← Chapters

အချုပ်အနှောင်လွတ်လာသူ

Vol. 9 Ch. 129

အချုပ်အနှောင်လွတ်လာသူ

Vol. 9 Ch. 129

လော်ဟုန်ရှား အပြေးတပိုင်းထွက်သါားသည်။

အစက ဆွေးနွေးပွဲကို အခွင့်ကောင်းယူ၍ တာအိုလမ်းစဉ်ခိုင်းထံ ဖြေရှင်းချက်တောင်းဖို့ သူကြံထားခဲ့သည်။ အနည်းဆုံးတော့ လန်ထင်နှင့် နောက်ထပ်မပတ်သက်တော့ပါဟူသည့် ကတိမျိုး လိုချင်ခဲ့သည်။

ယခု ဘာကတိမှ မရသည့်အပြင် သူအပြေးနောက်ကျလျှင် သူ့တပည့်ပါ ဒုက္ခရောက်သွားနိုင်သည်။

တိမ်မြူကြားထဲတွင် လန်ထင်က ညည်းညူသည်။

“ဆရာ၊ ကျွန်မအဆင်ပြေတယ်လို့ ပြောခဲ့သားပဲ။ ဆရာက ကျွန်မကိ တာအိုလမ်းစဉ်ဂိုဏ်းဆီ အတင်းခေါ်လာတယ်။ ဒီအကြောင်း လုယန်သာသိသွားရင် ဘယ်လိုထင်မလဲ”

“နင်ပြန်လာကတည်းက အော်တိုအသားကင်မှော်စက်ဝန်းတီထွင်ဖို့ပဲ အာရုံစိုက်နေတာလေ။ အရိပ်တုလက်သီးသိုင်းနဲ့ တစ်ခြားလူတစ်ယောက်လို အသွင်ပြောင်းဖို့လည်း ကြိုးစားနေတယ်။ ဒါကိုနင်က အဆင်ပြေတယ်လို့ ပြောနေတယ်ပေါ့။

အစကတည်းက တာအိုလမ်းစဉ်ဂိုဏ်းကလူတွေနဲ့ ဝေးဝေးနေပါလို့ ငါပြောခဲ့သားပဲ။ ဒါဟာ အတွေ့အကြုံကနေရတဲ့ သင်ခန်းစာပါ။

အရင်က ငါ့ကျင့်စဉ်ခရီးအတွက် တောင်အောက်ကိုဆင်းတယ်။ တာအိုလမ်းစဉ်ဂိုဏ်းက တပည့်တစ်ယောက်နဲ့ တွေ့တယ်။ ငါတို့နှစ်ယောက် အတူတွဲပြီး သရဲတစ်ကောင်ကိုရှင်းဖို့ တည်းခိုခန်းတစ်ခုမှာ သုံးလေးရက်နေခဲ့တယ်။ အဲဒီ့သရဲက အတော်အတင့်ရဲတယ်။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်ရဲ့ ကုတင်အောက်မှာ သုံးရက်လုံးလုံး ပုန်းနေခဲ့တာ။

နောက်ဆုံးကျတော့ အဲဒီ့ဂိုဏ်းတပည့်က ရိပ်မိသွားပြီး သရဲကို ကုတင်အောက်ကဆွဲထုတ်တယ်။ ပြီးတော့ သုံးရက်စာအခန်းငှားခအတွက် တစ်ဝက်ပေးရမယ်လို့ တောင်းတယ်လေ။ အဲဒါ သာမန်လူတစ်ယောက် တွေးတဲ့အတွေးမျိုးလား”

“အဲဒီ့ဂိုဏ်းတပည့်ဆိုတာ ဘယ်သူလဲ”

လန်ထင် မေးလိုက်သည်။

“တာအိုလမ်းစဉ်ဂိုဏ်းချုပ် တာအိုရှင်ဝစီပိတ်ပေါ့”

လော်ဟုန်ရှား နှာခေါင်းရှုံ့၍ ပြောသည်။

“နောက်တစ်ခေါက်ကျတော့ ငါတို့နှစ်ယောက် လူသတ်မှုတစ်ခုနဲ့ကြုံတယ်။ ကလေးတစ်ဒါဇင်ကျော် ရက်ရက်စက်စက်အသတ်ခံရတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ အကုန်ပြန့်ကျဲနေတယ်။ ကောင်မလေးတစ်ယောက်ပဲ ငူငူငိုင်ငိုင်နဲ့ အသက်ရှင်ကျန်ရစ်ခဲ့တာ။ ငါတို့က ဒီကောင်မလေးဘေးကိုသွားပြီး သူ့ကိုကာကွယ်ပေးထားတယ်။

ခဏကြာတော့ အရာရှိတွေရောက်လာတယ်။ အလောင်းတွေပြန်စစ်ဆေးပြီးတော့ အလောင်းတိုင်းမှာ ကိုယ်အစိတ်အပိုင်းတစ်ခုစီ ပျောက်နေတာကို တွေ့တယ်။ ပျောက်နေတဲ့အစိတ်အပိုင်းတွေ အတူပေါင်းပြီး ဟိုကောင်မ‌လေးကို ဖန်တီးထားတာ။

အဲဒီတုန်းက ငါ့ကျောရိုးထဲတောင် စိမ့်တက်လာတယ်။ ပြီးတော့ ကောင်မလေးက အေးစက်စက်ပြုံးပြီး ရယ်တယ်။ အတော်ကြောက်စရာကောင်းတယ်။ အဲဒီ့အချိန်မှာ တာအိုရှင်ဝစီပိတ်က ကောင်မလေးခေါင်းကိုပုတ်ပြီးပြောတယ်။ “ဘာတွေအဲလောက်သဘောကျနေတာလဲ။ ငါတို့ အ‌ရေးကြီးကိစ္စ ဆွေးနွေးနေတာ မင်းမမြင်ဘူးလား”တဲ့။ ကောင်မလေးက လုံးဝ မင်သက်မိသွားတာ”

လန်ထင် - “...”

..................

သူ့ဆရာအတွက် စိုးရိမ်သဖြင့် လုယန် ကောင်းကင်ဂိတ်တောင်ထိပ် ထင်းရှူးတော့သို့ ပြန်ရောက်လာသည်။ တာအိုရှင်ဝစီပိတ် ကြိုးတုပ်ခံထားရသည်ကို မြင်သွားသည်။

“ငါတို့တာအိုလမ်းစည်ဂိုဏ်းမှာ အခု သရုပ်ဆောင်ပညာတောင် ခေတ်စားနေပြီလား”

လုယန် တွေးနေသည်။

တာအိုရှင်ဝစီပိတ်က အတင်းရုန်းကန်၍ လှုပ်ရှားနိုင်အောင်ကြိုးစားသည်။ အကူအညီတောင်းသည့်ဟန်ဖြင့် ဝူးဝူးဝါးဝါးပြောသည်။

လုယန် သူ့ဆရာနဖူးမှ အဝါရောင်စက္ကူကို ဖယ်လိုက်သည်။ တာအိုရှင်ဝစီပိတ် မှော်အစွမ်းများ ပြန်ရလာပြီး ကြိုးကိုဖြေသည်။ ပါးစပ်ထဲမှ ခြေအိတ်ကို ထွေးထုတ်သည်။ အချုပ်အနှောင်မှ အောင်မြင်စွ လွတ်မြောက်သွားသည်။ သူ့မျက်လုံးတွင် မျက်ရည်များဝေ့နေသည်။

“ညီလေး၊ အခုချိန်ကစလို့ ငါတို့ချင်း အဆင့်တူတွေဖြစ်သွားပြီ။ မင်းငါ့ကို ဆရာလို့ခေါ်တယ်ဆိုတော့ ငါလည်းမင်းကို ဆရာလို့ခေါ်ပါ့မယ်”

သူ့ဆရာကို ပြန်ကြိုးတုပ်ထားလျှင် ပိုကောင်းမည်ဟု လုယန်တွေးမိသည်။

တာအိုရှင်ဝစီပိတ် လှိုဏ်ဂူထဲမှ ထွက်လိုက်သည်။ လက်နှစ်ဘက်ကို ကျယ်ကျယ်ဖြန့်ထားပြီး နေရောင်ခြည်အောက်မှ သဘာဝတရားကို ခံစားသည်။

“ဆယ်နှစ်တော့ကြာခဲ့ပြီး နောက်ဆုံးတော့ ငါထွက်လာနိုင်ပြီပဲ”

ထို့နောက် ပတ်ဝန်းကျင်အခြေအနေက သိပ်နေရာမကျသေးဟု သူတွေးမိသည်။ ထို့ကြောင့် တိမ်တိုက်များကို ထိန်းချုပ်၍ သူ့ဘေးပတ်လည်နေရာလေးကို မိုးရွာလာ‌အောင် လုပ်လိုက်သည်။

သူ့တစ်ကိုယ်လုံး မိုးရေများချက်ချင်း စိုရွှဲသွားသည်။ ထို့နောက် သူ့လက်နှစ်ဘက်ကို နောက်တစ်ကြိမ် ပြန်ဆန့်ထုတ်သည်။

“အား...ဆယ်နှစ်တောင်ကြာခဲ့ပြီး နောက်ဆုံးတော့ ငါထွက်လာနိုင်ပြီပဲ”

ပြည့်စုံသွားသည်။

လိုချင်သည့် ခံစားချက်ရသကို ရပြီးနောက် မိုးတိမ်တိုက်များကို ဖယ်ရှား၍ လုယန်ကို လှည့်ကြည့်သည်။

“ငါပုံပြင်တွေပြောဖို့ တောင်အောက်ကိုဆင်းမယ်။ မင်းငါနဲ့အတူ လိုက်မလား”

တာအိုရှင်ဝစီပိတ် သူ့မစ်ရှင်ကို မမေ့ပါ။

လုယန် လိုက်ချင်သော်လည်း ခေါင်းခါသည်။

“မဖြစ်ဘူး။ ကျုပ်ရဲ့သရုပ်မှန်က အန္တရာယ်များလွန်းတယ်။ ထာဝရဂိုဏ်းကလူတစ်ယောက်ယောက် ကျုပ်ကိုမှတ်မိသွားရင် အခြေအနေဆိုးသွားလိမ့်မယ်”

တာအိုဝစီပိတ် တဟားဟားရယ်နေသည်။

“ဒါက ဘာခက်လို့လဲကွာ”

သူ့လက်တစ်ဘက် လုယန်မျက်နှာရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ လုယန်၏ရုပ်ရည် ပြောင်းလဲသွားသည်။ ဘယ်သူမှမမှတ်မိနိုင်တော့။

“ရန်သူတွေမမှတ်မိဖို့ပဲ မဟုတ်လား။ ငါနားလည်ပါတယ်။ ငါက ဒီအပိုင်းမှာ အတော်ကျွမ်းကျင်ပါတယ်ကွ။ စိတ်ချပါ။ ငါ့ရုပ်ဖျက်ပညာကို စုစည်းခြင်းအဆင့်ကလူတွေ မရိပ်မိနိုင်ပါဘူး”

တာအိုရှင်ဝစီပိတ် ထိုကျွမ်းကျင်မှုကို ဘယ်လိုရလာသလဲ လုယန်သိပ်စိတ်မဝင်စားပါ။ သို့သော် ယခုပုံစံအတိုင်းဆိုလျှင် တကယ်စိတ်ချလက်ချ အပြင်ထွက်လို့ရသည်။

“ကျုပ်သူငယ်ချင်းတစ်ယောက်ရော ခေါ်ခဲ့လို့ရမလား”

“ရတာပေါ့”

လက်သီးသိုင်းနှင့်ခြေကန်ချက်များ လေ့ကျင့်နေသည့် မုန်ကျင်းကျိုးကို လုယန် သွားခေါ်သည်။

“အပြင်မှာသွားပျော်ကြမလား”

“ဘေးကင်းပါ့မလား”

“အထက်ပုဂ္ဂိုလ်ကြီးတစ်ယောက်ပါတာပဲ။ ဘေးကင်းဖို့ အာမခံပါတယ်”

“သွားစို့လေ”

နှစ်ခါမညှိရ။ ဘယ်သွားမလဲ ဘာလုပ်မလဲဟုပင်မမေး။ မုန်ကျင်းကျိုး ချက်ချင်းလိုက်လာသည်။

လုယန်နှင့်အတူသွားရသည့်ခရီးသည် ငြီးငွေ့စရာရှိမည်မဟုတ်။

“သူကဘယ်သူလဲ”

မုန်ကျင်းကျိုး တိုးတိုးကပ်မေးသည်။ တာအိုရှင်ဝစီပိတ်ကို သူမမြင်ဖူး။

“ငါ့ဆရာ တာအိုရှင်ဝစီပိတ်လေ”

လုယန် ဝင့်ကြွားမှုအပြည့်ဖြင့် မိတ်ဆက်ပေးသည်။

တာအိုဝစီပိတ်က မုန်ကျင်းကျိုးကို မှတ်မိသည်။ မုတ်ဆိတ်ဖြူများကို ညင်သာစွာသပ်လျက်

“အာ..လူလေးရှောင်မုန်။ မင်းအဘိုးက မင်းအကြောင်းပြောပြတာ ငါကြားဖူးပါတယ်။ မင်းရဲ့တစ်လပြည့် အထိမ်းအမှတ်ပွဲမှာတောင် ငါဝိုင်သောက်ခဲ့သေးတယ်”

“ကျုပ်အဘိုးကိုသိတယ်ပေါ့”

မုန်ကျင်းကျိုး နည်းနည်းအံ့အားသင့်သွားသည်။ ထိုကိစ္စကို သူ့အဘိုးမပြောပြဖူး။

တာအိုရှင်ဝစီပိတ်က ရယ်နေသည်။

“မင်းအဘိုးနဲ့ငါ နှစ်တစ်ထောင်ကျော် ရင်းနှီးခဲ့တာပါကွာ”

မုန်ကျင်းကျိုးင်းကျိုးကိုလည်း လုယန်လို ရုပ်ပြောင်းပေးသည်။

“ဘယ်လိုသွားကြမှာလဲ။ ကျုပ်မှာ မြင်းရထားရှိတယ်”

လုယန်က လက်ကာပြသည်။

“မလိုပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ဓားပျံပညာအသစ်တစ်ခု ငါသင်ထားတယ်။ ဓားနဲ့သွားလို့ရတယ်”

“ဓားတစ်ချောင်းက လူတစ်ယောက်ပဲ သယ်နိုင်မှာပေါ့။ ငါတို့နှစ်ယောက်အတွက် ဘယ်လိုလုပ်မလဲ”

မုန်ကျင်းကျိုး မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။

လုယန် ထူးဆန်းသည့် ရထားပျံကို သူ့ကျောက်စိမ်းတံဆိပ်ထဲမှ ထုတ်လိုက်သည်။

“ဒါကို ဓားအိမ်လို့ သဘောထားလည်း ရပါတယ်။ နည်းနည်းပိုကြီးတာပဲရှိတယ်။ ဓားပျံကို အသက်သွားလိုက်တာနဲ့ ဒီရထားပျံက ကောင်းကင်ကို တက်သွားမယ်။ လူငါးယောက်အထိ တင်ခေါ်လို့ရတယ်”

မုန်ကျင်းကျိုး ရထားပျံကို လှည့်ပတ်ကြည့်သည်။ သံမဏိအိမ်ကို လက်ဖြင့်ခေါ်ကြည့်သည်။ ကြည်လင်သည့် ပဲ့တင်သံကို နားထောင်သည်။ သူ့မျက်လုံးများ အရောင်လက်လာသည်။

“တကယ်ကောင်းတဲ့လက်ရာပဲ။ ဒါကို မင်းတီထွက်ထားတာလား”

“ဒါပေါ့”

တာအိုရှင်ဝစီပိတ် ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်နေသည်။ သူ့တပည့်၏ ထူးခြားဓားပါရမီကို သဘောကျနေသည်။ တစ်နေ့တွင် လုယန်သည် သူ့လိုပင် နာမည်ကျော်ကြားလာလိမ့်မည်။

လုယန် စိတ်အားတက်ကြွစွာ ရထားပျံကို ပြင်ဆင်သည်။ မုန်ကျင်းကျိုးက ရှေ့ခန်းတွင်ထိုင်သည်။ တာအိုရှင်ဝစီပိတ်က နောက်ဘက်တွင်ထိုင်သည်။ ခါးပတ်ကြိုးများပတ်ကြသည်။ အထက်တန်းစားဆန်သည့်အရသာကို ခံစားရသည်။

“ပျံတက်မယ်”

ချင်ဖုန်းဓားမှ ဓားအော်သံထွက်လာသည်။ ရထားပျံ တိမ်ကြားသို့ တက်သွားသည်။

“ဆရာ၊ ဘယ်ဘက်ကိုသွားမလဲ”

တာအိုရှင်ဝစီပိတ် ရှေ့တည့်တည့်သို့ လက်ညှိုးထိုးပြသည်။

“တောင်ဘက်ကိုသွားမယ်။ တောင်ပိုင်းမှာ လမ်းဆုံလမ်းခွတွေပေါပြီး လူစည်တယ်။ ပုံပြောဖို့ ကွက်တိပဲ”

ရထားပျံက တောင်ပိုင်းသို့ ဦးတည်နေသည်။ လှေပျံများနှင့် ကြုံရသည်။ လှေပျံပေါ်မှ ခရီးသည်များက ရထားပျံကိုကြည့်၍ အံ့အားသင့်ကုန်ကြသည်။

တာအိုရှင်ဝစီပိတ် သူ့ထိုင်ခုံနောက်ကျောကို လက်ဖြင့်ပုတ်လိုက်သည်။ လွန်းပျံယာဉ်ပုံစံ အလင်းလွှာတစ်ခု ပြန့်ထွက်သွားသည်။ လေခွဲအားပိုကောင်းလာသည်။ ထို့နောက် ပျံသန်းနှုန်းမြန်စေရန် ဓားပျံစွမ်းအားကို ဖြည့်ပေးသည်။

ဆရာ့အကူအညီရသဖြင့် လုယန်၏ ယုံကြည်ချက်လည်း မြင့်မားလာသည်။ ရထားပျံ၏အရှိန် နောက်တစ်ဆ တိုးလာသည်။

သူ့ဆရာရှိနေသဖြင့် လုံခြုံဘေးကင်းဖို့ စိတ်ချရသည်။

..................

ယွမ်ကျိ သူ့ဆရာအခြေအနေကို လာစစ်ဆေးသည်။ ဂူထဲတွင် ဘယ်သူမှမရှိတော့။ ရွှေရောင်ကြိုးတစ်ချောင်း၊ စက္ကူဝါမှော်အဆောင်တစ်ခုနှင့် ခြေအိတ်တစ်ဘက်သာကျန်ခဲ့သည်။

သူနေသည့်ဂူထဲသို့ ပြန်လာချိန်တွင် လုယန်ချန်ထားခဲ့သည့် စာရွက်တစ်ရွက် ဂူဝတွင် တွေ့သည်။

“ဆရနဲ့ ခဏခရီးထွက်သွားတယ်။ ကျုပ်အတွက် စိတ်မပူနဲ့”

ယွမ်ကျိ ပို၍ပင် စိတ်ပူလာသည်။

သူ့ဆရာသည်....

အရှေ့အနောက်တောင်မြောက် ခွဲခြားတတ်သူမဟုတ်။

.............

အနောက်ပိုင်း မြို့ငယ်လေးတစ်ခု၏ အထက်ကောင်းကင်တွင် ရထားပျံ စက်ချို့ယွင်းပြီး အောက်သို့ထိုးကျနေသည်။

*************************************************

All Chapters