အရှုံးဝန်ခံလို့မရဘူး
Vol. 113 Ch. 1686
လီရဲ့နှင့် ကျန်သူများကဲ့သို့ ကျုံးရှင်းဟုန်နှင့် ကျန်သူများလည်း သူတို့ခြေထောက်နား မီးခိုးဗုံးကျလာသည်ကို မြင်တော့ ကြက်သေသေသွားခဲ့ကြသည်။
မည်သူကမျှ လင်းရီ ယခုလို အချိန်တွင် လှုပ်ရှားလာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
“ ငါ နားလည်ပြီ… ဒီကောင်က ဒီလို အချိန်မျိုးကို အကြာကြီး စောင့်နေတာပဲ ဖြစ်မယ်….” လျိုကျန်းချန် ပြောလိုက်၏။
လင်းရီ၏ အစီအစဉ်က ဤအတိုင်း အတိအကျပင်။
ကျန်နှစ်သင်းမှာ ထုတ်ပယ်ခံရပြီး ဖြစ်၏။ တစ်ခုတည်းသော ခြိမ်းခြောက်မှုဟူ၍ ထိုက်ဖျင်အသင်းသာလျှင် ကျန်ရစ်တော့သည်။
ထို့ကြောင့် လင်းရီသည် အမှောင်ထဲတွင် ပုန်းအောင်းနေ၍ ပြန်ပေးဆွဲ သမားများရှိသည့် သိုလှောင်ရုံကို သတိထား စောင့်ကြပ်နေကာ ကျုံးရှင်းဟုန်နှင့် အခြားသူတို့ ရောက်အလာကို စောင့်ဆိုင်းနေခဲ့သည်။
ယခု … သူ၏ ရည်မှန်းချက် ပြည့်ဝသွားခဲ့လေပြီ။
မြေပေါ်သို့ကျလာသည့် မီးခိုးဗုံးကို မြင်တော့ ကျုံးရှင်းဟုန်နှင့် ကျန်သူများအားလုံးမှာ ခွန်အားများအားလုံး ဆုံးရှုံးကုန်သွားကြပြီး လေလျော့သွားသည့် ပူဖောင်းများနှယ် ဖြစ်သွားခဲ့ကြသည်။
ဘန်း ဘန်း ဘန်း ဘန်း ….
သေနတ်သံများ ဆူညံလာပြီး ငါးယောက်လုံး အပစ်ခံလိုက်ရကာ သူတို့၏ ပွဲစဉ် အဆုံးသတ်ခံလိုက်ရသည်။
တစ်ချိန်တည်းတွင် စက်ရုံအပြင်ဘက်၌ ကျုံးရှင်းဟုန်နှင့် ကျန်သူများ ထုတ်ပယ်ခံလိုက်ရသည့် ကြေညာချက်ကို ကြားတော့ ခေါင်းဆောင် တော်တော်များများ၏ နှုတ်ခမ်းတို့ မဲ့ရွဲ့ကုန်ကြ၏။
မူလတုန်းက သူတို့ တွေးထားကြသည်မှာ ကျန်သည့် ငါးယောက်ဖြင့် ဓားစာခံများကို ကယ်တင်ပြီး အခြေအနေကို အလှည့်အပြောင်း လုပ်နိုင်လိမ့်မည် ဟူ၍ပင်။ ယခုလို တစ်သင်းလုံး အဖြုတ်ခံလိုက်ရမည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ အတည်ကြီးလား.. မင်းတို့သုံးကောင် ပွဲမစခင်တုန်းကတော့ ငါ့ဆီလာပြီး လေကြီးလေကျယ်တွေနဲ့ လုပ်နေကြတာ ငါတောင် ယုံကြည်ချက် ပျောင်ဆုံးလုနီးပါးပဲ … မင်းတို့လူတွေ ဒီလောက်ထိ အခြေအနေဆိုးနေလိမ့်မယ်လို့ ထင်တောင် မထားဘူး … နောက်ဆုံးကျတော့ ငါတို့ လူသစ်လေး ဖြုတ်တာ ခံလိုက်ရတယ်မလား … ဒါတော့ မဟုတ်သေးဘူးနော် ကိုယ့်လူတို့ ….”
“ မင်း ဈေးစစ်လို့ ရပြီးသွားရင်လည်း ကိုယ့်ကိုယ်ကို လူတတ်ကြီးလို လာမလုပ်ပြနဲ့ …” ဝေသလုံ ပြောလိုက်ပြီး “ ဒီည …. မင်း ဒကာခံ … ငါတို့ သောက်ပြီး ပြန်ရှင်းမယ်….”
“ လုပ်လိုက်လေ… မင်းတို့ကို ကြောက်မယ်များ ထင်နေလား ….”
လီရှန်းဟွေ့မှာတော့ အတိတ်ကို ပြန် တသသ ဖြစ်လို့နေသည်။ သူ ယနေ့ပြိုင်ပွဲကို လင်းရီအား ဝင်ပြိုင်ခွင့် ပြုလိုက်သည်က မိမိကိုယ်ကို သက်သေပြနိုင်ရန် အတွက်ပင်။
ထင်မှတ်မထားစွာဖြင့် ဤကောင်လေးက တကယ်ကြီး သူ ထင်ထားသည်ထက်ကို ကျော်လွန်၍ အကောင်းဆုံး စွမ်းဆောင်ပြသွားခဲ့ကာ ခေါင်းဆောင်ဖြစ်သည့်လူကိုလည်း ဂုဏ်ယူရစေ၏။
ကူရိရန်လည်း လီရှန်းဟွေ့ကဲ့သို့ တွေးတောနေလျက် ရှိသည်။ လင်းရီ စွမ်းဆောင်ပြသွားခဲ့သည်က သူမထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေသည်။ လင်းရီ ယခုလို အရာမျိုး ပြုလုပ်လိမ့်မည်လို့ လုံးဝ ထင်မထားခဲ့ချေ။
အထူးသဖြင့် ယခုလေးတင် လီရွေ့နှင့် တခြားသူများအား ထုတ်ပယ်လိုက်သည့် နည်းလမ်းဖြစ်၏။ လုံးဝ ချောမွေ့ မြန်ဆန်သည်။
ထိုအခိုက်အတန့်တွင် ကိုးရို့ကားယား အနိုင်ဆုံး ဖြစ်နေသည့် လူကတော့ ဟန်အန်းလုံနှင့် သူ့အသင်းသားများပင်။
ပွဲစစဉ်ကတည်းက သူတို့တွေသည် လင်းရီအား အသင်းသားအရာပင် မသွင်းဘဲ သူ့အား နှိမ့်ချရှုမြင်ခဲ့၏။
ထင်မှတ်မထားစွာဖြင့် သူ၏ အသင်းမှာ စစချင်းကတည်းက ထုတ်ပယ်ချင်း ခံလိုက်ရကာ ထိုလူသစ်မှာတော့ အဆုံးထိတိုင် တောင့်ခံနေနိုင်ရုံသာမက အခြား အသင်းများကိုပင် တစ်ယောက်တည်း ဖြုတ်ပြသွားခဲ့သေးသည်။
ဤသည်က လူသစ်တစ်ယောက် စွမ်းဆောင်နိုင်သည့် အရည်အချင်းများပင် ဟုတ်ပါစဟု သူတို့ အတွေးဝင်မိသွားခဲ့ကြ၏။
“ အဘိုးကြီး … မင်း ဘဝင်လည်း သိပ်မြင့်မနေနဲ့ဦး … အထဲက လူတွေက မြို့စောင့်တပ်က လူတွေနော်… အကုန်လုံးက အရည်အချင်း ရှိတဲ့လူတွေ ချည်းပဲ .. မင်းဘက်ခြမ်းမှာက လူတစ်ယောက်တည်း ကျန်တော့တာ … ဟိုဘက်က လူတစ်ယောက်တောင် ဆုံးရှုံးသေးတာ မဟုတ်ဘူး … သူ တစ်ယောက်တည်း ဓားစာခံတွေ ကယ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … သူလည်း ခဏဆို အထုတ်ခံရပြီပဲ …” ရှဲ့ချွင်းချိန် ထူးမခြားနားလေသံဖြင့် ပြောလိုက်၏။
“ ငါသိတာပေါ့ … လင်းရီတစ်ယောက်တည်း ဆယ့်ငါးယောက် အသင်းကို အနိုင်ယူဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာ … ဒါပေမယ့် စစချင်းတုန်းက လူ ၂၀ ရှိတာ အခု သူတစ်ယောက်တည်း ကျန်တယ်… ဆိုလိုတာ လေးသင်းထဲမှာ ငါတို့ရဲ့ အဆင့်က အမြင့်ဆုံးပဲ … ဓားစာခံတွေကို မကယ်တင်နိုင်ဘူးဆိုရင်တောင် ငါတော့ ကျေနပ်တယ်….”
လျိုကွမ်းရှန်၊ လီရှန်းဟွေ့နှင့် ကျန်သူများအားလုံးမှာ လင်းရီသည် ဓားစာခံများအား ကယ်တင်နိုင်မည် မဟုတ်ဟု တွေးတောနေကြသည်။ သူ့ဘက်က လူတိုင်းအား ထုတ်ပယ်နိုင်နေသရွေ့ အောင်မြင်သည်ဟု မှတ်ယူနိုင်သည်။
သုံးယောက်လုံး လျိုကွမ်းရှန်ကို မျက်လုံးလှန်ကြည့်လိုက်ကြပြီး သံပြိုင်ပြောလိုက်ကြ၏။
“ သောက်ရှက်ကို မရှိဘူး …”
ထိုအချိန်တွင် စက်ရုံထဲရှိ သိုလှောင်ရုံ၌ ကျိုးဟိုင် မြို့စောင့်တပ်ဖွဲ့ဝင်များအားလုံး စုဝေးနေလျက် ရှိသည်။
အော်ပရေးရှင်းကို ဦးဆောင်နေသူက ကောင်းချုံ ဖြစ်သော်လည်း ကွန်မန်ဒါ အစစ်က မိုဟုန်ရှန်းပင်။
မိုဟုန်ရှန်း၏ အဆင့်ဖြင့် ယခုလို ပြိုင်ပွဲမျိုး ဝင်ပြိုင်သည်က သိုးအုပ်ထဲသို့ ဝံပုလွေဝင်လာခြင်းနှင့် ညီသည်။ သူက အဆင့်၊ အရည်အသွေး နှစ်ရပ်လုံး၌ အထင်ကြီးဖို့ကောင်း၏။
သို့သော် မြို့စောင့်တပ်ဖွဲ့ဝင် ကိုယ်စားပြုများအနေဖြင့် သူတို့ မြို့စောင့်တပ်၏ ဂုဏ်သတင်းကို အရှက်မရစေလိုသောကြောင့် မိုဟုန်ရှန်းအား ဤပြိုင်ပွဲသို့ ဆွဲခေါ်လာကြခြင်းပင်။ မဟုတ်ပါက သူတို့ ရှုံးနိမ့်သွားမည်ဆိုလျှင် မျက်နှာပျက်ရမည် ဖြစ်၏။
“ အစ်ကိုရှန်း … ဒါက ထူးဆန်းတယ်လို့ မင်း မထင်ဘူးလား …”
ပြောလိုက်သူက ကောင်းချုံပင်။ ဓားစာခံအဖြစ် အသုံးပြုထားသည့် ဒမ်မီ အရုပ်တုက သူ့ခုံအောက်တည့်တည့်တွင် ရှိနေခဲ့၏။
“ မင်းလည်း သတိထားမိတယ်ပေါ့ …”
ကောင်းချုံ ခေါင်းညိမ့်လိုက်သည်။ “ ဒီကောင်က ငါတို့ကို အသုံးချသွားခဲ့တာ … ဒီစကားတွေ အပြင်ထွက်သွားရင် ကြားကောင်းမှာ မဟုတ်ဘူး ….”
စစချင်းကတည်းကပင် လင်းရီ၏ နည်းလမ်းတို့က အခြားသူတို့နှင့် မတူညီချေ။
လီရဲ့ ၊ လီရွေ့နှင့် ကျန်သူများက သူတို့၏ ကိုယ်ပိုင် ခွန်အားကို မှီခို၍ ရှင်းရှန်း အသင်းသားများကို ရှင်းထုတ်ကာ ဓားစာခံများအား ကယ်တင်လိုကြသည်။
သို့သော် လင်းရီမှာတော့ မတူညီချေ။ သူ့ဘက်က ဤလူ ၁၅ ယောက်ကို ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ချက် အပြည့်အဝ ရှိပေမယ့် သူ မလုပ်ခဲ့ချေ။ ထိုအစား ကျိုးဟိုင် မြို့စောင့် တပ်ဖွဲ့ဝင်များကို လက်နက် အဖြစ် အသုံးပြုကာ အခြား သုံးသင်းကို အငှားဓားဖြင့် သတ်ဖြတ်ခဲ့၏။ ယခုလို ပြုလုပ်ရင်းဖြင့်လည်း အတော်လေး အောင်မြင်နေသည်။
ထိုအချက်ကိုပဲ ကောင်းချုံ မပျော်မရွှင် ဖြစ်နေခြင်းပင်။
အသုံးချခံလိုက်ရသည့် ခံစားချက်က အတော်လေး စနိုးစနှောင့် ဖြစ်လှ၏။
သူတို့ဘက်ခြမ်းက လူအင်အားရော၊ တိုက်ပွဲဝင်စွမ်းအားပါ အသာစီးရှိနေသည်မှာ အသိသာကြီးပင်။ သို့တိုင် အဆုံးသတ်၌ အသုံးချခံ ကိရိယာ တစ်ခုအဖြစ် ဆက်ဆံခံခဲ့ရ၏။ လူကို ခံစားရခက်အောင် ပြုလုပ်နေသည်။
“ နောက်ဆုံး ကျန်တဲ့ တစ်ယောက် ဘယ်လို အဆုံးသတ်သွားမလဲဆိုတာ ငါလည်း သိပ်စိတ်ဝင်စားနေတာ…” မိုဟုန်ရှန်း ပြောလိုက်ပြီး “ သူ ပေါင်ရှန်း ကိုယ်စားပြု အသင်းကို ကိုင်တွယ်တုန်းက ချဉ်းကပ်တဲ့ နည်းလမ်းက စစ်တွင်း နည်းဗျူဟာနဲ့ အတော်လေး ကိုက်ညီတယ်… အဲ့တုန်းကဆို ငါတောင် အတော်လေး ရှော့ခ်ရမိသွားခဲ့သေးတယ် … ဒီကောင် စကေးတစ်ချို့တော့ ရှိတယ်….”
“ သူက တကယ် မရိုးရှင်းဘူး … ဒီထဲ မဝင်ခင် အထူးတပ်ဖွဲ့က အနားယူထားတဲ့ လူလား မသိဘူး….” ကောင်းချုံ ပြောလိုက်ပြီး “ ငါတော့ ငါတို့တွေ အပြင်ထွက်ပြီး အနီးတစ်ဝိုက် ကင်းလှည့်ကြည့်တယ်လို့ ထင်တယ်… သူ့ကို တွေ့လိုတွေ့ငြှားပေါ့ … သူ့ဘာသူ သေမင်းဆီ ပြေးလာမှာကို စောင့်နေတာထက် ကိုယ်က အရင် လက်ဦးမှု ရယူတာက ပိုကောင်းတယ်လေ…”
“ မင်းမှန်တယ်…” မိုဟုန်ရှန်း ဘေးဘီဝဲယာသို့ ကြည့်၍ ဆော်ဩလိုက်ပြီး “ လူ တစ်ချို့ ငါနဲ့လိုက်ခဲ့ … လမ်းလျှောက်ထွက်မယ်… ငါတို့ ဒီကောင့်ကို သင်ခန်းစာပေးပြီး ငါတို့ကြားက ကွာဟမှုကို ပြကြမယ်…”
“ ဟုတ်ကဲ့ …”
လူတိုင်း တုံ့ပြန်လိုက်ကြပြီး မိုဟုန်ရှန်းနှင့်အတူ နောက်ဆုံးကျန်သည့် တစ်ယောက်အား ဖမ်းရန် ဟန်ပြင်လိုက်ကြသည်။
“ မသွားနဲ့ .. ကျုပ် ရောက်နေပြီ…”
သိုလှောင်ရုံ၏ ပြတင်းပေါက် တွန်းပွင့်လာခဲ့ပြီး လင်းရီ ခုန်ချလာသည်။
ရုတ်ချည်း ဝင်ရောက်လာသည့် လူကို မြင်တော့ ကျိုးဟိုင် မြို့စောင့်တပ်ဖွဲ့ဝင်များအားလုံး မသိစိတ်အလျောက် သေနတ်များ မြှောက်ကာ ချိန်ရွယ်ထားလိုက်ကြသည်။ သို့သော် ကောင်းချုံ၏ ဟန့်တားခြင်းကို ခံလိုက်ရ၏။
“ မင်းဒီကို ဘာလာလုပ်တာ….”
မိုဟုန်ရှန်းနှင့် ကောင်းချုံတို့ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။
“ ကျုပ်က နောက်ဆုံကျန်တဲ့ တစ်ယောက်ပဲလေ… မအံ့ဩသွားဘူးလား …” လင်းရီ ရယ်မောလိုက်၏။
“ မင်းက ရဲလို့တော့ ငါ့လာမပြောနဲ့ …”
“ တော်တယ်…” လင်းရီ ပြောလိုက်ပြီး “ ရန်ကျင်းမှာ ကျုပ်အတွက် မစ်ရှင်လည်း မရှိတော့ ဒီလာပြီး ဘဝအတွေ့အကြုံ ယူနေတာလေ… ဒီမှာ ခင်များတို့နဲ့ လာတိုးမယ်လို့ ထင်မထားဘူး ….”
“ မင်းတော့ တကယ့်ကို အငြိမ်မနေနိုင်တဲ့ကောင်ပဲ ..” မိုဟုန်ရှန်း ငိုရမလို၊ ရယ်ရမလို ဖြစ်နေမိတော့သည်။
“ ငါသာ ပြန်သွားပြီး ခေါင်းဆောင်ကြီးကို ဒီအကြောင်း ပြောပြလိုက်ရင် သူ မင်းကို ငါတို့ မြို့စောင့်တပ်ထဲဝင်ဖို့ ဖြောင်းဖြလောက်တယ်…”
“ ခင်များ အကြီးအကဲရန်ကို ဒီကိစ္စ ပြောချင်ပြော… ဒါပေမယ့် လျန်ရူရွှယ်ကိုတော့ သွားမပြောနဲ့ …” လင်းရီ သတိပေးလိုက်ပြီး “ သူ သိသွားရင် ကျုပ် ဒီမှာ နေလို့ရမှာ မဟုတ်တော့ဘူး …”
“ ငါနားလည်တယ်…”
လင်းရီ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး “ ပြိုင်ပွဲလည်း ပြီးတော့မယ်… ဒီတိုင်း အရှုံးပေးပြီး ပြိုင်ပွဲပြီးဆုံးကြောင်းသာ ကြေညာလိုက်တော့ … ကျုပ် ဓားစာခံတွေ ကယ်ပြီး ခေါင်းဆောင်တွေဆီ တင်ပြဖို့ သွားတော့မယ်…”
“ ရတယ်လေ.. မင်းပြောတဲ့အတိုင်းပဲ ..”
ကောင်းချုံ ဒမ်မီ အရုပ်အား လင်းရီလက်ထဲသို့ ကမ်းပေးလိုက်၏။
“ ခေါင်းဆောင် … ကျုပ်တို့က တိုက်တောင် မတိုက်ရသေးဘူးလေ… ဒီတိုင်း အရှုံးပေးလို့ ဘယ်ဖြစ်မှာလဲ … ဒီသတင်းသာ အပြင်ကို ပျံ့သွားခဲ့ရင် ကျုပ်တို့ အရှက်ကွဲမှာပေါ့ …” အသင်းဝင် တစ်ယောက်က ပြောလာခဲ့၏။