေါင်းတလားအစီအမံများ၊ ဂူသင်္ချိုင်းခန်းမပုံစံများ၊ အတွေ့ရများသည့် ထောင်ချောက်များ စသဖြင့်ဖော်ပြထားသည်။
နာမည်ကျော် ဂူဖောက်သူခိုး ရှန်ကျုန်းထန်ရေးထားသည့် အကြောင်းအရာများသည် တကယ်တန်ဖိုးရှိသည်။ လုယန်လိုအပ်သည်နှင့် ကွက်တိကျနေသည်။
“ဒီစစ်သည်ရုပ်တွေအကြောင်း ကြည့်ရအောင်...ဪ...ဒီမှာတွေ့ပြီ။ စစ်သည်ရုပ်ထုတွေဟာ မြေနှင့်သစ်သားကိုသုံးပြီး လုပ်ထားတယ်။ ခန္ဓာကိုယ်အပြည့်အစုံပါတယ်။ ဂူသင်္ချိုင်းမှာမြှုပ်နှံတဲ့ ပစ္စည်းတွေအဖြစ် အတန်းနှစ်တန်းခွဲပြီး နေရာချတယ်။ ဂူသင်္ချိုင်းအဝင်မှာ အဲလိုစစ်သည်ရုပ်ထုတွေတွေ့ရင် ချက်ချင်းထွက်ပြေးသင့်တယ်။ စစ်သည်တွေ အသက်ဝင်လာနိုင်တယ်တဲ့”
လုယန် မြင့်မားသည့်စစ်သည်ရုပ်ထုများကို ဖျတ်ခနဲ မော့ကြည့်သည်။ သူတို့မျက်လုံးများက အစိမ်းရောင်တောက်ပနေပြီး ကြီးမားသည့်လက်များကို သူ့ဆီဆန့်ထုတ်လာသည်။
“အခြေအနေမကောင်းလောက်ဘူးလို့ ထင်သားပဲ”
သူလျင်မြန်ဖျတ်လတ်၍ တော်သေးသည်။ အသားကင်ဆိုင်တွင် အလုပ်လုပ်ခဲ့သည့် ကျေးဇူးကြောင့်ဖြစ်သည်။ စစ်သည်ရုပ်ထုများ၏ တိုက်ခိုက်မှုကို အချိန်မီ ရှောင်နိုင်ခဲ့သည်။
နောက်ထပ်စစ်သည်ရုပ်ထုများ အသက်ဝင်လာသည်။ လုယန် နောက်ဆုတ်ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် လမ်းပိတ်နေသဖြင့် ဂူအတွင်းပိုင်းဆီသာ ထွက်ပြေးရသည်။
ထို့နောက် သူနောက်ပြန်လှည့်ကြည့်သည်။ စစ်သည်ရုပ်ထုများက မျက်လုံးစိမ်းဖြင့် စိုက်ကြည့်နေသည်။ သို့သော် မတိုက်ခိုက်ကြတော့။ သူတို့လှုပ်ရှားနိုင်သည့် အကျယ်အဝန်းက အကန့်အသတ်ရှိဟန်တူသည်။
ဂူအတွင်းပိုင်းသို့ ဝင်လာပြီးနောက် ကျဉ်းမြှောင်းသည့် စင်္ကြန်လျှောက်လှမ်းမှ ကျယ်ပြန့်သည့်နေရာတစ်ခုသို့ ရောက်လာသည်။ အလင်းရောင် အတော်မှိန်သည်။ သို့သော် အရာဝတ္ထုများကို ခပ်ရေးရေးမြင်နေရသည်။
“ပလောက်...ပလောက်..ပလောက်”
ပုံမှန်ရေစက်ကျနေသည့်အသံက ကျယ်ပြန့်သည့်ဂူနေရာတွင် ပဲ့တင်ထပ်နေသည်။ ထာဝရနတ်မယ် ထိတ်လန့်လာပြီး ခန္ဓာကိုယ်ကျုံ့လိုက်သည်။ လုယန်အခက်အခဲများ မြန်မြန်ကျော်ဖြန်ပြီး ထွက်ပေါက်ရှာနိုင်စေဖို့ သူဆုတောင်းနေသည်။
ကျယ်ပြန့်သည့် ဂူသင်္ချိုင်းထဲတွင် ရေစက်ကျသံနှင့် လုယန်၏ နှလုံးခုန်သံသာ လေထဲတွင် လွင့်ပျံနေသည်။ ကြက်သီးမွှေးညှင်းထချင်စရာပင်ဖြစ်သည်။
လုယန်လည်းကြောက်သည်။ ထို့ကြောင့် မွှေးညှင်းပေါက်များကို ပိတ်ထားဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုသို့လုပ်ထားလျှင် ကြက်သီးမွှေးညှင်းမထနိုင်တော့။
စာအုပ်ကို ငုံ့ကြည့်ပြီး ဂူသင်္ချိုင်းနှင့်ပတ်သက်သည့် အချက်အလက်များကို အမြန်လှန်ကြည့်သည်။
“ဖုတ်ကောင်။ ဂူဖောက်တဲ့အခါ အတွေ့ရများတဲ့ မကောင်းဆိုးဝါး။ အပြာရောင်ဖုတ်ကောင်၊ အဖြူရောင်ဖုတ်ကောင်၊ အစိမ်းရောင်ဖုတ်ကောင်၊ အမွှေးပွဖုတ်ကောင်၊ ဖုတ်ကောင်ပျံ၊ လေလွင့်ဖုတ်ကောင်၊ အိပ်နေတဲ့ဖုတ်ကောင်၊ မိုးခေါင်နတ်ဆိုး ဆိုပြီးခွဲခြားနိုင်တယ်။ ခရမ်းရောင်ဖုတ်ကောင်က ချီအဆင့်၊ အဖြူရောင်ဖုတ်ကောင်က အခြေတည်အဆင့်၊ အစိမ်းရောင်ဖုတ်ကောင်က ရွှေသန္ဓေအဆင့်...အဲလိုအဆင့်လိုက်သွားတယ်။
ဖုန်ကောင်တွေဟာ ယင်သဘာဝရှိတဲ့ သတ္တဝါဖြစ်တယ်။ ယန်ဓာတ်နဲ့ မီးတောက်စစ်ကို ကြောက်ကြတယ်”
သူစိတ်ဝင်တစားဖတ်နေစဉ် သူ့ပုခုံးပေါ်လက်တစ်ဘက် လာတင်သည်။ သူပုံမှန်အတိုင်း တွန်းဖယ်လိုက်သည်။
“ထာဝရနတ်မယ်၊ ခင်ဗျားမကြောက်ဘူးလား။ အခုထိ စနောက်နေနိုင်သေးတယ်ပေါ့”
ထာဝရနတ်မယ်က တစ်စုံတစ်ခုကို ကြောက်လန့်နေဟန်ဖြင့် တီးတိုးပြန်ပြောသည်။
“ငါက နင့်သိစိတ်နယ်မြေထဲမှာလေ၊ နင့်ပုခုံးကို ဘယ်လိုပုတ်နိုင်မှာလဲ”
ထိုအချိန်ကျမှ လုယန်သဘောပေါက်သွားပြီး အမြန်လှည့်ကြည့်လိုက်သည်။ ခရမ်းရောင်အရေပြားရှိသည့် ဖုတ်ကောင်တစ်စု သူ့နောက်သို့ လိုက်လာခြင်းဖြစ်သည်။ သူ့ပုခုံးကို ပုတ်သည့်ဖုတ်ကောင်က အဖြူရောင်အမွှေးအမျှင်များရှိသည့် ဖုတ်ကောင်ဖြစ်သည်။
“ခရမ်းရောင်နဲ့ အဖြူရောင်ဖုတ်ကောင်တွေ”
ဂူဖောက်မှတ်တမ်းထဲမှ စကားလုံးများကို ချက်ချင်းပြန်သတိရလာသည်။ ထို့ကြောင့် ရသာသုံးပါးမီးတောက်စစ်ကို မှုတ်ထုတ်လိုက်သည်။
ထင်သည့်အတိုင်းပင် ဖုတ်ကောင်များက မီးတောက်စစ်ကို ကြောက်လန်ကြသည်။ ရှေ့ဆက်မတိုးရဲကြ။
“ဒါမီးတောက်စစ်ပဲ၊ နင်က မီးတောက်စစ် တကယ်သုံးနိုင်တယ်ပေါ့”
ထာဝရနတ်မယ် တအံ့တဩ ပြောလိုက်သည်။ အခြေတည်အဆင့်တစ်ယောက် မီးတောက်စစ်ထုတ်နိုင်သည်ကို မကြားဖူး။
“ပြီးတော့ မီးတောက်ကလည်း သမာဓိမီးတောက်စစ်နှင့်တူတယ်”
လုယန်ကို ထာဝရနတ်မယ် အံ့ဩရပြန်သည်။ သမာဓိမီးတောက်စစ်သည် မီးတောက်စစ် ၁၀၈ မျိုးကြားတွင် လူသိများသည်။ ရွှေသန္ဓေအဆင့်တစ်ယောက် တတ်ကျွမ်းသည်ဆိုလျှင်ပင် အံ့ဩနေပြီဖြစ်သည်။ ယခု လုယန်က အခြေတည်အဆင့်ဖြစ်သည်။
လုယန် ဘာမှမပြောဘဲ ထူးထူးဆန်းဆန်း ပြုံးနေလိုက်သည်။ ပို၍အထင်ကြီးစရာပုံမျိုးဖြစ်လာသည်။
ရှေးဟောင်းမသေမျိုးတစ်ယောက်ကို အထင်ကြီးအောင်လုပ်နိုင်သည်မှာ အတော်ကျေနပ်စရာကောင်းသည်။
ရသာသုံးပါးမီးတောက်စစ်ဖြစ်ကြောင်း ဝန်ခံလိုက်လျှင် အားလုံးရေစုံမျောသွားသည်။
မည်သို့ဆိုစေ အားလုံးက မီးတောက်စစ်များဖြစ်သည်။ နီးစပ်သည်။
လုယန် နောက်ထပ် မီးတောက်စစ်မှုတ်ထုတ်လိုက်သည်။ မီးလုံးက သူ့ပုခုံးပေါ်တွင် ဝဲပျံနေသည်။ ဘေးပတ်လည်ကို အရောင်ဖြာထွက်၍ ပုန်းနေသည့်ဖုတ်ကောင်များကို တားဆီးသည်။
“ဂူသင်္ချိုင်းထွက်ပေါက်ကိုရှာဖို့ ပညာသုံးရသည့်အလုပ်ဖြစ်သည်။ ရှစ်မြှောင့်တြိဂံပြာကို ကိုင်ထားဖို့လိုသည်။ လက်နှစ်ဘက်နှင့် တည်ငြိမ်မှော်တံဆိပ်များလုပ်ပြီး “နဂါးကိုရှာ၊ ရွှေကိုခွဲခြား၊ တောင်တန်းလွှာကိုကြည့်၊ တစ်လွှာခြင်းစီက ထွက်ပေါက်ရှာဖို့အဟန့်အတားဖြစ်၏”ဟူသည့် မန္တာန်ကို ရွတ်ဆိုရသည်။
လုယန် စဉ်းစားသည်။ ရှစ်မြှောင့်တြိဂံ သို့မဟုတ် တည်ငြိမ်မှော်တံဆိပ်။
ကျောက်စိမ်းတံဆိပ်ထဲမှ တုတ်တစ်ချောင်းထုတ်ပြီး မြေပြင်ပေါ် ထောင်ထားလိုက်သည်။
“အမယွမ်ကျိ ကောင်းချီပေးပါ၊ အမယွမ်ကျိကောင်းချီးပေးပါ”
တုတ်ချောင်းက အရှေ့မြောက်ဘက်သို့ လဲသွားသည်။
သူ့ပင်ကိုယ်စရိုက်အရ သတိထားတတ်သူဖြစ်သည်။အတိတ်ဘဝက သင်္ချာပုစ္ဆာများ အဖြေမှန်မမှန် စစ်ဆေးနေကျဖြစ်သည်။ ယခု ကြောက်စရာဂူသင်္ချိုင်းတွင်ရှိနေသဖြင့် သူပို၍သတိထားရမည်။
တုတ်ချောင်းကို နောက်တစ်ကြိမ် ထောင်လိုက်သည်။ ယွမ်ကျိကို ဆုတောင်းသည်။ တုတ်ချောင်းက အရှေ့မြောက်ဘက်သို့ လဲသွားပြန်သည်။
သေချာသွားသည်။ ထွက်ပေါက်သည် အရှေ့ခြောက်ဘက်တွင်ရှိရမည်။
အတည်ပြုထားသည့်အဖြေသည် မမှားနိုင်။
“ဒါက ခေါင်းတလားခန်းလား”
တုတ်ချောင်းလမ်းညွှန်ရာအတိုင်း လိုက်သွားသည်။ အခန်းတစ်ခုတွေ့သည်။ ပင်မခန်းလား၊ ဘေးခန်းလား သေချာမသိ။
“စာအုပ်က ဘာပြောလဲ ကြည့်ရမှာပေါ့.....။ ပင်မခန်း(ခေါင်းတလားခန်း)နှင့် ဘေးခန်းများ၏ ကွာခြားချက်က ဖုန်းရွှေအနေအထားပေါ်မူတည်သည်။ ရှစ်မြှောင့်တြိဂံနှင့်လိပ်ခွံဖြင့် တွက်ချက်ရသည်။ အောက်ပါအတိုင်းလုပ်ဆောင်ရသည်....”
လုယန် ခေါင်းမူးသွားသည်။ ဖော်ပြထားသည့်နည်လမ်းများက လက်တွေ့မကျ။
“ဒါက ပင်မခန်းပါ”
ထာဝရနတ်မယ် ရဲရဲဝံ့ဝံ့ပြောသည်။
“ခင်ဗျားဘယ်လိုသိလဲ”
လုယန် အံ့ဩသွားသည်။ ဤတစ်ကြိမ်တော့ ထာဝရနတ်မယ်အားကိုးရသည်။
“ဝင်ပေါက်မှာ “ပင်မခန်း”လို့ ရေးထားတယ်လေ”
လုယန် တံခါးအပြင်ဘက်သို့ကြည့်သည်။ မှန်သည်။ “ပင်မခန်း”ဟု အလိုက်တသိရေးထားသည်။
ဖုတ်ကောင်များဖတ်ဖို့ ရေးထားသလားမသိ။
“ကြည့်ပါ၊ ပင်မခန်းထဲမှာ မြှုပ်နှံထားတဲ့ပစ္စည်းတွေ အများကြီးပဲ။ အားလုံးက ရတနာတွေပဲ”
ထာဝရနတ်မယ် ပြောလိုက်သည်။
လုယန် ငုံ့ကြည့်သည်။ မှန်သည်။ ရတနာများ နေရာတိုင်းရှိနေသည်။ ဂူသင်္ချိုင်းပိုင်ရှင်သည် အသက်ရှိစဉ်က ကြွယ်ဝချမ်းသာခဲ့ပုံရသည်။ ဘာကြောင့် ဂူသင်္ချိုင်းကို ဤနေရာတွင် တည်ဆောက်ထားသည်မသိ။
“ဟ..စာအုပ်က အရောင်လက်နေပါလား”
လက်ထဲမှ ဂူဖောက်မှတ်တမ်းစာအုပ် အရောင်လက်နေသည်။
“ဒီစာအုပ်က သန့်စင်ထားတဲ့ရတနာလား”
စာအုပ်အလင်းက အောက်ဘက်မှကျောက်စိမ်းရတနာတစ်ခုပေါ် ဖုံးလွှမ်းသွားပြီး စစ်ဆေးအကဲဖြတ်နေသည်။
လုယန် ရင်တစ်ထိတ်ထိတ်ဖြစ်နေသည်။ ရှန်မိသားစုခေါင်းဆောင်က သူ့ကို ထူးခြားသည့်အကဲဖြတ်မှော်ပစ္စည်း ပေးခဲ့ခြင်းလားမသိ။
စာအုပ်အလင်းက ကျောက်စိမ်းကို ဖုံးလွှမ်းနေပြီးနောက် အလင်းရောင်ထဲတွင် စာလုံးတစ်ချို့ပေါ်လာသည်။
“ထောင်ဒဏ်ငါးနှစ်”
အလင်းရောင်က နောက်ထပ် ကြေးဝါဓားမြှောင်ပေါ် ပြောင်းသွားသည်။ စာလုံးများလည်း ပြောင်းသွားပြန်သည်။
“ထောင်ဒဏ်ခုနစ်နှစ်”
လုယန် - “....”
ရှန်မိသားစုခေါင်းဆောင်က ဘယ်လိုစာအုပ်မျိုးပေးလိုက်သည်မသိ။
ထာဝရနတ်မယ် အံ့ဩနေသည်။ ယနေ့ခေတ်နာမည်ကျော်စာအုပ်များက ထိုသို့ပင် ရှိသည်ထင်သည်။ အတော်အမြင်ကျယ်ရသည်။
*******************************************************