ဆေးဆိုင်
Vol. 9 Ch. 135
“ဒီတည်းခိုခန်းမျာ အန္တရာယ်များတဲ့လူ ဘယ်နှယောက်ရှိလဲ”
ပထမဆုံးအနေဖြင့် လုယန် ဤတည်းခိုခန်းတွင်းမှ အန္တရာယ်များကို သေချာသိချင်သည်။ စားပွဲထိုးတစ်ယောက်တည်းဟုတ်မဟုတ် သိချင်သည်။
ဝတ်ရုံဖြူဝတ်ထားသည့်စားပွဲထူးက တုန်တုန်ရင်ရင်ဖြင့် လက်နှစ်ချောင်းထောင်ပြသည်။
“နှစ်...နှစ်ယောက်ပါ”
“ဘယ်သူတွေလဲ”
“ခင်ဗျားတို့နှစ်ယောက်”
မုန်ကျင်းကျိုး ပြေးကန်သည်။
“စကားကို ဒဲ့ပြောစမ်း”
စားပွဲထိုး စိတ်ပျက်သွားသည်။ ဝတ်ရုံဖြူဝတ်ထားသဖြင့် သူလိမ်၍မရ။ လုယန်တို့နှစ်ယောက်သည် ဤတည်းခိုခန်းတွင် အန္တရာယ်အကြီးဆုံးဖြစ်သည်။
လုယန် မေးခွန်းကို ပြန်ပြင်မေးသည်။
“သာမန်လူတွေအတွက် တည်းခိုခန်းမှာ အန္တရာယ်များတဲ့လူ ဘယ်နှယောက်ရှိလဲ”
“ကျုပ်ပဲရှိပါတယ်”
“မင်းနဲ့တည်းခိုခန်းပိုင်ရှင် ဘယ်သူပိုစွမ်းအားကြီးလဲ”
“ကျုပ်က ပိုစွမ်းအားကြီးပါတယ်။ ဒါပေမယ့် လိုက်နာရတဲ့ စည်းမျဉ်းတွေ မတူတော့ သူကျုပ်ကို ထိန်းချုပ်နိုင်တယ်”
“မင်းစွမ်းအားက ကောင်းကင်ခန်းထဲမှာနဲ့ တစ်ခြားနေရာမှာရှိတဲ့အချိန် အတူတူပဲလား”
“မတူပါဘူး။ စည်းမျဉ်းအရ ကောင်းကင်ခန်းထဲမှာရှိတဲ့အချိန် စွမ်းအားပိုကြီးတယ်”
“တစ်ခြားနေရာတွေမှာ စွမ်းအားမတူတဲ့ မင်းလိုလူတွေရှိသေးလား”
“ရှိတယ်။ ဥပမာ နေ့ခင်းပိုင်း သက်ငယ်မိုးအိမ်ထဲမှာရှိတဲ့ လူတွေပေါ့။ သူတို့က အိမ်ထဲမှာ စွမ်းအားကြီးတယ်။ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တယ်။ ဒါပေမယ့် အပြင်ရောက်တာနဲ့ သာမန်လူတွေလို ဖြစ်သွားတယ်။ လေဟာနယ်ဖြတ်နိုင်တဲ့ စွမ်းရည်တွေ ဆုံးရှုံးသွားတယ်။ ဒါပေမယ့် သူတို့ဘယ်လိုဖြစ်တည်မှုတွေလဲဆိုတာ ကျုပ်သေချာမသိဘူး”
“တစ်ခြားလူတွေကရော။ ဝတ်ရုံနက်အရာရှိတွေ မီးခိုရောင်ဝတ်စုံနဲ့ ကျောင်းဆရာတွေ။ သူတို့ကရော စွမ်းအားမြင့်သလား”
“မမြင့်ပါဘူး။ ဒါပေမယ့် သူတို့က ကျင့်ကြံသူတွေပဲလေ။ သာမန်လူတွေထက်တော့ အများကြီး ပိုစွမ်းအားကြီးတာပေါ့”
“အရာရှိတွေနဲ့ ကျောင်းဆရာရဲ့ ဆက်ဆံရေးက ဘယ်လိုမျိုးလဲ”
“သိပ်တော့မကောင်းဘူးထင်တယ်။ အပြိုင်အဆိုင်တွေဖြစ်မယ်။ ကျုပ်နဲ့ အရာရှိတွေလိုပေါ့။ မြို့ကထွက်နိုင်ဖို့ လူအရေအတွက် အတိုင်းအတာတစ်ခုအထိ သတ်ရတယ်။ ကိုယ်ပိုင်ကျောင်းဆရာလိုက်နာရတဲ့ အသေးစိတ်စည်းမျဉ်းတွေတော့မသိဘူး။ ဒါပေမယ့် သတ်မှတ်ချက်က အတူတူလောက်ပဲဖြစ်မှာပါ”
“မြို့စားက ဘယ်မှာနေလဲသိလား”
“ရုံးတော်မှာနေတယ်လို့ကြားတယ်။ ဒါပေမယ့် တစ်ခါမှ အပြင်ထွက်တာမတွေ့ဘူး”
“သူ့ကို ဘယ်လိုသတ်ရမလဲ”
“ကျုပ်မသိဘူး”
“မြို့စားရဲ့စွမ်းအားနဲ့ အရည်အချင်းကရော ဘယ်လိုမျိုးလဲ”
“ကျုပ်မသိဘူး”
“ဘိုးဘေးခန်းမက ဘယ်နေရာမှာလဲ”
“ဘိုးဘေးခန်းမကို နေ့ခင်းပိုင်းမှာ မတွေ့နိုင်ဘူး။ ညကိုးနာရီထိုးမှ ပေါ်လာတာ”
စားပွဲထိုး မေးသမျှအကုန်ဖြေသည်။ အတော်ရိုးသားသည့်ပုံမျိုးဖြစ်သည်။
စားပွဲထိုးပေးသည့် အချက်အလက်များက လုယန်တို့တွေးဆထားသည်နှင့် ထပ်တူနီးပါး ကိုက်ညီသည်။
နောက်ထပ်မေးစရာမရှိတော့သဖြင့် လုယန် လှုပ်ရှားလိုက်သည်။ ဝတ်ရုံဖြူကို ဆွဲချွတ်သည်။ ချင်ဖုန်းဓားဖြင့် ထိုးသတ်လိုက်သည်။
နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်များသည် ဘယ်သူ့ကိုမှအရှင်မထား။
“ဝတ်စုံကို စောစောချွတ်ထားလိုက်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ဝတ်ရုံဖြူက သွေးစွန်းသွားမှာ”
မုန်ကျင်းကျိုး ခါးဆန့်လိုက်သည်။
“အခု ငါတို့တွေ အေးအေးချမ်းချမ်း အိပ်လို့ရလောက်ပါပြီ”
လုယန်လည်း ထိုသို့ပင် ခံစားရသည်။ ယနေ့ည၏ အောင်ပွဲကို ကျေနပ်သည်။ စိတ်အနှောက်အယှက်ဖြစ်စရာ တံခါးခေါက်သံကို ကြားရမည်မဟုတ်တော့။
စားပွဲထိုးကိုယ်ပေါ်တွင် ရှာကြည့်သည်။ တည်းခိုခန်းစည်းမျဉ်းများကို တွေ့သည်။ သို့သော် သူတို့မှန်းဆနိုင်ပြီဖြစ်၍ သိပ်အသုံးမဝင်တော့။
“ငါတို့စည်းမျဉ်းတွေက တစ်ခါဖတ်ပြီးတာနဲ့ ပျောက်သွားတာ။ မှတ်ဉာဏ်သာမကောင်းရင် အခုလောက်ဆို မေ့သွားလောက်ပြီ။ သူတို့က စည်းမျဉ်းကို ရေးမှတ်ပြီးသိမ်းထားနိုင်တော့ မမေ့ဘူးပေါ့။ ဒီစားပွဲထိုးလို လူမျိုးတွေက ငါတို့ထက် အတော်လေးဦးစားပေးဆက်ဆံခံရပုံပဲ”
တတိယနေ့ မနက်အာရုဏ်တက်ချိန်တွင် ညကင်းသမား၏ မောင်းထုကြေငြာသံကြောင့် သူတို့နိုးလာသည်။ နှစ်ယောက်လုံး သမ်းဝေလိုက်သည်။ ကောင်းကောင်းအိပ်ခဲ့ရသဖြင့် လန်းဆန်းတက်ကြွနေသည်။
မနေ့ညက စားပွဲထိုး၏ အော်ဟစ်အကူအညီတောင်းသံများ ကြားခဲ့ရသဖြင့် တည်းခိုခန်းပိုင်ရှင်က မနက်ပိုင်းတွင် သွားစစ်ဆေးကြည့်သည်။
ပုံပျက်ပန်းပျက်သေဆုံးနေသည့် စားပွဲထိုးကိုမြင်ပြီးနာက် သူအတော်ကြာအောင် အသံတိတ်သွားသည်။
ထိုနှစ်ယောက်သည် အမှန်တကယ် လမ်းမှန်ဂိုဏ်းဝင်များ ဟုတ်ပါလေစ။
တည်းခိုခန်းမှ ထွက်လာချိန်တွင် တည်းခိုခန်းပိုင်ရှင်အတွက် လုယန် စာတစ်ကြောင်းရေးချထားခဲ့သည်။
“ဝတ်စုံဖြူက အတော်အလုပ်ဖြစ်တယ်။ နောက်ထပ်နှစ်ရက်လောက် ကျုပ်တို့ငှားဦးမယ်”
တည်းခိုခန်းပိုင်ရှင်၏ ထိတ်လန့်ရိပ်သန်းနေသည့်အကြည့်ကို လုယန်သတိမထားမိ။
ထို့ပြင် ထိုစာကြောင်း ထိုလေသံမျိုးက ဘာကြောင့် အကြွေးပြန်မပေးတတ်သည့် နတ်ဆိုးကျင့်ကြံသူများ၏ လေသံမျိုးပေါက်နေသည်မသိ။ “ဒီပစ္စည်းအတော်ကောင်းတယ်။ ငါခဏငှားသွားမယ်။ သုံးပြီးရင်ပြန်ပေးမယ်”ဟူသည့် လေသံမျိုးဖြစ်သည်။
“ငါစိတ်ထင်လို့ဖြစ်မှာပါ”
မှန်သည်။ ဤတည်းခိုခန်းပိုင်ရှင်သည် တာအိုလမ်းစဉ်ဂိုဏ်းအကြောင်း သိပ်မသိ။
သူ့လို အဆင့်နိမ့်ကျင့်ကြံသူများအနေဖြင့် တာအိုလမ်းစဉ်ဂိုဏ်းလို ထိပ်သီးဂိုဏ်းအကြောင်းကို တစ်ဆင့်စကားတစ်ဆင့်နားဖြင့်သာ ကြားဖူးပေလိမ့်မည်။
ထို့ပြင် ကောလဟာလဆိုသည်ကလည်း ယုံကြည်ရသည်မဟုတ်။
တည်းခိုခန်းမှထွက်လာပြီးနောက် ဆေးဆိုင်တစ်ခု တွေ့ကြသည်။ မီးခိုးရောင်ဝတ်စုံဝတ်ထားသည့် လူငယ်အလုပ်တစ်ယောက်က သူတို့ကို ဖော်ရွေစွာနှုတ်ဆက်သည်။
“ဘာလိုအပ်ပါသလဲခင်ဗျာ။ ခွေးတစ်ကောင် ဟောင်နေတာ ကြားလို့လား။ ဒါမှမဟုတ် ခွေးနက်တစ်ကောင်တွေ့လို့လား။ ခွေးဟောင်သံကြားခဲ့တာဆိုရင် ခင်ဗျားတို့အတွက် သင့်တော်တဲ့ဆေးရှိပါတယ်”
ပွက်ပွက်ဆူနေသည့် အနီရောင်ဆေးတစ်အိုးကို ယူလာပြသည်။
“ဒါက ဟင်းရိုင်းမြက်ကို အမှုန်ကြိတ်ပြီး လုပ်ထားတာပါ။ ဆယ်နာရီကြာအောင် ကျိုရတယ်။ ဒီဆေးသောက်လိုက်ရင် ခဏလောက် မူးဝေလာသလို ခံစားရမယ်။ အိပ်လိုက်တာနဲ့ ခွေးဟောင်သံကြောင့် ဖြစ်နေတဲ့ သက်ရောက်မှုတွေ ပျောက်သွားလိမ့်မည်။
ခွေးနက်တစ်ကောင် တွေ့လာတာဆိုရင်တော့ ကျုပ်နောက်ကို အမြန်လိုက်ခဲ့မှဖြစ်မယ်။ မဟုတ်ရင် ခင်ဗျားတို့ မကြာခင် ခွေးနက်ပုံစံ ပြာင်းသွားလိမ့်မည်။
ဒီဆေးဆိုင်နောက်ဘက်မှာ ရေတွင်းတစ်ခုရှိတယ်။ ရေကို ကိုယ့်ဘာသာငင်ယူပေါ့။ အဲဒီ့ရေကို သောက်လိုက်ရင် ခွေးနက်အသွင်မပြောင်းနိုင်တော့ပါဘူး”
မုန်ကျင်းကျိုးက ဆိုင်ရှင်ကိုလာရှာခြင်းဖြစ်ကြောင်း ပြောချင်သည်။ သို့သော် လုယန်က တားသည်။
လုယန်၏ ရည်ရွယ်ချက်ကို မုန်ကျင်းကျိုး သဘောပေါက်သွားသည်။ လူစိမ်းဖြစ်သည့် လက်သင်လူငယ်ကို ရှင်းပြနေစရာမလို။ ထိုလက်သင် ပြောနေသည့်စကားကလည်း အလိမ်အညာများဖြစ်နိုင်သည်။
သူတို့ သက်တောင့်သက်သာ ထိုင်နေသည်။ လက်သင်က စိုးရိမ်ပူပန်ဟန်ပြနေသော်လည်း သူတို့ စကားတစ်ခွန်းမှ ပြန်မပြော။
နာရီဝက်ကြာပြီးနောက် လက်သင်လူငယ် နောက်ဖေးသို့ ဝင်သွားသည်။ ဝတ်ရုံဖြူဆေးဆိုင်ပိုင်ရှင် ထွက်လာသည်။
“ပြဿနာတစ်ခုခုကြုံခဲ့လို့လား။ ဒါမှမဟုတ် မေးစရာရှိလို့လား”
ဆိုင်ရှင်က နူးညံ့ကြင်နာသည့်မျက်နှာပိုင်ရှင် အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူတစ်ပါး၏ ဒုက္ခကို ယုံကြည်စွာမျှဝေခံစားပေးမည့်ပုံမျိုးဖြ်စသည်။
စည်းမျဉ်းများကို ပြန်သတိရလာသည်။ ဆေးဆိုင်ပိုင်ရှင်နှင့် စကားမပြောရဟု ဆိုထားသည်။
လုယန် စာရွက်တစ်ရွက် ဆိုင်ရှင်ကို လှမ်းပေးလိုက်သည်။
‘ကျုပ်တို့ ခွေးဟောင်သံကြားတယ်။ ဘာလုပ်သင့်လဲ’
“တုန်မင်မြစ် နှစ်ဂရမ်ကို ပါးစပ်ထဲညက်အောက်ဝါးပြီး နားနှစ်ဘက်မှာ ပိတ်ထားလိုက်ပါ။ သက်ရောက်မှုပြယ်အောင် ဆယ့်ငါးမိနစ်လောက်ပိတ်ထားပါ”
လုယန် စာထပ်ရေးသည်။
‘တုန်မင်မြက် လေးဂရမ်ယူမယ်။ ပြီးတော့ ခွေးနက်တစ်ကောင် တွေ့ခဲ့ရင်ရော ကျုပ်တို့ဘာလုပ်ရမလဲ’
“ခွေးနက်နဲ့ကြုံရင်တော့ ဒုက္ခများမယ်။ ခွေးနက်ကိုမြင်တဲ့လူတွေ အလိုလိုဟောင်ချင်စိတ် ပေါက်လာမယ်။ ဟောင်လိုက်တာနဲ့ ခွေးနက်ဘဝပြောင်းသွားမယ်။
ဒါပေမယ့် ဖြေရှင်းနည်းတော့ရှိပါတယ်။ ပါးစပ်ကို နာရီဝက်လောက် အပ်နဲ့ချုပ်ထားပါ။ ဟာကွက်မကျန်စေနဲ့။ အဲဒီ့အချိန်အတွင်း အသံမထွက်မိအောင်နေပါ။ အဲလိုဆို ခွေးနက်ရဲ့လွှမ်းမိုးတာ မခံရတော့ဘူး”
လုယန် ဂရုတစ်စိုက်နားထောင်သည်။ ထို့နောက် စာဆက်ရေးသည်။
“ကျုပ်တို့ မြို့ထဲက ဘယ်လိုထွက်ရမလဲ”
“အဲဒါက ပိုပြီးတောင် ဒုက္ခများသေးတယ်။ မဖြစ်နိုင်ဘူးလို့တောင် ငါထင်တယ်။
မြို့ထဲမှာ ဘုံကျောင်းတစ်ခုရှိတယ်။ မျက်လုံးကိုအဝတ်စည်းထားတဲ့ ကိုယ်တစ်ပိုင်းဗလာနဲ့ ဗုဒ္ဓရုပ်ထုတစ်ခု ရှိတယ်။ အဲဒီ့ရုပ်ထုကို ဘုံကျောင်းထဲကထုတ်ပြီး ရိုက်ခွဲလိုက်ပါ။ အပြင်လောကကိုထွက်တဲ့ လမ်းကြောင်းတစ်ခု ပေါ်လာမယ်။ ဒါပေမယ့် အဲဒီ့လမ်းကြောင်းထဲမှ အရိုးချလေဝဲတစ်ခုရှိတယ်။ လေပြင်းတွေက ဒွာရခုနစ်ပေါက်ကနေ ဝင်မယ်ထွက်မယ်။ အဲလိုဖြစ်ရင် အသားတွေပျောက်ကျသွားမယ်။ အရိုးစုပဲ ကျန်မယ်။ သေချာပေါက် သေမှာပဲ။ ဘယ်သူမှ မခုခံနိုင်ဘူး။ မြို့ထဲကထွက်ဖို့ ဒီနည်းလမ်းတစ်ခုပဲရှိတယ်”
လုယန်တို့ စိတ်ဓာတ်ကျသွားကြသည်။ ဘယ်သူမှမထွက်နိုင်အောင် ဒီဇိုင်းထွင်ထားသည့် စည်းမျဉ်းများဖြစ်ကြောင်း သိသာထင်ရှားနေသည်။
ပြန်တွေးကြည့်လျှင်လည်း ဟုတ်ပါသည်။ ဤနေရာတွင်ပုန်းနေသည့် ရှေးခေတ်စုစည်းခြင်းအဆင့် ကျင့်ကြံသူများသည် သူတို့ရှိနေသည့်အကြောင်း လုံးဝလူသိခံကြမည်မဟုတ်။
***************************************************