လင်းရီ၏ တန်ပြန်တိုက်ခိုက်မှု
Vol. 113 Ch. 1683
တဲအောက်ဘက်တွင်တော့ ရှင်းရှန်း အဖွဲ့ဝင်များမှာ သူတို့ အသင်းဝင်များ ဖယ်ထုတ်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည်။
လျိုကွမ်းရှန် ဒေါသထွက်လွန်း၍ တံတွေးစင်လုမတတ် ကျိန်ဆဲချင်နေသည်။
သူတို့တွေသည် မနှစ်က နောက်ဆုံးထိ တောင့်ခံနိုင်ခဲ့သေးသည်။ သို့သော် ယခုနှစ်တွင်တော့ အစပိုင်းသာ ရှိသေးသော်လည်း နှစ်ယောက်က ဖယ်ထုတ်ခံနေရပြီးဖြစ်၏။ ယခု မည်သို့ ဆက်လက်ကြမည်နည်း။
လီရှန်းဟွေ့နှင့် ကူရိရန်သည်လည်း မျက်မှောင်ကြုတ်မိလိုက်သည်။
သူတို့၏ အရည်အချင်းက အသင်းလိုက်တိုက်ပွဲတွင် အားနည်းမှန်း သိသော်လည်း ဤမျှလောက်ထိ အခြေအနေ ဆိုးရွားနေလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
နှစ်ယောက် ဖယ်ရှားခံလိုက်ရရုံမျှမက ၊ တစ်ယောက်မှာ အသင်း၏ ကပ္ပတိန်ပင် ဖြစ်နေလိုက်သေးသည်။ အကယ်၍ ဤသတင်းသာ ပျံ့နှံ့သွားခဲ့မည် ဆိုပါက ရှက်ဖွယ်လိလိပင်။
“ လောင်လျို …. မင်းတို့ကောင်တွေ စိတ်လှုပ်ရှားလွန်းမနေဘူးလား … ဒီတိုင်း တစ်ချက်လေး ပစ်လိုက်တာကို နှစ်ယောက် ထုတ်ခံလိုက်ရတယ်… ငါတော့ မင်းအစား ရှက်တာကွာ …” ဝေသလုံမှ ပြောလိုက်သည်။
“ မင်းတို့ကောင်တွေ အဖျက်အမှောင့်လုပ်ထားတာကို ငါ မသိဘူးထင်မနေနဲ့ …”
“ အဘိုးကြီး မင်း စကားကို လျှောက်မပြောနဲ့ … ငါတို့က အသင်းလေးသင်းဆိုပေမယ့် ဒီ ပြိုင်ပွဲမှာ ဓားစာခံတွေကို ကယ်တင်ဖို့ ပူးပေါင်းရမှာပဲ … ငါတို့အားလုံးက တစ်ဖက်တည်းသားချင်းတွေကို ဘယ်လိုလုပ် ညစ်ညစ်ပတ်ပတ် လုပ်နိုင်မှာလဲ …”
ဝေသလုံ ပြောသည်မှာ မန်သည်။ သူတို့၏ အဓိက ဦးစားပေးက ဓားစာခံများအား ကယ်တင်ဖို့ ဖြစ်။ သို့သော် မပြဌာန်းဘဲ လက်ကိုင်ကျင့်သုံးနေသည့် စည်းမျဉ်းတစ်ခုကလည်း ရှိနေပြန်သည်။
သူတို့ဘက်က အခြားသူများကို ထုတ်ပယ်ရန် အကောင်းဆုံးကြိုးစားပြီး မိမိတို့လူများ၏ အသက်ရှင်ရေးကို သေချာစေမည် ဆိုပါက အောင်ပွဲအတွက် သေချာပြီး အမှတ်များလည်း ပိုရရှိနိုင်သည်။
ထို့ကြောင့်ပဲ လျိုကွမ်းရှန်မှာ သူတို့အား တမင် အဖျက်အမှောင့်လုပ်သည်ဟု စွပ်စွဲလာခဲ့ခြင်း ဖြစ်၏။
“ အဲ့လောက်ထိလည်း ဘဝင်မြင့်မနေနဲ့ … နှစ်ယောက် အထုတ်ခံလိုက်ရတယ်ဆိုရင်တောင် ငါတို့လူသုံးယောက် ကျန်သေးတယ်… ဘယ်သူနိုင်မလဲဆိုတာ မသေချာသေးဘူး …”
ထိုအခိုက်အတန့်တွင် စက်ရုံ ရေဒီယို အသံမှာ ကျယ်လောင်စွာ အသိပေးလာပြန်သည်။
“ ရှင်းရှန်း ကိုယ်စားပြုအသင်း ၊ ကျိုးချိန်ဟောင်နဲ့ တူဖုကျန်း …၊ ထုတ်ပယ်ခံလိုက်ရပါပြီ….”
လျိုကွမ်းရှန်၏ အမူအရာ ချက်ချင်းဆိုသလို အေးခဲသွားခဲ့တော့သည်။
သူ့ဘက်တွင် လူသုံးယောက် ကျန်နေသေး၍ အောင်နိုင်ချေ မျှော်လင့်ချက် ရှိသေးသည်ဟု စကားထွက်ရုံ ရှိသေး ၊ ယခု နောက်ထပ် သူ့လူနှစ်ယောက်က မျက်တောင် တစ်ခတ်အတွက် အထုတ်ပယ်ခံလိုက်ရသည်။
ဤသည်က သူ့မျက်နှာ ဖြတ်ရိုက်လိုက်ခြင်းပင် မဟုတ်လော။
ရှဲ့ချွင်းချိန် အော်မရယ်ဘဲ မနေနိုင်ချေ။
“ လောင်လျို … မင်းတို့ ဒီနှစ် ကောင်တွေက ဘာဖြစ်နေကြတာ … မင်းတို့လူတွေက ဒီလောက်တောင် အခြေအနေ ဆိုးနေပြီလားဟ … မိနစ် လေးဆယ်အတွင်း လူလေးယောက် အထုတ်ပယ်ခံလိုက်ရတယ်… ဆယ်မိနစ်ကို လူတစ်ယောက် … တော်တော် အထင်ကြီးဖို့ ကောင်းတယ်…”
လျိုကွမ်းရှန်၏ မျက်နှာမှာ နီတစ်ခါ ၊ ဖြူတစ်လှည့် ဖြစ်နေလျက် ရှိသည်။ ဤနေရာသာ လူမြင်ကွင်း ဟုတ်မနေခဲ့ပါက သူ ကြမ်းကြမ်းတမ်းတမ်းကြီးတွေ ဆဲဆိုမိနေလောက်ချေပြီ။
“ ဆိုတော့ … လေးယောက် အထုတ်ခံရတော့ကော ဘာဖြစ်လဲ … ငါတို့မှာ တစ်ယောက် ကျန်နေသေးတုန်းပဲ .. ဘယ်သူနိုင်မယ်ဆိုတာ မသေချာသေးပါဘူး …”
“ ငါ မှတ်မိသလောက်ဆိုရင် နောက်ဆုံး ကျန်နေတဲ့ တစ်ယောက်က လူသစ်လေးမလား … မင်းတို့ ဆယ်မိနစ် စံနှုန်းနဲ့ဆို သူလည်း ခံလှ နောက် ဆယ်မိနစ်ပေါ့ကွာ …”
“ အဲ့လို ဖြစ်စရာ အကြောင်းမရှိဘူး … သူက ငါတို့ရဲ့ လျို့ဝှက်လက်နက်လို့ ပြောပြီးပြီလေ… လူတိုင်း သူ့ဆီ ရှုံးသွားတာလည်း ဖြစ်နိုင်တာပဲ ..”
“ ကြည့်ကြတာပေါ့ … ရှစ်မိနစ် ကျန်သေးတယ်… သူ ဘယ်နှမိနစ် တောင့်ခံသွားနိုင်မလဲ ငါတို့ ကြည့်မယ်…”
လျိုကွမ်းရှန် မျက်နှာထားတင်းတင်းဖြင့် ဘာမျှ ပြန်မပြောပေ။ အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင် မီးတောင်ပေါက်ကွဲနေသည်။
အခြားတစ်ဖက်ရှိ လီရှန်းဟွေ့၏ အမူအရာမှာတော့ အများအပြား တည်ငြိမ်နေလျက် ရှိသည်။
လင်းရီက အသင်းထဲတွင် နောက်ဆုံးကျန်သည့် တစ်ယောက်တည်းသော သူ ဖြစ်သည်။ တစ်နည်းအားဖြင့် သူ့ဘက်က အကောင်းဆုံး စွမ်းဆောင်ခဲ့လေသည်။ အသင်းထဲတွင် အကောင်းဆုံးပင်။
ယခုအချိန် ထုတ်ပယ်ခံလိုက်ရလျှင်ပင် ဂုဏ်ယူရလောက်သည့် အကျိုးဆောင်မှုဟု သတ်မှတ်၍ရ၏။ ထို့ကြောင့် သူ့ရည်မှန်းချက် ပြည့်ဝသွားသည်ဟု မှတ်ယူနိုင်သည်။
“ လင်းရီ ဘယ်ရောက်သွားခဲ့တာ … ငါ သူ့ကို မမြင်တာကြာပြီ…”
လျိုကွမ်းရှန် ရေရွတ်လိုက်ရင်း လီရှန်းဟွေ့နှင့် ကူရိရန်တို့၏ အာရုံကို အောင်အောင်မြင်မြင်နှင့် ဆွဲဆောင်သွားနိုင်ခဲ့၏။ သူတို့တွေ စခရင်ရှေ့သို့သွား၍ မြင်ကွင်းများစွာကို ပြောင်းလဲကြည့်သော်လည်း လင်းရီအား ရှာလို့ မတွေ့ချေ။
“ ထူးဆန်းတယ်… ဒီကောင် ဘယ်သွားခဲ့တာပါလိမ့် …”
“ သူ နံရံကို ခိုးကျော်သွားတာများလား …” ကူရိရန် ပြောလာခဲ့၏။
“ မဖြစ်နိုင်တာ … ငါတို့လူတွေ နံရံ အပြင်မှာ စောင့်နေတာကို တစ်ယောက်ယောက် ခုန်ထွက်လာတယ်ဆိုရင် .. သူ့ဘက်က လက်လျှော့လိုက်တယ်ဆိုရင်တောင် စက်ရုံအတွင်းမှာပဲ ရှိနေဦးမှာ .. ကင်မရာမှာ ဘာလို့ မပေါ်တာပါလိမ့်…”
ထိုအကြောင်းတွေးမိတော့ သုံးယောက်လုံး တစ်ယောက်ကိုယ်တစ်ယောက် ကြည့်မိလိုက်ကြသည်။
ယခုလို အခြေအနေတွင် ခြေရာလက်ရာ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်က တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ချေ။
ထို့ပြင် ထိုသို့ စွမ်းဆောင်နိုင်သည့် လူများကလည်း ရိုးရှင်းသည့်လူတို့ မဟုတ်ကြချေ။
“ သူ တစ်နေရာရာမှာ မျက်နှာ မပြဘဲ ပုန်းနေတာများလား …” ကူရိရန် သူမ၏ အတွေးအား ထုတ်ပြောလိုက်၏။
“ အဲ့တာ ဖြစ်နိုင်တယ်…” လျိုကွမ်းရှန်နှင့် လီရှန်းဟွေ့တို့ သဘောတူလိုက်ကြသည်။
လင်းရီက သေနတ်ပစ်တော်ပြီး ထူးခြားကောင်းမွန်သည့် ကာယနှင့် လူသစ်တစ်ယောက် ဖြစ်၏။
သို့တိုင်အောင် မည်သည့် နည်းစနစ် သို့မဟုတ် နည်းဗျူဟာကိုမျှ လေ့ကျင့်သင်ကြားခံထားရခြင်း မရှိသလို တန်ပြန် အကြမ်းဖက်ခြင်း၌လည်း အတွေ့အကြုံ တစ်ခုမျှ မရှိသေးချေ။
ထို့ကြောင့် တိုက်ပွဲ စစ်မြေပြင်၌ အထူးတပ်သားတစ်ယောက်သဖွယ် ပုန်းကွယ်နေသည်မှာတော့ မဖြစ်နိုင်ချေ။
တစ်ခုတည်းသော ဖြေရှင်းခက်က ကင်မရာ မမြင်နိုင်သည့် ထောင်တစ်ခု၌ သူ့ဘာသူ ပုန်းအောင်းနေခြင်း ဖြစ်လိမ့်မည်။
“ ဒါက ကောင်းမွန်တဲ့ ရွေးချယ်မှုပဲ … ဘာပဲပြောပြော သူက သန်မာတာ မဟုတ်ဘူး … ပြီးတော့ သူနဲ့ တခြားသူတွေကြားထဲ အတွေ့အကြုံ ဆိုတဲ့ အရာကလည်း ကွာဟမှု ကြီးကြီးမားမား ရှိနေတယ်… အရင်ဆုံး ပုန်းနေပြီး လှုပ်ရှားဖို့ အခွင့်အရေးကို ချောင်းတာကမှ အခု အချိန် လုပ်လို့ အသင့်လျော်ဆုံး နည်းဗျူဟာပဲ …” လီရှန်းဟွေ့ ပြောလိုက်သည်။
လျိုကွမ်းရှန် လက်သီးကျစ်နေအောင် ဆုပ်၍ သူ့ကိုယ်သူ တွေးတောလိုက်၏။
‘ သူနည်းနည်း ကြာကြာ တောင့်ခံနိုင်မယ်လို့ မျှော်လင့်တယ်… တကယ်လို့ ရလဒ် တစ်ချို့ ရအောင် လုပ်ပေးရင်တော့ အကောင်းဆုံးပေါ့ …’
တစ်ချိန်တည်းတွင် စက်ရုံထဲ၌ လင်းရီမှာ အပူကူးပြောင်း တာဝါထိပ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။
ပြောကြသည်မှာ ကိုယ်က အမြင့်တွင် ရပ်လေ ၊ အဝေးကို ပိုပြီး မြင်ရလေတဲ့။ ထိုအခိုက်အတန့်တွင် လင်းရီသည် စက်ရုံတစ်ခုလုံးကို ခြုံပြီး မြင်လိုက်ရသည်။
သို့သော် ထိုမျှ မြင့်မားသည့် နေရာမှကြည့်ရှုသော် အောက်ရှိလူတို့က အစက်အပျောက်များ အဖြစ်သာ တည်ရှိနေပြီး ပစ္စည်းကိရိယာများ၏ အကူအညီ မပါဘဲ ပစ်ခတ်ဖို့ရာပင် အမှန်ပင် ခက်ခဲလှသည်။
ကံကောင်းစွာဖြင့် ထိုအချိန်တွင် လင်းရီ၏ ထူးကဲသာလွန်သည့် အမြင်က အသုံးကျလာခဲ့၏။
သူတို့ချင်း အတော်လေး ဝေးကွာစွာ တည်ရှိနေကြသော်လည်း လင်းရီသည် ၎င်းတို့၏ ပုံရိပ်ကိုတော့ သေချာ မြင်နိုင်ဆဲပင်။
မြေပြင်တွင် အခြား သုံးသင်းဝင်များမှာ ဧရိယာ တစ်ဝိုက်ကို ဂရုတစိုက်နှင့် စူးစမ်းနေကြ၏။
ဓားစာခံများအား ကယ်တင်ရန် အလျင်လိုမနေချေ။ လင်းရီအား ဖယ်ရှားရန် ကြိုးပမ်းနေကြပြီး သို့မှသာ ရှင်းရှန်း ခရိုင်ရှိ လူများအားလုံး အကုန်ပြုတ်ကုန်မှာ ဖြစ်သည်။ ထို့နောက် ကျန်သည့် သုံးသင်းမှာ အချင်းချင်း ပြန်လည်ယှဉ်ပြိုင်ကြမည်။
သို့သော် တစ်နာရီနီးပါးခန့် ရှာပြီးသည့်တိုင်အောင် လင်းရီအား မတွေ့မိတော့ သူတို့တွေ စိတ်မရှည် ဖြစ်လာခဲ့ကြသည်။
“ ဒီကောင်က တော်တော်တော့ စိတ်ဝင်စားဖို့ ကောင်တးယ်… လူသစ်ဆိုပေမယ့် အပုန်းတော့ အတော်ကောင်းတဲ့ကောင် …”
ယွမ်ဟော် အသင်းဝင် ကျူးကျင်းရန်မှ ပြောလိုက်၏။
“ အတော် စိတ်ဝင်စားဖို့ကောင်းတယ်…” ကပ္ပတိန် လီရဲ့မှ ပြောလိုက်ပြီး “ ဒါပေမယ့် စိုးရိမ်နေစရာ မလိုဘူး … ငါ တခြား နှစ်သင်းနဲ့ သဘောတူညီမှု ယူထားပြီးသား … ဓားစာခံတွေကို မကယ်ခင် ရှင်းရှန်းက လူတွေကို အရင်ဖြုတ်မယ်… အခု ငါတို့ရဲ့ ရည်မှန်းချက်က သူ့ကို အရင်ဆုံး ရှာတွေ့ဖို့ပဲ …”
“ ငါတော့ ကြောင်နဲ့ကြွက်ဂိမ်း ဆော့ရတာ ကြိုက်တယ်…” ကျူးကျင်းရန် ရယ်ရယ်မောမောဖြင့် ပြောဆိုလိုက်၏။
“ ဒါပေမယ့် ဂရုမစိုက်ဘဲ မနေနဲ့ … ဒီတစ်ခေါက် မစ်ရှင်က ဓားစာခံတွေကို ကယ်တင်ဖို့ … ပြန်ပေးဆွဲတဲ့လူ နေရာမှာ တာဝန်ယူထားတဲ့လူတွေကလည်း ကျိုးဟိုင် မြို့စောင့်တပ်က လူတွေ … သူတို့ရဲ့ အရည်အချင်းက သိပ်မြင့်တယ်… ငါတို့ကို တွေ့သွားရင် ခက်ပြီ… တခါတည်း ဖယ်ရှားခံလိုက်ရတာမျိုးတောင် ဖြစ်သွားနိုင်တယ်…” လီရဲ့မှ သတိထားစွာ ပြောဆိုလိုက်၏။
“ စိတ်ချစမ်းပါ … ငါတို့အခု လမ်းကြောင်းက သိပ်လျှို့ဝှက်နေပြီးသား … ကိုယ့်ဘာကိုယ် မဖော်ထုတ်သရွေ့ ဘယ်သူမှ ငါတို့ကို မတွေ့နိုင်ဘူး … တစ်ဖက်သူက မြို့စောင့်တပ်က ဆိုရင်တောင် ကြောက်နေဖို့ မလိုဘူး … ဘယ်သူမှ ငါတို့ကို ရှာလို့ မတွေ့ဘူး …”
ဘန်း …
ထိုအခိုက်အတန့်တွင်ပဲ လူတိုင်း သေနတ်သံ တစ်ချက်အား ကြားလိုက်ရသည်။
သူတို့ အသိပြန်ဝင်လာသည့် အချိန်၌ သူတို့ ခြေထောက်နားတွင် မီးခိုးဗုံး တစ်ခု ကျလာလေသည်။ မီးခိုးများက ထူထဲစွာ ပေါက်ကွဲထွက်လာပြီး အနီးတစ်ဝိုက်သို့ ဖုံးလွှမ်းသွားခဲ့၏။
လီရဲ့နှင့် ကျန်သူများမှာ တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်မိလိုက်ကြ၏။
သူတို့တွေ...… ဖော်ထုတ်ခံလိုက်ရချေပြီ။