အတုံ့အပြန်
Vol. 9 Ch. 134
ညကိုးနာရီ ထိုးသွားသည်။ တည်းခိုခန်းတွင် ဧည့်သည်ဟူ၍ သူတို့နှစ်ယောက်သာ ကျန်တော့သည်။
စားပွဲထိုးက သွေးတစ်စက်စက်ကျနေသည့် ပုဆိန်ကိုကိုင်၍ တတိယထပ်မှ ဆင်းလာသည်။ ဘယ်သူ့သွေး စွန်းထင်နေသည်မသိ။
သူ့နှုတ်ခမ်းတွင် အေးစက်စက်အပြုုံးတစ်ခု ပေါ်နေသည်။ မြို့ထဲသို့ အတင်းဆွဲသွင်းပြီး စည်းမျဉ်းလိုက်နာနေရသည်ဆိုသော်လည်း ဤကန့်သတ်ချက်များက သူ့အတွက် အခွင့်အရေးတစ်ခု ပေးသည်။ သူ့စရိုက်သဘာဝအစစ်ကို ထုတ်ပြခွင့်ရသည်။
အရပ်သားမြို့သို့ သူရောက်ခဲ့သည်မှာ ဘယ်နှစ်နှစ်ရှိပြီမသိတော့။ သတ်ခဲ့သည့်လူပေါင်းလည်း မရေမတွက်နိုင်တော့။
ထိုနှစ်ယောက်က ကံကောင်းနေသည်။ မြို့ထဲတွင် ထောင်ချောက်များ အပြည့်ရှိသည်။ သို့သော် ထိုနှစ်ယောက်က ထောင်ချောက်များကိုရှောင်တိမ်းပြီး ယခုထိ အသက်ရှင်နေသည်။ ယခင်ဧည့်သည်များ ထိုမျှကံမကောင်းခဲ့။ နေရာစိမ်းလည်းဖြစ်သလို စည်းမျဉ်းများကိုလည်း အရေးမစိုက်သဖြင့် စောစောစီးစီး သေသွားကြသည်။
ဒုတိယထပ်တွင် “မြေ”အခန်းဆယ်ခန်းရှိသည်။ ကိုးခန်းက အနက်ရောင်တံခါးများဖြစ်နေသည်။ ထိုအချက်က သက်သေခံနေသည်။ တတိယထပ် ကောင်းကင်ခန်းများထဲ လာရောက်နေထိုင်ခဲ့သည့် အရူးမျာလးည်း ရှိခဲ့သည်။
လူသစ်များ ကံကောင်းချီ ကုန်ဆုံးတော့မည်။
သူတို့တံခါးကို မနက်ရောက်သည်အထိ တစ်ညလုံးခေါက်ရန် စဉ်းစားထားသည်။ မသတ်နိုင်လျှင်ပင် ကောင်းကောင်းမနေရအောင် နှိပ်စက်ချင်သည်။
“ထူးဆန်းတယ်။ ဒီည မြေအခန်း ၄ က မီးရောင်ဘာလို့မရှိတာလဲ”
ထို့နောက် အကြောင်းရင်းကို စဉ်းစားမိပြီး လှောင်ပြုံးပြုံးလိုက်သည်။
“ဒီလိုလုပ်ထားလို့ မင်းတို့ကို အလွတ်ပေးမယ်ထင်ရင် မှားသွားမှာပေါ့”
လေသံကိုထိန်း၍ သစ်သားတံခါးပေါ် ညင်သာစွာ ခေါက်လိုက်သည်။
“ဧည့်သည်တို့၊ တံခါးဖွင့်ပါဦး။ ကျုပ်တို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိခဲ့တယ်ထင်တယ်”
သူစကားရပ်၍ အသံကို ပိုတည်ငြိမ်အောင်ထိန်းပြီး ထပ်ပြောသည်။
“ဧည့်သည်တို့၊ တံခါးဖွင့်ပါဦး။ ကျုပ်တို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိခဲ့တယ်ထင်ပါတယ်”
ခါတိုင်းလိုပင် ဘာတုံ့ပြန်သံမှ ပေါ်မလာ။
ရုတ်တရက် လက်တစ်ဘက်ပေါ်လာပြီး သူ့ခြေကျင်းဝတ်ကို ဖမ်းချုပ်သည်။
“ဘယ်သူလဲကွ”
သူအမြန် ငုံ့ကြည့်သည်။ သူသတိမထားမိခဲ့။ အခန်း ၄ ၏ နံရံအောက်ခြေတွင် ခွေးတိုးပေါက်တစ်ခု ရှိနေသည်။ ဖြူရောက်နေသည့်လက်တစ်ဘက်က သူ့ခြေကျင်းဝတ်ကို အခိုင်အမား ဖမ်းချုပ်ထားသည်။
လက်အားက အံ့ဩစရာကောင်းလောက်အောင် သန်မာသည်။ သူမခုခံနိုင်သည့်အားဖြင့် ချက်ချင်းဆွဲချသည်။
“ဘုန်း”
ကြမ်းပြင်ပေါ် ပစ်ကျသွားသည်။ သူ့ပုဆိန်လည်း လွင့်ထွက်သွားသည်။
သူအတင်း တွားသွား၍ရုန်းသည်။ သို့သော် ဖမ်းချုပ်ထားသည့်လက်က မယုံနိုင်လောက်အောင် တင်းကြပ်လွန်းသည်။
သူကသာ တစ်ခြားလူများကို ဒရွတ်တိုက်ဆွဲနေကျဖြစ်သည်။ သူကိုယ်တိုင် အဆွဲခံရသည့်အဖြစ်မျိုး မကြုံဖူး။
ဖြစ်လာတော့မည့် ကံကြမ္မာကို သူအာရုံရနေသည်။ ရယ်စရာကောင်းသည့် အဆုံးသတ်ဖြစ်တော့မည်။
မည်သို့ဆိုစေ သူသည် မုဆိုးဖြစ်သည်။ ဧည့်သည်များသည် သားကောင်ဖြစ်သည်။
“မဟုတ်သေးဘူး။ အဲလို တကယ်ဖြစ်နိုင်တာပဲ”
ဒုတိယစည်းမျဉ်းကို ပြန်သတိရလာသည်။
စည်းမျဉ်း ၂။ ညကိုးနာရီမှ မနက်ကိုးနာရီအတွင်း သက်ငယ်မိုးအိမ်များ တံခါးပိတ်ထားသည့် တည်းခိုဆောင်မှအခန်းများ အပြည့်အဝစိတ်ချရသည်။ တစ်ခြားနေရာအားလုံး အန္တရာယ်ရှိသည်။
မြေအခန်းနံပတ် ၄ ပိတ်ထားဆဲဖြစ်သည်။ ဧည့်သည်များအတွက် စိတ်ချရဆဲဖြစ်သည်။ သူအထဲသို့ ဆွဲခေါ်ခံရလျှင် သူ့ကံကြမ္မာဆိုးဝါးသွားတော့မည်။
ကြမ်းပြင်ကို လက်ချောင်းများဖြင့် ကုတ်ဆွဲထားသည်။ မြွေမျိုခံရသည့် သားကောင်တစ်ကောင်လို လွတ်အောင်ရုန်းဖို့ ကြိုးစားနေသည်။ ကြောက်လန့်တကြား သူအော်ဟစ်သည်။
“ကယ်ပါဦး။ ကျုပ်ကို ကယ်ကြပါဦး”
သူ့အော်သံက အူလှိုက်သဲလှိုက် အော်သံအစစ်ဖြစ်သည်။
သို့သော် ဘယ်သူမျှ သူ့ကိုလာမကယ်။
အရပ်သားမြို့တည်းခိုခန်းစည်းမျဉ်းများတွင် စားပွဲထိုးကို ကယ်ရမည်ဟု မပါ။
တစ်ကိုယ်လုံး အထဲသို့ပါသွားခါနးတွင် သူ့လက်များက နံရံဘေးနှစ်ဘက်ကို ဆွဲကိုင်မိသည်။ ပြင်းထန်သည့်ခွန်အားတစ်ခု ရုတ်တရက် ပေါ်လာပြီး ဗြုန်းခနဲ လွတ်အောင် ရုန်းထွက်လိုက်သည်။
သူ့ပုဆိတ်ကိုပင် မကောက်အားတော့။ ထော့နဲ့ထော့နဲ့ဖြင့် “ကောင်းကင်”ခန်းများဆီသို့ သူပြန်ပြေးသည်။
“လွတ်သွားပြီလား”
မုန်ကျင်းကျိုး နည်းနည်းစိတ်ပျက်သွားသည်။ စားပွဲထိုး၏ခွန်အားက အံ့ဩစရာကောင်းလောက်အောင် သန်မာနေသည်။ ခြေကျင်းဝတ်ကို ချိုးလိမ်ထားသည့်တိုင် ဆွဲထား၍မရ။
ညတိုင်း တံခါးခေါက်ပြီး စိတ်ဒုက္ခပေးသည့် ထိုစားပွဲထိုးကို ယနေ့ အပြတ်ရှင်းဖို့ သူတို့ဆုံးဖြတ်ထားသည်။
ထိုစားပွဲထိုး ကြားဖူးမည်မထင်။ နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်များဖြစ်သည့် သူတို့နှစ်ယောက်သည် ထိုသို့ဆက်ဆံခံရသည်ကို လုံးဝသည်းမခံတတ်။
နှစ်ရက်ကြာအောင် စောင့်ကြည့်၍ တည်းခိုခန်းစည်းမျဉ်းများကို သူတို့လေ့လာခဲ့သည်။ အစီအစဉ်တစ်ခု အမြန်ဆွဲသည်။
လုယန် ချင်ဖုန်းဓားကိုသုံး၍ စားပွဲထိုးခန္ဓာကိုယ်ဆန့်လော်သည့် အပေါက်တစ်ခု နံရံအောက်တွင် တူးခဲ့သည်။
တံခါးပိတ်ထားသည့်အခန်းများ လုံခြုံသည်။ ထိုစည်းမျဉ်းကို အသုံးချသည်။ စားပွဲထိုးကို အခန်းထဲဆွဲသွင်းလျှင် သူတို့အတွက် အန္တရာယ်မရှိနိုင်။ အခြေအနေကို သူတို့ထိန်းချုပ်ခွင့်ရမည်။
“တက်ကြွတဲ့သားကောင်ရှိတာ ပျော်စရာကောင်းပါတယ်”
လုယန် နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။ သူ့စကားသံက အခန်းထဲတွင် ကြောက်စရာကောင်းလောက်အောင် ဟိန်းထွက်သွားသည်။
အနက်ရောင်သဏ္ဌာန်နှစ်ခု အခန်းနံပတ် ၄ ထဲမှ ထွက်လာသည်။ တစ်ယောက်က ဓားရှည်တစ်လက်ကိုင်ထားသည်။ နောက်တစ်ယောက်က လက်ဗလာဖြင့်ထွက်လာပြီး ပုဆိန်ကို ကောက်ယူသည်။
ဓားဦးထိတ်က ကြမ်းပြင်နှင့်ပွတ်တိုက်ပြီး စူးရှသည့်အသံ ထွက်ပေါ်နေသည်။ ပုဆိန်သွားမှ သွေးစက်ကျသံ စည်းချက်ညီညီ ထွက်ပေါ်နေသည်။
အရိပ်နှစ်ခု တည်းခိုခန်းထဲတွင် လှည့်လည်နေသည်။
ဒုတိယထပ်။..ဘာမှမရှိ။ ထိုသို့ဆိုလျှင် တတိယထပ်တွင်ဖြစ်မည်။
တတိယထပ်တွင် “ကောင်းကင်”အမှတ်အသားပါသည့် အခန်းလေးခန်းရှိသည်။
ဓားကိုင်ထားသည့် သဏ္ဌာန်က တံခါးတစ်ချပ်ကိုခေါက်သည်။ သူ့စကားသံက နူးညံ့သည်။
“ဒီမှာ ညစာအခမဲ့ကျွေးတယ်ကြားလို့ပါ။ ကျုပ်တို့ဗိုက်ဆာနေတယ်။ ညစာစားချင်တယ်။ တံခါးဖွင့်ပါဦး”
အခန်းနံပတ် ၁ မှ တုံ့ပြန်သံမကြားရ။ လုယန် စိတ်မရှည်တော့။ တံခါးကို ခပ်ပြင်းပြင်း ရိုက်လိုက်သည်။
“ဖွင့်စမ်း။ ငါတို့စားချင်တယ်။ ဒါက ဘယ်လိုဝန်ဆောင်မှုမျိုးလဲကွ”
“ငါတို့ကြားမှာ နားလည်မှုလွဲနေတာရှိမှာပါ။ တံခါးဖွင့်ပါ။ စကားနဲ့ကောင်းကောင်းမွန်မွန် ဆွေးနွေးကြတာပေါ့”
“ဖွင့်စမ်း။ မြန်မြန်ဖွင့်နော်။ မဟုတ်လို့ကတော့ တံခါးကို ရိုက်ချိုးပစ်မယ်”
တံခါးခေါက်သံက တည်းခိုခန်းတစ်ခုလုံး ဟိန်းထွက်နေသည်။
အခန်း ၁ တံခါးကို လုယန် ကန်ဖွင့်လိုက်သည်။ အခန်းထဲတွင်ဘာမှမရှိ။ အထဲသို့ဝင်ရန် ကြိုးစားသည်။ သို့သော် မမြင်နိုင်သည့်စွမ်းအားတစ်ခုက သူ့ကို တွန်းထုတ်သည်။
စည်းမျဉ်း ၅။ “ကောင်းကင်”စာလုံးဖြင့် မှတ်သားထားသည့် အခန်းများကို မဝင်ရ။
အခန်းတစ်ခုထဲ ပုန်းနေသည့်စားပွဲထိုး ဘေးခန်းမှ အသံများကြောင့် တုန်ရင်နေသည်။
“ကြောက်စရာမလိုပါဘူးလေ။ “ကောင်းကင်”ခန်းတွေကို သူတို့ဝင်မလာနိုင်ပါဘူး။ ဝင်မလာနိုင်ဘူး”
စားပွဲထိုး သူ့ဘာသာရေရွတ်နေသည်။ သူ့ယုံကြည်ချက်များ လျော့ပါးနေသည်။
အခန်း ၂ နှင့် ၃ ကိုလည်း လုယန် ကန်ဖွင့်သည်။ စားပွဲထိုးကို မတွေ့။
“ဒါဆို အခန်း ၄ ပဲ ကျန်တော့တာပေါ့”
ထပ်စဉ်းစားမနေတော့ပဲ တံခါးကို ကန်ဖွင့်လိုက်သည်။ အမှောင်ထဲတွင်ကုပ်နေသည့် စားပွဲထိုးကို မြင်ရသည်။
“ထွက်ခဲ့ပါ။ မင်းအသက်ကို ချမ်းသာပေးမယ်”
မုန်ကျင်းကျိုး အေးစက်စက်လေသံဖြင့် ခြိမ်းခြောက်သည်။
မုန်ကျင်းကျိုး ပေါက်ကရလျှောက်ပြောနေသည်ကိုကြည့်၍ စားပွဲထိုး လှောင်ရယ်သည်။
“ဟားဟား၊ ထင်တဲ့အတိုင်းပဲ။ မင်းတို့လည်း စည်းမျဉ်းတွေကို လိုက်နာရမှာပါကွ”
ကောင်းကင်ခန်းများထဲ ဘယ်သူဝင်ရမည်ကို သူတစ်ယောက်သာ ဆုံးဖြတ်နိုင်သည်။ ထို့ပြင် ဤအခန်းများထဲတွင် သူထိန်းချုပ်ခွင့် အပြည့်ရထားသည်။ ဘယ်သူမှ သူ့ကိုဒုက္ခမပေးနိုင်။
နှစ်ယောက်လုံးကို အခန်းထဲ ဆွဲခေါ်သင့်မခေါ်သင့် စဉ်းစားနေချိန်တွင် လုယန်က ခပ်အေးအေးအမူအရာဖြင့် သစ်သားပြားတစ်ခု ဆွဲထုတ်လိုက်သည်။ ထိုသစ်သားပြားကိုမြင်သည်နှင့် စားပွဲထိုးမျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။
မြေအခန်း ၄ သစ်သားပြား။
ထိုအဖြစ်မျိုး ကြိုတွေးမိသဖြင့် လုယန်က သူတို့မြေအခန်း ၄ သစ်သားပြားကို ဖြုတ်ယူပြီး မြေအခန်း ၃ နံပတ်ပြားဖြင့် ပြောင်းကြည့်သည်။ အခန်း ၃ တံခါးက အနက်ရောင်မှ အညိုရောင်ပြောင်းသွားသည်။
ထိုနည်းလမ်း အလုပ်ဖြစ်ခဲ့သည်။
ထို့ကြောင့် မြေအခန်း ၄ နံပတ်ပြားကို ဖြုတ်ယူလာပြီး ကောင်းကင်အခန်း ၄ နေရာတွင် အစားထိုးလိုက်သည်။ အတားအဆီးပြယ်သွားသည်။ တိုက်ရိုက်ဝင်နိုင်သွားသည်။
ဓားရှည်နှင့် ပုဆိန်ကိုယ်စီကိုင်၍ သူတို့နှစ်ယောက် အေးစက်စက်ပြုံးလိုက်သည်။
စားပွဲထို ထိန့်လန့်တုန်လှုပ်စွာ ကြည့်နေချိန်မှာပင် သူတို့ အခန်းထဲဝင်သွားသည်။ ဆင်ခြင်ဉာဏ်အပြည့်ဖြင့် အခန်းတံခါးကို ပြန်ပိတ်သည်။
ယခုဤအခန်းသည် မြေအခန်း ၄ ဖြစ်သည်။ တံခါးပိတ်ထားသည့်မြေအခန်းသည် သူတို့အတွက် အပြည့်အဝစိတ်ချရသည်။
စားပွဲထိုးကို လုယန် ပိတ်ကန်လိုက်သည်။ ထွက်မပြေးနိုင်အောင် ခြေထောက်ကြောများ ဖြတ်လိုက်သည်။
လူအများကို ခြောက်လှန်ခဲ့သည့် လျော်ကြေးအဖြစ် မုန်ကျင်းကျိုးက သုံးလေးချက် ပိတ်ရိုက်သည်။
ထို့နောက် စားပွဲထိုးကို ဝတ်ရုံဖြူ ဝတ်ပေးလိုက်သည်။
“ပြောစမ်း။ မင်းဘာတွေသိထားလဲ”
စည်းမျဉ်း ၁၇။ လူစိမ်းများ၏စကားကို အလွယ်တကူမယုံရ။ သို့သော် ဝတ်စုံဖြူဝတ်ထားသူများသည် အမြဲတမ်း အမှန်ကိုသာပြောသည်။
************************************************