ရင်တုန်ပန်းတုန်ည
Vol. 9 Ch. 131
တာအိုဝစီပိတ်သည် သူရဲကောင်းဟန်ပန်မျို ရှိနေသော်လည်း ဤတိုက်ပွဲ လွယ်လွယ်နှင့် အဆုံးမသတ်နိုင်ကြောင်း သူတို့နှစ်ယောက် သိသည်။
ဝစီပိတ်အနေဖြင့် သူတို့ကိုခေါ်ပပြီး ဤနေရာမှ ထွက်ပြေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့သော် ထိုသို့မလုပ်ခဲ့။ သူတို့နှစ်ယောက်ကို ရှေးဟောင်းစုစည်းခြင်းအဆင့်များလက်မှ ကာကွယ်နိုင်မည်ဟု သူ့ကိုယ်သူမယုံကြည်သည့်သဘောဖြစ်သည်။
လုယန် ယွမ်ကျိအရိပ်တုလက်သီးကို လှုပ်ရှားကြည့်သည်။ ဝိညာဉ်စွမ်းအား သုံး၍မရ။ အသွင်ပြောင်း၍ပင်မရ။
လုမိသားစု အရိပ်တုလက်သီးသည် ဝိညာဉ်စွမ်းအင်သုံးရသည့် နည်းလမ်းဖြစ်သည်။
မုန်ကျင်းကျိုး သူ့ကိုယ်သူ စစ်ဆေးကြည့်သည်။
“မှော်စွမ်းအားသုံးမရပေမယ့် ငါတို့ခန္ဓာကိုယ်စွမ်းအားက သိပ်မပြောင်းလဲဘူးကွ”
အဆိုးထဲမှ အကောင်းဟုဆိုရမည်။
“အခု ဘယ်အချိန်ရှိပြီလဲ”
စည်းမျဉ်း ၂ ကိုလုယန်ပြီသတိရသည်။ “စည်းမျဉ်း ၂။ ညကိုးနာရီမှ မနက်ကိုးနာရီအတွင်း သက်ငယ်မိုးအိမ်များ တံခါးပိတ်ထားသည့် တည်းခိုဆောင်မှအခန်းများ အပြည့်အဝစိတ်ချရသည်။ တစ်ခြားနေရာအားလုံး အန္တရာယ်ရှိသည်”
“ငါတို့ ပြုတ်ကျတာ ကိုးနာရီကျော်ပဲ။ အခု လမ်းပေါ်မှာ လူတစ်ယောက်မှ မရှိတော့ဘူး။ အိမ်ပြန်သွားကြတာဖြစ်မယ်။ ငါတို့လည်း နေစရာတစ်ခုရှာရမယ်။ သက်ငယ်မိုးအိမ်ဖြစ်ဖြစ် တည်းခိုခန်းဖြစ်ဖြစ်ပေါ့”
အနီးအနားတွင် မီးလင်းနေသည့် သက်ငယ်မိုးအိမ်သုံးလေးလုံးရှိသည်။ မုန်ကျင်းကျိုး တံခါးတစ်ခုခေါက်၍ ယဉ််ကျေးစွာ ပြောသည်။
“မိတ်ဆွေရွာသားတို့။ ကျုပ်တို့က ဒီကို လမ်းမှားပြီးရောက်လာတဲ့ ကျင့်ကြံသူတွေပါ။ တံခါးဖွင့်ပေးပါဦးခင်ဗျ။ ဒီတစ်ညလောက် တည်းပါရစေ။ ရွှေဖြစ်ဖြစ် ဝိညာဉ်ကျောက်ဖြစ်ဖြစ် ခင်ဗျားတို့လိုချင်တာနဲ့ ကျေးဇူးတုံ့ပြန်ပါ့မယ်”
မုန်ကျင်းကျိုး လေးငါးအိမ် စမ်းကြည့်သည်။ ဘယ်အိမ်မှ တံခါးမဖွင့်
လုယန်က တားသည်။
“အားကုန်မခံပါနဲ့တော့။ စည်းမျဉ်း ၆ ကို မေ့နေပြီလား။ တံခါးခေါက်သံကြားလည်း တံခါးလုံးဝမဖွင့်ရဘူးဆိုတာလေ။ အရပ်သားမြို့မှာ ငါတို့တင်မဟုတ်ဘူး။ သာမန်လူတွေလည်း ရှိတယ်။ သူတို့လည်း စည်းမျဉ်းကို လိုက်နာရမှာပဲ”
“စည်းမျဉ်း ၁၉ က မြို့ခံတွေဟာ အပြင်လူတွေကို မြို့နဲ့ပတ်သက်တာ ဘာမှမပြောရဘူးလို့ သတ်မှတ်တယ်။ ဒါကိုကြည့်ရင် ဒီမှာ မြို့ခံတွေရှိတဲ့သဘောပဲ”
မုန်ကျင်းကျိုး တစ်စုံတစ်ခုပြောရန်ပြင်သည်။ လုယန်က အသံတိတ်နေရန် လက်ဟန်ပြလိုက်သည်။
မနီးမဝေးမှ ခြေသံများကြားရသည်။ အသက်ရှူသံ ပြင်းပြင်းရှည်ရှည်ထွက်လာသည်။ အကောင်အထည် ကြီးသည့်သဘောဖြစ်သည်။ ခြေသံအရ ခြေလေးချောင်းဖြစ်မည်။ ထို့ထက်လည်း ပိုနိုင်သည်။ ဘယ်လိုမကောင်းဆိုးဝါးမျိုးမှန်း လုယန်မသိ။
ထိုသတ္တဝါအရိပ်ကို လမ်းထောင့်တွင် မြင်နေရသည်။
“ပြေးရအောင်”
လုယန် တိုးတိုးကပ်ပြောပြီး ချက်ချင်းထွက်ပြေးကြသည်။
ဘာမှန်းမသိ ဘယ်လိုစွမ်းအားရှိမှန်းမသိသည့်ရန်သူကို ရင်ဆိုင်ခြင်းသည် ဉာဏ်နည်းရာကျသည်။
မကောင်းဆိုးဝါးနှင့် ဆန့်ကျင်ဘက်အရပ်ဆီ သူတို့ထွက်ပြေးသည်။ မကောင်းဆိုးဝါးက သူတို့ကို သတိမထားမိ။ ချက်ချင်း မျက်ခြေဖြတ်နိုင်ခဲ့သည်။
အနီးအနားမှ လှုပ်ရှားမှုများကို ရပ်၍နားစွင့်ကြသည်. အသံမကြားရတော့မှ လမ်းပေါ်သတိထားလျှောက်ကြသည်။ တည်းခိုခန်းတစ်ခုတွေ့သည်။
တည်းခိုခန်းက မီးများထိန်နေသည်။ အဖြူရောင်ဝတ်စုံနှင့်လူတစ်ယောက် ဧည့်ကြိုကောင်တာတွင် ပျင်းပျင်းရိရိ မှီနေသည်။ ခရီးသွားကုန်သည်နှစ်ယောက် အခန်းယူရန် တိုင်ပင်နေကြသည်။
“နောက်ဆုံးတော့ တည်းခိုခန်းတစ်ခု ရှာတွေ့ပြီပေါ့။ ပင်ပန်းလိုက်တာကွာ။ ငါတို့ကို “ကောင်းကင်”ခန်းနှစ်ခန်းပေးပါ”
တစ်ယောက်က ကောင်တာပေါ် ငွေတုံးတစ်တုံး ဆောင့်ချလိုက်သည်။
သူ့အဖော်က အမြန်တားသည်။
“ဟိုစာရွက်ပေါ်မှာ ဘာရေးထားလဲ မင်းမေ့နေပြီလား။ ကောင်းကင်ခန်းတွေမှာ နေလို့မရဘူးလေ”
“မင်းက အဲဒီ့စက္ကူကို တကယ်ယုံနေတာလား”
“စိတ်ချအောင်နေတာ ပိုကောင်းတာပေါ့”
အဖော်ဖြစ်သူက ငွေတုံးကိုကောက်သည်။ ထူးဆန်းသည့်ဤမြို့တွင် အတော်စိတ်မသက်မသာဖြစ်ရသည်။ မနက်လင်းသည်နှင့် ထွက်သွားမည်ဟု ဆုံးဖြတ်ထားသည်။
ဝတ်ရုံဖြူလူကို “မြေ”ခန်းနှစ်ခု တောင်းလိုက်သည်။
ဝတ်ရုံဖြူလူက ငွေတုံးကိုယူသည်။ အကြွေပြန်မအမ်း။ သော့သုံးခု ချပေးသည်။
“လူတစ်စုကို တစ်ခန်းပဲ ငှားရမယ်။ “မြေ”ခန်းနံပတ် ၃ အတွက် သော့သုံးချောင်းပဲရှိတယ်။ အခု သော့အားလုံး မင်းတို့ဟာပဲ”
(**တစ်ခန်းစီအတွက် သော့သုံးချောင်းသာရှိသည်။ အခန်းငှားပြီးလျှင် တည်ခိုခန်းပိုင်ရှင်သည်ပင် ဧည့်သည်များအခန်းကို ဖွင့်မဝင်နိုင်)
ထိုကုန်သည် မျက်မှောင်ကျုံ့သွားသည်။ တည်းခိုခန်းက မြေခန်းတစ်ခန်းစာမက ငွေပိုယူနေခြင်းဖြစ်သည်။
လုယန်က သူတို့ကို သတိပေးသည်။
“စက္ကူဖြူပေါ်က စည်းမျဉ်းတွေကို လိုက်နာဖို့မမေ့နဲ့လေ”
ထိုကုန်သည်က လူစိမ်းများကိုမယုံရသူသည့် စည်းမျဉ်းကို ပြန်သတိရသည်။ လုယန်၏ ရည်ရွယ်ချက်ကို မသိနိုင်သဖြင့် အပေါ်ထပ်သို့ အမြန်တက်သွားကြသည်။
မုန်ကျင်းကျိုးက ‘မြေ’ခန်းတစ်ခုတောင်းရန် ပြင်သည်။ လုယန်က ကောင်တာပေါ်မှ စာရွက်နှင့်စုတ်တံကိုယူပြီး မုန်ကျင်းကျိုးကို နောက်သို့ဆွဲလိုက်သည်။
မုန်ကျင်းကျိုး စည်းမျဉ်း ၁၅ ကို ပြန်သတိရလာသည်။ “စည်းမျဉ်း ၁၅။ တည်းခိုခန်းထဲတွင် မေးစရာရှိလျှင် တည်းခိုခန်းပိုင်ရှင်ကိုမေးပါ။ အပြင်ရောက်လျှင် ဆေးရောင်းသူကိုမေးပါ။ သို့သော် စကားမပြောရ”
လုယန် စာရွက်ပေါ်တွင် ရေးလိုက်သည်။
‘ခင်ဗျားက ဒီတည်းခိုခန်းပိုင်ရှင်လား’
‘ဟုတ်တယ်’
ဝတ်ရုံဖြူ ပြန်ရေးသည်။
လုယန် ငွေ့တစ်တုံးထုတ်ပေးသည်။
‘ကျုပ်တို့ကို လူမသေသေးတဲ့ ‘မြေ’ခန်းတစ်ခု ပေးပါ’
‘မြေခန်း နံပတ် ၄’ဟု ရေးထားသည့်သော့ကို ပိုင်ရှင်က လျှမ်းပေးသည်။
လုယန်တို့နှစ်ယောက် အချ်ငးချင်းကြည့်ပြီး အပေါ်ထပ်သို့ တက််သွားသည်။ ဒုတိယထပ်တွင် အခန်းဆယ်ခန်းရှိသည်။ ရှစ်ခုက အနက်ရောင်တံခါးများရှိသည်။ မြေခန်း ၃ နှင့် ၄ သာ အညိုရောင်တံခါးများဖြစ်သည်။
မြေနံပတ် ၃ က ကုန်သည်နှစ်ယောက်၏အခန်းဖြစ်သည်။ မြေနံပတ် ၄ က သူတို့အခန်းဖြစ်သည်။
အခန်းထဲဝင်ပြီး ကုတင်ပေါ်ထိုင်လိုက်မှ စိတ်သက်သာရာရသွားကြသည်။ သူတို့နှလုံးခုန်နှုန်း အတော်မြန်နေသည်။
“ဒီလိုအဖြစ်မျိုး မင်းမိသားစုက ပြောမပြဖူးဘူးလား”
လုယန် မေးလိုက်သည်။
“လုံးဝမပြောဖူးဘူး။ ညီညွတ်ခြင်းအဆင့်တွေ စည်းမျဉ်းချမှတ်ပြီး အစစ်အမှန်လောက တည်ဆောက်နိုင်မှန်း မသိဘူး။ ငါ့မိသားစုက ညီညွတ်ခြင်းအဆင့်အကြီးအကဲတွေကလည်း ငှက်မွေးရင်း ငါးဖမ်းရင်း လမ်းပေါ်မှာဆဲဆိုရင်း အချိန်ကုန်ကြတာ။ ဒီလိုဟာမျိုး လုပ်နိုင်ပုံမပေါ်ဘူး”
လုယန် လက်ခံသည်။ တာအိုလမ်းစဉ်ဂိုဏ်းအကြီးအကဲများကြားတွင် ထိုအစွမ်းမျိုးသုံးသည်ကို တစ်ခါမှမမြင်ဖူး။ အမယွမ်ကျိတော့ ထိုအစွမ်းမျိုး ရှိကောင်းရှိမည်။
အနည်းဆုံးတော့ ရာထူးနှင့်စွမ်းအားသည် ညီမျှနေရမည်။
ခြေသံများပေါ်လာသည်။ ပေါ့ပါးသည်။ လူတစ်ယောက်ဖြစ်မည်ထင်သည်။
တစ်ဘက်ခန်းမှ တံခါးကိုခေါ်သည်။ စကားသံက ညင်သာသည်။ နှိမ့်ချရိုသေသည့်အသံမျိုးဖြစ်သည်။
“ဧည့်သည်တော်တို့။ အိပ်ကြပြီလားဗျ။ သူဌေးက ခင်ဗျားတို့ကို သော့သုံးချောင်းလုံး မှားပေးလိုက်မိတယ်။ ကျုပ်တံခါးဖွင့်လို့မရဘူး။ ခင်ဗျားတို့ညစာစားဖို့ နည်းနည်းပြင်ဆင်လာတယ်။ အခမဲ့ကျွေးတာပါ။ အဲတော့ တံခါးဖွင့်ပေးလို့ ရမလားဗျ”
အခန်းနံပတ်သုံးမ ဧည့်သည်များသည် ထူးထူးဆန်းဆန်း ဉာဏ်ကောင်းကြသည်။ စည်းမျဉ်းကို လိုက်နာသည်။ လုံးဝပြန်မဖြေ။
တံခါးခေါက်သံ ကျယ်သထက်ပိုကျယ်လာသည်။ ပိုပြင်းထန်လာသည်။ စင်္ကြန်လမ်းတစ်လျှောက် ဟိန်းထွက်နေသည်။
“ဧည့်သည်တွေ၊ တံခါးဖွင့်စမ်း”
“တံခါးဖွင့်စမ်း”
“ပြောနေတာမကြားဘူးလားကွ”
“တံခါးကိုဖျက်ပြီး ငါဝင်လာမှာနော်”
ဟန်ဆောင်မျက်နှာဖုံး ကွာကျသွားသည်။ တံခါးကို ပြင်းထန်စွာထုရိုက်သည်။ သို့သော် တံခါးက အရည်အသွေးမြင့်သဖြင့် ပုံစံမပျက်။
ဧည့်သည်များက ပြန်မဖြေ။
တံခါးခေါ်သူက ထိုနည်းလမ်းအတိုင်း လုယန်တို့တံခါးကို ထပ်ခေါက်သည်။ အပြောချိုချိုဖြင့်စသည်။ ထို့နောက်ကြမ်းတမ်းစွာခြိမ်းခြောက်သည်။
သို့သော် ဘယ်သူမှမရူးပါ။
ခြေသံများ တဖြေးဖြေးဝေးသွားသည်။ တံခါးခေါက်သူ ထွက်သွားသည်။
“ခြေသံတွေက တိုတယ်။ အောက်ထပ်ဆင်းတာမျိုး အပေါ်ထပ်တက်တာမျိုး မဟုတ်လောက်ဘူး။ ဒုတိယထပ်မှာပဲ ရှိနေလောက်တယ်”
လုယန် ကြက်သီးထလာသည်။ မြင်ကွင်းတစ်ခုကို စိတ်ကူးယဉ်ကြည့်သည်။ သဏ္ဌာန်တစ်ခုက လက်နှစ်ဘက်ဖြင့် မျက်နှာကျက်တွင်ကပ်ပြီး ပုန်းနေမည်။ ကုန်သည်များ စိတ်အေးလက်အေး တံခါးဖွင့်ပြီး ချောင်းကြည့်လာချိန်ကို စောင့်နေပြီး ခုန်အုပ်မည်။
ကုန်သည်များလည်း သူ့အတွေးမျိုး ရှိ၍လား။ သို့မဟုတ် သတိရှိ၍လားတော့မသိ။ တံခါးဖွင့်မည့်ပုံမပေါ်။
“အိပ်ရအောင်ကွာ”
မုန်ကျင်းကျိုး သန်းဝေလိုက်သည်။ ညဆယ့်တစ်နာရီမထိုးမီ အိပ်ရမည်ဟူသည့် စည်းမျဉ်းကို ပြန်သတိရသည်။
ဗီရိုထဲမှ စောင့်နက်တစ်ထည့်ထုတ်၍ ကြမ်းပြင်ပေါ်ဖြန့်ခင်းလိုက်သည်။ သူ့ဆန္ဒအလျောက် ကြမ်းပြင်ပေါ်အိပ်ရန် နေရာရွေးသည်။
ထို့နောက် ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။ တစ်ခန်းလုံး မှောင်သွားသည်။ လရောင်မှိန်မှိန်က ပြတင်းစက္ကူကိုဖြတ်၍ အခန်းထဲထိုးကျနေသည်။
ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်ပြီးနောက် မုန်ကျင်းကျိုး နှလုံးသွေးရပ်မတတ်ဖြစ်သွားသည်။
အနက်ရောင်သဏ္ဌာန်တစ်ခု ပြတင်းပေါက်အပြင်ဘက်တွင် ဘယ်ညာယိမ်းနေသည်။ ပြတင်းပေါက်နားကပ်၍ အတွင်းသို့ ချောင်းကြည့်ရန် ကြိုးစားနေပုံရသည်။
သို့သော် ယခုသူတို့နေသည်က ဒုတိယထပ်ဖြစ်သည်။ ထိုသဏ္ဌာန် မည်မျှအရပ်မြင့်သနည်း။
“ပြတင်းပေါက်ချက်ချထားသလားကြည့်ဦး”
လုယန် ချက်ချင်းလှမ်းအော်သည်။ ပြတင်းပေါက်မဖွင့်ရသည့်စည်းမျဉ်းကို သတိရလာသည်။
အခန်းထဲဝင်ပြီးနောက် တံခါးပိတ်ဖို့သာ အာရုံစိုက်နေခဲ့ပြသည်။ ပြတင်းပေါက်ကို မေ့နေသည်။
ပြတင်းပေါက်နားသို့ သူတို့အမြန်ပြေးကြည့်သည်။ ချက်ချမထား။ အပြင်မှသဏ္ဌာန်ရှင် တံခါးမခေါက်မီ အမြန်ချက်ချလိုက်သည်။ ပြတင်းစက္ကူပေါ်မှ လူမကောင်းဆိုးဝါးပုံစံ အနက်ရောင်အရိပ်ကိုကြည့်၍ သူတို့ရင်တဒိန်းဒိန်းဖြစ်နေသည်။
ပထမညကို ဘာပြဿနာမှမဖြစ်ဘဲ သူတို့ကျော်ဖြတ်နိုင်ခဲ့ကြသည်။
***********************************************