← Chapters

တစ်ဦးချင်းပြိုင်ပွဲ စပြီ

Vol. 113 Ch. 1689

တစ်ဦးချင်းပြိုင်ပွဲ စပြီ

Vol. 113 Ch. 1689

“ ငါတို့ရဲ့ လယ်ဗယ်က သာမန်ပဲလို့ မင်းပြောတယ်နော်…” လီရဲ့ ပြောလိုက်ပြီး “ ဒါဆိုလည်း သွားပြီး တိုက်ခိုက်ကြမယ်… မင်း ငါ့သုံးကွက် တောင့်ခံနိုင်တယ်ဆိုရင် မင်းကို အင်အားကြီးတယ်လို့ သတ်မှတ်ပေးမယ်….”

“ ပြဿနာ မရှိဘူး …”

“ ဟိတ် ဟိတ် ဟိတ် … မင်း ဘာတွေ လုပ်နေတာ … ငါ သဘောမတူရသေးဘူးလေ… ဘာလို့ မင်းဘာမင်း ဆုံးဖြတ်ချက် ချလိုက်တာလဲ …” လျိုကွမ်းရှန် သူတို့အား တားမြစ်လိုက်သည်။

“ ခေါင်းဆောင်လျို … သူ့ကို တားမနေပါနဲ့ … ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရည်စမ်းရုံလေးတင်ပဲလေ… ကျုပ်တို့ သူ့ကို ဟိတ်ဟန်ထုတ်ဖို့ အခွင့်အရေး တစ်ခု ပေးလိုက်တာပေါ့…” လီရွေ့ ဝင်ပြောလိုက်၏။

“ လီလေးပြောတာ မှန်တယ်…” ရှဲ့ချွင်းချိန်မှ ထူးမခြားနား အမူအရာဖြင့် ပြောလိုက်ပြီး “ လောင်လျို … မင်းသူ့ကို မတားနဲ့ … သူက ဒီလောက်ထိ ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြသွားခဲ့တာ မင်းသူ့ကို ဝင်ပြိုင်ခွင့် မပေးဘူးဆို မင်း မဟုတ်တာ လုပ်ထားတဲ့ ပုံစံ ပေါက်သွားလိမ့်မယ်နော်… ဖုံးကွယ်ထားဖို့မလိုပါဘူး …”

“ ရပြီ… ရပြီ အတည်ဖြစ်ပြီပဲ ထားလိုက်တော့ … ခဏနေ ပွဲစရင် မင်းတို့ဘက်က လင်းရီကို လွှတ်လာခဲ့ … ကောင်းကောင်း တိုက်ခိုက်ကြမယ်…” ဝေသလုံ ပြောလိုက်သည်။

အုပ်စုမှာ လျိုကွမ်းရှန်အား ငြင်းပယ်ရန် အခွင့်အရေး မပေးဘဲ ဤကိစ္စကို စုပေါင်း၍ သူတို့ဘာသူတို့ ဆုံးဖြတ်ချက် ချလိုက်တော့၏။

“ သွားစို့ … ကားထဲဝင် .. ပြိုင်ပွဲအတွက် ပြင်ဆင်ကြမယ်….”

လူတိုင်း ကားထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်သွားခဲ့ကြပြီး လင်းရီနှင့် ကျန်သူများမှာတော့ သူတို့ ရှိနေသည့် နေရာ၌ ကျန်နေရစ်ခဲ့ကြ၏။

“ မင်း သိပ် မောက်မာလွန်းတယ်… မင်းတကယ်ကြီး သူတို့နဲ့ သွားပြီး တိုက်ခိုက်ချင်နေတယ်ပေါ့ ဟုတ်လား …”

လျိုကွမ်းရှန် ဒေါသတကြီးဖြင့် ကြိမ်းမောင်းလိုက်ပြီး “ မင်းက သတ်ပုတ်တာတွေတောင် ကောင်းကောင်း မလေ့ကျင့်ရသေးဘဲနဲ့ မင်းထင်နေတာ ဒီတိုင်း ခွန်အားချည်း သပ်သပ်နဲ့ သူတို့ကို အနိုင်ယူလို့ရမယ် ထင်နေတာလား ဟုတ်လား … မင်း ဒဏ်ရာသွားခဲ့ရင် ဘယ်လိုလုပ်မလဲ … မင်း ဘာလို့ အမြဲတမ်း သတ္တိကောင်းကြောင်း ပြချင်နေရတာ … ငါ မင်းကို ဘာပြောရမှန်းတောင် မသိတော့ဘူး …”

လျိုကွမ်းရှန်က ဤအရာများအား သူကောင်းဖို့ လုပ်နေမှန်းကို လင်းရိသိသည်။

ထို့ကြောင့် သူ ရယ်မောလိုက်၏။

“ ခေါင်းဆောင် … စိတ်လျော့ပါ … ပြိုင်ပွဲက စတောင်မစသေးတာကို ဘယ်သူနိုင်မယ် ရှုံးမယ် .. မသေချာသေးပါဘူး …”

“ စမ်းကြည့်ဖို့ လိုသေးလို့လား … အမြင်မကန်းတဲ့သူ မှန်သမျှ မင်းရဲ့ လယ်ဗယ်ကို ပြောနိုင်တယ်… မင်း ဒီလို ပြိုင်ပွဲမျိုးမှာ ဝင်ပြိုင်လို့ မရဘူး …”

“ ကျုပ် မပြောခဲ့ဘူးလား … ဒီတိုင်း လက်ရည်စမ်းရုံပါပဲ ဆိုတာကို … ကျုပ်ရှုံးလည်း အရှက်ရစရာ မရှိပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ကျုပ်တို့တွေ အသင်းလိုက်တိုက်ပွဲမှာ နိုင်ခဲ့ပြီးပြီပဲ မလား … အခု အမှတ်တွေလည်း အသာစီးရထားတယ်… ကျုပ် ဆိုးဆိုးရွားရွား လုပ်မိတယ်ဆိုရင်တောင် တခြားသူတွေ ပြန်ကာပေးတာနဲ့ဆို ပြဿနာ ရှိမှာ မဟုတ်ဘူး …”

“ ခေါင်းဆောင် … လင်းရီကို ဝင်ပြိုင်ခိုင်းလိုက်ပါလား … ဘာပဲဆိုဆို ကျုပ်တို့လည်း အသင်းလိုက်တိုက်ပွဲမှာ နိုင်ခဲ့ပြီးသားပဲလေ… ကျုပ်တို့နောက်ပိုင်းကျ အမှတ်တွေ ရနေသရွေ့ ရလဒ် ကောင်းကောင်း ရလာမှာပါ …” လီရှန်းဟွေ့လည်း ဝင်ပြီး ဖြောင်းဖြသည်။

လျိုကွမ်းရှန် စဉ်းစားကြည့်လိုက်ပြီး နောက်ဆုံး၌ သဘောတူလိုက်၏။

“ ဟုတ်ပြီလေ … မင်းသွားပြီး စမ်းကြည့်ပေါ့ …” လျိုကွမ်းရှန် ပြောလိုက်ပြီး “ ဒါပေမယ့် ငါတစ်ခုတော့ ရှင်းအောင် ကြိုပြောထားမယ်… မင်း ဆက်မရတော့ဘူးလို့ ကိုယ့်ကိုယ်ကို ထင်ရင် ချက်ချင်း အရှုံးပေးလိုက် … စင်ပေါ်မှာ ဟန်ထုတ်ဖို့ မကြိုးစားနဲ့ …”

“ ပြဿနာ မရှိဘူး ….”

“ သွားစို့ … ကားထဲ အဝင် … ပြီးရင် နောက်အချီ ဆက်ပြိုင် …”

အတော်လေး နီးသဖြင့်လူတိုင်း မကြာမီမှာပဲ တစ်ဦးချင်း ပြိုင်ပွဲ ကျင်းပရာ နေရာသို့ ရောက်လာခဲ့ကြသည်။

ထိုအချိန်တွင် အခြား သုံးသင်းဝင်တို့က ရောက်နှင့်နေကြပြီး ဖြစ်၏။

“ လင်းရီက စကေးရှိတယ်… ဒါပေမယ့် သွေးပူတတ်တယ်… တစ်ဦးချင်း ပြိုင်ပွဲက ငါတို့ အပိုင်ပဲ …” ဝေသလုံ ပြောလိုက်သည်။

“ လောင်လျိုက ဒီ တစ်ဦးချင်း ပြိုင်ပွဲအတွက် တော်တော်လေး ပြင်ဆင်ထားခဲ့တာ သူ့ရဲ့ ပျှမ်းမျှ အဆင့်က ငါတို့နဲ့ သိပ်မကွာဘူး … အခု လင်းရီကို စေလွှတ်ရမယ်ဆိုတော့ သူတို့ရဲ့ အဆင့်လည်း ဆွဲချခံလိုက်ရပြီ… ငါတို့ အနိုင်ရနိုင်ချေက ပိုများသွားပြီ…” ရှဲ့ချွင်ချိန် ထူးမခြားနား အမူအရာဖြင့် ပြောလိုက်သည်။

“ ငါတော့ ဒီကောင်ကို ကောင်းကောင်းကြီး သမပစ်မယ်…” လီရွေ့ ပြောလိုက်ပြီး “ သူငါ့ကို တာဝါထိပ်မှာ တကယ်ကြီး တွဲလောင်းဆွဲထားခဲ့တယ်… သေစမ်း … ဒေါသထွက်လိုက်တာ …”

“ ဟားဟား ….”

လူတိုင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။

“ အိုကေ အိုကေ .. ငါမင်းတို့နဲ့ ထားခဲ့တော့မယ်…”

မကြာမီ လင်းရီနှင့် ကျန်သူများ ရောက်ရှိလာပြီး အပြင်ဘက်တွင် ဘက်စ်ကား ဆယ်စင်းခန့် ထိုးရပ်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။

“ လူတွေ တော်တော်များများမယ့်ပုံပဲ … ပရိသတ်တွေ များလား …” လင်းရီ မေးမြန်းလိုက်၏။

လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ အကုန်လုံးက ရဲအကယ်ဒမီက ကျောင်းသားတွေ … အသင်းလိုက် တိုက်ပွဲကိုလည်း ခုနေရာကနေ ကြည့်နေကြတယ်ဆိုတော့ မင်း အခုလောက်ဆို နာမည်တော်တော်ကြီးနေလောက်ပြီ….”

“ အဲ့လိုဆို ကျုပ် ရှက်တောင် ရှက်လာပြီ…”

ပျော်ရွှင်စွာ စကားခေတ္တ ပြောဆိုပြီးနောက် အုပ်စုမှာ ပွဲကျင်းပသည့် နေရာအတွင်းသို့ ဝင်ရောက်လာခဲ့၏။

နေရာတစ်ခုလုံး လူတို့ဖြင့် ပြည့်နှက်နေပြီး အများစုက ငယ်ရွယ်သည့် ကျောင်းသားလေးများပင်။ လင်းရီသည်ပင် လူငယ် အုပ်စုထဲရောက်သွား၍ ကိုယ့်ကိုယ်ကို ပြန်ငယ်သွားသယောင် ခံစားလိုက်ရသည်။

“ ကျစ် ကျစ် ကျစ်… ဒီတစ်ခေါက် ပရိသတ်တွေက တော်တော်ကောင်းတာပဲ …” လင်းရီ ထိုသို့ မှတ်ချက်ပြုလိုက်သည်။

လီရှန်းဟွေ့ ကြက်သေသေသွားခဲ့၏။ “ မင်း ဘာကို ပြောချင်နေတာ …”

လင်းရီ ပရိသတ်ဘက်သို့ ညွှန်ပြ၍ “ ကျောင်းသား တစ်ဝက်ကျော်လောက်က မိန်းကလေးတွေလေ… ဘယ်လောက် ကြည့်လို့ ပသာဒ ရှိထားလဲ ဟုတ်တယ်မလား …”

“ လေးလေးနက်နက်နေစမ်း … ဒါ လူမြင်ကွင်းကြီးမှာနော်…” ကူရိရန် မျက်လုံးလှန်မိလိုက်၏။

လင်းရီမှာ လေးလေးနက်နက် ရှိသော်လည်း အောက်ရှိ ကျောင်းသားတို့ကတော့ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြချေ။

“ သူ လာပြီ … သူလာပြီ… ၁၅ ယောက် ၁ ယောက် အနိုင်ယူခဲ့တဲ့ အစ်ကိုလေး သူရောက်လာပြီ…”

လင်းရီကို မြင်တော့ ရှိနေကြသည့် မိန်းကလေးတိုင်း လက်ဝှေ့ရမ်း၍ အော်ဟစ်နေကြကာ မျက်လုံးထဲတွင် ဘလင်းဘလင်း ဖြစ်လို့နေသည်။

“ အပြင်မှာ လူကိုယ်တိုင် မြင်လိုက်ရတော့ စခရင်ပေါ်မှာထက် ပိုပြီးချောတာပဲဟယ်…”

“ ထင်ထားတဲ့အတိုင်းပဲ … အစ်ကိုချောချောလေးက သူ့ကိုယ်သူ နိုင်ငံတော်ကို ပေးအပ်လိုက်ပြီ… သူရဲကောင်းဆန်လိုက်တာ .... ”

“ ရုပ်ချောရုံတင် မကသေးဘူး .. သူ့ရဲ့ တိုက်ပွဲခွန်အားကလည်း မြင့်တယ်… ငါ အဲ့ဒီ ဆယ်လီတွေရဲ့ fan မလုပ်တော့ဘူး … ဒီအစ်ကိုလေးရဲ့ fan ပဲ လုပ်တော့မယ်…”

ကွင်းပြင်တွင်းရှိ ဆွေးနွေးသံများကို ကြားတော့ ကျိုးရှင်းဟိုင် ထူးမခြားနားသည့် လေသံဖြင့် “ ဟက် … အဆက်အသွယ်ကနေတဆင့် ပြိုင်ပွဲ နိုင်လာတဲ့ကောင်ကိုများ … ဘာတွေ စိတ်လှုပ်ရှားစရာ ရှိလို့ …”

လီရှန်းဟွေ့လည်း သူ၏ ခေါင်းကို ခါရမ်းလိုက်သည်။ ဤ မိန်းမငယ်လေးများက နည်းနည်းတော့ ရူးသွပ်လွန်းလေသည်။

လင်းရီ ဘေးဘက်ခြမ်းမှ အော်ဟစ်ဆူညံနေသည့် အသံများအား အာရုံထည့်မနေချေ။ ထိုအစား ကွင်းထဲရှိ အခြေအနေကို တစ်ချက် ဆန်းစစ်ကြည့်လိုက်၏။

တစ်ဦးချင်း ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကလည်း ရောက်လို့နေလေပြီ။

လီရဲ့၊ လီရွေ့ နှင့် ကျုံးရှင်းဟုန်တို့ကလည်း လာမည့် တစ်ဦးချင်း ပြိုင်ပွဲအတွင်းတွင် ဝင်နွှဲဦးမည် ဖြစ်သည်။ သို့သော် ၎င်းတို့မှအပ ကျန်သည့် ဘေးတွင် ရပ်နေသူများကိုတော့ လင်းရီ မရင်းနှီးချေ။ ထို့ကြောင့် ၎င်းတို့အား သေချာလေး စူးစမ်းကြည့်လိုက်၏။ ၎င်းတို့၏ ကိုယ်နေဟန်ထားမှ ကြည့်ရသလောက်တော့ ဤလူများ၏ လယ်ဗယ်က မဆိုးလှကြောင်းကို သူ ပြောနိုင်သည်။

သို့ပေမယ့် လက်ရှိ လူအင်အားအတိုင်းဆိုပါက သူ့အဖို့ ပထမရရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ချေ။

၎င်းတို့၏ ခွန်အားကို စိတ်ထဲ ခန့်မှန်းပြီးသည့်နောက် လင်းရီ အာရုံအား ပြန်ရုတ်သိမ်းကာ ဆက်လက် အာရုံမထားတော့ချေ။ ထိုအစား သူ၏ အကြည့်က အခြားနေရာများသို့ ရောက်သွားခဲ့သည်။

မည်သို့ပင်ဆိုစေ ဤနေရာ၌ အလှလေး တော်တော်များများ ရှိနေသည်။ လင်းရီမှာ ချစ်တတ်သည့် မျက်ဝန်းဖြင့် ကြည့်သဖြင့် မိန်းကလေးတိုင်းက ချစ်ဖို့ကောင်းနေတော့သည်။ မကြည့်ပါက သူမလေးတို့၏ အလှတရားကို ဖြုန်းတီးသလို ဖြစ်သွားပေလိမ့်မည်။

ကြည့်လို့ဝတော့ လင်းရီ သူ့ဘေးသူ ပြန်ကြည့်လိုက်၏။ ဘေးတွင် လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်က ဟန်အန်းလုံ ဖြစ်ပြီး တခြား တစ်ယောက်က လျိုကျစ်ချန် ဖြစ်၏။ သူကတော့ လျိုကျစ်ဟောင်၏ ညီဖြစ်သည်။

၎င်းတို့အပြင် လင်းရီ တစ်စုံတစ်ယောက်က သူ့အား အမုန်းမျက်ဝန်းတို့ဖြင့် ကြည့်နေသည်ကို စိတ်က ခံစားမိ၏။

“ အရာရှိလီ… ကျုပ်နောက်က လူက ဘာမှားနေတာ … ကျုပ်ကို လာကြည့်နေတာ သူ့ပိုက်ဆံ လိမ်ထားတဲ့အတိုင်းပဲ …”

လီရှန်းဟွေ့ နောက်လှည့်ကြည့်ပြီး ပြုံးလိုက်၏။

“ သူ့နာမည်က ကောင်းရန် … အစက တစ်ဦးချင်း ပြိုင်ပွဲမှာ ပြိုင်ဖို့ လျာထားခံရတဲ့သူလေ… အခု မင်းကြောင့် သူက နေရာဖယ်ပေးလိုက်ရတော့ မင်းကို မကြိုက်တာ ပုံမှန်ပါပဲ …”

“ ဆိုတော့ အဲ့တာကြောင့်ကိုး …”

တစ်ချိန်တည်းတွင် ဟန်အန်းလုံနှင့် လျိုကျစ်ချန်တို့ လျိုကွမ်းရှန်အနား ရောက်သွားခဲ့ကြသည်။

“ ခေါင်းဆောင် … ဆက်ပြီး ညှိနှိုင်းလို့မရတော့ဘူးလားဗျာ….” ဟန်အန်းလုံ ပြောလိုက်ပြီး “ လင်းရီက ဉာဏ်ကောင်းတာ ဟုတ်တယ်… ဒါပေမယ့် တစ်ဦးချင်း တိုက်ပွဲမှာတော့ သူ့ဦးနှောက်ကောင်းတာက ထင်သလောက် အသုံးမဝင်ဘူးနော်….”

“ ကျုပ်လည်း ထောက်ခံတယ်… ရှောင်ကောင်းကိုပဲ ခွင့်ပြုပေးပါ … ကျုပ် သူ့လယ်ဗယ်ကို သိတယ်… ကျုပ်တို့သုံးယောက်က အသင်း ၁ ထဲမှာ … ကျုပ်တို့ရဲ့ လယ်ဗယ်ကလည်း လေးသင်းထဲမှာ အမြင့်ဆုံးပဲ .. လက်ရှိ လူအင်အားအတိုင်းဆိုရင် ပထမနေရာ ရဖို့က မခဲယဉ်းပါဘူး … လင်းရီကို မလွှတ်ပါနဲ့ …”

“ ဟင်း …..”

လျိုကွမ်းရှန် ကူကယ်ရာမဲ့စွာ သက်ပြင်းချလျက် “ မင်းတို့ စိုးရိမ်နေကြတာကို ငါနားလည်တယ်… ဒါပေမယ့် ငါ ဟိုအဘိုးကြီးတွေနဲ့ သဘောတူပြီးသား ဖြစ်နေတယ် … ပြောင်းလို့ မရတော့ဘူး … မဟုတ်ရင် မျက်နှာပျက်ရတော့မှာ …”

All Chapters