ဝမ်းနည်းဖို့ကောင်းတဲ့ နိုင်ပွဲ
Vol. 113 Ch. 1692
“ တကယ်ကြီးလား လင်းကော … နင့်ရဲ့ လယ်ဗယ်က တော်တော်မြင့်တာပဲ .. ဒါတွေတောင် ထွင်းဖောက်ပြီး မြင်နိုင်တယ်ဆိုတော့ …” ကျန်းဇီရှင်း လင်းရီအား စူးရဲစွာ ကြည့်၍ ပြောလိုက်ပြီး “ ပေါက်တတ်ကရတွေ …”
“ နင် လူဆိုး … လူကို လာပြီး အရူးလာလုပ်နေတယ်…”
နှစ်ယောက်သား စကားပြောနေစဉ်မှာပဲ ကွင်းထဲရှိ အခြေအနေမှာလည်း အချိန်နှင့်အမျှ ပြောင်းလဲနေလျက် ရှိသည်။
မူလက ရဲရင့်ပြီး သတ္တိသွေးတို့ ကြွယ်နေသည့် ခုံလျန်ချိန်မှာ လျိုကျစ်ချန်၏ တိုက်ခိုက်မှုများအောက်တွင် ဖြည်းဖြည်းချင်း အရေးနိမ့်လာခဲ့၏။
သူ၏ ကနေဦး တိုက်ခိုက်မှုများမှ ဆက်တိုက် ခုခံကာကွယ်နေရသည့် အသွင်သို့ ကူးပြောင်းသွားခဲ့သည်။
နောက်ဆုံး၌ ပြိုင်ပွဲကွင်းပြင်ထဲကနေ လျိုကျစ်ချန်၏ ကန်ကြောက်မှုကြောင့် လွင့်ထွက်သွားခဲ့ရလေသည်။
“ ဘယ်လို ဖြစ်နိုင်မှာလဲ ….”
ဖူကျန်းကော်နှင့် ကျုံးရှင်းဟုန်တို့ တစ်ပြိုင်နက် မြည်တမ်းမိလိုက်ကြ၏။
သူတို့၏ အမြင်တွင် ခုံလျန်ချိန်၏ လယ်ဗယ်ဖြင့်ဆိုပါက လျိုကျစ်ချန်ကို မဆိုထားနှင့် ရှင်းရှန်း တစ်သင်းလုံးကို တစ်ယောက်တည်း ဖြုတ်၍ရသည်ဟု ယုံကြည်ထားလေသည်။
သို့သော် ယခု …. အဘယ်ကြောင့် ပထမဆုံးတစ်ယောက်နှင့်တင် စင်ပေါ်မှ ကန်ထုတ်ခံလိုက်ရသနည်း။
“ ဘာ မဖြစ်နိုင်စရာ အကြောင်းရှိလို့ …. ငါတို့ လူတွေကိုလည်း အထင်မသေးစမ်းပါနဲ့ကွ …” လျိုကွမ်းရှန် တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်သည်။
အသင်းလိုက် တိုက်ပွဲတွင်တုန်းကကဲ့သို့ မဟုတ်ဘဲ တစ်ဦးချင်း ယှဉ်ပြိုင်သည့်ပွဲ၌ လျိုကွမ်းရှန်သည် အလွန်အမင်း ယုံကြည်ချက် ရှိနေသည်။
သူနှင့် ဟန်အန်းလုံတို့က ဂရုတစိုက်နှင့် ရွေးချယ်ထားခြင်း ဖြစ်ပြီး ၎င်းတို့၏ လယ်ဗယ်ကလည်း လုံးဝ ထိပ်တန်းပင်။
ယင်းက အန္တရာယ်များသော်လည်းပဲ သူတို့အတွက် ၃ မှတ် ၂ မှတ် (3 v 2 ) ဖြင့် အနိုင်ယူဖို့ မျှော်လင့်ချက် ရှိပါသည်။
“ လောင်ကျုံး … မင်းတို့ ဒီနှစ် ပြိုင်ပွဲဝင်တွေက သိပ်မကောင်းဘူးပဲကွ … ဘယ်နှယ့် ရှင်းရှန်းအသင်းရဲ့ ရိုက်တာ ခံလိုက်ရတယ်လို့ကွာ ….” လီရွေ့ အပြုံးလေးဖြင့် ထေ့ငေါ့လိုက်သည်။
ကျုံးရှင်းဟုန်၏ အမူအရာ နက်မှောင်သွားခဲ့ပြီး အသက်မပါသည့် လေသံဖြင့်ပြောလိုက်ရင်း “ လူဆိုတာ အမှားလုပ်တတ်တယ်… ဒါ ပုံမှန်ပဲ … နောက်တစ်ချီကျရင် ငါတို့ရဲ့ ဂုဏ်ကျက်သရေကို ပြန်ယူမယ်… ပြီးရင် သုံးယောက်လုံးကို တစ်ယောက်တည်း ဆက်တိုက်ဖြုတ်မယ်…”
“ ကြိုးစားပေါ့ကွာ … ရှင်းရှန်းအသင်းရဲ့ ဖြုတ်တာခံလိုက်ရရင် တော်တော်ကြီး ရှက်ဖို့ကောင်းမှာ …”
“ မဖြစ်စေရဘူး … “ ကျုံးရှင်းဟုန် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်ပြီး “ သူတို့ သုံးယောက်လုံး ငါ တစ်ယောက်တည်းနဲ့ ပွဲပြီးတယ်…”
မကြာမီ ဒုတိယ အချီစတင်သည်။
ထိုက်ဖျင် အသင်း၏ ဒုတိယ အသင်းသားက ဟော်ထျန်းလေဟု ခေါ်ပြီး သူ၏ သွင်ပြင်မှာတော့ အင်မတန် သာမန်ဆန်ကာ ပြောပလောက်သည့် မည်သည့် ဆွဲဆောင်မှုတို့မျှ ရှိမနေချေ။ သို့သော် သူ၏ အမူအရာမှာတော့ လေးနက် တည်ကြည်နေလျက် ရှိ၏။ စင်ပေါ် တက်စဉ်ကတည်းက ၎င်း၏ အမူအရာမှာ တစ်ချက်လေးမျှပင် ပြောင်းလဲသွားခြင်း မရှိဘဲ ခိုင်မာစွာ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ဟန်ပင်။
အခြားတစ်ဖက်တွင်တော့ လျိုကျစ်ချန်၏ အခြေအနေမှာ သိပ်ပြီးမှ ကောင်းမွန်မနေချေ။
ခုံလျန်ချိန်က သိပ်ကို သန်မာသည်။ သူက ပထမ အချီကို အနိုင်ရခဲ့သည်ဆိုသော်လည်း ခွန်အားနှင့် သက်လုံ အများအပြားကို သုံးစွဲခဲ့ရသည်။ ခေတ္တနားပြီးသည့်တိုင် ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။
သူ့အဖို့ ဟော်ထျန်းလေကို အနိုင်မယူနိုင်ဘူးဆိုတာကို သူကိုယ်၌ကလည်း သိသည်။ သူ၏ လက်ရှိ မစ်ရှင်က ဟော်ထျန်းလေအား နွမ်းနယ်အောင် ဖန်တီးရန်ဖြစ်ကာ ကပ္ပတိန်အတွက် ရနိုင်သမျှ အခွင့်အလမ်းတို့အား ဖန်တီးထားပေးခဲ့ရမည် ဖြစ်၏။
မဟုတ်ပါက ၃ မှတ် ၂ မှတ် မရနိုင်တော့ချေ။
ကွင်းပြင်တွင် ဘဲလ်သံ မြည်ဟည်းလာပြီး အသင်း နှစ်သင်းကြားရှိ ဒုတိယအချီသည်လည်း တရားဝင် စတင်လေပြီ။
ခွန်အား အပြည့်ဖြစ်နေသည့် ဟော်ထျန်းလေကတော့ စပြီဆိုကတည်းက ဖွင့်ပြီးကစားကာ တရစပ် တိုက်ခိုက်သည်။ သူ့ကြည့်ရသည်မှာ အောင်နိုင်မည်ဟု ယုံကြည်ချက် အပြည့် ရှိနေပုံပင်။
စစချင်းတုန်းကတော့ လူတိုင်း တွေးထင်ထားခဲ့သည်မှာ ဟော်ထျန်းလေ တိုက်ခိုက်သည့်ပုံစံဖြင့် လျိုကျစ်ချန်မှာ အလွန်လျင်မြန်စွာ အရှုံးဝန်ခံသွားရလိမ့်မည် ဟူ၍ပင်။ သို့သော် ထင်မှတ်မထားစွာဖြင့် မိနစ် ၂၀ တင်းတင်းပြည့်သည်အထိ တောင့်ခံထားနိုင်ခဲ့လေသည်။ မျက်နှာတစ်ခုလုံး အညိုမည်းစွဲအောင် ရိုက်ခံခဲ့ပြီးသည်မှ အရှုံးပေးကာ စင်ပေါ်မှ ထွက်ခွာသွားခဲ့သည်။
“ လျို .. ဘယ်လိုနေလဲ …. ငါမင်းကို ဆေးရုံပို့ပေးရဦးမလား …” လီရှန်းဟွေ့ မေးမြန်းလိုက်၏။
“ မလိုဘူး အဆင်ပြေတယ်… ဒီတိုင်း အပေါ်ယံဒဏ်ရာလေးတွေပါပဲ .. သုံးလေးရက်လောက် နားပြီးရင် သူ့အလိုလို ပြန်ကောင်းသွားမှာပါ …” လျိုကျစ်ချန် အံတင်းတင်းကြိတ်ပြီး ပြန်ဖြေလိုက်သည်။
“ ဒါပေမယ့် ဒီကောင်က တော်တော်လေး ထိန်းရခက်တယ်… ကျုပ်တောင် ခဏပဲ တောင့်ခံနိုင်ခဲ့တယ်…”
“ မင်း ဒီလောက်ထိ တောင့်ခံနိုင်တာကိုပဲ ဟုတ်လှပြီ…” လီရှန်းဟွေ့သည် လျိုကျစ်ချန်၏ ပခုံးအား ပုတ်၍ ပြောလိုက်ပြီး “ မင်းက တစ်ယောက်ကို ဖြုတ်ခဲ့ပေးပြီးပြီ… ဒီ တစ်ချီ ရှုံးသွားခဲ့တယ်ဆိုရင်တောင် ဂုဏ်ရှိတဲ့ ရှုံးခြင်းပဲ …”
“ ကျေးဇူးတင်ပါတယ် အရာရှိလီ…”
“ ကိုယ့်ကိုယ်ကို ဂရုစိုက် … ကျန်တဲ့ နှစ်ချီကို ငါ ကိုင်လိုက်မယ်…”
“ ကပ္ပတိန်ဟန် … ကျန်တာကို မင်းနဲ့ စိတ်ချမယ်နော်…” လျိုကျစ်ချန် အားကိုးကြီးစွာဖြင့် ပြော၏။
“ ငါနားလည်တယ်…”
သူတို့၏ မျက်လုံးထဲတွင် ဤသည်က သူတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။ အကယ်၍ ဟန်အန်းလုံ အနိုင်ရသွားခဲ့မည်ဆိုပါက အနည်းဆုံးတော့ တတိယ နေရာရဖို့အတွက် အခွင့်အရေး ရှိသည်။ သူတို့ ဤအတွက် တိုက်ခိုက်ရပေမည်။
ရိုးစင်းသည့် ဆယ်မိနစ် နားချိန်ပြီးဆုံးတော့ ဟန်အန်းလုံသည် မဲမှောင်နေသည့် မျက်နှာအမူအရာဖြင့် စင်ပေါ်သို့ တက်လာခဲ့၏။
တတိယအချီ စတင်ချေပြီ။
ပြိုင်ပွဲကို ကြည့်ရင်း လင်းရီ မျက်ခုံးပင့်လိုက်မိသည်။ သူ ဟန်အန်းလုံကို အထင်သေးနေမိခဲ့ကြောင်း ကိုယ့်ကိုယ်ကို သတိထားမိလိုက်၏။ ၎င်း၏ လယ်ဗယ်က သူ ထင်ထားသည်ထက်ကို ပိုမြင့်နေသည်။
ဟော်ထျန်းလေမှာ အတော် သန်မာသော်လည်း ဟန်အန်းလုံနှင့် ရင်ဆိုင်ရာ၌ နောက်သို့ ဆုတ်ရဆဲပင်။ တရစပ် ခုခံကာကွယ်နေရသည်မှအပ၊ သူ လုပ်နိုင်သည့်အရာက မရှိ။ ဒါပေါ့။ နောက်ဆုတ်ပြီး ခုခံနေရတာကလည်း သူ့အကြောင်းနဲ့သူ ရှိတာပေါ့ ။ သို့သော် ဤသည်ကလည်း ဟန်အန်းလုံ၏ ခွန်အားကို တစ်နည်းအားဖြင့် ဖော်ပြနေခြင်းပင်။
သံသယ ဖြစ်ရန် မလိုပါဘဲ ဟန်အန်းလုံသည် တတိယအချီကို အနိုင်ရသွားခဲ့၏။
သိပ်ပြီးမှလည်း အားမထုတ်လိုက်ရချေ။ ဒဏ်ရာဒဏ်ချက် တစ်ခုလေးမျှ မရလိုက်ဘဲ နောက်တစ်ဆင့် တက်လှမ်းသွားသည်ဟုတောင် ပြောနိုင်ပေသည်။
ဒိုင်လူကြီးများ နေရာတွင် ထိုင်နေသည့် ဖူကျန်းကော်မှာတော့ မျက်နှာ မလှတော့ချေ။
သူ တွေးထားသည်မှာ သူ့အသင်းက 1 v 3 မဖြစ်လျှင်ပင် 2 v 3 တော့ ပေါ့ပေါ့ပါးပါးဖြင့် ရရှိနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
မျှော်လင့်မထားစွာဖြင့် လျိုကွမ်းရှန်၏ အသင်းက အကောင်းမွန်ဆုံးသော အခြေအနေဖြင့် ဖိုင်နယ်ပွဲစဉ်ကို ဝင်ရောက်လာခဲ့လေသည်။
နောက်ဆုံးတွင် အနိုင်ရမည့်လူက သူတို့ အသင်းဖြစ်မည်ဆိုသော်လည်းပဲ ဤသို့သော အခြေအနေမျိုးကို ဖူကျန်းကော် လက်သင့်မခံနိုင် ဖြစ်မိလျက်ပင်။
“ လောင်ဖူ … မင်းတို့ ဒီနှစ်က ကောင်တွေ ဘာဖြစ်နေကြတာ … ဒီအခြေအနေထိတောင် ရုန်းကန်နေရတယ်ဆိုတော့ မင်းတို့ အရည်အချင်းတွေလည်း ချာလာပြီပဲ … ပြန်ရောက်ရင် သေချာလေး ကြပ်ကြပ်မတ်မတ် လေ့ကျင့်ဖို့ လိုနေပြီ…”
“ အမှန်ပဲ … ဒီနှစ် ကောင်တွေ အချောင်ခိုနေကြတာ ဖြစ်မယ်… ပြန်ရောက်ရင်တော့ ကောင်းကောင်းကြီးကို သင်ခန်းစာ ပေးပစ်ဦးမယ်…” ဖူကျန်းကော် ပြောလိုက်သည်။
“ ဟိုက နှစ်ယောက်ကို အနိုင်ယူထားပြီးပြီ… မင်းတို့ဘက်က သုံးယောက်မြောက်ကို ရောက်နေပြီနော်… ဒီကိစ္စသာ အပြင်ပြန့်သွားရင် ပြောလို့ကောင်းမှာ မဟုတ်ဘူး …” ရှဲ့ချွင်းချိန် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။
“ လင်းရီက အသစ်ဂျတ်ချွတ် လူသစ်ကြီးပဲ … မြန်တာဆိုလို့ သူ့ခြေထောက်ပဲ ရှိတယ်… ခွန်အားကပဲ ပဓာနကျတဲ့ ဒီလိုတစ်ယောက်ချင်း ပြိုင်ပွဲမျိုးမှာ သူ မရှင်သန်နိုင်ဘူး … ငါတို့ ဟန်အန်းလုံကို အနိုင်ယူနိုင်တာနဲ့ ဒီပွဲကို ငါတို့ နိုင်ပြီပဲ …”
ဖူကျန်းကော်၏ အမြင်တွင် ဤနှစ်၏ ချန်ပီယံက သူတို့အသင်းသာ ဖြစ်၏။
သို့သော် ပြဿနာက လင်းရီ ဖြစ်နေသည်။ သူက အသစ်ဂျတ်ချွတ် လူသစ်ဖြစ်ပြီး သူ၏ လယ်ဗယ်ကလည်း လျစ်လျူရှုထား၍ ရသည်။
အကယ်၍ တတိယလူကသာ လယ်ဗယ်မြင့်သည့် တစ်စုံတစ်ယောက် ဖြစ်နေခဲ့မည်ဆိုပါက သူတို့ ကျိန်းသေပေါက် အနိုင်ရမည်လို့ တပ်အပ် ပြောနိုင်မှာ မဟုတ်တော့ချေ။
ဖူကျန်းကော်၏ အတွေးတို့က အခြားသူများ တွေးပူနေသည့် အရာပင်။ ကူရိရန်နှင့် ကျန်သူများ၏ မျက်လုံးထဲတွင် ဤပြိုင်ပွဲက နောက်ဆုံးသော ပွဲပင်။
အကယ်၍ ဟန်အန်းလုံ အနိုင်ရသည်ဆိုပါက အောင်ပွဲသည် သူတို့၏ အပိုင်ဖြစ်၏။ သို့သော် … အကယ်၍ ကျုံးရှင်းဟုန် နိုင်သွားခဲ့မည် ဆိုပါက လင်းရီ တစ်ယောက်လုံး ကျန်ရှိသေးလျှင်ပင် အသုံးဝင်မည် မဟုတ်တော့ချေ။
ထို့ကြောင့် ဤသည်က နောက်ဆုံးအချီ ဖြစ်၏။
ထိုအခိုက်အတန့်တွင် ပွဲကျင်းပသည့် နေရာတစ်ခုလုံးသို့ ကြေညာချက် အသံထွက်ပေါ်လာပြီး စတုတ္ထအချီ တရားဝင် စတင်ချေပြီ။
ပြိုင်ပွဲ စတင်ပြီးသည့်နောက် မည်သည့်ဘက်ကမျှ ခွန်အားကို ထိမ်ချန်မထားကြချေ။ သူတို့၏ ဒေါသအားလုံးကို လက်သီးတွင် စုဝေးထား၏။
လက်သီး တစ်ချက်တိုင်းက လျှပ်စီးကဲ့သို့ မြန်ဆန်ပြီး မုန်တိုင်းကဲ့သို့ ပြင်းထန်သည်။ မည်သူကမျှ မည်သူ့ကို ညှာတာထောက်ထားနေကြခြင်း မရှိချေ။
လင်းရီ ကြည့်ရင်းဖြင့် သေချာ စူးစမ်းနေလျက် ရှိ၏။ နှစ်ဖက်လုံးက လက်ရည်ညီနေသည်ဟု ပြော၍ရသည်။ နှစ်ဖက်လုံးတွင် နိုင်ချေကိုယ်စီ ရှိ၏။ သို့သော် နောက်ဆုံးတွင် မည်သူက ကျန်ရစ်နေနိုင်မည်လဲဆိုတာကတော့ ကံတရားနှင့် စိတ်ခွန်အားကသာလျှင် အဆုံးအဖြတ် ပေးသွားပါမည်။
မိနစ် ၄၀ ကျော်ကြာပြီးသည့်နောက် နောက်ဆုံးရလဒ် ထွက်ပေါ်လာခဲ့သည်။
ဟန်အန်းလုံသည် ကျုံးရှင်းဟုန်ကို ကပ်တီးလေး အနိုင်ယူသွားခဲ့ပြီး ကစားပွဲ တစ်ခုလုံးကို အနိုင်ရသွားခဲ့၏။
ရှင်းရှန်း အသင်းသားများအားလုံး စိတ်ဓာတ်တက်ကြွစွာဖြင့် ဟစ်ကြွေးလိုက်ကြ၏။ ဘေးတွင် အားပေးနေသည့် ပရိသတ်များလည်း ထို့နည်းတူ အားပေးကြွေးကြော်နေကြသည်။ မည်သူကမျှ မိမိတို့၏ စိတ်အားထက်သန်မှုနှင့် ပတ်သက်ပြီး ကပ်စေးနည်းနေကြခြင်း မရှိချေ။
လူတိုင်းက သူတို့အတွက် ကျယ်လောင်စွာ ဟစ်ကြွေးပေးနေကြ၏။
သို့သော် ဟန်အန်းလုံ၏ အခြေအနေကလည်း သိပ်မဟန်ချေ။ သူ့ကြည့်ရသည်မှာ လျိုကျစ်ချန်ထက်ပင် ပို၍ အခြေအနေဆိုးသည့်ပုံပေါက်သည်။
လာမည့် အချီများတွင် ဝင်ပြိုင်နိုင်ပါ့ဦးမည်လား ဆိုသည်ကတော့ မေးခွန်းထုတ်စရာ ဖြစ်၏။ တစ်ဦးချင်း ပြိုင်ပွဲအတွက် ပ-ဒု-တ အမှတ်စဉ်သည်လည်း ထိုအခိုက်အတန့်တွင် အဆုံးအဖြတ် ပေးလိုက်သကဲ့သို့ပင်….။