မစမီက ရှုံးနှင့်သည်
Vol. 12 Ch. 37
မှော်ပညာကမ္ဘာ။
လေဒီအော်သာရီယာက မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ရဲ့ သိန်းသောင်းချီတဲ့ဓားတွေက အပြိုင်ကမ္ဘာတစ်ခုကနေပြီး ကျူးကျော်လာတဲ့ စက်ရုပ်တွေကို ဖျက်ဆီးနေခဲ့ပေမဲ့ ပေါ်တယ်ကနေတစ်ဆင့် ထပ်ပြီးဝင်လာနေတုန်းပဲ။
“ကြည့်ရတာ ပေါ်တယ်ကိုဖျက်ဆီးပစ်မှ ပွဲပြီးမှာလား။”
ဒီလိုတွေးလိုက်ပြီးတဲ့နောက် လေဒီအော်သာရီယာက လက်ကို ဘေဟာနယ်ထဲဆန့်ထုတ်လိုက်တယ်။ ရွှေရောင် အလင်းတန်းတွေက သူ့ရဲ့လက်ထဲမှာ စုစည်းလာပြီး အလယ်ခေတ်သုံး မြင်းစီးလှံရှည်ကြီးတစ်ခု ပေါ်ထွက် လာခဲ့ပါတယ်။
အဲဒီနောက်တော့ အော်သာရီယာက ပြေးခုန်ပစ်မယ်လိုမျိုး လေထုထဲမှာ ကိုယ်ကိုကွေးညွှတ်လိုက်ပြီး လှံကိုမြောက်ကာ ပေါ်တယ်တည့်တည့်ကို လှမ်းပစ်လိုက်ပါပြီ။
“အဆင့် ၁၂ မှော်ပညာ၊ ကောင်းကင်ထွင်းဖောက်လှံ။”
ဝုန်း...
လှံတံက လေထုကိုထိုးဖောက်သွားပြီး ထိပ်ဖားကနေ မီး ထတောက်တယ်။ မှော်စွမ်းအားတွေစုစည်းနေတာကြောင့် မီးတောက်က ပိုပိုကြီးလာပြီး မကြာခင်မှာပဲ ကြယ်တံခွန်လို ဖြစ်သွားခဲ့ပါတယ်။ လမ်းမှာရှိနေသမျှ စစ်ယာဥ်ပျံတွေနဲ့ စက်ရုပ်တွေကို သက်ရောက်အားလှိုင်းသက်သက်ကတင် ဖျက်ဆီးပစ်ခဲ့ပြီး ပေါ်တယ်ဆီကို တည့်တည့်ပြေးဝင် သွားခဲ့ပေမဲ့...
“အားကောင်းလိုက်တဲ့ တိုက်ကွက်ပဲ။ ဆိုးတာက ဒီလောက်နဲ့ ငါ့ရဲ့အကာအကွယ်ကို ဖျက်ဆီးဖို့မဖြစ်နိုင်သေးဘူး။”
ရုတ်တရက်ဆိုသလို ပေါ်တယ်ထဲကနေ ဆံပင်ဖြူနဲ့ ညိုစိမ့်တဲ့ အသားအရေရှိတဲ့ မိန်းကလေးက ထွက်လာပြီး လှံဖျားကို လက်ညိုးနဲ့ထိလိုက်ရုံနဲ့တင် ရပ်တန့်အောင် လုပ်လိုက်နိုင်တယ်။
“နင်က... ဘယ်သူလဲ။” အော်သာရီယာက အဲဒီမြင်ကွင်းကို မနှစ်မြို့တဲ့ပုံစံနဲ့ ကြည့်နေရင်းကနေ မေးလိုက်တယ်။ သူ့ကို ရွှေရောင်ဓားရာချီက လှည့်ပတ်နေပြီး ခံစစ်ကိုရော တိုက်စစ်ကိုပါ တစ်ပြိုင်နက်တည်း ဖော်ဆောင်ဖို့အတွက် အသင့်ပြင်ထားတယ်။
“ဟွန်း... လာပြန်ပြီလား ဒီမေးခွန်း...” အေမီက နှာမှုတ် လိုက်ပြီး လက်ကိုဖြန့်လိုက်တယ်။ သူ့ရဲ့လက်ထဲမှာ မှော်နှင်တံတစ်ခုပေါ်လာတယ်။ ကျောနောက်မှာတော့ ဆေလာမက်ဒါနာသုံးခဲ့တဲ့ ဖယ်ရီတောင်ပံတွေပွင့်လာပြီး မီး၊ ရေ၊ လေ၊ မြေ၊ အလင်း၊ အမှောင်၊ လျှပ်စီး ဓာတ်သဘာဝ ခုနစ်မျိုးက ဘာမီလီယန်၊ ရေနဂါး၊ သိမ်းငှက်၊ တောင်ဆိတ်၊ မျက်လုံးတွေအများကြီးရှိတဲ့ အိန်ဂျယ်၊ နတ်ဆိုးတစ်ကောင်နဲ့ မိုးကြိုးဘီလူးကြီးတစ်ကောင်တို့အဖြစ် ဖွဲ့စည်းဖြစ်တည်ပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါတွေကို စတင်ထုတ်လွှတ် ပါတော့တယ်။
“ ဒီစွမ်းအားက....” အော်သာရီယာလည်း မျက်မှောင် ကြုတ်လိုက်ပြီး မှော်နှင်တံကို ဝေ့ယမ်းကာ ရှည်လျားတဲ့ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်တယ်။ မှော်နှင်တံ လှုပ်ရှားသွားတဲ့နောက်မှာ လှပတဲ့လက်ရေးနဲ့ ရေးထားတဲ့ ရွှေရောင်လက်တင်စာလုံးတွေ ကျန်ရစ်ခဲ့တယ်။
“အဆင့် ၁၂ ဆင့်ခေါ်ခြင်းမှော်ပညာ။ ဘာဟာလာစစ်တပ်။”
ဘုန်း...
အော်သာရီယာရဲ့နောက်မှာ ပုဆိန်နဲ့ဒိုင်းကိုင်ထားတဲ့ သံချပ်ဝတ်စစ်သည်ပေါင်း ထောင်ချီဖြစ်တည်လာတယ်။ အားလုံးရဲ့ကျောနောက်မှာ တောင်ပံတွေရှိနေကြပြီးတော့ သူတို့က အေမီကို ဝိုင်းကြည့်နေကြတယ်။
“ငါ့ကိုမှန်မှန်ပြောစမ်း... ဓာတ်သဘာဝသားရဲမှော်ကို ဒီလောကမှာ သုံးနိုင်တဲ့သူ တစ်ယောက်ပဲရှိတယ်။ အဲဒါက ဆေလာမက်ဒါနာပဲ။ နင်သူ့ကို ဘာလုပ်လိုက်တာလဲ။”
အော်သာရီယာက သိပ်ကိုရန်လိုနေတဲ့ပုံနဲ့ ပြောလိုက်တယ်။ ဗြိတိသျှတော်ဝင်အင်ပါယာမှာ အထွတ်အမြတ်မှော်ဆရာ လေးယောက်ရှိပေမဲ့ သူတို့တွေက လောကဓာတ်အားလုံးကို တစ်ပြိုင်နက်တည်း သုံးနိုင်စွမ်းမရှိကြဘူး။ အော်သာရီယာက အလင်းနဲ့မှော်လက်နက်တွေကို ဖန်တီးနိုင်ပေမဲ့ အဲဒါက သူ့ရဲ့ အစွမ်းကုန်ပါ။
ဒါပေမဲ့တစ်ဖက်မှာတော့ ဆေလာမက်ဒါနာဆိုတဲ့ လျှို့ဝှက်တဲ့ မှော်ပညာရှင်တစ်ယောက် မကြာခင်က ပေါ်လာခဲ့ပြီး အထွတ်အမြတ်မှော်ဆရာရှင်တစ်ပါးနီးနီး မှော်စွမ်းအားကို ပိုင်ဆိုင်ထားကာ လောကဓာတ်သဘာဝအားလုံးကို ပိုင်ဆိုင်ထားတယ်။ အခုအချိန်မတိုင်ခင်အထိ ဆေလာ မက်ဒါနာတစ်ယောက်ပဲ ဒီလိုမှော်မျိုးကို ဒီကမ္ဘာမှာ သုံးနိုင်ကြတာ။ ပြီးတော့... အော်သာရီယာက မျက်လုံးကို မှေးပြီး သူ့ရှေ့က အေမီကိုကြည့်လိုက်တယ်။
“ ကြည့်ရတာ ဒီစွမ်းအားက မင်းရဲ့ကိုယ်ပိုင် စွမ်းအားတော့ မဟုတ်ဘူးပဲ။”
အေမီက အဲဒီစကားကြောင့် ဗိုက်ကိုနှိပ်ပြီး ရယ်မောတယ်။ အဖြေမှန်နေလို့ ချီးကျူးတဲ့အနေနဲ့ ပြုံးပြလိုက်ပြီး...
“ဒါပေါ့၊ ဒါပေါ့။ ကျွန်မက ဒီစွမ်းအားတွေကို တခြားလူဆီက ခိုးယူခဲ့တာပဲ။ ဒါပေမဲ့ ကျွန်မကရှင့်ထက် ပိုစွမ်းနေတယ် ဆိုတဲ့အချက်ကတော့ ပြောင်းလဲမသွားဘူးနော်။”
“ချီး...” အော်သာရီယာက နှုတ်ခမ်းကို ဖိကိုက်လိုက်တယ်။ လောကမှာ သူအမုန်းဆုံးက ကိုယ်တိုင်မကျင့်ကြံဘဲနဲ့ အခုလို ဖြတ်လမ်းနီးနဲ့ စွမ်းအားရယူတဲ့ မှော်ပညာရှင်တွေကိုပါ။
“သေလိုက်တော့...” အော်သာရီယာက မှော်နှင်တံနဲ့ အေမီကို ညွန်ပြလိုက်တယ်။ ဓားပျံတွေက အေမီဆီကိုတိုးဝင်လာြပီး ဘဟာလာစစ်သည်တွေကလည်း စည်းချက်ညီညီနဲ့ ရှေ့ကို ချီတက်လာတယ်။
အေမီကတော့ အဲဒီမြင်ကွင်းကို အူမြူးသွာနဲ့ကြည့်နေပြီး လက်ညိုးနဲ့ညွန်ပြရုံပဲ ညွန်ပြလိုက်တယ်။ လောကဓာတ် သားရဲတွေက ဘဟာလာစစ်တပ်ကြီးဆီ တန်ပြန်တိုးဝင် သွားကြပြီးတော့ စစ်သည်တွေကို ဆက်တိုက်ဆွဲဖြဲတယ်။ ဓားပျံတွေကိုတော့ အေမီက လက်ဖျောက်တီးလိုက်ရုံနဲ့ အားလုံးကို ကျိုးပဲ့သွားအောင် လုပ်လိုက်နိုင်တယ်။ နောက်တော့ တည်နေရာရွေ့ပြောင်းလိုက်သလိုမျိုး မူလနေရာကနေ ပျောက်သွားပြီး အော်သာရီယာရဲ့ရှေ့မှာ နီးနီးကပ်ကပ် ပြန်ပေါ်လာတယ်။
“အချိန်မရတော့ဘူးဆိုတော့... ရှင်လိုမြန်မြန်ရှင်းလိုက်တာ ကောင်းမယ်ထင်တယ်။”
အေမီက သူ့ခြေထောက်တွေကို ထိကပြန်တစ်ခုလိုမျိုး ဆန့်ထုတ်ကာ အော်သာရီယာရဲ့ခါးကို ဘေးတိုက်ကန်ချ လိုက်တယ်။ အော်သာရီယာက အချိန်မီစွမ်းအင်ဒိုင်းကို ဖော်ထုတ်ပြီးခုခံပေမဲ့ အေမီရဲ့ခြေထောက်က ဒိုင်းကို သာသာလေးချေမွပစ်လိုက်ပြီး အားနည်းလှတဲ့ မှော်ဆရာရဲ့ ခါးပေါ် ခြေထောက်က ကျဆင်းလာတယ်။
အင့်...
အော်သာရီယာက တစ်ချက်ညည်းညူလိုက်ရပြီး မြေပေါ် ပြုတ်ကျသွားတယ်။ ကျက်သရေရှိတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က ကတ္တရာကားလမ်းနဲ့တိုက်မိပြီး လမ်းမကြီးက ချိုင့်ဝင်သွားတယ်။ အော်သာရီယာရဲ့ပါးစပ်ကနေပြီး သွေးတွေစီးကျနေကာ ခါးကလည်း ထူးဆန်းစွာပုံပျက် နေပါတယ်။
“သေစမ်း... ဒီရန်သူက ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးတယ်။ အင်ပါယာကတခြားအထွတ်အမြတ် မှော်ဆရာတွေရောက်မလာသေးခင် ဒီမြို့ကြီး ပျက်စီးသွားနိုင်တယ်။”
အော်သာရီယာက မှော်နှင်တံကိုမြှောက်ပြီး တစ်ခုခုလုပ်ချင် ခဲ့ပေမဲ့ အေမီက သူ့ရှေ့မှာရောက်နေပြီဖြစ်ပြီး သူ့ကို အပေါ်စီးကနေ မိုးပြီးကြည့်နေပါတယ်။ နောက်တော့ လက်ထဲက မှော်နှင်တံကို အတင်းလုယူပစ်လိုက်တယ်။
“သေတော့မယ့်သူက လက်နက်တကိုင်ကိုင်နဲ့ လုပ်နေလို့ ဘယ်ကောင်းမလဲ။”
နောက်တော့ အေမီရဲ့လက်ထဲမှာ ငွေဖြူရောင်ဓားတစ်လက် ပေါ်လာတယ်။ သူက အကြင်နာမဲ့စွာနဲ့ အဲဒီဓားကိုမြှောက်ပြီး အော်သာရီယာကို ခေါင်းနဲ့ကိုယ် အိုးစားကွဲအောင် လုပ်ဖို့ ပြင်လိုက်ပေမဲ့...
ဘုန်း...
ရုတ်တရက် အက်ကွဲရာတွေအပြည့်နဲ့ လူတစ်ရပ်နီးပါးမြင့်တဲ့ ငွေရောင်ဓားပြားကြီးက အေမီရဲ့ခန္ဓာကိုယ်လေးကို ခုတ်ပိုင်း လိုက်တယ်။ အေမီက နဂါးဖြူစက်ရုပ်က ဒိုင်းကာကိုထုတ်ပြီး ချက်ချင်းခုခံလိုက်လို့ အပိုင်းမခံလိုက်ရပေမဲ့ သက်ရောက်အားလှိုင်းတွေကြောင့် နောက်ကို လွင့်ထွက်သွားတယ်။
“မင်းက...” အော်သာရီယာက သူ့ကိုကယ်လိုက်တဲ့သူကို အံ့ဩတကြီးနဲ့ ကြည့်လိုက်တယ်။ မျက်နှာတစ်ခြမ်းက မီးလောင်ဒဏ်ရာတွေနဲ့ပြည့်နေပြီး ခန္ဓာကိုယ်တစ်ဝက်က စက်ရုပ်ခန္ဓာဖြစ်နေတဲ့ ဝတ်ရုံခြုံဓားသမားတစ်ယောက်ပါ။
“အဲဒီနေ့က ဆေလာမက်ဒါနာကို စိန်ခေါ်ခဲ့တဲ့သူပဲ။”
ဒါပေမဲ့ အဲဒီလူက အော်သာရီယာကို လုံးဝလစ်လျူရှုထားပြီး အေမီကိုသာ မုန်းတီးမှုတွေအပြည့်နဲ့ ကြည့်နေပါတယ်။ သူက ဓားနဲ့အေမီကို ညွန်ပြလိုက်ပြီး သူ့မျက်လုံးတွေကတော့ အေမီရဲ့ခါးက ခါးပတ်ဆီကိုသာ ကြည့်နေပါတယ်။
“မင်းသူ့ကို ဘာလုပ်လိုက်တာလဲ။ ဒီစွမ်းအားတွေက မင်းသုံးရမယ့် စွမ်းအားမျိုးမဟုတ်ဘူး။”
Maleficus ခါးပတ်ရဲ့ပိုင်ရှင်က ခါးပတ်နဲ့မက်ဒါနာပါ။ စုပ်ယူထားတဲ့ စွမ်းအားတွေကလည်း မက်ဒါနာမူကွဲတွေရဲ့ စွမ်းအားတွေပါ။ အေမီက အဲဒါကိုအသုံးပြုနေပေမဲ့ အဲဒီ စွမ်းအားတွေက အေမီမူကွဲတွေဆီကမဟုတ်တဲ့အတွက် တစ်ခုခုလွဲမှားနေသလိုမျိုး ခံစားချက်ကို ပေးစွမ်းတယ်။
“ငါသိတဲ့ မက်ဒါနာက အပြိုင်ကမ္ဘာကို အခုလိုမျိုး ကျူးကျော်မှာ မဟုတ်ဘူး။ ဆိုလိုတာက... မင်းက သူ့ကိုတစ်ခုခုလုပ်လိုက်ပြီး သူ့ရဲ့စွမ်းအားတွေကို အလွဲသုံးစား လုပ်နေတယ်ဆိုတာပဲ။”
လဲကျနေရာကနေ ပြန်ထလာတဲ့ အေမီဆီကို ရေမွန်က တဖြည်းဖြည်းချင်းစီ ချဥ်းကပ်လာတယ်။ သူ့လက်ထဲက ဓားက ငွေရောင်အခိုးအငွေ့တွေကို ရန်လိုစွာထုတ်လွှတ် နေပြီးတော့ သူ့တစ်ကိုယ်လုံးကနေ ငွေရောင်မီးတောက် အရှိန်အဝါတွေ ပေါ်ထွက်လို့နေပါတယ်။ ရေမွန်ရဲ့ အငွေ့အသက်က မြင့်တက်ပြီးရင်းမြင့်တက်လာကာ မိစ္ဆာသားရဲကြီးတစ်ကောင် အနားရောက်နေသလိုမျိုး လူတွေကို ကြောက်ရွံပြီးမလှုပ်ရှားနိုင်လောက်အောင် ကြီးမားတဲ့ ဖိအားကြီးကိုထုတ်ဖော်နေတယ်။
“အစကတည်းက ဒီစွမ်းအားတွေကို ကျွန်မက သူ့ကို ပေးထားတာပဲ။ အခုတော့ ကျွန်မကြံစည်နေတဲ့အရာကို လုပ်ဖို့အတွက် လုံလောက်တဲ့စွမ်းအားရှိသွားပြီမလို့ သူ့ဆီက ပြန်ယူလိုက်တာလေ။”
အေမီက သူ့ပါးပြင်ကို လက်ချောင်းတွေနဲ့ ဆွဲမက်ဖွယ်ရာ ထောက်ထားရင်း အန္တရာယ်ရှိစွာပြုံးနေတယ်။ ရေမွန်က သိပ်ကိုအစွမ်းထက်ပေမဲ့ အေမီက မကြောက်ပါဘူး။ ရေမွန်နဲ့ အဆင့်တူအစွမ်းထက်တဲ့ အော်သာရီယာကို သူက အသာစီးရ အနိုင်ယူခဲ့ပြီးပြီလေ။ ဘာများစိုးရိမ်စရာ လိုသေးလို့လဲ။
“ဆိုလိုတာက... မင်းသူ့ကို သစ္စာဖောက်ခဲ့တာပေါ့လေ။” ရေမွန်ရဲ့မျက်လုံးတွေကနေ အပြာရောင်အလင်းတွေ စတင်ထွက်ပေါ်လာတယ်။ နောက်တော့ သူက ဒူးနှစ်ဖက်ကို ကွေးညွှတ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က ဖိအားကြောင့် မြေပြင်က အက်ကွဲသွားပြီး သူကိုယ်တိုင်ကတော့ ခန္ဓာကိုယ်ကို လေးကိုင်းလိုမျိုးကွေးညွှတ်ထားတယ်။ ဖိအားက ပိုကြီးသည်ထက်ပိုကြီးလာပြီး...
“သစ္စာဖောက်တယ်လို့ မပြောစမ်းပါနဲ့။ ကျွန်မက သူ့ကို အစကတည်းက အသုံးချဖို့ စီစဥ်ထားခဲ့တာမလို့ အဲဒီ မက်ဒါနာက နယ်ရုပ်လေးသက်သက်ပါပဲ။ အခုလောက်ဆိုရင် သူ့ကမ္ဘာက အခန်းကျဥ်းလေးထဲမှာ ငိုနေလောက်ပြီ။”
“နားညီးတယ်...”
ရွှမ်း...
နောက်ဆုံးတော့ ရေမွန်က ဓားကိုဝေ့ယမ်းလိုက်ပြီး ရပ်နေရာကနေ ခုန်ထွက်လာတယ်။ လန်ဒန်တစ်မြို့လုံး နီးပါးက တုန်ခါမှုကိုခံစားလိုက်ရပြီး ရေမွန်ကနောက်ချန် ပုံရိပ်ပေါင်းများစွာကို ချန်ထားရစ်တယ်။
သူ့ဘေးပတ်ဝန်းကျင်က အရာအားလုံးနှေးကျသွားပြီး ကြွေကျနေတဲ့သစ်ရွက်တွေနဲ့ မျောလွင့်နေတဲ့ ဖုန်မှုန့်တွေကို ရုပ်ရှင်အနှေးပြကွက်လိုမျိုး မြင်နေရပါတယ်။ အသံတွေ တိတ်ဆိတ်သွားပြီး လေထုဟာ ထိတွေ့ကိုင်တွယ်နိုင်တဲ့ အလွှာတစ်ခုလိိုဖြစ်နေတယ်။ ပြီးတော့ ရေမွန်ဟာ အဲဒီ လေထုကို အညှာအတာကင်းမဲ့စွာ အလွှာလိုက်ပိုင်းဖြတ် ပစ်နေတယ်။
‘ငါရေမွန်က၊ ဓားတစ်ချောင်းတည်းနဲ့ ကမ္ဘာတစ်ခုလုံးကို သတ်ဖြတ်ခဲ့ဖူးတဲ့သူပဲ။ မင်းလို ရွံစရာကောင်းတဲ့ သစ္စာဖောက်ကို အနိုင်မယူနိုင်စရာအကြောင်းမရှိဘူး။'
ရေမွန်ရဲ့လောကကြီးတစ်ခုလုံးကို နောက်မှာချန်ရစ်ခဲ့တဲ့ လှုပ်ရှားမှုအောက်မှာ အေမီကလည်း နှေးကွေးပြီးတော့ ရပ်တန့်သွားပုံပေါ်တယ်။ ဒါကြောင့် ရေမွန်အားပိုတက်ပြီး အနားကပ်သွားပြီး ဓားနဲ့ဒေါင်လိုက်ခုတ်ချက်ကို ဖော်ထုတ်ခဲ့ပေမဲ့ သူ့ရဲ့ဓားနဲ့အေမီရဲ့နဖူး မထိခင်မှာပဲ အေမီရဲ့မျက်လုံးတွေက အရောင်လဲ့သွားပြီး အပြုံးက ပိုပီပြင်လာတယ်။
“ဘာရယ်....”
ဝှစ်...
အေမီက သူ့မျက်စိရှေ့မှာတင်ပျောက်သွားတယ်။ ဒါပေမဲ့ ဓားကိုပိုင်းချပြီးဖြစ်တာကြောင့် ရပ်တန့်ဖို့နောက်ကျသွားပြီ။
ဘုန်း....
ကောင်းကင်နဲ့မြေပြင်ကိုတောင် ပိုင်းခြားနိုင်တယ်ထင်ရတဲ့ ဓားအလင်းတန်းက မြေပြင်ကိုထိမိသွားတယ်။ ထက်ရှတဲ့ သက်ရောက်မှုအားလှိုင်းတွေက ရှေ့ကိုဆက်သွားနေပြီး လန်ဒန်မြို့ထဲက ဗစ်တိုးရီးယားခေတ်ဗိသုကာလက်ရာနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦးရာထောင်ချီကို အညာအတာကင်းမဲ့စွာ ပိုင်းဖြတ်သွားတယ်။ ရေမွန်ရဲ့ ဓားချက်က သဘာဝကပ်လေးတစ်ခုလိုမျိုးဖြစ်နေပြီး မြို့ရဲ့လေးပုံတစ်ပုံကို တစ်ခါတည်းပျက်စီးသွားစေခဲ့တယ်။ မြို့ထဲကလူတွေကလည်း ထွက်ပြေးဖို့မပြောနဲ့၊ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင်မသိဘဲ အသက်ပျောက်ကုန်တော့ တာပေါ့။
“အဟက်အဟက်...” ရုတ်တရက်ရယ်သံ ကြားရတဲ့အတွက် ရေမွန်က အသံလာရာကို လှည့်ကြည့်တော့ တိုက်တစ်လုံးရဲ့ ခေါင်မိုးပေါ်မှာ ဘေးတစ်စောင်းလှဲလျောင်းရင်း သူ့ကိုကြည့်နေတဲ့ အေမီကိုတွေ့လိုက်ရတယ်။
“ရှင်က ကျွန်မကိုဓားနဲ့ပိုင်းမလိုလုပ်ပြီး ဘယ်ကိုလျှောက် ဓားနဲ့ယမ်းနေတာလဲ။ မြို့စျေးထဲက ခရမ်းချဥ်သီးတွေကို လှမ်းပိုင်းဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမဟုတ်လား။”
ဘုန်း...
အေမီရဲ့စော်ကားမော်ကားစကားကြောင့် ရေမွန်ရဲ့ကိုယ်က ထုတ်လွှတ်နေတဲ့ဖိအားက ပိုပြီးပြင်းထန်လာတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က စက်ပစ္စည်းအစိတ်အပိုင်းတွေကနေပြီး ပူလွန်းလို့ အခိုးအငွေ့တွေထွက်လာကာ သတ္တုမျက်နှာပြင်တွေ နီရဲလာတယ်။ သူဝတ်ထားတဲ့ ဝတ်ရုံကြီးလည်း ချက်ချင်းပြာဖြစ်သွားပြီး ကြည့်ရဆိုးတဲ့ ဆိုက်ဘော့ခန္ဓာကိုယ်က လူမြင်ကွင်းရှေ့ရောက်လာတယ်။
“ဒီနေ့၊ မင်းကိုငါ ရအောင်သတ်မယ်။” ရေမွန်က နောက်တစ်ခါ ဓားတစ်ချက်ထုတ်ဖော်ဖို့ ကြိုးစားပြန်တယ်။ အေမီကတော့ သန်းဝေလိုက်ရင်းနဲ့...
“ဝှါး... ဒါပေမဲ့လေ၊ ရှင်သိလား။ ကျွန်မတို့တိုက်ပွဲမှာ ရှင်က မစခင်ကတည်းက ရှုံးနှင့်နေပြီးပြီ။”