ချင်ဖုန်းဓား၏အဆင်တန်ဆာ
Vol. 9 Ch. 126
ပြန်ရှင်သန်လာချိန်မှစ၍ ဆက်တိုက် အရှုံးများကြုံခဲ့ရသည်။ ပထမဦးစွာ လုယန်ကို ခြောက်လှန့််ရာ၌ မအာင်မြင်ခဲ့။ ယွမ်ကျိ၏ရိုက်နှက်ခြင်းခံခဲ့ရသည်။ လုယန်ခန္ဓာကိုယ်ကို ထိန်းချုပ်၍ အစွမ်းပြရန် ကြိုးစားသည်။ ရှုံးပြန်သည်။
သူ့အတိတ်အတွေ့အကြုံများကို အသုံးချသော်လည်း ဘာမှမထူး။ လက်ရှိကျင့်ကြံသူတို့၏ အတွေးဖြစ်စဉ်က ရှေးခေတ်လူတို့ထက် အများကြီးပို၍ တက်ကြွဖျတ်လတ်သည်။ ကျင့်စဉ်အဆင့်အမျိုးမျိုး၏ အတွေ့အကြုံများကို စုစည်း၍ ပူးပေါင်းဆောင်ရွက်ကြသည်။
ထိုအဖြစ်မျိုး ရှေးခေတ်က မရှိခဲ့။ ကျင့်စဉ်ရင်းမြစ်များအတွက် အချင်းချင်း အကောက်ကြံခြင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းများသာရှိခဲ့သည်။ ဂိုဏ်းများ မျိုးနွယ်စုများက သူတို့ကျင့်ကြံမှုအတွေ့အကြုံများကို လွယ်လွယ်မျှဝေနိုင်မည်နည်း။
ချွင်းချက်တစ်ခုတော့ရှိသည်။ ရှေးဟောင်းအရိင်းမျိုးနွယ်တို့သည် သူတို့မျိုးနွယ်အတွင်း ကျင့်စဉ်အတွေ့အကြုံများကို လွတ်လပ်စွာ ဆွေးနွေးလေ့ရှိသည်။
လုယန် ခါးဆန့်၍ ထရပ်သည်။ ကြွက်သားနှင့်အရိုးများဆန့်ထုတ်၍ လေ့ကျင့်ခန်းလုပ်သည်။ တဖျောက်ဖျောက်အသံမြည်သွားသည်။ အတော်သက်တောင့်သက်သာရှိသွားသည်။
“ဘယ်ကိုသွားမလို့လဲ”
“သန့်စင်မှုတစ်ရာတောင်ထိပ်ကို လက်နက်သွားအပ်မလို့”
သန့်စင်မှုတစ်ရာတောင်ထိပ်မှ ဈေးတန်းက ခါတိုင်းလို စည်ကားနေဆဲဖြစ်သည်။
ထာဝရနတ်မယ် အံ့ဩသွားသည်။
“ဝေါင်း...တာအိုလမ်းစဉ်ဂိုဏ်းမှာ အစားအသောက်ကောင်းတွေရှိတာပဲ။ အစားအသောက်လာဝယ်ကြတဲ့ ဂိုဏ်းတပည့်တွေလည်း အများကြီးပါလား”
လုယန် ခေါင်းငြိမ့်သည်။ အစားအစာတွေရဲ့ အရည်အသွေးက တကယ်ကောင်းပါတယ်”
သို့သော် ဤတစ်ကြိမ်သည် ဈေးတန်းသို့လာခြင်းမဟုတ်။ တောင်တန်းတစ်ဘက်ခြမ်းမှ သန့်စင်မှုတစ်ရာခန်းမသို့လာခြင်းဖြစ်သည်။
ဈေးတန်းက သာမန်လက်နက်များ ရောင်းသည်။ ကောင်းသော်လည်း လူတိုင်းနှင့် မသင့်တော်။
ထို့ကြောင့် သန့်စင်မှုတစ်ရာခန်းမ ရှိလာခြင်းဖြစ်သည်။ လက်နက်သန့်စင်သူများ ရှိသည်။ အော်ဒါမှာယူသည့် လက်နက်များ ထုတ်လုပ်ရောင်းချသည်။
“အကို...အကိုလုယန်လား”
ခန်းမဝင်ပေါ်သို့ ရောက်ချိန်တွင် တအံ့တဩ အော်ခေါ်သံကို ကြားလိုက်ရသည်။
လုယန် ထိုလူကိုမှတ်မိသွားသည်။
“ငါတို့နဲ့တစ်ဖွဲ့တည်း ဂိုဏ်းဝင်လာတဲ့ လီဟော်ရန်လား”
လုယန်တို့အဖွဲ့တွင် ဧကဝိညာဉ်မြစ်သုံးယောက်ပါသည်။ ဓားဝိညာဉ်မြစ်လုယန်၊ တစ်ကိုယ်တော်ဝိညာဉ်မြစ် မုန်ကျင်းကျိုး၊ မီးဝိညာဉ်မြစ် လီဟော်ရန်တို့ဖြစ်သည်။
“လွန်ခဲ့တဲ့တစ်လကျော်က ကျိုးလုလုပြောတယ်။ မင်းက ချောရည်ကန်ထဲမှာ စိမ်နေတာတဲ့။ အခု ထွက်လာပြီလား”
ချော်ရည်စိမ်သည့်အကြောင်းပြောသည်နှင့် လီဟော်ရန် မျက်နှာရှုံ့သွားသည်။ ဆိုးဝါးသည့်အတွေ့အကြုံကို ပြန်သတိရလာဟန်ရှိသည်။
“နောက်ဆုံးတော့ ဆရာ့သတ်မှတ်ချက်ကို မီသွားပါပြီ။ ချော်ရည်ထဲမှာကူးတတ်ပြီ။ မီးတောက်တဲ့တွေ စားနိုင်ပြီ။ အခြေခံတည်ဆောက်တာလည်းပြီးသွားပြီ။ အခုမှ ထွက်လာတာပါ။ နောက်ထပ် ဘာဆက်လုပ်ရမလဲ ဆရာ့ကိုသွားမေးဖို့လေ။ ဒါပေမယ့် ဆရာ့ကိုမမြင်တာ သုံးရက်ရှိပြီလို့ အမကျိုးလုလုကပြောတယ်။ ဘယ်သွားနေလည်းမသိဘူးတဲ့”
ပဥ္စမအကြီးအကဲနှင့် သူ့ဆရာတာအိုဝစီပိတ်တို့ အတော်ခင်မင်ရင်းနှီးကြ၍ အတူတူကျင့်ကြံနေခြင်းလားဟု လုယန်တွေးမိသည်။
“အခြေတည်အဆင့်ရောက်ပြီဆိုရင် မစ်ရှင်ခန်းမမှာ ဂိုဏ်းမစ်ရှင်တစ်ခု သွားရှာသင့်တယ်”
လီဟော်ရန် ခေါင်းငြိမ့်သည်။ ဂိုဏ်းမှအကိုများ ပြောသည်ကို သူကြားဖူးသည်။
“လမ်းသိရဲ့လား။ ငါလိုက်ပို့ရမလား”
လီဟော်ရန်က “အကိုလုယန်”ဟု ခေါ်သဖြင့် စီနီယာအကိုအတစ်ယောက်အနေဖြင့် အကူအညီပေးသင့်သည်ဟု လုယန်ခံစားမိသည်။
“အဲလိုဆိုရင်တော့ ကျေးဇူးပါ”
မစ်ရှင်ခန်းမသို့သွားသည့်လမ်းတွင် လီဟော်ရန်၏နောက်ခံအကြောင်း သိခဲ့ရသည်။ သူ့မိဘများက ကျင့်ကြံသူများဖြစ်သည်။ ကျင့်စဉ်အဆင့် သိပ်မမြင့်ကြ။ အခြေတည်အဆင့်သာရှိသည်။ လီဟော်ရန်ကို မီးဝိညာဉ်မြစ်ရှိမှန်းသိသဖြင့် အတော်ဝမ်းသာကြပြီး များစွာအလိုလိုက်ကြသည်။
ထို့ကြောင့်လည်း လီဟော်ရန်ရန် မောက်မာတင်စီးသည့် ဗီဇမျိုးဖြစ်လာသည်။
တာအိုနှလုံးတောင်ကုန်းတက်သည့် စမ်းသပ်ပွဲတွင် သူ့စိတ်ဓာတ် မခိုင်မာကြောင်းသိသာသည်။ သူ့ထက်ပါရမီနည်းသူများ သူ့ထက်အရင် လှေခါးထစ်ငါးဆယ်သို့ ရောက်သည်။ သူက နောက်ဆုံးမှရောက်သည်။
ပဥ္စမအကြီးအကဲ ကျိုးရှင်းက လီဟော်ရန်၏ အားနည်းချက်ကိုမြင်သဖြင့် စိတ်ဓာတ်ခိုင်မာစေရန် ချော်ရည်ကန်ထဲတွင် တစ်နှစ်ကြာအောင် စိမ်ခိုင်းခဲ့ခြင်းဖြစ်မည်။
ယခု ကြည့်ရသည်မှာ အတော်အာနိသင်ရှိခဲ့ဟန်တူသည်။
မစ်ရှင်ခန်းမတွင် လီဟော်ရန်နှင့်သင့်တော်မည့်တာဝန်မျိုး ရှာမတွေ့။
“ဒါနဲ့ ...မင်းက ပစ္စည်းတွေ သန့်စင်တတ်ပြီလား”
“တတ်ပါတယ်။ ပစ္စည်းသန့်စင်တာနဲ့ပတ်သက်လို့ ကျုပ်အခြေတည်ထိပ်ဆုံးအဆင့်ကိုရောက်ပြီလို့ ဆရာကပြောတယ်”
မီးဝိညာဉ်မြစ်သည် ပစ္စည်းသန့်စင်ဖို့အတွက် အသင့်တော်ဆုံးဖြစ်သည်။ ချော်ရည်ကန်ထဲတွင် တစ်နှစ်ကြာအောင် ပစ္စည်းသန့်စင်ပညာကို သင်ကြားခဲ့သည်။
“ဒီလိုလုပ်ပါလား။ ပစ္စည်းသန့်စင်တဲ့တာဝန်တစ်ခု ငါတင်လိုက်မယ်။ မင်းက အဲဒါကို လက်ခံလိုက်။ မင်းပြီးအောင်လုပ်နိုင်ရင် ငါဒီကိုလာရတဲ့ရည်ရွယ်ချက်လည်း အောင်မြင်ပြီပေါ့”
လုယန် သေချာစဉ်းစားပြီးဖြစ်သည်။ သန့်စင်မှုတစ်ရာခန်းမရှိ ပစ္စည်းသန့်စင်သူများက ရွှေသန္ဓေအဆင့်မှစသည်။ ဈေးကြီးသည်။ သူသန့်စင်လို့သည့်လက်နက်က ထိုမျှအဆင့်မြင့်သန့်စင်သူမျိုးမလိုအပ်။
“ကျုပ်အတွက် အဆင်ပြေအောင်လုပ်ပေးဖို့မလိုပါဘူး အကိုလုယန်။ နောက်သုံးလေးရက်နေမှ မစ်ရှင်ခန်းမကို ပြန်လာရှာကြည့်ရုံပဲပေါ့”
လုယန် ခေါင်းခါသည်။
“ငါမင်းကို အဆင်ပြေအောင်လုပ်ပေးတာမဟုတ်ဘူး။ ငါလည်း ပစ္စည်းသန့်စင်တဲ့လူ လိုအပ်နေတယ်။ မင်းက အသင့်တော်ဆုံးပဲ”
“အသင့်တော်ဆုံးတဲ့လား”
လီဟော်ရန် နည်းနည်းစိတ်ကျေနပ်သွားသည်။
လုယန် ခေါင်းငြိမ့်ပြသည်။
“ဟုတ်တယ်၊ မင်းက ဈေးအချိုဆုံးလေ”
“...”
သူတို့နှစ်ယောက် လီဟော်ရန်၏ ပစ္စည်းသန့်စင်ခန်းထဲသို့ သွားကြသည်။ လုယန်က ချင်ဖုန်းဓားကိုထုတ်သည်။ အရည်အသွေးမြင့်သည့်ဓားကိုကြည့်၍ လီဟော်ရန် လန့်သွားသည်။ သူ့လိုအခြေတည်အဆင့်က ထိုဓားမျိုးကို သန့်စင်နိုင်မည်မဟုတ်။
“မဟုတ်ဘူး မဟုတ်ဘူး အကိုလု။ တစ်ခြားတစ်ယောက်ကိုပဲ ရှာသင့်တယ်။ ကျုပ်စွမ်းအားက အကန့်အသတ်ရှိပါတယ်။ ဒီဓားမျိုးကို မသန့်စင်နိုင်ဘူး”
လုယန် ပြုံးလိုက်သည်။
“မင်းနားလည်မှုလွဲနေပြီ။ ဒီဓားကိုသန့်စင်ဖို့မဟုတ်ဘူး။ ဓားအပြင်ပိုင်းမှာ အဆင်တန်ဆာအနေနဲ့ အပိုင်းငယ်လေးတွေ ထပ်ထည့်ချင်လို့ပါ”
လီဟော်ရန် သက်ပြင်းချလိုက်။ ထိုသို့ဆိုလျှင်တော့ လွယ်ပါသည်။
“နမူနာပုံစံလုပ်ထားလား”
“ရှိပါတယ်”
လုယန် လေးမီတာပတ်လည်ရှိသည့် နမူနာပုံစံကိုထုတ်ပြသည်။ “အပိုင်းငယ်”ဟူသည့်စကားနှင့် ကွက်တိမကျလှ။
နမူနာပုံစံကိုကြည့်၍ လီဟော်ရန် ပို၍နားမလည်နိုင်အောင်ဖြစ်သွားသည်။ သန့်စင်ဖို့ကမခက်ပါ။ သို့သော် ထိုနမူနာသည် ဓားအဆင်တန်ဆာနှင့် လုံးဝမတူသလိုဖြစ်နေသည်။
ထိုပုံစံမျိုး သူတစ်ခါမှမမြင်ဖူး။
“အခုရက်ပိုင်း ဓားပျံပညာသင်ဖို့ စီစဉ်နေတယ်။ ဓားကျင့်ကြံသူက ဓားမသုံးတတ်လို့ မဖြစ်ဘူးလေ။ ဒါပေမယ့် လမ်းကြောင်းထိန်းသိမ်းမှုဥပဒေမရှိဘဲ ကောင်းကင်မှာ ပျံတာက အရမ်းအန္တရာယ်များတယ်။ စိတ်ချရအောင်လို့ ဒီပုံစံကို ငါဒီဇိုင်းထွက်ထားတာ။
ငါက သံမဏိအိမ်ထဲမှာထိုင်ပြီး ဓားပျံပညာကိုသုံးမယ်။ ဓားပျံကို သံမဏိအိမ်ရဲ့အောက်မှာ စွမ်းအင်ရင်းမြစ်အဖြစ်ထားမယ်။
သံမဏိအိမ်ထဲမှာ ထိုင်ခုံတစ်ခုရှိမယ်။ ပြီးတော့ ထိုင်ခုံးတန်းနှစ်ခုရှိမယ်။ ဒီလိုဆိုရင် ငါဓားပျံပညာတတ်တဲ့အခါ တစ်ခြားလူတွေခေါ်ပြီး ပျံသန်းလို့ရတယ်လေ။
ဒါကို ပဲ့ကိုင်ဘီးလို့ခေါ်တယ်။ ပျံသန်းတဲ့လမ်းကြောင်းကို ထိန်းညှိနိုင်တယ်။
ပြီးတော့ ပြတင်းပေါက်တွေပါမယ်။ သာမန်လူတွေက သဲကနေဖန်သားရအောင် ခက်ခက်ခဲခဲလုပ်ရတယ်။ ငါတို့လို ကျင့်ကြံသူတွေအတွက် ဖန်သားသန့်စင်ဖို့သိပ်ပြဿနာမရှိနိုင်ပါဘူးနော်။
ပုံမှန်ဆို ဘရိတ်လည်းပါရမှာ။ ဒါပေမယ့် ဓားပျံရဲ့စွမ်းအားရင်းမြစ်က ငါကိုယ်တိုင်ပဲဆိုတော့ ဘရိတ်တပ်ဖို့ မလိုပါဘူး။ ခြေထောက်နဲ့ထိန်းရင် ရမှာပါ”
ပြီးတော့ ဒီသံမဏိအိမ်က ဖြုတ်ရတပ်ရလွယ်မှဖြစ်မယ်။ မဟုတ်ရင် တိုက်ခိုက်တဲ့အခါ အဆင်မပြေလောက်ဘူး”
သူ့’အဆင်တန်ဆာ’အတွက် လိုချင်သည့်အချက်များ အသုံးပြုမည့်ပုံစံများကို လုယန် အသေးစိတ်ရှင်းပြသည်။ ထာဝရနတ်မယ်နှင့် လီဟော်ရန်တို့ ဉာဏ်အလင်းပွင့်သလို ခံစားနေကြရသည်။
“ငါက အမြင့်ကြောက်လို့မဟုတ်ဘူး။ တစ်ယောက်တည်းပျံသန်းရတာ ပျင်းလို့ပါ။ လူတွေကို အတူခေါ်သွားချင်တယ်လေ”
အမြင့်ကြောက်၍မဟုတ်ကြောင်း လုယန် အသားပေး၍ပြောသည်။
“မင်း သန့်စင်နိုင်ပါ့မလား”
လုယန် ပြန်တွေးသည်။ နမူနာပုံစံက ထူးဆန်းသော်လည်း သန့်စင်ဖို့မခက်။ ထိုပစ္စည်းမျိုး တစ်ခါမှမသန့်စင်ဖူးသဖြင့် အသားကျအောင် နှစ်ကြိမ်သုံးကြိမ်တော့ စမ်းလုပ်ကြည့်ရမည်။
“ရပါတယ်”
“သိပ်ကောင်းတာပေါ့။ ဒါတွေက မိုးကြိုးသံနက်ပါ။ သန့်စင်ပစ္စည်းအဖြစ်သုံးပေါ့။
ပြီးတော့ ဒီမျက်နှာဖုံးကိုလည်း သေချာလေးလုပ်ပေးပါ။ လွယ်လွယ်မပျက်စီးနိုင်အောင် ပိုမာအောင် လုပ်ပေးပါ”
လုယန် တို့ဟူးမျက်နှာဖုံးကို ထုတ်ပေးသည်။ အပြင်ထွက်လျှင် ရုပ်ဖျက်ဖို့လိုသည်။
“ဈေးနှုန်းကို ကျိုးဆောင်မှတ်နှစ်ဆယ်သတ်မှတ်ရင် ဘယ်လိုသဘောရလဲ”
လုယန် ဈေးကို ကိုယ်တိုင်သတ်မှတ်လိုက်သည်။
ကျိုးဆောင်မှတ်နှစ်ဆယ်။ ဝိညာဉ်ကျောက်နှစ်ထောင်။ မနည်းလှပါ။
လီဟော်ရန် ထိုအလုပ်ကို လက်ခံလိုက်သည်။
***********************************************