← Chapters

မသေမျိုးငါးဂိုဏ်း လျှို့ဝှက်ဆွေးနွေးပွဲ

Vol. 9 Ch. 128

မသေမျိုးငါးဂိုဏ်း လျှို့ဝှက်ဆွေးနွေးပွဲ

Vol. 9 Ch. 128

တာအိုလမ်းစဉ်ဂိုဏ်း၏ တောင်ထိပ်တစ်ခုတွင် မသေမျိုးငါးဂိုဏ်း၏ထိပ်သီးများ စုဝေးနေသည်။

တောင်ထိပ်က လျှို့ဝှက်သည်။ ဂိုဏ်းထိပ်သီးများမှလွဲ၍ တစ်ခြားလူများ မသိနိုင်။

ထိပ်သီးလေးယောက် ငြိမ်သက်စွာထိုင်၍ ဆွေးနွေးပွဲစီစဉ်သူ စကားစပြောမည့်အချိန်ကို စောင့်နေသည်။

လူစုံပြီဖြစ်ကြောင်း အာရုံခံမိသဖြင့် ယွမ်ကျိ ကျင့်ကြံရာမှ နိုးထလာသည်။ ပွင့်လာသည့် သူ့မျက်လုံးများက အချိန်နှင့်နေရာများစွာဖြတ်ကျော်၍ ကမ္ဘာထောင်ချီကို ထွင်းဖောက်မြင်နိုင်သကဲ့သို့ နက်ရှိုင်းပြီး အသိခက်သည်။ သူ့အကြည့်တွင် တစ်ခြားလူလေးယောက် ခဏမှင်သက်မိသွားသည်။

ထိတ်လန့်သွားကြသည်။ ယွမ်ကျိနှင့်မတွေ့ဖြစ်သည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ အရင်ကလည်း သူတို့အပေါ် ယွမ်ကျိက အတိုင်းအဆမရှိ လွှမ်းမိုးနိုင်သည့်အာရုံမျိုး ပေးခဲ့သည်။ ယခု ထိုခံစားချက်က ပို၍ပြင်းထန်လာသည်။

ထိုပါရမီရှင်မျိုး တာအိုလမ်းစဉ်ဂိုဏ်းက စည်းရုံးသိမ်းသွင်နိုင်ခဲ့သည်မှာ တကယ်ကံထူးခြင်းဖြစ်သည်။ ထိုမျှသာမကသေး။ သူသည် ခွေးသူတောင်းစားအို တာအိုဝစီပိတ်၏ တပည့်ဖြစ်သည်။

သို့သော် ယွမ်ကျိ ကျင့်စဉ်စွမ်းအားနက်ရှိုင်းသည်က သူတို့အတွက် သတင်းကောင်းဖြစ်သည်။ မဟာကပ် နီးလာသည်နှင့်အမျျှ ဝိညာဉ်စွမ်းအင်များ သိပ်သည်းပေါများလာသည်။ မိုးမြေတာအို အားကောင်းလာသည်။ နတ်ဆိုးဂိုဏ်းများ လှုပ်ရှားလာသည်။ နှစ်သောင်းချီအိပ်ပျော်နေခဲ့သည့် စွမ်းအားရှင်များ နိုးထလာသည်။ ဒဏ္ဍာရီမသေမျိုးများ တဖြေးဖြေးပေါ်လာသည်။

ထိုစွမ်းအားရှင်များ မသေမျိုးများသည် လက်ရှိခေတ်၏ စည်းကမ်းများကို လိုက်နာကြမည်မဟုတ်။ လောကစည်းကမ်းကို ပြန်သတ်မှတ်ဖို့ကြိုးစားမည်။ သူတို့စိတ်ကြိုက် နယ်မြေခွဲဝေရန် ကြိုးစားမည်။ သေမျိုးများအတွက်ရော လက်ရှိခေတ်ကျင့်ကြံသူများအတွက်ပါ အန္တရာယ်ကြုံလာလိမ့်မည်။

စွမ်းအားမြင့်ကျင့်ကြံသူများ နိုးထနေသည်။ အလယ်ပိုင်းတိုက်နယ်ကို ဒုက္ခပေးရန် ကြိုးစားသည်။ သို့သော် သူတို့အရှိန်မရမီ မသေမျိုးဂိုဏ်းငါးဂိုဏ်းပူးပေါင်း၍ သတ်ဖြတ်ခဲ့သည်။

မသေမျိုးအားလုံးက ထာဝရနတ်မယ်လို အပူအပင်ကင်း၍ ရောင့်ရဲတတ်ကြသည်မဟုတ်။

တစ်ခြားကိုပြောစရာမလို။ တစ်ချိန်က ကြယ်များကို တိုက်နယ်အဖြစ် သန့်စင်ခဲ့သည့် အမည်မဲ့စွမ်းအားရှင်သည် အတော်ရင်ဆိုင်ရခက်သည့် ရန်သူမျိုးဖြစ်သည်။

ယခုလိုအချိန်မျိုးတွင် မသေမျိုးငါးဂိုဏ်း အင်အားတောင့်တင်းလေ ရောက်လာတော့မည့် ကပ်ဆိုးကို ခုခံနိုင်ခြေမြင့်လေဖြစ်သည်။

“ကျွန်မဒီနေ့ ရှင်တို့ကိုခေါ်လိုက်တာက နတ်ဆိုးဂိုဏ်းနဲ့ပတ်သက်ပြီး သတင်းတစ်ချို့ရထားလို့ပါ”

ယွမ်ကျိ ပေါ့ပါးသည့်လေသံဖြင့်ပြောသည်။

တစ်ခြားလေးယောက် ကျောရိုးထဲမှ စိမ့်တက်လာကြသည်။ သတင်းပို့ခြင်းလို သုံးနေကျနည်းလမ်းမျိုးမသုံးဘဲ လူကိုယ်တိုင် တာအိုလမ်းစဉ်ဂိုဏ်း၏ လျှို့ဝှက်တောင်ထိပ်သို့ ကိုယ်တိုင်လာဖို့ ယွမ်ကျိဆင့်ခေါ်ခဲ့သည်မှာ မထူးဆန်းတော့။

ဤလျှို့ဝှက်တောင်ထိပ်သည် တာအိုလမ်းစဉ်ဂိုဏ်း၏ သူတော်စင်များ ခေတ်အဆက်ဆက် ကောင်းချီးပေးခဲ့သည့် တောင်ထိပ်ဖြစ်သည်။ ယွမ်ကျိက နောက်ထပ်အဆင့်မြင့်ခဲ့သည်။ ကံတရားကို ဖုံးကွယ်နိုင်သည်။ ဝိညာဉ်အာရုံနှင့် ကံကြမ္မာမျက်လုံးလို နတ်စွမ်းအားများ မထိုးဖောက်နိုင်။ သတင်းပေါက်ကြားမည်ကို စိုးရိမ်စရာမရှိ။

နတ်ဆိုးဂိုဏ်းသည် အင်အားမတောင့်တင်းသော်လည်း မသေမျိုးများကို ကိုးကွယ်ပြီး ထိုမသေမျိုးများထံမှ မှော်ရတနာများ ကျင့်စဉ်နည်းလမ်းများစွာ ရထားသည်။ ထိုရတနာများကျင့်စဉ်နည်းများက ကြိုတင်မှန်းဆ၍မရ။ သတိထားကိုင်တွယ်ဖို့လိုသည်။

“ရှင်တို့သိတဲ့အတိုင်းပဲ။ ပြီးခဲ့တဲ့တစ်လက ထာဝရဂိုဏ်းရဲ့ဌာနချုပ်တစ်ခုကို ကျွန်မဝင်စီးတယ်။ သတင်းတစ်ချို့ရခဲ့တယ်။ ထူးခြားသတင်းနှစ်ခုရှိတယ်။ တစ်ခုက ထာဝရအရှင်ကို ပြန်အသက်သွင်းတဲ့ နည်းလမ်းပါ။ နောက်တစ်ခုကတော့ “သူလျို”ကိစ္စပါ”

တစ်ခြားလေးယောက် ခါးမတ်လာကြသည်။ မသေမျိုးများကို ပြန်အသက်သွင်းသည့်ကိစ္စက တယ်ထူးခြားသတင်းဖြစ်သည်။

ယွမ်ကျိ ထာဝရဂိုဏ်း၏နေရာတစ်ခုကို ဖြိုခွဲခဲ့ကြောင်း သူတို့ကြားသည်။ သို့သော် ထိုနေရာကို ယွမ်ကျိဘယ်လိုတွေ့ခဲ့မှန်း သူတို့မသိ။

“ထာဝရအရှင်ရဲ့ အရိယဖလဟာ အတော်ထူးခြားတယ်။ သူ့ခန္ဓာကိုယ်နဲ့ဝိညာဉ် လုံးဝပျက်စီးသွားရင်တောင် တစ်ယောက်ယောက်က အမှတ်တမဲ့ဖြစ်ဖြစ် တမင်ရည်ရွယ်လို့ပဲဖြစ်ဖြစ် သူ့ဘွဲနာမည်နဲ့မသေမျိုးနာမည်ကို ရွတ်လိုက်ရင် သူပြန်ရှင်သန်နိုင်တယ်”

(**အရိယဖလသည် မသေမျိုးဝိညာဉ်ကို ရည်ညွှန်းပါသည်)

တစ်ခြားလေးယောက် ရင်တဒိတ်ဒိတ်ခုန်လာသည်။ မသေမျိုးအရိယဖလတို့သည် သာမန်မဟုတ်။ သူတို့သိထားသည့် အရိယဖလများက တိုက်ပွဲစွမ်းအားမြှင့်တင်ခြင်းနှင့် ပတ်သက်သည်။ သို့သော် ရှင်သန်မှုအရိယဖလကိုတော့ ပထမဆုံးကြုံဖူးခြင်းဖြစ်သည်။

“ထာဝရဂိုဏ်းဟာ လသံလွင်မသေမျိုးနန်းတော်၊ ထောင်ချုပ်ဂိုဏ်းနဲ့ ဓာတ်ငါးမျိုးဂိုဏ်းတွေမှာ သူလျိုတွေထည့်ထားတယ်လို့လည်း သိရတယ်”

အမှန်တော့ ထိုသတင်းကို ထာဝရဂိုဏ်းဌာနချုပ်မှ ရခဲ့ခြင်းမဟုတ် ဂိုဏ်းအုပ်ထန်ယွမ်ရှန်းက လုယန်ကိုပြောလိုက်သည့် သတင်းဖြစ်သည်။

လုယန်တို့ကို သူလျှိုအဖြစ် တာအိုလမ်းစဉ်ဂိုဏ်းထဲလွှတ်ဖို့ ထန်ယွမ်ရှန်း စီစဉ်ခဲ့သည်။ မသေမျိုးငါးဂိုဏ်းထဲတွင် ဂိုဏ်းဝင်အရေအတွက်နည်းသည့် စွန်စီးဘုံကျောင်းနှင့် အရူးများပြည့်နေသဖြင့် သူလျိုလွှတ်ရန်ခဲယဉ်းသည့် တာအိုလမ်းစဉ်ဂိုဏ်းမှလွဲ၍ ကျန်သုံးဂိုဏ်းတွင် သူတို့သူလျိုများရှိကြောင်း ပြောသည်။

တာအိုလမ်းစဉ်ဂိုဏ်းသည် တာအိုကျင့်စဉ်များ ဆန်းသစ်တီထွင်မှုများကြောင့် နာမည်ကျော်သည်။ တစ်ခြားလေးဂိုဏ်းက သူတို့ဂိုဏ်းတပည့်များကို တာအိုလမ်းစဉ်းဂိုဏ်းအား ဝေးဝေးရှောင်ရန် သတိပေးကြသည်။

စွန်စီးဘုံကျောင်းက လူနည်းသော်လည်း ကရုဏာကြီးမားပြီး စွမ်းအားမြင့်သည့်အတွက် နာမည်ကျော်သည်။ တစ်ခါတစ်လေ ဂိုဏ်းချုပ်နှင့် တပည့်တစ်ယောက်သာ ရှိသည်။

လသံလွင်မသေမျိုးနန်းတော် လမင်းတွင် ထူးဆန်းသည့် လျှို့ဝှက်ချက်များရှိသည်ဟု ယုံကြည်သည်။ လမင်းအကူအညီဖြင့် ကျင့်ကြံမှုလုပ်ကြသည်။ သံလွင့်ပင်များ ပတ်လည်ဝိုင်းနေသည်။

ထောင်ချုပ်ဂိုဏ်းက နတ်ဆိုးများ မကောင်းဆိုးဝါးဝိညာဉ်များကို နှိပ်ကွပ်ထိန်းချုပ်သည်။

ဓာတ်ငါးမျိုးဂိုဏ်းက ဓာတ်ငါးမျိုးညီညွတ်မှုကို ယုံကြည်သည်။ ဓာတ်ငါးမျိုးကျင့်စဉ်ပညာများကို နက်ရှိုင်းစွာ နားလည်တတ်ကျွမ်းသည်။

တစ်ခြားလေးဂိုဏ်းက တာအိုလမ်းစဉ်ဂိုဏ်းသည် သူတို့နှင့်ပေါင်းစည်း၍မရဟု ယူဆသည်။

တာအိုလမ်းစဉ်ဂိုဏ်းက တစ်ခြားလေးဂိုဏ်းသည် သူတို့နှင့်ပေါင်းစည်း၍မရဟု ယူဆသည်။

ထိုသိုအမြင်ကွဲပြားချက်များရှိသော်လည်း သူတို့အချင်းချင်းဆက်ဆံရေးက အတော်ကောင်းနေဆဲဖြ်စသည်။

“ဪ..ဒါဆို သူလျိုကိစ္စပေါ့

လသံလွင်နန်းတော်ဂိုဏ်းချုပ်က အံ့ဩခြင်းမရှိ။ သူသည် လန်ထင်၏ဆရာဖြစ်သည်။ လန်ထင်က သူ့ကို တစ်ချို့ကိစ္စများ ပြောပြထားသည်။

“အော်မီတော်ဖော်”

စွန်စီးကျောင်းထိုင်ကိုယ်တော်က ဘာမှသိပ်မပြော။ သူတို့ဘုံကျောင်းသည် နတ်ဆိုးဂိုဏ်းသူလျှိုမရှိ။ လူနည်းသည်ကလည်း အကြောင်းရင်းတစ်ခုဖြစ်သည်။ နောက်တစ်ချက်က နတ်ဆိုးဂိုဏ်းနှင့် ယုံကြည်မှုခြင်း ကွဲပြားသောကြောင့်ဖြစ်သည်။ နတ်ဆိုးဂိုဏ်းမှလူများ တစ်နေကုန် သုတ္တန်ရွှတ်၍ သီလစောင့်ထိန်းနေလျှင် သူတို့၏ (နတ်ဆိုး)တာအိုနှလုံး ပျက်စီးလာမည်။ သရုပ်မှန်ပေါ်ဖို့ လွယ်ကူသည်။

“မိစ္ဆာလမ်းစဉ်တွေအားလုံးကို နှိပ်ကွပ်နေတဲ့ ငါ့ရဲ့ထောင်ချုပ်ဂိုဏ်းမှာ ထာဝရဂိုဏ်းသူလျိုရှိနေမယ်လို့ ထင်မထားဘူး။ ပြန်ရောက်တာနဲ့ ဒီကိစ္စသေချာစစ်ဆေးမယ်”

ထောင်ချုပ်ဂိုဏ်းချုပ် ဒေါသထွက်နေသည်။ အချိန်အခါမသင့်၍သာ စိတ်ထိန်းထားရခြင်းဖြစ်သည်။

“သူလျိုတွေရှိတယ်ဆိုတော့ ထာဝရဂိုဏ်းတင်မဟုတ်လောက်ဘူး။ တစ်ခြားနတ်ဆိုးဂိုဏ်းသူလျိုတွေလည်း ပုန်းခိုနေမယ်ထင်တယ်။ သေချာစုံစမ်းစစ်ဆေးဖို့လိုတယ်”

ဓာတ်ငါးမျိုးဂိုဏ်းချုပ်က အေးစက်စက်ပြောသည်။ နတ်ဆိုးဂိုဏ်းဝင်များ အတော်အတင့်ရဲနေသည်။ ဓာတ်ငါးမျိုးဂိုဏ်းကိုပင် မျက်လုံးထဲမထည့်။

“သူလျိုတွေကို ဘယ်လိုစစ်ဆေးကြရင်ကောင်းမလဲ”

လသံလွင်ဂိုဏ်းချုပ်က ပြောသည်။

“ထာဝရဂိုဏ်းက ထာဝရအရှင်ရဲ့ နောက်လိုက်မဟုတ်လား။ ငါတို့တပည့်တွေကို “ထာဝရအရှင်ဟာခွေးသူတောင်းစားပါ”လို့ ပြိုင်တူအော်ခိုင်းကြမလား”

ဓာတ်ငါးမျိုးဂိုဏ်းချုပ် အကြံပြုသည်။

ကျန်လေးယောက် ခေါင်းငြိမ့်သည်။ အကြံကောင်းတစ်ခုဟု ယူဆကြသည်။

ထောင်ချုပ်ဂိုဏ်းသခင်က ထပ်ပြောသည်။

“နောက်တစ်နည်းက သံသယဂိုဏ်းဝင်စာရင်းတစ်ခု အသုံးချဖို့ပဲ။ စာရင်းထဲမှာပါတဲ့လူတွေကို “ဂိုဏ်းချုပ်က ထာဝရအရှင်ရဲ့ မသေမျိုးနာမည်ကို ရွတ်ဆိုလိုက်လို့ ထာဝရအရှင် ပြန်ရှင်သန်လာပြီ။ ဂိုဏ်းချုပ်က နောက်လိုက်အားလုံးကို ဌာနချုပ်မှာစုဖို့ အမိန့်ပေးလိုက်တယ်”လို့ ပြေားခိုင်းလို့ရတယ်”

လမ်းမှန်ဂိုဏ်းဝင်များသည် ထာဝရအရှင်ပြန်အသက်သွင်းသည့်နည်းကို မသိကြ။ ထာဝရဂိုဏ်းသူလျိုတစ်ယောက် ထိုစကားကြားလျှင် ပြောဆိုသူသည် သူ့လိုနတ်ဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်မည်ဟု ထင်လာနိုင်သည်။

ယွမ်ကျိက ခေါင်းခါသည်။

“သူတို့ကို တပ်လှန့်လိုက်သလို ဖြစ်သွားနိုင်တယ်။ သံသယစာရင်းက ထာဝရဂိုဏ်းသူလျိုတင် မဟုတ်ဘူး။ တစ်ခြားနတ်ဆိုးဂိုဏ်းသုံးဂိုဏ်းက လူတွေလည်းပါမှာ။ ဒီလိုပြောတာသူတို့ကြားရင် ရှင်တို့ သူလျိုစုံစမ်းနေမှန်း ရိပ်မိသွားလိမ့်မယ်”

ယွမ်ကျိ၏သုံးသပ်ချက်က ဆီလျောက်သည်ဟု ယူဆသဖြင့် ထောင်ချုပ်ဂိုဏ်းသခင် ထပ်မပြောတော့။

“ဒါနဲ့ တာအိုလမ်းစဉ်ဂိုဏ်းမှာ သူလျိုမရှိဘူးမဟုတ်လား။ အဲဒါဘာကြောင့်လို့ ယွမ်ကျိမြင်သလဲ”

ဓာတ်ငါးမျိုးဂိုဏ်းချုပ်က မေးသည်။ တစ်ခြားသုံးယောက်လည်း ထိုအဖြစ်ကို သိချင်သည်။

ယွမ်ကျိ စဉ်းစားရကြပ်သွားသည်။ ဘာကြောင့် သူတို့ဂိုဏ်းတွင် နတ်ဆိုးဂိုဏ်းသူလျိုမရှိသည်မသိ။

“တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေက ရိုးရှင်းတဲ့စိတ်မျိုးရှိလို့ ဖြစ်နိုင်ပါတယ်။ နတ်ဆိုးဂိုဏ်းဝင်တွေရဲ့ စိတ်အတွေးက ရှုပ်ထွေးတယ်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်အဖြစ် သူတို့ဟန်ဆောင်နိုင်စွမ်း မရှိကြလို့ဖြစ်မယ်”

ထို့နောက်တွင် သူတို့ငါးယောက် သူလျိုဖော်ထုတ်ဖို့ ကြမ်းတမ်းသည့်နည်းလမ်းများစွာ စဉ်းစားကြသည်။ စွန်စီးဘုံကျောင်းကိုယ်တော်တင်ပြသည် နည်းလမ်းများက အရက်စက်ဆုံးဖြစ်သည်။ ထိုနည်းလမ်းများကိုသာ အပြင်လူများကြားလျှင် သူတို့အပေါ်ထားသည့်အမြင် တစ်ရာ့ရှစ်ဆယ်ဒီဂရီ လည်ထွက်သွားပေလိမ့်မည်။

လျှို့ဝှက်ဆွေးနွေးပွဲ ပြီးသွားချိန်တွင် တောင်ထိပ်မှ ဆင်းလာကြသည်။ သုံးယောက် ပြန်သွားသည်။ လသံလွင်နန်းတော်ဂိုဏ်းချုပ်သာ ကျန်နေခဲ့သည်။

“ဂိုဏ်းချုပ်လော်၊ ဘာကိစ္စရှိသေးလို့လဲ”

ယွမ်ကျိက‌မေးသည်။ လသံလွင်ဂိုဏ်းချုပ်နာမည်က လော်ဟုန်ရှားဖြစ်သည်။

လော်ဟုန်ရှားက စိတ်မပါ့တပါလိုက်လာသည့် လန်ထင်ကို လှမ်းခေါ်သည်။

“မင်းတို့ဂိုဏ်းမှာ လုယန်ဆိုတဲ့ တပည့်တစ်ယောက်ရှိလား။ ငါသူနဲ့ ပြောစရာရှိတယ်။ လန်ထင်လို လိမ္မာတဲ့ကလေးက သူ့ကြောင့် စိတ်လေသွာားတယ်။ ငါသူ့ကို လျော်ကြေးတောင်းချင်တယ်”

“သူတို့နှစ်ယောက်ကို တာအိုလက်တွဲဖော်တွေအဖြစ် စီစဉ်လိုက်ကြမလား”

ယွမ်ကျိက တည်ငြိမ်စွာ အကြံပြုသည်။

လော်ဟုန်ရှား မျက်နှာပျက်သွားသည်။

*******************************************

All Chapters