← Chapters

ဂူသင်္ချိုင်းပိုင်ရှင်

Vol. 9 Ch. 123

ဂူသင်္ချိုင်းပိုင်ရှင်

Vol. 9 Ch. 123

အလင်းဖန်သားပြင်တွင် “တစ်သက်တစ်ကျွန်းထောင်ဒဏ်” ပေါ်လာခါနီးတွင် လုယန် ဂူဖောက်မှတ်တမ်းကို ပိတ်လိုက်သည်။ ပြစ်ဒဏ်ဖော်ပြသည့် အလင်းရောင် ပျောက်သွားသည်။

ဤတစ်ကြိမ်တွင် “ဒီနေ့ခေတ်စာအုပ်တွေက ဒီလိုပဲ”ဟူသည့် ဆင်ခြေမျိုး သူမပေးတော့။ စာအုပ်၏ လုပ်ဆောင်ချက်က လက်ခံနိုင်စရာမရှိ။ လက်ခံနိုင်စရာမရှိသည့်အထဲတွင် ဆင်ခြင်ဉာဏ်လေးလည်း ပါနေသဖြင့် ပို၍ပင်ထူးဆန်းနေသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ထာဝရနတ်မယ်က တစ်ခြားအရာများပေါ် စိတ်ဝင်စားနေသည်။ ဂူသင်္ချိုင်းထဲမှ ရတနာများဖြစ်သည်။ ရှေးဟောင်းခေတ်သည် ယနေ့ခေတ်နှင့် အချိန်ချင်းကွာခြားလွန်းသည်။ အဆင့်အတန်း၊ ဒီဇိုင်းပုံစံ ပြောင်းလဲခဲ့သည်။

ဥပမာ ရှေးခေတ်လူများသည် သေပြီးလျှင် ငရဲကိုးထပ်သို့သွားရမည်ဟု ယုံကြည်သူများရှိသည်။ ငရဲကိုးထပ်တွင် အသက်ရှင်စဉ်ကကဲ့သို့ သူတို့ဂုဏ်သိက္ခာကို ထိန်းသိမ်းရန် လူသားမျိုးကို မြှုပ်နှံပစ္စည်းအဖြစ်သုံးလေ့ရှိသည်။ နောက်မျိုးဆက်များ ရှေးဟောင်းဂူသင်္ချိုင်းကိုတူးဖော်လျှင် လူရိုးများအပြည့်ရှိနေသည်ကို တွေ့ရမည်။ ယနေ့ခေတ်လူများက ပိုယဉ်ကျေးသည်။ လူအစား သစ်သားစစ်သည်ရုပ်ထုဖြင့် အစားထိုးကြသည်။

ထာဝရနတ်မယ် တစ်ခုသတိရလာသည်။

“ယင်ထန်မသေမျိုးဟာ အစက လူအိုတစ်ယောက်ရဲ့ သင်္ဂြိုလ်ပစ္စည်းတစ်ခုပဲ။ သေချင်ယောင်ဆောင်ရင်း ကံကောင်းထောက်မလို့ စစ်ဆေးရေဂိတ်ကိုဖြတ်နိုင်ခဲ့တာ။ သူ့ကို ဂူသင်္ချိုင်းထဲ အရှင်ခေါ်လာကြတယ်။ ဂူထဲရောက်တော့ သေချင်ယောင်ဆောင်တာကိုဖျက်လိုက်တယ်။ဂူသင်္ချိုင်းထဲက ဆေးမြစ်တွေ မှော်ရတနာတွေအများကြီး သူအချောင်ယူလိုက်တယ်။ သေတဲ့လူက လူဝင်စားသံသရာကို ယုံကြည်တယ်။ သူ့ရုပ်ခန္ဓာ တိုးတက်အောင် ရတနာတွေအများကြီး သိမ်းထားခဲ့တာ။ အားလုံးက ယင်ထန်မသေမျိုးလက်ထဲရောက်သွားတယ်။

သူက ဒီအခွင့်အရေးကိုယူပြီး အပြည့်အဝအသွင်ပြောင်းလိုက်တယ်။ ရုပ်ခန္ဓာတည်ဆောက်မှု တိုးတက်အောင်လုပ်ပြီး ဂူသင်္ချိုင်းထဲကနေ ထွက်ပြေးတယ်။ ကံကောင်းမှုတွေ ဆက်တိုက်ကြုံပြီး သူ့အခြေခံတိုးတက်လာတယ်။ သူ့နာမည် ကျော်ကြားလာတယ်။ လူငယ်မျိုးဆက်ကြားမှာ ထူးခြားတဲ့လူဖြစ်လာတယ်။ ရှေးခေတ်ရဲ့ အဓိကသမိုင်းဝင်လူတစ်ယောက်ဖြစ်လာတယ်။ ငါပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမီတယ်ဆိုရုံပါပဲ”

အစက ယင်ထန်မသေမျိုးကို အတော်စွမ်းအားကြီးမည်ဟု လုယန် ထင်ထားသည်။ ထာဝရနတ်မယ်နှင့် ပြိုင်ဘက်ဖြစ်ဖို့အရည်အချင်းမီရံဒဟု ကြားသဖြင့် ထိုနှစ်ယောက်ကို တန်းတူဟု သူသတ်မှတ်လိုက်သည်။

“မသေမျိုးတွေကြားမှာ အဆင့်တွေရှိလား။ ဥပမာ လူသားမသေမျိုးတို့၊ ကောင်းကင်မသေမျိုး စသဖြင့်ပေါ့”

လုယန် မေးသည်။

ထာဝရနတ်မယ် ရှင်းပြသည်။

“ယင်ထန်(ကောင်းကင်ဆန္ဒ)ဆိုတာက ကောင်းကင်ဆန္ဒနဲ့ မွေးလာတယ်လို့ ယုံကြည်ပြီး သူ့ဘာသာ နာမည်ပေးထားတာပါ။ သူ့ကိုယ်သူ မိုးမြေကို ကိုယ်စားပြုတဲ့သူလိုမြင်တယ်။ ကံကြမ္မာက သူ့ဘက်မှာပဲတဲ့။ ဒါကြောင့် ယင်ထန်မသေမျိုးလို့ ကိုယ့်ဘာသာကင်ပွန်းတပ်တာ။

မသေမျိုးတွေကြားမှာ ဘာအဆင့်မှမရှိဘူး။ အားလုံးရဲ့ မသေမျိုးလမ်းစဉ်တွေက တူမှမတူကြတာပဲ။ ဘယ်သူပိုသာသလဲဆိုတာ ဆုံးဖြတ်ဖို့ခက်တယ်။ ဘယ်လိုလို့ အဆင့်ခွဲနိုင်မှာလဲ”

လုယန် အချက်တစ်ချက်ကို ရှင်းလင်းစွာ နားလည်လာသည်။

ထာဝရနတ်မယ် နည်းနည်းတော့ အသုံးဝင်သေးသည်။

အလယ်ပိုင်းတိုက်နယ်တွင် သမိုင်းဘာသာရပ်စာမေးပွဲမျိုးမရှိသည်က အတော်ဆိုးသည်။ ရှိခဲ့လျှင် လုယန် အမှတ်ပြည့်ရနိုင်သည်။

သို့မဟုတ် ရှေးဟောင်းသမိုင်းကို နှစ်ပေါင်းရာချီသုတေသနပြုထားသည့် အချက်အလက်ပေါ်အခြေခံ၍ စာစစ်သူက ရှေးခေတ်သည် ထိုသို့မဟုတ်ကြောင်း၊ လုယန်၏အဖြေအားလုံးမှားကြောင်း ကြေငြာကောင်းကြေငြာမည်။ အားလုံးက သူ့ကို ဝိုင်းရယ်ကြမည်။ စာစစ်သူကို တန်ပြန်မေးခွန်းထုတ်ရဲသည့်သူ့ကို စည်းဘောင်ကျော်သည်ဟု ပြောကြမည်။

ထိုအချိန်ကျမှ ထာဝရနတ်မယ်ကို ထုတ်ပြမည်။ လူအားလုံးကို ပါးစပ်ပိတ်သွားအောင်လုပ်မည်။ ရှေးခေတ်နှင့်ပတ်သက်ပြီး သူ့အမြင်ကို ဘယ်သူမှ မေးခွန်းထုတ်ရဲတော့မည်မဟုတ်။ အတော်ကျေနပ်စရာကောင်းပေလိမ့်မည်။

ကြားလုံးထုတ်ဖို့ အခြေအနေတစ်ခုပင် သူစိတ်ကူးကြည့်မိသည်။ သို့သော် သူအခွင့်အရေးမရတော့။

ထာဝရနတ်မယ်က ရှေးခေတ်အကြောင်း ဆက်မပြောတော့ဘဲ ရတနာများကိုသာ စိတ်ဝင်တစားကြည့်နေသည်။

လုယန် သတိလက်လွတ်မနေပါ။ ဂူဖောက်မှတ်တမ်းကို ဆက်ဖတ်သည်။

“ဂူဖောက်သမားတစ်ယောက်သည် အမြဲတမ်း သတိရှိရမည်။ ပေါ့ဆ၍မရ။ တစ်ချို့ဂူပိုင်ရှင်များသည် နှောက်ယှက်ခံရသည်ကို အလွန်စက်ဆုပ်မုန်းတီးကြသည်။ ပင်မခန်းထဲတွင် သေစေနိုင်သည့်ထောင်ချောက်များ ဆင်ထားကြသည်။ သတိထားရမည်...”

“ကောင်လေး၊ ရှေ့ကိုသွားပြီး ဟိုပစ္စည်းကို အနီးကပ်ကြည့်လိုက်ပါ။ အဲဒါ နင်တို့ခေတ်ကပစ္စည်းမဟုတ်လား။ အတော်စိတ်ဝင်စားစရာကောင်းတယ်”

ထာဝရနတ်မယ် လုယန်ကို တိုက်တွန်းသည်။ သူမြင်သည့်အရာကို စပ်စုသည်။

လုယန် ရှေ့တစ်လှမ်းတိုးသည်။ သူခြေချသည့်နေရာ အောက်သို့ ကျွံဝင်သွားသည်။ ဖိနှိပ်၍ရသည့် ကျောက်ပြားတစ်ခု ဖြစ်ဟန်ရှိသည်။

သူရင်ထိတ်သွားသည်။ ထောင်ချောက်ခလုတ်ကို နင်းမိသွားပြီထင်သည်။ ကြမ်းပြင်မှ အဆိပ်အပ်များ ထွက်လာမည်လား။ သို့မဟုတ် နံရံများ မြားတံများလွင့်ပျံလာမည်လားမသိ။

စဉ်းစားမနေတော့ဘဲ ချက်ချင်းနောက်ပြန်ခုန်ဆုတ်လိုက်သည်။ လက်နက်ပုန်းများကို ရှောင်ရန်ကြိုးစားသည်။

ယန္တရား အသက်ဝင်လာသည်။ အထက်တွင်ရှိနေသည့် ညပုလဲများ နေအသေးစားကဲ့သို့ ဖျတ်ခနဲ တောက်ပလာသည်။ ပင်မခန်းတစ်ခုလုံး လင်းထိန်သွားသည်။ အစောပိုင်းကလို မှုန်းမှိုင်းမှိုင်း ခြောက်ခြားစရာမဟုတ်တော့။

ခဏကြာအောင် စောင့်နေသော်လည်း နောက်ထပ် ဘာမှထပ်ဖြစ်မလာသဖြင့် လုယန် မျက်ခုံးတစ်ချက်တွန့်သွားသည်။

“ဪ ဒါက မီးဖွင့်တဲ့ခလုတ်လား”

“မီးဖွင့်တယ်ဆိုတာ ဘာကိုပြောတာလဲ”

ထိုအသုံးအနှုန်းမျိုး ထာဝရနတ်မယ် တစ်ခါမှမကြားဖူး။

“ဘာမှမဟုတ်ပါဘူး”

ဤဂူသင်္ချိုင်း အတော်ထူးဆန်းသည်ဟု လုယန် ခံစားမိလာသည်။ ကျောက်ကမ်းပါးနံရံ လှိုဏ်ဂူထဲတွင် တည်ဆောက်ထားသည်။ သူခိုးရန်ကို ကာကွယ်ထားခြင်းဖြစ်မည်။ သို့သော် “ပင်မခန်း”ဟူသည့်စာလုံး ရေးထားသည်။ ပင်မခန်းတွင် မီးဖွင့်နိုင်အောင်လုပ်ထားသည်။

သာမန်ဂူသင်္ချိုင်းသည် ထိုသို့ဟုတ်မည်မထင်။

ဂူဖောက်မှတ်တမ်းထဲတွင်လည်း ထိုအချက်မျိုး ဖော်ပြမထား။ သို့သော် သတိတော့ပေးထားသည်။ ဂူသင်္ချိုင်းတစ်ခုသည် သာမန်အသိဉာဏ်မှ သွေဖီနေလေ ပိုအန္တရာယ်များလေဖြစ်သည်။

“စိတ်မပူပါနဲ့။ ငါရှိနေရင် ဘာမှထိခိုက်မှုမရှိနိုင်ပါဘူး”

မီးရောင်လင်းလာသဖြင့် ထာဝရနတ်မယ်၏သတ္တိက သိသိသာသာတိုးလာသည်။ ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။

နေ့ခင်းပိုင်းလို လင်းထိန်နေသည့် ညပုလဲများရှိသဖြင့် အကယ်၍ သရဲပေါ်လာလျှင်ပင် သူပါးနှစ်ချက်လောက်ရိုက်ပြီး ဘယ်သူသရဲအစစ်လဲ သိအောင်ပြမည်။

မြင့်မြတ်သည့်မသေမျိုးတစ်ယောက်က သရဲကိုကြောက်နေရမည်လော။

“နင့်ဘယ်ဘက်က စာအုပ်ကိုကြည့်လိုက်။ စိတ်ဝင်စားစရာကောင်းလောက်တယ်။ ယူကြည့်ပါဦး”

လုယန် စာအုပ်ကို ကောက်ကိုင်သည်။ စာအုပ်နာမည်ကို အသံတိတ်ဖတ်သည်။

“ဂူဖောက်သူခိုး..”

“နင့်လက်မကို ဖယ်လိုက်ဦး။ တစ်ခြားစာလုံးတွေရှိသေးတယ်”

လုယန် လက်မကိုဖယ်လိုက်သည်။ နာမည်အပြည့်အစုံ‌ပေါ်လာသည်။

“ဂူဖောက်သူခိုးကာကွယ်နည်းကျမ်း”

“...”

လုယန် ဂူဖောက်မှတ်တမ်းစာအုပ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ စာအုပ်နှစ်အုပ်အတူကိုင်ထားလျှင် ထူးဆန်းသည့်တုံ့ပြန်မှုမျိုးဖြစ်လာနိုင်သည်။

စာအုပ်ကို သူဖတ်ကြည့်သည်။ စာအုပ်နာမည်အတိုင်းပင် ဖြစ်သည်။ ဂူဖောက်သူခိုးများမရိပ်မိအောင် ဂူသင်္ချိုင်း တည်ဆောက်နည်းကို ဖော်ပြထားသည်။ အသုံးများသည့် ဂူဖောက်နည်းတို့ကို တန်ပြန်ချေဖျက်နိုင်သည့် နည်းလမ်းများကိုလည်း ဖော်ပြထားသည်။

တိုက်ခိုက်နည်းရှိလျှင် ကာကွယ်နည်းရှိသည်။ သဘာဝစည်းမျဉ်းတစ်ခုပင်ဖြစ်သည်။

ဂူဖောက်နည်းမှတ်တမ်းနှင့် ဂူဖောက်သူခိုးကာကွယ်နည်း စာအုပ်နှစ်အုပ်လုံးကို သူကျွမ်းကျင်သွားလျှင် ကျန်ပြန့်သည့်ဂူသင်္ချိုင်းလောကတွင် သူ့မဖောက်ထွင်းနိုင်သည့် ဂူသင်္ချိုင်းမရှိနိုင်တော့။

စာအုပ်မှ အကြည့်ခွာပြီးနောက် ညာဘက်တွင်ရှိနေသည့် ဂူကမ္ဗည်းတိုင်ကို စိတ်ဝင်စားသွားသည်။ ဂူကမ္ဗည်းတိုင်တွင် သေဆုံးသူဂူပိုင်ရှင်၏နာမည် ဖော်ပြလေ့ရှိသည်။

ထူးဆန်းသည့် ဤဂူသင်္ချိုင်းမျိုး တည်ဆောက်သူကို သိဖို့အချိန်တန်ပြီ။

ကမ္ဗည်းတိုင်မှ စာလံးများကိုကြည့်ပြီးနောက် သူကြက်သီးထသွားသည်။ ထိတ်လန့်တုန်လှုပ်သွားပြီး နောက်သို့ခြေတစ်လှမ်းခုန်ဆုတ်လိုက်သည်။

“ချင်ကျိုးနန် ဤနေရာတွင် ထာဝရအိပ်စက်အနားယူနေသည်”

“ချင်ကျိုးနန်ဆိုတာ ဘယ်သူလဲ။ နင်ဘာလို့ ဒီလိုဖြစ်သွားတာလဲ”

ထာဝရနတ်မယ် တအံ့တဩမေးသည်။

“ချင်...ချင်ကျိုးနန်က...တာအိုလမ်းစဉ်ဂိုဏ်းရဲ့ လက်ရှိမဟာအကြီးအကဲပဲ”

ဘယ်လိုအခြေအနေမှန်းမသိ။ နာမည်တူ မျိုးရိုးတူခြင်းလား။ သို့မဟုတ် မဟာအကြီးအကဲ သေသွားခြင်းလား။ သူသေသွားလျှင် ယခုတာအိုလမ်းစဉ်ဂိုဏ်းတွင်ရှိနေသည်က ဘယ်သူနည်း။ ဟန်ဆောင်နေသည့် လူလိမ်လား။ ဘာကြောင့် လိမ်သနည်း။

“မဟာအကြီးအကဲကို အတော်တွေ့ရခဲတယ်။ မစ်ရှင်ဟောမှာ သူ့ကိုယ်စား အကိုတိုင်ကပဲ ကြီးကြပ်နေတာ။ အလိမ်ပေါ်သွားမှာစိုးလို့ တစ်ခြားလူတွေနဲ့ မဆက်သွယ်ဖြစ်အောင် ရှောင်နေတာများလား”

မေးခွန်းများစွာ သူ့ခေါင်းထဲဝင်လာသည်။ အဖြေရှာမရသေး။

ထိုစဉ် ခေါင်းတလား လှုပ်ခါလာသည်။ အထဲမှ တစ်ခုခုထိုးထွက်လာတော့မည့်ပုံမျိုးဖြစ်သည်။

**********************************************************

All Chapters