မဟာအကြီးအကဲ
Vol. 9 Ch. 124
လုယန်အကြီးအကျယ် တုန်လှုပ်နေသည်။ ရင်ခုန်သံ တဒိန်းဒိန်းမြန်လာသည်။ ပင်မခန်းထဲမှ လောင်းတလားက ကျောက်ခေါင်းတလားဖြစ်သည်။ ရှေးခေတ်အနုစိတ်ရုပ်ကြွပုံများဖြစ်သည် နေ၊လ၊ကြယ်နှင့်ပန်းပွင့်များ ထွင်းထုထားသည်။ ဘယ်ခေတ်ကလက်ရာမှန်းတော့မသိ။ သို့သော် အထူးတလည်တန်ဆာဆင်ထားသဖြင့် အရေးကြီးပုဂ္ဂိုလ်တစ်ယောက်၏ ခေါင်းတလားမှန်း သိသာသည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ မဟာအကြီးအကဲသည် “အရေးကြီးပုဂ္ဂိုလ်”ဟူသည့် သတ်မှတ်ချက်နှင့် ကိုက်ညီသည်။
“မဟာအကြီးအကဲကို တကယ် ဒီမှာမြှုပ်နှံထားတာများလား”
အင်အားကြီးရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသလို ခံစားရသည်။ ယန္တရားခလုတ်တစ်ခုခုကို ထိမိသဖြင့် ထိုလူပြန်အသက်ဝင်လာခြင်းဖြစ်မည်။ သို့မဟုတ် ထာဝရနတ်မယ်၏အရိယဖလကြောင့် အလောင်းက အသက်ပြန်ဝင်လာခြင်းလား။ သို့မဟုတ်။ တစ်ခြားအကြောင်းတစ်ခုကြောင့်လား သူမသိတော့။
ခေါင်းတလားဖုံး ဖြေးညှင်းစွာ လွင့်ပျံတက်လာသည်။ မုတ်ဆိတ်ရှည်အဘိုးအိုတစ်ယောက် ခေါင်းတလားထဲမှ ထထိုင်လာသည်။ လုယန် အံ့အားသင့်သွားသည်။ တကယ်ပင် မဟာအကြီးအကဲအစစ်ဖြစ်သည်။
မဟာအကြီးအကဲသည် ကိစ္စတစ်ခုအတွက် ကောင်းကင်ဂူတောင်ထိပ်တွင် ယွမ်ကျိနှင့် လာတွေ့ဖူးသည်။ လုယန် မြင်ဖူးသည်။
ယွမ်ကျိအရိပ်တုလက်သီးဖြင့် အမယွမ်ကို ဆင့်ခေါ်လိုက်ရမလားဟု သို့မဟုတ် ခြေတစ်လှမ်းမိုင်ချီမှော်ပညာဖြင့် ကျောက်ကမ်းပါးထိပ်သို့ ပြန်သွားရမလား သူစဉ်းစားနေသည်။
“လုယန်လား။ မင်းဘာလို့ ဒီကိုရောက်နေတာလဲ”
မဟာအကြီးအကဲအသံက အက်ကွဲနေသည်။ မျက်လုံးတွင် နားမလည်သည့်အရိပ်မျိုးပေါ်နေသည်။
လုယန် လန့်သွားသည်။ သူခန့်မှန်းထားသည့်အတိုင်း ဂိုဏ်းတွင်ရှိနေသည့်မဟာအကြီးအကဲက အတုဖြစ်လိမ့်မည်။ အစစ်က ခေါင်းတလားထဲတွင်ရှိနေသည်။ သူမြင်ဖူးခဲ့သည်က အတုဖြစ်လျှင် ဤအစစ်က သူ့ကိုဘာကြောင့် မှတ်မိနေသနည်း။
“မဟာအကြီးအကဲက ကျုပ်ကိုသိလို့လားဗျ”
သူသတိထား၍ မေးလိုက်သည်။
သိစိတ်နယ်မြေထဲမှ ထာဝရနတ်မယ် နှုတ်ခမ်းစူနေသည်။ လုယန်သည် သူ့အပေါ် ထိုသို့လေးစားမှုမျိုး လုံးဝမပြခဲ့ဖူး။ သူသည် မသေမျိုးတစ်ယောက်ဖြစ်သည်။ သို့သာ် လုယန်က လုံးဝလေးစားမှုမရှိ။
လုယန်အမေးကြောင့် မဟာအကြီးအကဲ ပို၍နားမလည်နိုင်အောင်ဖြစ်သွားသည်။
“မင်းကိုသိတာပေါ့။ ညီကိုးရဲ့တပည့် လုယန်မဟုတ်လား။ ဟိုအရင် ဂိုဏ်းဝင်သစ်ရွေးပွဲတုန်းကတောင် ငါမင်းကို ရေမှန်ကနေ ကြည့်နေခဲ့တာပဲ။ အခုငါမေးနေတာက မင်းဘာလို့ ဒီကိုလာပြီး ငါအိပ်နေတာကို နှောက်ယှက်တာလဲဆိုတာပါ”
“အိပ်နေတာလား”
လုယန် ဦးနှောက်မမီတော့။ ဘယ်သူက ခေါင်းတလားထဲတွင် အိပ်မည်နည်း။
မဟာအကြီးအကဲ သမ်းတစ်ချက်ဝေလိုက်သည်။ မျက်လုံးထောင့်တွင် မျက်ရည်များစုလာသည်။ အခုမှ နိုးလာပုံရသည်။
“ဂူသင်္ချိုင်းဆောက်နေရတာ ပင်ပန်းလွန်းလို့ တစ်ရေးအိပ်လိုက်တာ။ ငါအိုပြီကွ။ တကယ်အိုပြီ။ အရင်ကဆို ဒီလိုပင်ပန်းတာမျိုး လုံးဝမရှိဘူး။ ဇရာကိုဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ ငါ့အသက်ကလည်း နှစ်သုံးထောင်ပြည့်ပြီလေ”
“ဂူသင်္ချိုင်းဆောက်တယ်....”
လုယန် မျက်လုံးပြူးသွားသည်။ ကျင့်ကြံသူများသည် သူတို့ဘဝအဆုံးသတ်ချိန်နီးလာလျှင် ကြိုတင်အာရုံခံနိုင်သည်ဟု ကြားဖူးသည်။ ထို့ကြောင့် သေတမ်းစာချန်ထားပြီး သေဆုံးချိန်အတွက် ကြိုတင်အစီအစဉ်ချသည်။ ဂူသင်္ချိုင်းဆောက်သည့်အလုပ်လည်းပါသည်။
တာအိုလမ်းစဉ်ဂိုဏ်းအတွက် မဟာအကြီးအကဲ အကျိုးဆောင်ခဲ့သည်များကို ပြန်တွေးရင်း လုယန်ဝမ်းနည်းလာသည်။
“ဒါ...ဒါဆို မဟာအကြီးအကဲက...”
သူဘယ်လောက်ကြိုးစားသော်လည်း ကျန်သည့်စကားလုံးများကို ပြောမထွက်။
မဟာအကြီးအကဲ ခေါင်းငြိမ့်သည်။
“ဟုတ်တယ်။ ငါအငြိမ်းစားယူပြီးရင် ဘာလုပ်မလဲဆိုတာ စဉ်းစားဖို့အချိန်ကျပြီလေ။ တိုင်ပုဖန်ကပြောတယ်။ အငြိမ်းစားယူပြီးရင် ငါနောက်ထပ် နှစ်ငါးထောင်လောက်နေရဦးမှာတဲ့။ ဒါကြောင့် ငါဝါသနာပါတာ စိတ်ဝင်စားတာလေးတွေ ကြိုရှာထားသင့်တယ်လို့ပြောတယ်။ ငါလည်းစဉ်းစားတယ်။ ဂူသင်္ချိုင်းဆောက်ရတာ အတော်ကောင်းတယ်လို့ ခံစားမိတယ်။ ဘာပဲပြောပြော နောက်ဆုံးကျရင် ငါသုံးရမှာပဲလေ”
လုယန် - “...”
ထူးဆန်းသည့်ပတ်ဝန်းကျင်ကြောင့် သူစိတ်လှုပ်ရှားပြီး ဦးနှောက်က ခဏရှော့ခ်ဖြစ်သွားခြင်းဖြစ်သည်။ ယခုမှ သူပြန်တွေးမိသည်။ စုစည်းခြင်းအဆင့် ကျင့်ကြံသူများသည် အနည်းဆုံး နှစ်ရှစ်ထောင်အသက်ရှည်သည်။ မဟာအကြီးအကဲ၏ နက်ရှိုင်းသည့်ကျင့်စဉ်စွမ်းအားနှင့်ဆိုလျှင် ထိုထက်ပင် အသက်ပိုရှည်ဦးမည်။
ခုနကဝမ်းနည်းပေးခဲ့သည့်ခံစားချက်လေးများ အလျော်ပြန်ပေးပါ။
“ဒီလောက်အစောကြီးကြိုပြီ ဂူသင်္ချိုင်းဆောက်နေတာလား”
ရူးကြောင်ကြောင်နိုင်လွန်းသည့်ဝါသနာကို လုယန် နားမလညနိုင်အောင်ဖြစ်နေသည်။
“အဲဒါဘာမှားလို့လဲကွ။ တစ်ချို့နေရာတွေမှာ သေမျိုးတွေက အိမ်ဝယ်ဖို့ ဘဏ်ကနေငွေတွေအများကြီး ချေးကြတယ်တဲ့။ ပြီးရင် တစ်သက်လုံး အိမ်ကြွေးကိုပင်ပင်ပန်းပန်းဆပ်ရင်း အချိန်ကုန်သွားတယ်လို့ ငါကြားဖူးတယ်။
သေမျိုးတွေတောင် အိမ်တစ်လုံးအတွက် တစ်သက်လုံးအပင်ပန်းခံကြသေးတာပဲ။ ငါလည်း ကျန်နေတဲ့ သက်တမ်းတစ်ဝက်ကို ဂူသင်္ချိုင်းအတွက် အပင်ပန်းခံတာ သဘာဝကျပါတယ်”
မဟာအကြီးအကဲ၏ ဆင်ခြင်သုံးသပ်ချက်ကြောင့် လုယန် ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“ငါဆောက်တာ ဒီဂူသင်္ချိုင်းတစ်ခုတည်းမဟုတ်ဘူး။ တစ်ခြားနေရာတွေမှာလည်း ဆောက်ထားတယ်။ ဒီဂူသင်္ချိုင်းက ကနဦးအဆင့်ပဲရှိသေးတယ်။ ဖုတ်ကောင်တွေတောင် မပြင်ဆင်ရသေးဘူး။ ဂူသင်္ချိုင်းပတ်ဝန်းကျင်နဲ့ ကိုက်ညီအောင် အဖြူရောင်ဖုတ်ကောင်တစ်ချို့ပဲ ယာယီပစ်ထည့်ထားသေးတာ။
ဪ..ဒါနဲ့..ငါ့ဂူသင်္ချိုင်းကို တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ကျောက်ကမ်းပါးနေရာမှာ သေချာရွေးပြီး တည်ဆောက်ထားတာပါ။ မင်းဒီနေရာကို ဘယ်လိုရောက်လာတာလဲ”
လုယန် အသံတိတ်နေသည်။ အဖြစ်အပျက်ကို ပြန်မပြောချင်။
ဤနေရာသည် တာအိုလမ်းစဉ်ဂိုဏ်းနယ်မြေ၏အစိတ်အပိုင်းတစ်ခုသာ ဖြစ်မည်။ သူအဝေးကြီး လေဟာနယ်ဖြတ်ကူးခဲ့ခြင်းမဟုတ်လောက်။
ထာဝရနတ်မယ်က ပျင်းရိပျင်းတွဲလေသံဖြင့်
“နင်အဝေးကြီးရောက်ခဲ့တာ မဖြစ်နိုင်ဘူးလေ။ လေဟာနယ်ဖြတ်ကူးတဲ့အကွာအဝေးက ကျင့်စဉ်အဆင့်နဲ့ ဆက်စပ်နေတာ။ နင်ကအခု အခြေတည်အဆင့်ပဲရှိသေးတယ်။ ဘယ်လိုလုပ် အဝေးကြီးသွားနိုင်မှာလဲ။ ကောင်းကင်ကိုတက်နိုင်မယ်ထင်နေတာလား”
ထာဝရနတ်မယ်ရှိနေသည်ကို မဟာအကြီးအကဲမသိ။
“ဒါဆို မဟာအကြီးအကဲ မစ်ရှင်ခန်းမမှာ အမြဲရှိမနေနိုင်တာက...”
“ဂိုဏ်းကိစ္စတွေ ရှောင်တိုင်ကို လွှဲထားပြီး အငြိမ်းစားဘဝကို စောစောကြိုပြီးခံစားနေတာလေ”
လျော်ကန်သင့်မြတ်ပါပေသည်။
ဂူထဲသို့ ရောက်လာသည့်အကြောင်းကို လုယန်မပြောချင်မှန်း ရိပ်မိသဖြင့် မဟာအကြီးအကဲကမေးသည်။
“မင်းကိုငါ ပြန်ပို့ပေးဖို့ လိုသေးလား”
လုယန် ချက်ချင်းခေါင်းငြိမ့်သည်။ သူလိုချင်သည်က ထိုကိစ္စပင်ဖြစ်သည်။
မဟာအကြီးအကဲ ခေါင်းတလားထဲမှထွက်လာပြီး လုယန်ကို တစ်ချက်ပုတ်လိုက်သည်။ ရေပူဖောင်းတစ်ခု တစ်ကိုယ်လုံးလွှမ်းခြုံသွားသည်။ မဟာအကြီးအကဲက ဂူသင်္ချိုင်းထဲ လက်ဗလာဖြင့် ပျံထွက်သွားသည်။ ရေပူဖောင်းထဲရောက်နေသည့်လုယန်က ကပ်ပါသွားသည်။
မဟာအကြီးအကဲပျံသန်းသည်က လျှပ်စီးတမျှမြန်ဆန်သည်။ ကျောက်ကမ်းပါးထဲမှ ချက်ချင်းထွက်လာသည်။ ဘာကြောင့် သူ့ကိုရေပူဖောင်းထဲထည့်ထားမှန်း လုယန်နားလည်လာသည်။ သူ့ခန္ဓာကိုယ်က မဟာအကြီးအကဲ၏ ပျံသန်းသည့်အရှိန်ကို ခံနိုင်ရည်ရှိမည်မဟုတ်။
ကျောက်ကမ်းပါးမှထွက်ပြီး အဆုံးစမဲ့ အစိမ်းရောင်လွင်ပြင်က မျက်စိရှေ့တွင်ပေါ်လာသည်။ မြက်ပင်များ စိမ်းစိုနေသည်။ သိုးများက မြက်နုစားနေသည်။ ကြမ်းတမ်းသည့်သားရဲများ၏ စွမ်းအင်ရောင်က ခြောက်ခြားစရာကောင်းသည်။
ကျင့်စဉ်အဆင့်နိမ့်သူများ သေနိုင်သည်ဟူသည့် အန္တရာယ်နယ်မြေများဖြစ်မည်။ ဂိုဏ်းဝင်စက ယွမ်ကျိသတိပေးခဲ့သည်။
သူ့လက်ရှိကျင့်စဉ်အဆင့်ဖြင့် ထိုကျောက်ကမ်းပါးမှ ဘေးကင်းကင်းကျနိုင်စရာအကြောင်းမရှိ။ ကြောင်တက်တက်အတွေးမျိုးသာဖြစ်သည်။
ပျံသန်းနှုန်းက မြန်လွန်းသဖြင့် အောက်ဘက်မှမြင်ကွင်းကို သဲသဲကွဲကွဲမမြင်ရ။ ထို့ကြောင့် ငုံကြည့်၍ခေါင်းမူးသည့်ပြဿနာမျိုး မဖြစ်နိုင်တော့။
ပျံသန်းနေရင်း လုယန် နည်းနည်းထိတ်လန့်နေသည်။ မဟာအကြီးအကဲ၏ပျံသန်းနှုန်းဖြင့်ပင် ကောင်းကင်ဂိတ်တောင်ထိပ်ကို တော်တော်နှင့်မရောက်။ ဘယ်လောက်ဝေးဝေးထိ သူလေဟာနယ်ကူးခဲ့သည်မသိ။
ထိုသို့တွေးနေစဉ်မှာပင် မဟာအကြီးအကဲရပ်သွားသည်။ ကောင်းကင်ဂိတ်တောင်ထိပ်သို့ ရောက်လာမှန်း လုယန်သိလိုက်ရသည်။
မဟာအကြီးအကဲက လုယန်ကို အောက်သို့ချပေးပြီး ထွက်သွားသည်။
ခေါင်းတလားထဲအိပ်နေရင်း ကျင့်ကြံမှုနှင့်ပတ်သက်၍ အခက်အခဲတစ်ခုတွေ့ခဲ့သည်။ ထို့ကိစ္စကို သူ့ညီအကိုများနှင့် သွားဆွေးနွေးကြည့်ရန် စိတ်ကူးထားသည်။
ဆေးစိုက်ခင်းသို့သွားသည်။ ဒုအကြီးအကဲက မရှိ။ ခန္ဓာသန့်စင်ခြင်းတောင်ထိပ်သို့သွားသည်။ တတိယအကြီးအကဲလည်းမရှိ။ လူရည်မွန်တောင်ထိပ်သို့သွားသည်။ စုတုတ္ထအကြီးအကဲလည်း ပျောက်နေသည်။
“အားလုံးဘယ်ရောက်ကုန်တာလဲ”
သူတွေးမရ။ ညီနှစ်၊ ညီသုံးနှင့် ညီလေးတို့သည် လည်ပတ်သွားလာနေတတ်သည့်လူများမဟုတ်။ ပုံမှန်ဆိုလျှင် ကိုယ့်နေရာကိုယ်သာ နေကြသည်။ ယနေ့ တစ်ယောက်မှမတွေ့။
စတုတ္ထအကြီးအကဲ၏တပည့်ကြီး ကျိဟုန်ဝမ်က မဟာအကြီးအကဲကို ပြောသည်။
“ဆရာတွေက ဂိုဏ်းချုပ်ရှိတဲ့နေရာကို သိသွားကြပြီထင်တယ်။ ကျုပ်ဆရာက ဒုအကြီးအကဲနဲ့အတူ ကောင်းကင်ဂိတ်တောင်ထိပ်ကို လိုက်သွားတယ်”
“ညီကိုးကို တွေ့ပြီတဲလား။ ကောင်းကင်ဂိတ်တောင်ထိပ်ပေါ့”
မဟာအကြီးအကဲ ဘယ်လိုမှစဉ်းစားမရသဖြင့် ကောင်းကင်ဂိတ်တောင်ထိပ်သို့ နောက်တစ်ကြိမ် ပြန်သွားသည်။
လုယန်နှင့်တွေ့သည်။ တာအိုရှင်ဝစီပိတ်ရှိသည့်နေရာကို သိမသိမေးသည်။ လုယန်ကသူ့ကို လမ်းညွှန်ပေးလိုက်သည်။ ထင်းရှူးတောသို့ သူရောက်လာသည်။ သူ့ညီငယ်ခြောက်ယောက် ညီမတစ်ယောက်နှင့် တာအိုရှင်ဝစီပိတ်တို့ ဟော့ပေါ့အတူစားနေသည်ကို မြင်လိုက်ရသည်။
ဂူအပြင်ဘက်မှ မဟာအကြီးအကဲကိုမြင်သည်နှင့် တာအိုဝစီပိတ်က လှိုက်လှိုက်လှဲလှဲလက်ယပ်ခေါ်သည်။
“ကျုပ်တို့ညီအကိုတွေ အတူမဆုံဖြစ်တာ အတော်ကြာပြီ။ အခု ဟော့ပေါ့စားဖို့ပြင်နေကြတာ။ အကိုတစ်ရောက်လာတာနဲ့ အတော်ပဲ။ လာပါ အကိုတစ်။ မြန်မြန်ဝင်ခဲ့ပါ။ ကျုပ်တို့က အကို့ကို သတိရနေတာ”
စိတ်အားထက်သန်နေသည့် တာအိုဝစီပိတ်ကို မဟာအကြီးအကဲ သင်္ကာမကင်းဟန်ဖြင့်ကြည့်နေသည်။
*********************************************************