စည်းမျဉ်း
Vol. 9 Ch. 130
“ဘာတွေဖြစ်နေတာလဲ”
ရထားပျံကနေသည့်အရှိန်က မြန်လွန်းသဖြင့် မုန်ကျင်းကျိုး ထိတ်လန့်တုန်လှုပ်နေသည်။
လုယန်လည်း ကြောက်ချွေးပျံနေသည်။ ဓားပျံစွမ်းအားကို အတင်းလည်ပတ်သည်။ သို့သော် ရထားပျံက ဆက်၍ကျဆင်းနေသည်။ ချင်ဖုန်းဓားကို သူမထိန်းချုပ်နိုင်တော့။ ဓားရှိနေသည်ကိုလည်း အာရုံမခံနိုင်တော့။
တာအိုရှင်ဝစီပိတ်က အလေးအနက်လေသံဖြင့်ပြောသည်။
“ဒီနေရာက ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ထားတာ။ မှော်အစွမ်းတွေ သုံးလို့မရဘူး”
“ဘယ်လို”
လောကအတွေ့အကြုံစုံခဲ့သူဖြစ်၍ အခြေအနေကို တာအိုဝစီပိတ် အကြမ်းဖျင်းခန့်မှန်းမိသည်။ သူ့အတွေးတကယ်မှန်လျှင် သူတို့သုံးယောက် အတော်ကံဆိုးသည်ဟု ဆိုရမည်။
သို့သော် ယခု ထိုသို့တွေးနေဖို့ အချိန်မရှိ။ လုယန်နှင့်မုန်ကျင်းကျိုးကိုကယ်ဖို့ အရေးကြီးသည်။
သူထရပ်၍ ခေါင်မိုးကိုဖွင့်လိုက်သည်။ လုယန်နှင့်မုန်ကျင်းကျိုးကို လက်တစ်ဘက်ဆီလှမ်းဆွဲပြီး ခါးဘေးတွင်ကပ်၍ အောက်သို့ခုန်ချသည်။
ဤနေရာတွင် ဝိညာဉ်စွမ်းအားသုံးမရသော်လည်း ရုပ်ခန္ဓာပေါ်တွင် ထိန်းချုပ်ကန့်သတ်ချက်မရှိ။ စုစည်းခြင်းအဆင့်စွမ်းအားရှင်ဖြစ်၍ အတော်မြင့်မြင့်မှ အထိအခိုက်မရှိ ခုန်ဆင်းနိုင်သည်။
လုယန် မျက်လုံးဖွင့်၍ အခြေအနေကြည့်ရန် လေးငါးကြိမ် ကြိုးစားသည်။ သို့သော် ကျနေသည့်အရှိန်ကြောင့် လေကမျက်နှာကိုဆောင့်တိုးနေသည်။ သူနှင့်မုန်ကျင်းကျိုး မျက်လုံးမဖွင့်နိုင်ကြ။
မြေပေါ်ရောက်ခါနီးတွင် တာအိုဝစီပိတ် လက်နှစ်ဘက်ကိုလွှတ်ပြီး အောက်သို့ အရင်ခုန်ဆင်းသည်။ လုယန်တို့နှစ်ယောက်က နည်းနည်းအကျနှေးအောင်လုပ်ခြင်းဖြစ်သည်။ မြေပေါ်တွင် ကြီးမားသည့်အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် လုယန်တို့ကျလာသည်။ တာအိုဝစီပိတ် နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ဆီးဖမ်းသည်။
ထိုနှစ်ယောက်ကို လက်ဖြင့်ကိုင်ထားပြီး တိုက်ရိုက်ဆင်းလျှင် သူကဘာမှမဖြစ်သော်လည်း လုယန်တို့က ကျသည့်အရှိန်ကို ခံနိုင်ရည်ရှိမည်မဟုတ်။ သေလျှင်သေ မသေလျှင် ဒဏ်ရာအပြင်းအထန်ရမည်။
လုယန်နှင့် မုန်ကျင်းကျိုးတို့ ကြောက်စိတ်မပြေသေး။ ဤခရီးက တကယ်ထူးခြားသည်။ ထွက်လာသည်က သိပ်မကြာသေး။ ရထားပျံပျက်ကျသည်။
“ဒါ ဘယ်လိုနေရာလဲ”
လုယန် မျက်မှောင်ကျုံ့သွားသည်။ သူတို့ သာမန်မြို့ငယ်လေးထဲတွင် ရှိနေသည်။ ဘာကြောင့် ဝိညာဉ်စွမ်းအား သုံးလို့မရသည်မသိ။
“ဘာလို့ လူတစ်ယောက်မှ ထွက်မလာတာလဲ”
နောက်ထပ်မူမမှန်သည့်အချက်တစ်ခု လုယန် သတိထားမိသည်။ ညကိုးနာရီကျော်သာ ရှိသေးသည်။ ရထားပျံပျက်ကျသည့်အသံက ကျယ်လောင်သည်။ သို့သော် လူတစ်ယောက်မှ ထွက်မလာ။
လူတစ်ယောက်မှမရှိသည့် မြို့ပျက်တစ်ခုလားမသိ။
မဟုတ်သေး။ မဖြစ်နိုင်။ သက်ငယ်မိုးအိမ်များနှင့် တည်းခိုခန်းများ ဖယောင်းမီးထွန်းထားသည်။ စက္ကူပြတင်းပေါ်တွင် လှုပ်ရှားနေသည့်အရိပ်များ မြင်ရသည်။ လူရှိသည်မှာ သေချာသည်။
ဘာတွေဖြစ်နေသည်မသိ။
ဤမြို့၏ ခြောက်ခြားစရာအာရုံကို လုယန်ခံစားမိသည်။ မုန်ကျင်းကျိုးကို လှမ်းကြည့်သည်။
မုန်ကျင်းကျိုးလည်း ခေါင်းခါပြသည်။ သူလည်း အခြေအနေကို နားမလည်။
တာအိုဝစီပိတ်က ပျက်ကျသည့် ရထားပျံဆီ လျှောက်သွားပြီး အောက်ဘက်မှ ချင်ဖုန်းဓားကို ဆွဲနှုတ်သည်။ ဤဓားသည် ယွမ်ကျိက လုယန်ကို လက်ဆောင်ပေးထားသည့် အရည်အသွေးမြင့်လက်နက်ဖြစ်သည်။ ယခုလိုထိခိုက်ရုံလောက်ဖြင့် မပျက်စီးနိုင်။
“ယူထားလိုက်ပါ။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပေါ့”
တာအိုရှင်ဝစီပိတ် လုယန်ကို ဓားလှမ်းပေးသည်။ သူ့မျက်နှာက လေးနက်တည်ကြည်နေသည်။ ပြုံးရွှင်ရယ်မောနေသည့်ပုံစံမျိုး မဟုတ်တော့။
ဤနေရာသည် ဝိညာဉ်စွမ်းအားကို အပြင်းအထန် ဖိနှိပ်ထားသည်။ သူ့လို စုစည်းခြင်းအဆင့်ပင် ဝိညာဉ်စွမ်းအား ထုတ်သုံး၍မရ။
ရုတ်တရက် သုံးယောက်လုံး၏လက်ထဲတွင် စက္ကူတစ်ရွက်စီ ပေါ်လာသည်။ မျက်နှာပြင်နှစ်ဘက်လုံး စာအပြည့်ရေးထားသည်။
“အရပ်သားမြို့၏စည်းမျဉ်းများ”
“စည်းမျဉ်း ၁။ မြို့ထဲတွင် ဝိညာဉ်စွမ်းအင်မရှိ။ ဝိညာဉ်စွမ်းအား သုံး၍မရ”
“စည်းမျဉ်း ၂။ ညကိုးနာရီမှ မနက်ကိုးနာရီအတွင်း သက်ငယ်မိုးအိမ်များ တံခါးပိတ်ထားသည့် တည်းခိုဆောင်မှအခန်းများ အပြည့်အဝစိတ်ချရသည်။ တစ်ခြားနေရာအားလုံး အန္တရာယ်ရှိသည်”
“စည်းမျဉ်း ၃။ အိမ်များ တည်းခိုခန်းများမှ မနက်ကိုးနာရီတွင် ထွက်ခွာရမည်။ ညခုနစ်နာရီမထိုးမချင်း ပြန်မလာရ”
“စည်းမျဉ်း ၄။ ညဆယ့်တစ်နာရီမထိုးမီ အိပ်ရမည်”
“စည်းမျဉ်း ၅။ “ကောင်းကင်”စာလုံးဖြင့် မှတ်သားထားသည့် အခန်းများကို မဝင်ရ”
“စည်းမျဉ်း ၆။ အိမ် သို့မဟုတ် တည်းခိုခန်းတို့၏ တံခါး သို့မဟုတ် ပြတင်းပေါက်များကို ခေါက်သံကြားလျှင် ဘယ်လိုပြောသည်ဖြစ်စေ တံခါးများ ပြတင်းပေါက်များကို မဖွင့်ရ”
“စည်းမျဉ်း ၇။ ပန်းခွေးများ အဖြူရောင်ခွေးများသာ မြို့ထဲတွင်ရှိသည်။ ခွေးနက်များ မရှိ။ ခွေးနက်တစ်ကောင်ကို မြင်ခဲ့လျှင် ချက်ချင်းထွက်ပြေးပါ”
“စည်းမျဉ်း ၈။ ကိုယ်ပိုင်ကျောင်းကို စွန့်ပစ်ထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ဆရာမရှိ။ ထိုကျောင်းမှ ခွေးဟောင်သံများသာ ကြားရမည်။ စာဖတ်သံ ကြားရမည်မဟုတ်”
“စည်မျဉ်း ၉။ မီးခိုးရောင်ဝတ်စုံဝတ်ထားသူများသည် ကိုယ်ပိုင်ကျောင်းမှဆရာများဖြစ်သည်။ သူတို့ဘာပြောပြော အရေးမစိုက်ရ”
“စည်းမျဉ်း ၁၀။ ကိုယ်ပိုင်ကျောင်းမှဆရာများနှင့် မျက်လုံးချင်းဆုံမကြည့်ရ။ ကြည့်မိလျှင် ခွေးနက်အဖြစ် ပြောင်းသွားမည်”
“စည်းမျဉ်း ၁၁။ မြို့ထဲမှ အစားသောက်အားလုံး အခမဲ့ပေးထားသည်။ ကိုယ့်ဘာသာ ယူစားနိုင်သည်။ သို့သော် အသားပေါက်စီများကို မစားရ”
“စည်းမျဉ်း ၁၂။ အရာရှိများကို သတိထားပါ။ ဝတ်ရုံနက်ဝတ်ထားသူများသည် အရာရှိများဖြစ်သည်။ တွေ့လျှင် ချက်ချင်းထွက်ပြေးပါ။ သူတို့ဘယ်လိုလှမ်းခေါ်သည်ဖြစ်စေ နောက်လှည့်မကြည့်ရ”
“စည်းမျဉ်း ၁၃။ လူတစ်ယောက် ကိုယ်နောက်မှလိုက်နေသည်ဟု ခံစားရလျှင် ပုံရိပ်ယောင်ဟုမှတ်ပါ။ စိတ်ပူပန်သည့်ပုံစံ ဒေါသထွက်သည့်ပုံစံမျိုး မပြရ”
“စည်းမျဉ်း ၁၄။ သေဆုံးသည့်ခန္ဓာကိုယ်ကို အလောင်းဟုခေါ်သည်။ အလောင်းများ လှုပ်ရှားသည်မှာ သာမန်ကိစ္စဖြစ်သည်”
“စည်းမျဉ်း ၁၅။ တည်းခိုခန်းထဲတွင် မေးစရာရှိလျှင် တည်းခိုခန်းပိုင်ရှင်ကိုမေးပါ။ အပြင်ရောက်လျှင် ဆေးရောင်းသူကိုမေးပါ။ သို့သော် စကားမပြောရ”
“စည်းမျဉ်း ၁၆။ အနက်ရောင်တံခါးထဲသို့ ဝင်ပြီးလျှင် ဘာစကားမှမပြောရ။ ဘာမှမစားရ”
“စည်းမျဉ်း ၁၇။ လူစိမ်းများ၏စကားကို အလွယ်တကူမယုံရ။ သို့သော် ဝတ်စုံဖြူဝတ်ထားသူများသည် အမြဲတမ်း အမှန်ကိုသာပြောသည်”
“စည်းမျဉ်း ၁၈။ ဘိုးဘေးခန်းမတွင် လူများကိုစားသည့် မကောင်းဆိုးဝါးတစ်ကောင်ရှိသည်”
“စည်းမျဉ်း ၁၉။ ဘိုးဘေးခန်းမသည် လုံခြုံဘေးကင်းသည်”
“စည်းမျဉ်း ၂၀။ မြိုထဲမှလူများသည် အပြင်လူများကို မြို့အကြောင်း ဘာတစ်ခုမှထုတ်မပြောရ”
“စည်းမျဉ်း ၂၁။ မြို့ထဲမှ ထွက်နိုင်လျှင် သို့မဟုတ် မြို့စားကိုသတ်နိုင်လျှင် အရပ်သားမြို့၏ စည်းမျဉ်းများကို လိုက်နာစရာမလို”
စည်းမျဉ်းများဖတ်ပြီးသည်နှင့် လက်ထဲမှစာရွက်က ပျောက်ကွယ်သွားသည်။
“ဒါက ဘာလဲ”
အတော်ထူးဆန်းသည်။ ထိုစည်းမျဉ်းများက မကောင်းသည့်နိမိတ်တစ်ခုကို အရိပ်အမြွက်ပြနေသည်ဟု လုယန် ခံစားရသည်။
“ဒါက စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖန်တီးထားတဲ့ လှည့်ကွက်ပါ”
တာအိုရှင်ဝစီပိတ် လေးနက်သည့်လေသံဖြင့်ပြေသည်။ စည်းမျဉ်း ၂၁ ခုကိုမြင်ပြီးနောက် သူ့ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။
စုစည်းခြင်းအဆင့် စွမ်းအားရှင်များ ရှိနေသည်။ သူ့ကို ထိန်းချုပ်ထားနိုင်သည်ကိုကြည့်လျှင် စုစည်းခြင်းအဆင့် တစ်ယောက်မက ရှိနေပေလိမ့်မည်။
“ငါ့တပည့်၊ ရှောင်မုန်၊ မင်းတို့နှစ်ယောက် မဟာကပ်ရောက်တော့မယ်ဆိုတဲ့အကြောင်း ကြားဖူးလား”
နှစ်ယောက်လုံးခေါင်းငြိမ့်သည်။ သို့သော် သိပ်နားမလည်သေး။ မဟာကပ်အယူအဆက မသဲမကွဲသာဖြစ်သည်။ ဘာကိုဆိုလိုမှန်း မသိကြ။
“မဟာကပ် ရောက်ခါနီးရင် နိမိတ်လက္ခဏာတွေအများကြီးပေါ်လာတယ်။ တစ်ခြားခေတ်ကာလက အဆင့်မြင့်စွမ်းအားရှင်တွေ အိပ်ပျော်နေရာက နိုးထလာတာမျိုးဟာ အဲဒီ့နိမိတ်တွေထဲကတစ်ခုပဲ။
အခု ဝိညာဉ်ယန္တရား ထင်ရှားလာပြီ။ မိုးမြေတာအို အသက်ဝင်လာပြီ။ တာအိုကို ကျင့်ကြံနားလည်ဖို့ ပိုလွယ်လာပြီ။ မသေမျိုးအဆင့်ထိတောင် ရောက်နိုင်ပြီလို့တောင် တစ်ချို့ကပြောကြတယ်။
မဟာချန်ခေတ် မဟာယုခေတ်တွေမှာ စွမ်းအားရှင်တွေအများကြီး ထွက်ပေါ်ခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်နားလည်နိုင်စွမ်းက အကန့်အသတ်ရှိလို့ နောက်ထပ်အဆင့်မတက်နိုင်ဘူး။ အဲဒါကြောင့် အိပ်စက်တဲ့နည်းလမ်းကို စိတ်ကူးမိလာတယ်။ ဝိညာဉ်ကျောက်သန္ဓေကို ကြားခံအဖြစ်သုံးပြီး သူတို့ကိုယ်သူတို့ ချိတ်ပိတ်လိုက်တယ်။ ခဏသေသွားတဲ့အခြေအနေမျိုး ဖြစ်လာတယ်။ မိုးမြေတာအို အသက်ဝင်လာတဲ့အချိန်ကို စောင့်ဖို့ပေါ့။။ အဲဒီ့အချိန်ကျမှ သူတို့အိပ်ပျော်နေရာကနေ နိုးထကြမှာ။
သူတို့သိစိတ်အာရုံ နိုးထပြီးပေမယ့် ခန္ဓာကိုယ်က အပြည့်အဝ မနိုးထနိုင်သေးဘူး။ အချိန်တစ်ခုထိစောင့်ဖို့လိုတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ ကိုယ်ရှိတဲ့နေရာကို တစ်ခြားလူမသိဖို့ နည်းလမ်းမျိုးစုံသုံးကြတယ်။
နယ်နိမိတ်တွေသတ်မှတ်ပြီး စည်းမျဉ်းတွေချတယ်။ ရောက်လာတဲ့လူကို အကျဉ်းချထားတယ်။ ဒါက နည်းလမ်းတွေထဲက တစ်ခုပဲ။
လေဟာနယ်သန့်စင်အဆင့်နဲ့ စုစည်းခြင်းအဆင့်ကြားက ကွာခြားချက်ကို မင်းတို့သိလား”
လုယန်တို့ ခေါင်းခါသည်။ ထိုအဆင့်များက သူတို့နှင့် အလှမ်းဝေးသေးသည်။
“စည်းမျဉ်းတွေကို ကျွမ်းကျင်တဲ့အတိုင်းအတာမှာ ကွာခြားသွားတယ်”
“စည်းမျဉ်း..”
လုယန်နှင့် မုန်ကျင်းကျိုး ပြိုင်တူအသံထွက်မိသွားသည်။
“အဝိုင်းအဝန်းတစ်ခုထဲမှာ စုစည်ခြင်းအဆင့်တွေက သူတို့ဆန္ဒရှိတဲ့ အစစ်အမှန်စည်းမျဉ်းတွေ ချမှတ်နိုင်စွမ်းရှိတယ်။ ဒါပေမယ့် အဲဒီ့စည်းမျဉ်းတွေက သာမန်အယူအဆနဲ့ အများကြီးဆန့်ကျင်နေလို့တော့မရဘူး။ ဥပမာ “ငါဟာပြိုင်ဘက်ကင်းပဲ။ ဒီနေရာမှာ မသေမျိုးပဲ” ဆိုတာမျိုးတွေ ချမှတ်လို့မရဘူး။
မင်းတို့ဂိုဏ်းထဲဝင်တုန်းက ကြုံခဲ့ရတဲ့ မြစ်ဝိညာဉ်စမ်းသပ်ချက်၊ နှလုံးတောင်ကုန်းစမ်းသပ်ချက်တွေဟာ စည်းမျဉ်းချမှတ်ထားတဲ့ သဘောတရားတွေပဲ။
စုစည်းခြင်းအဆင့်တွေက စည်းမျဉ်းတွေအပေါ် ထိန်းချုပ်နိုင်စွမ်းနည်းတယ်။ စည်းမျဉ်းတွေနဲ့ လူတွေရဲ့ လှုပ်ရှားမှုကို ကန့်သတ်နိုင်ဖို့အတွက် စည်းမျဉ်းအများကြီး ချမှတ်ဖိုလိုတယ်။
ကူးဖြတ်ခြင်းအဆင့်တွေ မသေမျိုးတွေက စည်းမျဉ်းထိန်းချုပ်နိုင်စွမ်း ကွာခြားတယ်။ မသေမျိုးတွေကတော့ စွမ်းအားအကြီးဆုံးပေါ့။ မသေမျိုးဖြစ်လာရင် အရိယဖလတည်ဆောက်နိုင်တယ်။ အဲဒီ့အရိယဖလဆိုတာ စည်းမျဉ်းတွေရဲ့သင်္ကေတပဲ။ အရိယဖလစွမ်းအားက တစ်လောကလုံးကို လွှမ်းမိုးနိုင်တယ်”
ထာဝရနတ်မယ်၏အရိယဖလကို လုယန် ပြန်သတိရလာသည်။ သူ့ဘွဲနာမည်နှင့်မသေမျိုးနာမည်ကို ရွတ်ဆိုသည့် လူတစ်ယောက်ရှိလျှင် သူပြန်ရှင်သန်နိုင်သည်။
ထိုရလာဒ်ကိုကြည့်လျှင် တစ်ကိုယ်တော်ထာဝရနတ်မယ်သည် မသေမျိုးဖြစ်သည်။
သို့သော် လောကအမြင်ဖြင့်ကြည့်လျှင် ထာဝရနတ်မယ်သည် အချိန်၊ နေရာ၊ ခန္ဓာကန့်သတ်ချက်တို့ကို ကျော်လွန်ပြီး တိုက်ရိုက်ပြန်ရှင်သန်နိုင်သည်။ လောက၏ပုံမှန်သဘာဝကို ဆန့်ကျင်နိုင်သည်။ အတော်ကြောက်စရာကောင်းသည်။
လုယန် သူ့ခန့်မှန်းသုံးသပ်ချက်ကို ထာဝရနတ်မယ်အား ပြောလိုက်သည်။ ထာဝရနတ်မယ်က ခေါင်းငြိမ့်သည်။ သူ့သုံးသပ်ချက်ကို အတည်ပြုသည်။
“အသက်သိပ်မကြီးသေးပေမယ့် နင့်ဦးနှောက်အလုပ်လုပ်တာက အတော်မြန်တာပဲ”
ထာဝရနတ်မယ် စနောက်နေသည်ကို လုယန်ဂရုမစိုက်အားသေး။ တာအိုရှင်ဝစီပိတ် ဆက်ပြောသည့်စကားကို နားထောင်နေသည်။
“စည်းမျဉ်းတွေကို ကြည့်ရတာ ဒီမြို့လေးပဲ ရန်သူ့ထိန်းချုပ်မှုအောက်ကို ရောက်နေတာ။ စုစည်းခြင်းအဆင့်ရဲ့ စည်းမျဉ်းထိန်းချုပ်နိုင်စွမ်းက သိပ်မနည်းလှဘူး။ ရန်သူက ရှားနိုင်ငံရဲ့မသေမျိုးတွေ ရှာတွေ့သွားမှာကိုကြောက်နေတာ။
ဒီစည်းမျဉ်းတွေက ငါ့ကိုတောင်ထိန်းချုပ်နိုင်တယ်ဆိုတော့ ရန်သူ့အင်အားက စုစည်းခြင်းအဆင့် တစ်ယောက်မက ရှိတဲ့ပုံပဲ”
တာအိုရှင်ဝစီပိတ်ထံမှ ပြင်းထန်သည့်အလင်းတစ်ခု ထွက်လာသည်။ သူ့အကြည့်က ဓားတစ်လက်လို စူးရှသည်။
“မသေမျိုးငါးဂိုဏ်းနဲ့ ရှားနိုင်ငံက စုစည်းခြင်းအဆင့်တွေအများကြီး နိုးထမလာနိုင်အောင် တားဆီးခဲ့ပြီးပြီ။ ဒီနေ့ငါ နောက်ထပ်နည်းနည်း ထပ်ရှင်းရတော့မယ့်ပုံပဲ”
သူ့ဖုန်သုတ်ကြာပွတ်ကို ဖျတ်ခနဲခါလိုက်သည်။ နွားမွှေးအရွယ် သေးငယ်သည့်ကြာပွတ်မျှင်များမှ ဓားချီများစွာထွက်လာသည်။
ဓားလမ်းစဉ်သည် တာအိုရှင်ဝစီပိတ်၏ အခြေခံဖြစ်သည်။ သူ့တစ်သက်လုံး ကျင့်ကြံနားလည်ခဲ့သည်။ ဝိညာဉ်စွမ်းအားသုံးစရာမလိုဘဲ ဓားချီကို ထုတ်လွှတ်နိုင်သည်။
ဓားချီက မြို့ငယ်၏ အကာအကွယ်မှော်စက်ဝန်းကို ရိုက်ခတ်သည်။ ဓားစွမ်းအားကို မခံနိုင်ဘဲ အက်ကြောင်းတစ်ခု ပေါ်လာသည်။
အက်ကြောင်းတစ်ဘက်မှ သဏ္ဌာန်လေးခုက တာအိုဝစီပိတ်ကို စောင့်နေသည်။ အမှတ်တကယ်ပင် စုစည်းခြင်းအဆင့် တစ်ယောက်မကရှိသည်။
သူတို့သည် ကိုယ်ပိုင်စည်းမျဉ်းများ ချမှတ်ခဲ့သည်။ ထိုစည်းများကို သူတို့လည်း လိုက်နာရသည်။ မြို့ထဲတွင်ဝိညာဉ်စွမ်းအား မသုံးနိုင်ကြ။ ထို့ကြောင့် တာအိုရှင်ဝစီပိတ်နှင့် မြို့ပြင်မှာသာ ရင်ဆိုင်တိုက်ခိုက်ရမည်။
“သတ်ကြဟေ့”
တာအိုရှင်ဝစီပိတ် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလျက် မြို့ထဲမှ ခုန်ထွက်သွားသည်။ စုစည်းခြင်းအဆင့်အမြင့်ဆုံးစွမ်းအားကို ထုတ်လွှတ်၍ ရန်သူလေးယောက်ကို ရင်ဆိုင်သည်။
“မင်းတို့လိုအသုံးမကျတဲ့ အမှိုက်ထုတ်တွေက ငါ့ကိုသတ်ချင်တယ်ပေါ့”
ထွက်မသွားမီ လုယန်တို့နှစ်ယောက်ကို သိစိတ်အာရုံမှ လှမ်းပြောသည်။
“ဒီတိုက်ပွဲက ရက်အတော်ကြာနိုင်တယ်။ မင်းတို့ မြို့ထဲမှာ ကောင်းကောင်းနေကြပါ”
အက်ကြောင်း ပြန်စေ့သွားသည်။ တာအိုရှင်ဝစီပိတ် မြို့အပြင်ဘက်သို့ ပျောက်ကွယ်သွားသည်။
**************************************************