သူတို့နဲ့ စမယ်
Vol. 113 Ch. 1681
ပြောလိုက်သည့်လူက လျိုကျစ်ဟောင်ပင်။ သူ့တွင် မေးရိုးကြီးများက ထင်းနေပြီး ခန္ဓာကိုယ်က အနည်းငယ် ပိန်ပါးသည်။ မျက်နှာတွင်တော့ ဒေါသရိပ်တို့ ပြည့်နှက်နေလျက် ရှိ၏။
“ 4 vs 5 ဆိုရင်တောင် ကောင်းဦးမယ်… ငါကတော့ သူ ငါတို့ကိုပါ ဆွဲချသွားမှာပဲ ကြောက်တာ … အဲ့ခါကျရင် 4 vs 5 မဟုတ်တော့ပဲ 3 vs 5 …. 2 vs 5 တောင် ဖြစ်ရင် ဖြစ်သွားဦးမယ်…”
ထိုသို့ ပြောလိုက်သည့်လူက ကျိုးချိန်ဟောင်ပင်။ သူ့တွင် အနည်းငယ် ဝဖိုင့်သည့် ခန္ဓာကိုယ် ရှိသည်။ သူပြောထွက်လာခဲ့သည့် စကားလုံးများထဲတွင်တော့ မကျေနပ်မှုတို့က အထင်းသား ပေါ်လွင်နေပါသည်။
လီကွမ်းရှန်နှင့် လီရှန်းဟွေ့တို့က ဤတစ်ချီတွင် သူတို့၏ အနိုင်ရနိုင်ချေက မများမှန်းကို သိကြသော်လည်း ဤလူများကတော့ ကိုယ့်အစွမ်းအစကိုယ် ယုံကြည်ချက် အပြည့် ဖြစ်နေကြ၏။
လူမှန် ၊ နေရာမှန်သာ ဖြစ်ခဲ့မည်ဆိုပါက သူတို့တွေသည် အသင်းလိုက် တိုက်ပွဲတွင် နိုင်ကို နိုင်သည်။ မနိုင်ဘဲ လုံးဝမနေချေ။
နောင်တရဖို့ ကောင်းစွာဖြင့် ၊ သူတို့၏ အသင်းဖော် တစ်ဦးမှာ ရုတ်ချည်း ရောဂါထဖောက်လာခဲ့ပြီး သူတို့လည်း ၎င်းနေရာကို အစားထိုးဝင်ရောက်မည့်လူအား ရှာဖွေရတော့သည်။
ထင်မှတ်မထားစွာဖြင့် အဆုံးတွင် လူသစ်လေး တစ်ယောက်က ထိုနေရာကို အစားထိုး ဝင်ရောက်လာသည်။ သူတို့ ထိုသတင်းကို ကြားတော့ အားလုံး စိတ်ပျက်လက်ပျက်ဖြင့် ဖြစ်သွားခဲ့ကြ၏။
“ မင်း တစ်ယောက်လုံး ဒီမှာ ရှိနေတာကို အေးဆေးပေါ့ … သိပ်အများကြီးလည်း တွေးမနေပါနဲ့ …”
ပြောလိုက်သည့်လူက ကိုယ်လုံးကိုယ်ပေါက် ပြေပြေပြစ်ပြစ်၊ ဆံပင်အတိုနှင့် အမျိုးသားပင်။ သူ၏ မျက်နှာတွင် မည်သို့သော အမူအရာမျှမရှိ၊ တည်ကြည်နေပြီး သူ မည်သည့် အရာကို စဉ်းစားနေလဲဆိုတာ အမှန်ပင် မှန်းဆရ ခက်လှ၏။
သူ့နာမည်က ဟန်အန်းလုံ။ ဤအော်ပရေးရှင်း၏ ကပ္ပတိန် ဖြစ်ပြီး အသင်းကို အမိန့်ပေးရန်အတွက် တာဝန်ယူထားသည့် လူတစ်ယောက်ပင်။
“ ငါ တခြား ပလန် တစ်ခု ဆွဲလိုက်မယ်… ကံကောင်းရင်တော့ 4 vs 5 ဆိုတောင် ငါတို့မှာ နိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်…”
ဟန်အန်းလုံသည်လည်း အထက်၏ စီစဉ်ပေးမှုကို မကျေမချမ်းဖြစ်နေသည်မှာ အသိသာကြီးပင်။ သို့သော် သူ့ဘက်က အသံထွက်ပြီး ပြန်မပြောဝံ့ရုံမျှသာ ရှိ၏။
“ အရာရှိလီ …”
လီရှန်းဟွေ့ ဝင်လာသည်ကို မြင်တော့ လေးယောက်လုံး မတ်တပ်ရပ်လိုက်ကြ၏။
သူတို့အားလုံး၏ အမူအရာမှာ လေးစား ရိုသေနေလျက်ပင်။
လင်းရီ ၊ လီရှန်းဟွေ့အကြောင်းကို အတင်းအဖျင်းများ ပြောရသည်ကို နှစ်သက်သည့် ကျန်းဇီရှင်းထံမှ နည်းနည်းပါးပါး တီးခေါက်မိထား၏။
လီရှန်းဟွေ့မှာ ယခင်က ရဲအရာရှိ တစ်ဦး ဖြစ်ခဲ့ပြီး ဒဏ်ရာတို့ကြောင့်သာ အနားယူသွားပြီး နည်းပြလုပ်နေခြင်းပင်။
ဟန်အန်းလုံကို ခေါ်ဆောင်လာခဲ့သည့်လူကလည်း လီရှန်းဟွေ့သာ ဖြစ်သည်။ ကျန်သည့် သုံးယောက်ကလည်း သူနှင့် ဓာတ်တည့်ကြသဖြင့် ယခုလို သူ့အား လေးစားရိုသေနေကြခြင်းပင်။
“ ထိုင်ကြ … မင်းတို့နဲ့ မိတ်ဆက်ပေးမယ်… သူ့နာမည်က လင်းရီ .. သူ့ရဲ့ သေနတ်ပစ် စွမ်းရည်က တော်တော့်ကို ကောင်းတာ … အကဲဖြတ် စစ်ဆေးမှုတုန်းက အမှတ် ၁၀၀ ရခဲ့တဲ့ သူပဲ … ဒါကြောင့်မို့ အခု အထက်က သူ့ကို မင်းတို့နဲ့ ပူးပေါင်းဖို့ စေလွှတ်လိုက်တာပဲ ..”
လေးယောက်လုံး လင်းရီအား စူးစမ်းကြည့်လိုက်ကြသည်။ ဟန်အန်းလုံသာလျှင် မကောင်းတတ်စွာဖြင့် ခေါင်းညိမ့်ပြလိုက်၏။
“ မင်းတို့ကောင်တွေက ဘာလို့ ဒီလို အမူအရာကြီးတွေ လုပ်ပြနေကြတာ …” ရိပ်မိသည့် လီရှန်းဟွေ့မှ ပြောလိုက်ပြီး “ ငါ လင်းရီရဲ့ အရည်အချင်းတွေကို သိတယ်… သူက လူသစ်ဆိုပေမယ့် အရည်အချင်း အင်မတန် ရှိတဲ့ လူငယ်တစ်ယောက် … မင်းတို့ကောင်တွေက ဘာတွေ မျက်နှာ မသာမယာ ဖြစ်နေကြတာ …”
လီရှန်းဟွေ့မှာ အတော်လေး စိတ်ဆတ်သည့်လူဖြစ်၏။ သူ သဘောမတွေ့သည့် အခါတိုင်းလည်း စိတ်ထဲ မထား ၊ ချက်ချင်း ထုတ်ပြောပြီး ကြိမ်းမောင်းတတ်လေသည်.
“ ကျွန်တော်တို့က အဲ့လို သဘောမျိုး မဟုတ်ပါဘူး …”
ဟန်အန်းလုံ အပြုံးလေးဖြင့် ပြောလိုက်လေသည်။ ကျန်သည့်လူများလည်း သဘောတူညီစွာ ခေါင်းညိမ့်ပြလိုက်ကြပြီး လီရှန်းဟွေ့အား မျက်နှာသာ ပေးလိုက်ကြသည်။
“ ပြိုင်ပွဲက ခဏနေဆို စတော့မှာ … အစီအစဉ်တွေ ဆွေးနွေးဖို့ သူ့ကို မင်းတို့နဲ့ အပ်ထားခဲ့မယ်… ရလဒ်ကောင်းတွေ ရအောင် ကြိုးစားကြ …”
“ ဟုတ်ကဲ့ …”
နောက်ထပ် ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် လီရှန်းဟွေ့ ထွက်ခွာသွားခဲ့ပြီး လင်းရီကို ဘက်စ်ကားထဲတွင် ချန်ထားရစ်ခဲ့လေသည်။ သူ့တွင် တခြား ကိုင်တွယ်စရာ ကိစ္စလေးများ ရှိနေဆဲ ဖြစ်၏။
လီရှန်းဟွေ့ ထွက်ခွာသွားပြီးသည့်နောက် လေးယောက်မှာ သူတို့နေရာ သူတို့ ပြန်သွားခဲ့ကြသည်။
သို့သော် မည်သူကမျှ လင်းရီအား ဖော်ဖော်ရွေရွေ မရှိကြသလို စကားလည်း လာမပြောကြချေ။ သူတို့ဘာ သူတို့ အစီအစဉ်များအား ဆက်လက်တိုင်ပင် ဆွေးနွေးနေကြပြီး နဂို စဉ်းစားထားသည့် ပုံစံအတိုင်း သွားဖို့ စဉ်းစားထားကြ၏။
သူတို့၏ အစီအစဉ်က မူလ အဖွဲ့ဝင် လေးဦးအပေါ် မူတည်ထားသည်။ လင်းရီကိုတော့ ထိုအထဲမှ ဖယ်ကြဉ်ထား၏။
ကနေဦးတုန်းက လင်းရီမှာ ပြိုင်ပွဲတွင် ဝင်ပါချင်နေသည်။ သို့သော် လေးယောက်၏ အမူအရာ သဘောထားကို မြင်မိတော့ သူ့အား အတူတွဲခေါ်ပေးသည့်ပုံ မပေါ်ချေ။
တစ်ချိန်တည်းတွင် လင်းရီသည်လည်း ထို အချင်းအရာအား စိတ်ထဲ ထားမနေခဲ့ချေ။ သူတို့ဘေးရှိ ထိုင်ခုံ တစ်လုံးတွင် ဝင်ထိုင်ရင်း နားကြပ်ထုတ်ကာ ဝိဉာဏ်တို့ ကြီးစိုးရာမြေ ဇာတ်လမ်းတွဲအား ကြည့်နေလိုက်သည်။
ဤအချိန်တွင်တော့ ဟန်အန်းလုံနှင့် ကျန်သူများမှာ ဆက်ပြီး တည်ငြိမ်စွာ မနေနိုင်ကြတော့ချေ။
ပွဲက ဒီလောက်ထိ အရေးကြီးတာကို ဒီကောင်က ကာတွန်းကား ကြည့်ဖို့ စိတ်ရှိသေးတယ် ဟုတ်လား …
ဒီကောင် ပြိုင်ပွဲကို ဟာသများ မှတ်နေလား မသိဘူး …
“ ဟေ့ကောင် … မင်း အဲ့တာ ဘာလုပ်နေတာ … ငါတို့ အစီအစဉ်တွေ ဆွေးနွေးနေတာ မင်း မမြင်ဘူးလား ..”
လင်းရီ သူ၏ နားကြပ်အား ဖြုတ်၍ “ မင်းတို့ဘာမင်းတို့ လွတ်လွတ်လပ်လပ် ဆွေးနွေးစရာ ရှိတာ ဆွေးနွေးကြလေ… ငါလည်း မင်းတို့ကို နှောင့်ယှက်နေလို့လား …”
“ ဒါက အသင်းလိုက် ယှဉ်ပြိုင်ရမယ့် တိုက်ပွဲဆိုတာ မင်း မသိဘူးလားကွ …”
“ သိတယ်… ဒါပေမယ့် မင်းတို့ ဆွေးနွေးနေတဲ့ အစီအစဉ်ထဲမှာ ငါကော ပါလို့လား … မင်းတို့လေးယောက်ပေါ်မှာပဲ မူတည်ပြီး ဆွေးနွေးနေကြတယ်… ပြီးတော့ ငါ့ကို အသင်းလိုက်ယှဉ်ပြိုင်ရမယ့် တိုက်ပွဲဆိုပြီး လာတရားဟောနေတော့ ရယ်စရာ မကောင်းဘူးလား …”
ဟန်အန်းလုံ ပြန်မပြောနိုင်ချေ။ သူ့ဘက်ကလည်း အမှားကင်းမနေချေ။
သို့သော် လင်းရီကဲ့သို့ လူသစ်လေးက ထိုသို့သော လေသံမျိုးဖြင့် သူတို့လို စီနီယာများကို ပြန်ပြောနေဝံ့လိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။
“ ထားလိုက်တော့ ကပ္ပတိန်ဟန် … ဒီကောင့်ကြောင့်နဲ့ ဒေါသထွက်မနေနဲ့ ….” လျိုကျစ်ဟောင် ဖြောင်းဖြလိုက်ပြီး “ ငါတော့ ဒါလည်း ကောင်းတယ်လို့ ထင်တယ် … သူ့ဘာသူ နေပါလေ့စေ … ဒီလိုဆို ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်တော့ဘူး … ငါတို့ကောင်တွေ ဂရုစိုက်နေသရွေ့ စားပွဲလှန်နိုင်မယ့် အခွင့်အရေး ရှိပါတယ်…”
“ အရာရှိလီ ဘာတွေ စဉ်းစားနေမှန်း ငါ တကယ်ကို မသိတော့ဘူး … တကယ်ကြီး ဒီလိုကောင်ကို ခေါ်လာခဲ့ရတယ်လို့ …”
“ စိတ်လျော့စမ်းပါကွာ … ငါတို့ဆက်ကြမယ်… သူ့အပေါ် ဒေါသထွက်ပြီး အချိန်ဖြုန်းဖို့ မတန်ဘူး …”
ဟန်အန်းလုံ အေးစက်စက် နှာမှုတ်လိုက်၏။ “ ဆက်မယ်…”
နောက်ထပ် နာရီဝက်ကျော် ကြာသည်အထိ လေးယောက်သားမှာ သူတို့၏ တိုက်ပွဲ ပလန်များအား အကြိမ်ကြိမ် အခါခါ တိုင်ပင် ဆွေးနွေးခဲ့ကြသည်။ လင်းရီကို လုံးလုံးလျားလျား ဖယ်ကြဉ်ထားသည်မှာတော့ မေးနေရန်ပင် မလိုချေ။ သူတို့ တစ်ယောက်မှ လင်းရီအား အတူလက်တွဲ ခေါ်လိုစိတ် မရှိသကဲ့သို့ သူ့ဘာသူ အဆင်ပြေသလို နေခိုင်းရန်သာ စဉ်းစားထားသည်။
မကြာမီ အသင်းလိုက် တိုက်ပွဲမှာ စတင်တော့၏။
ပြိုင်ပွဲ၏ အကြောင်းအရာတို့က ရိုးရှင်းပြီး လက်တွေ့ကြသည်။ ဓားစာခံများအား ကယ်တင်ရန်ပင်။
မည်သည့်အဖွဲ့က ဓားစာခံများအား ကယ်ထုတ်နိုင်သည်ဖြစ်စေ ၊ အရင်ကယ်တင်နိုင်သည့် အဖွဲ့က အနိုင်ရမည် ဖြစ်၏။ ကျန်သည့် အသင်းသားတို့ကလည်း စွမ်းဆောင်ရည်ပေါ် မူတည်၍ အမှတ်များ ရနိုင်သည်။
ထို့ကြောင့် ယခု ပြိုင်ပွဲ၌ တစ်သင်းတည်းသာလျှင် အမှတ်များအား ပေါပေါသီသီ ရရှိနိုင်လိမ့်မည်။ အဆိုပါ အမှတ်များက ဒုတိယ ပွဲစဉ်သို့ပါ သယ်ဆောင်သွားမည် ဖြစ်ပြီး သာမန် ပြိုင်ပွဲအတွက် သိသာထင်ရှားသည့် အထောက်အပံ့တစ်ခု ဖြစ်လာစေမည် ဖြစ်၏။
သို့သော် အသင်းလိုက်ပြိုင်ပွဲ၌ အနိုင်မရစေကာမူ ဒုတိယပွဲစဉ်၊ တစ်ယောက်ချင်းပြိုင်ပွဲ၌ ထူးထူးချွန်ချွန် စွမ်းဆောင် ပြနိုင်မည်ဆိုပါကလည်း ပြန်လည် ဦးဆောင်နိုင်မည့်အခွင့်အရေး ရှိလေသည်။
မဟုတ်ပါက မျှော်လင့်ချက်မဲ့ပြီ ဖြစ်၏။
ထိုအခိုက်အတန့်တွင် လေထုမှာ သိပ်သည်းပြင်းထန်နေပြီး အနိုင်မခံ အရှုံးမပေး ၊ ယှဉ်ပြိုင်လိုစိတ်တို့ဖြင့် ပြည့်နှက်နေပါသည်။
အခြား သုံးသင်းရှိ လူများက လင်းရီကို လှောင်ပြောင်သရော်သည့် ဟန်အမူအရာတို့ဖြင့် ကြည့်နေကြသည်။
“ ငါကြားတာ ရှင်းရှန်း ရုံးခွဲက ပြဿနာ တစ်ခု တက်လို့ လူသစ်လေးကို အစားထိုးထားရတယ်ဆိုပဲကွ … အဲ့ကောင်တွေ ဘယ်လိုတွေ စဉ်းစားနေမှန်း နားကို မလည်တော့ဘူး …” ပြောလိုက်သူမှာ ယွမ်ဟော် ရုံးခွဲက လီရဲ့ ဆိုသူ ဖြစ်၏။ သူက အရပ်ကောင်းကောင်းနှင့် အသင်းထဲတွင် အရှည်ဆုံးပင်။ ယွမ်ဟော် ကိုယ်စားပြုအသင်း၏ ခေါင်းဆောင်လည်း ဖြစ်၏။
“ ဒါ အကွက်ကျကျ လက်လွှတ်လိုက်ခြင်း တစ်မျိုးပဲ …” ပေါင်ရှန်း ရုံးခွဲက ပြောလိုက်ပြီး “ သူတို့ အသင်းရဲ့ ခွန်အားက အဆိုးဆုံးဆိုတာ အသိသာကြီးပဲလေ… ငါတို့နဲ့ မယှဉ်ပြိုင်နိုင်ဘူးဆိုတာ သေချာပေါက်ပဲ … ဒါကြောင့်မို့ ရည်ရွယ်ချက် ရှိရှိ လူသစ်တစ်ယောက်ထည့်လိုက်ပြီး ရှုံးသွားရင် သူ မကောင်းလို့ဆိုပြီး အပြစ်ဖို့လို့ရတာပေါ့ …”
ပြောလိုက်သူ၏ အမည်က လီရွေ့ပင်။ သူက အသက် အတော်လေး ငယ်ပြီး သုံးဆယ်တောင် မရောက်သေးသည့်ပုံပင်။ သူသည်လည်း ကပ္ပတိန် တစ်ယောက်ဖြစ်၏။
“ မင်းမှန်တယ်… မဟုတ်ပဲ ရှုံးသွားလို့ကတော့ အတော်လေးကို ကိုးရို့ကားယား နိုင်မှာ ဟားဟား….”
ပြောလိုက်သူက ထိုက်ဖျင် ကိုယ်စားပြု အသင်း၏ ကပ္ပတိန် ကျုံးရှင်းဟုန်ပင်။
တစ်ချိန်တည်းတွင် သုံးသင်း ကပ္ပတိန်များအနက် အခန့်ဆုံးတစ်ယောက်ဖြစ်၏။
“ ဒါဆို ငါတို့ကောင်တွေ သဘောတူညီချက် တစ်ခု လုပ်ကြမယ်.. အရင်ဆုံး သူတို့အသင်းကို စောစောစီးစီး ဖယ်ရှားကြစို့ … ဒါဆို ငါတို့သုံးယောက် အချင်းချင်း ကောင်းကောင်းတိုက်ခိုက်လို့ရပြီ … မကောင်းဘူးလား …” လီရဲ့မှ ပြောလိုက်သည်။
“ ငါတော့ အိုကေတယ်…” လီရွေ့ ပခုံးတွန့်ပြီး အပြုံးလေးဖြင့် ပြောလိုက်၏။
“ ငါလည်း ရတယ်…” ကျုံးရှင်းဟုန်လည်း သဘောတူလိုက်သည်။
ထိုအခိုက်အတန့်တွင် လင်းရီနှင့် ကျန်သူများမှာ ကျန် အသင်းသားများ၏ မျက်လုံးထဲ၌ အသတ်ခံရမည်ကို စောင့်ဆိုင်းနေသည့် သိုးသူငယ်လေးများ သဖွယ်ပင်။
လေးလေးနက်နက် ထားနေခြင်းပင် မရှိကြချေ။
ပြိုင်ပွဲ မစတင်မီ ဒိုင်လူကြီးမှ လူတိုင်းအား နောက်ပိုင်းတွင် အသုံးချရမည့် ပစ္စည်းကိရိယာတို့အား ပေးသည်။
“ လင်းကော … ငါအခုလေးတင် ကြားလာခဲ့တာ ပြန်ပေးဆွဲ ဟန်ဆောင်သူတွေက ကျိုးဟိုင် မြို့စောင့်တပ်ကတဲ့နော်… ငါတို့မှာ အောင်ဖို့ အခွင့်အရေး ရှိမယ် ထင်လား …”
ကျိုးဟိုင် မြို့စောင့်တပ်က လူတွေလား …
စိတ်ဝင်စားစရာပင်။ သူ ဒီမှာ ရှိနေမှန်း မိုဟုန်ရှန်း သိသွားခဲ့ပါက မည်သို့သော မျက်နှာထားမျိုး ဖြစ်သွားခဲ့မည်ကို လင်းရီ တော်တော် သိချင်သွားခဲ့သည်။
လင်းရီ ထူးမခြားနားသည့် အမူအရာဖြင့် “ အဲ့ကိစ္စ ငါ့ကို မေးရမှာ မဟုတ်ဘူး … ဒီတာဝန်မှာ သူတို့လေးယောက်က အဓိက .. ငါက ဒီတိုင်း ဘေးက ရပ်ကြည့်နေမယ့်လူ ….”
“ မင်း မှတ်မိတာ ကောင်းတယ် .. နောက်မှ ငါတို့ကိုပါ မင်းနဲ့အတူ ဆွဲမချနဲ့ ..” လျိုကျစ်ဟောင် ပြောလိုက်သည်။