အမှု အသစ်
Vol. 113 Ch. 1695
တစ်ချိန်တည်းတွင် လီရွေ့ မတ်တပ်ရပ်ပြီး ရိုးရှင်းသည့် အကြောလျှော့ သွေးပူလေ့ကျင့်ခန်းအား ပြုလုပ်လိုက်သည်။
“ ဒီခုလို အချိန်ကို စောင့်နေတာ ကြာပေါ့ … သေစမ်း … နောက်ဆုံးတော့ ပြန်လက်စားချေနိုင်တော့မယ်….”
အသင်းလိုက် တိုက်ပွဲတုန်းက အဖြစ်အပျက်ကို ပြန်လည်စဉ်းစားမိတော့ လီရွေ့ အရှက်ခွဲခံရသည်ဟု ခံစားလိုက်ရ၏။
မူလတုန်းက သူ တွေးထားခဲ့သည်မှာ သူ့တွင် လက်စားချေနိုင်သည့် အခွင့်အရေး မရှိတော့ ဟူ၍ပင်။ သို့သော် ထင်မှတ်မထားစွာဖြင့် လင်းရီက သူ့အား စပရိုက် အကြီးကြီး ပေးလာခဲ့၏။
ရိုးရှင်းသည့် သွေးပူလေ့ကျင့်ခန်း ပြုလုပ်ပြီးနောက် ကျန်တိုတောင်းသည့် ကာလလေးကလည်း တစ်ချိန်တည်းတွင် အဆုံးသတ်သွားခဲ့သည်။ နှစ်ယောက်သား စင်ပေါ်သို့ အတူတက်လာပြီး မျက်နှာချင်းဆိုင်တွင် ရပ်တန့်လိုက်ကြ၏။
လီရွေ့မှ
“ ဒီရဲ့ ဟာသ ပြဇာတ်ကို ရပ်တန့်ရတော့မယ့် အချိန်ရောက်ပြီ….”
“ တော် တော် တော် … ပေါက်တတ်ကရ ပြောနေတာတွေ တော်လိုက်တော့ … မင်းနဲ့ တိုက်ခိုက်ပြီးရင် ပြိုင်ပွဲလဲ ပြီးပြီ … ငါ မင်းကို ကန်ထုတ်ပေးဖို့ အဆင်သင့်ပဲ …”
“ ကိုယ့်လူ …. မင်းက တကယ်ကြီး မနှိမ့်ချတတ်ဘူးပဲ …”
သူ့စကား ဆုံးသည်နှင့် လီရွေ့ ချက်ချင်း တိုက်စစ်ဆင်လာသည်။
လင်းရီသည် မူလတုန်းက တိုက်ပွဲကို လျင်လျင်မြန်မြန်နှင့် အဆုံးသတ်ချင်သော်လည်း လီရွေ့ ချဉ်းကပ်လာသည့် နည်းလမ်းက တော်တော်လေး စိတ်ဝင်စားဖို့ ကေင်းသည်ကို တွေ့ရှိလိုက်ရသည်။ ထိုကောင်က တန်းထျန်ထဲမှ အတွင်းအားထုတ်သည့် နည်းလမ်းကို တတ်မြောက်နေလေသည်။
သို့သော် သူ၏ လက်ရှိ အနေအထားက စတင်လေ့ကျင့်သူ အဖြစ်ပင် သတ်မှတ်၍ မရသေးချေ။ အခြေခံ သဘောတရား အနည်းအကျဉ်းကိုမျှ ဖမ်းဆုပ်နိုင်သေး၏။
ထိုသို့ ဆိုပါက လင်းရီလည်း သူနှင့်အတူ ကစားပေးလိုက်မည်။
ဤသည်က သူ့အတွက် သင်ခန်းစာကောင်း တစ်ခု ဖြစ်ပေလိမ့်မည်။
ဤတစ်ကြိမ်တွင်တော့ လင်းရီသည် လက်ဦးမှု ရယူ၍ တိုက်ခိုက်လိုက်၏။ သူ၏ အမြန်နှုန်းက လူတိုင်း စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။
မျက်တောင် တစ်ခတ်အတွင်းမှာပဲ လီရွေ့၏ နောက်ကျောဘက်တွင် ထွက်ပေါ်လာခဲ့ကာ တစ်ဖက်သူအား တုံ့ပြန်ရန်ပင် အချိန်မပေးချေ။
“ ဘယ်လို ဖြစ်နိုင်မှာလဲ … သူက အဲ့လောက်တောင် မြန်တယ်….”
လင်းရီ လက်တစ်ဖက်မြောက်၍ လက်ဝါးကို ဓားပုံစံပြုကာ လီရွေ့၏ လည်ပင်းအား ခုတ်လိုက်သည်။
လီရွေ့၏ ခွန်အားဖြင့် လင်းရီ၏ တိုက်ခိုက်ချက်အား မည်သို့ ပိတ်ပင် တားဆီးနိုင်လိမ့်မည်နည်း။
ပြင်းထန်သည့် နာကျင်မှုက သူ၏ အသိစိတ်အား ချက်ချင်း ဆုံးရှုံးသွားစေကာ စင်ပေါ်တွင်ပဲ သတိလစ်သွားခဲ့တော့၏။
ထိုအချင်းအရာကိုမြင်တော့ ရှဲ့ချွင်းချိန်သည်လည်း အံ့အားသင့်သွားခဲ့၏။ သူ့မျက်စိရှေ့ မြင်ကွင်းကို သူ့မျက်လုံးနှင့် မြင်နေရ၍ပင် မယုံကြည်နိုင်ချေ။
လီရွေ့သည်ကား သူ၏ အသင်းထဲတွင် အသန်မာဆုံး။ သို့သော် လင်းရီက သူ့အား လွယ်လင့်တကူ အနိုင်ယူပြသွားခဲ့၏။
ဤသည်က သိပ်ကို မှော်ဆန်လွန်းသည်။
လီရွေ့ ကြိုးဝိုင်းအတွင်း သတိလစ်၊ မှောက်သွားခဲ့သည်ကို မြင်တော့ စင်အောက်ရှိ လူတိုင်း အားပါးတရ ဟစ်ကြွေးလိုက်ကြ၏။
ပေါင်ရှန်း ကိုယ်စားပြု အသင်း၏ ကပ္ပတိန်သည် ထိုသို့သော နည်းလမ်းဖြင့် ပြိုင်ပွဲကို ရှုံးနိမ့်သွားလိမ့်မည်လို့ မည်သူကမျှ ထင်မှတ်မထားခဲ့ကြချေ။
လီရှန်းဟွေ့နှင့် ကူရိရန်တို့ တစ်ယောက်ကို တစ်ယောက် ထိတ်လန့်စွာ ကြည့်မိလိုက်ကြ၏။
လူတိုင်းက လင်းရီ၏ လယ်ဗယ်ကြောင့် အံ့ဩဘနန်း ဖြစ်နေခဲ့ကြလေသည်။
သူ တကယ်ကြီး တစ်စုံတစ်ယောက်ကို တစ်ကွက်တည်းနဲ့ အမှောက်သိပ်လိုက်ပြန်တယ်…
ဒါ သာမန်လူတစ်ယောက် လုပ်နိုင်တဲ့ အမှုမှ ဟုတ်သေးရဲ့လား ….
“ ပထမ … သူ့ကို တွဲလောင်းချိတ်တယ်… အခု သူ့ကို အမှောက်သိပ်လိုက်ပြန်ပြီ… ငါလောင်းရဲတယ်… လီရွေ့ ပြန်နိုးလာတဲ့ အခါကျရင် လင်းရီကို ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ သူ လုပ်တော့မှာ …” လီရှန်းဟွေ့ ရယ်မောရင်း ပြောဆိုလိုက်၏။
“ ဖြစ်နိုင်ပါတယ်….”
ကူရိရန်၏ နှလုံးသားမှာ ကသောင်းကနင်း ဖြစ်လို့နေသည်။ လင်းရီ၏ စံရည်စံသွေးတို့မှာ သူမ တစ်ခါမျှ စိတ်မကူးမိသည့် တစ်စုံတစ်ရာဖြစ်၏။
ကံကောင်းစွာဖြင့် နည်းပြလီမှာ သူမအား စောစီး စကားပြော၍ လင်းရီအား ခက်ခဲအောင် ပြုလုပ်နေသည်အား ရပ်တန့်ဖို့ သတိပေးခဲ့၍ပင်။ မဟုတ်ပါက သူမသည် ယခုအချိန်လောက်ဆို သူနှင့် ဖိုက်နေရလောက်ပြီ ဖြစ်၏။
အကယ်၍ ထိုသို့ ဖြစ်လာခဲ့မည် ဆိုပါက သူမပဲ ရှုံးနိမ့်သွားပြီး ပို၍ပင် အနိုင်ကျင့်ခံရလိမ့်ဦးမည်။
“ လောင်ရှဲ့ …. မင်းရဲ့ နောက်ဆုံးဝှက်ဖဲကလည်း အထင်ကြီးစရာ မရှိပါလားကွ …. တစ်ချက်တည်းနဲ့ မှောက်သွားတယ်… ဒါကြီးကတော့ စုတ်ချာလွန်းပါတယ်ကွာ ….” လျိုကွမ်းရှန် သွားကြီး ပြန်မစေ့နိုင်ဘဲ ရှဲ့ချွင်းချိန်အား စနောက်လိုက်၏။
ယခုတော့ လျိုကွမ်းရှန်နှင့် ရှဲ့ချွင်းချိန်တို့၏ နေရာမှာ လုံးဝ မတူညီတော့ချေ။ ရှဲ့ချွင်းချိန်မှာ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသည်ဟု ခံစားနေရပြီး သူ၏ မျက်နှာသည်ပင် ပူစပ်ပူလောင် ဖြစ်လာသလို ခံစားနေရသည်။
“ မင်း ဒီနှစ် ဖဲကောင်းရသွားလို့ပါ …. နောင်နှစ်ကျရင်တော့ ငါတို့ပဲ ပထမရမှာ …”
“ မင်းမှားတယ်… လင်းရီရဲ့ အရည်အချင်းနဲ့ သူသာ ငါတို့ ရုံးခွဲမှာ ရှိသေးသရွေ့ ပထမနေရာက ငါတို့အပိုင်ပဲ ဖြစ်နေမှာ …”
သုံးယောက်လုံး၏ မျက်နှာအမူအရာမှာ ပုံမှန်မဟုတ်စွာ အကျည်းတန်သွားခဲ့တော့သည်။ အဘယ်ကြောင့်ဆိုသော် လျိုကွမ်းရှန် ပြောသွားသည်က ယုတ္တိရှိနေသောကြောင့် ဖြစ်၏။
ဆိုတော့ လင်းရီ ရှိနေသေးသရွေ့ သူတို့တွေ ပြိုင်ပွဲ ကျင်းပစရာမှ လိုပါ့ဦးမလား … ဒါမှမဟုတ် သူတို့ သုံးယောက်ပဲ ပြိုင်ပြီး ဒု - တ- ဘိတ် လုရတော့မှာလား …. ရှင်းရှန်း ခရိုင်ကိုကျ ပထမဆု ပေးပြီးတော့လေ….
မကြာမီ ပြိုင်ပွဲသည်လည်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့၏။
လင်းရီက ပထမရရှိသွားသည်မှာတော့ ပြောနေရန်ပင် မလိုချေ။
ပေါင်ရှန်း အသင်းက ဒုတိယ ဖြစ်ပြီး ထိုက်ဖျင်အသင်းနှင့် ယွမ်ဟော်အသင်းက တတိယနှင့် စတုတ္ထ အသီးသီးပင်။
“ လင်းကော … နင်က အမေးဇင်းပဲ … နင် တကယ်ကြီး ပထမ ရလာတယ်… နင် ဒီလောက် အံ့ဩဖို့ကောင်းမယ်လို့ ငါတို့ထင်တောင် မထင်ထားဘူး သိလား …” ကျန်းဇီရှင်းမှ စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့၏။
“ ထွေထူး မဟုတ်ပါဘူးကွာ … ဒီတိုင်း သာမန်ပါပဲ ..”
“ မင်းက ပထမနေရာ ရပြီးတာတောင် မကြာသေးဘူး… အမြီးက မိုးထောင်နေပြီ…” လီရှန်းဟွေ့ ရယ်မောရင်း လင်းရီ၏ ပခုံးအား ရိုက်ပြီး ပြောလိုက်သည်။
“ ဒါပေမယ့် မင်းမှာ မောက်မာနိုင်တဲ့ အရည်အချင်းလည်း ရှိတယ်… ဒီတစ်ခေါက် ပြန်ရောက်ရင် ခေါင်းဆောင်က သေချာပေါက် မင်းကို ကောင်းကောင်းဆက်ဆံမှာ သေချာတယ်…”
“ ကျုပ်က ဒါတွေ ဂရုစိုက်မနေပါဘူး … ကျော်ကြားမှုနဲ့ အကျိုးအမြတ်ဆိုတာ ကျုပ်အတွက် မထူးခြားတော့တဲ့ အရာတွေ ဖြစ်နေတာကြာပြီ…”
ဤတစ်ကြိမ်တွင်တော့ ကူရိရန်သည် လင်းရီအား မျက်လုံးလှန်မကြည့်တော့ချေ။
ဤမျှအချိန်ကြာသည့်တိုင်အောင် လင်းရီသည် ကိုယ့်ကိုယ်ကို ထုတ်ဖော်ပြသချင်း မရှိသကဲ့သို့ ကြွားဝါရန်လည်း ဘယ်တုန်းကမှ အလျင်မလိုခဲ့ချေ။ ဖြစ်နိုင်သည်မှာ သူ့ဘက်က ဤကိစ္စအား စိတ်ထဲ ပေါ့သေးသေးတွက်သည်ကြောင့်လည်း ဖြစ်နိုင်ပေသည်။
ထိုအချိန်တွင် လျိုကွမ်းရှန် ရောက်လို့လာပြီး “ သွားစို့ … ပြိုင်ပွဲပြီးပြီ… စခန်း ပြန်ကြမယ်… ပြန်ရောက်မှ စကားဆက်ပြောကြစို့ …”
“ ကောင်းပြီ….”
တစ်ယောက်ပြီး တစ်ယောက် … ပြိုင်ပွဲ ကျင်းပသည့် နေရာမှ ထွက်လာခဲ့ကြသည်။
ရဲစခန်းသို့ ပြန်ရောက်သည့်အချိန်၌ လျိုကွမ်းရှန်သည် လင်းရီ၏ နာမည်အား နှုတ်မှပင် မချ ၊ တဖွဖွ ချီးကျူးနေလျက် ရှိ၏။
ခလုတ်တိုက်၍ ယောင်လျှင်ပင် လင်းရီ၏ နာမည် ထွက်လာမည်အား စိုးရိမ်နေရလေသည်။
အပေါ်ယံတွင် ကြည့်မည်ဆိုပါက ယခုလို လင်းရီမှာ ကြီးကြီးမားမား အကျိုးဆောင်ထားသည့်တိုင်အောင် စကားလုံးလေးများဖြင့် ချီးမွမ်းနေသည်က နည်းနည်းတော့ စေးနည်းလွန်းလှ၏။
သို့သော် အမြင်မကန်းကြသည့်လူတိုင်းက လင်းရီသည် နောင်တွင် အထူးတလှယ် ဂရုစိုက်ခြင်း ခံရမည်ကို နားလည်ကြလေသည်။ ထို့ကြောင့် သူ၏ အနာဂတ်တွင် တိုးတက် ဖွံ့ဖြိုးနိုင်သည့် အလားအလာကလည်း အကန့်အသတ်မဲ့ဖြစ်၏။
သူတို့ ပြန်ရောက်လာသည့် အချိန်၌ မွန်းလွဲ သုံးနာရီပင် ထိုးနေချေပြီ။ လျိုကွမ်းရှန်သည် လင်းရီအား ခွင့်ပေး၍ ပြန်ပြီး နားဖို့ ပြောသည်။
လင်းရီလည်း ဘာမျှ လုပ်စရာ မရှိသဖြင့် ကျီချင်းရန်၏ နေရာသို့ သွားကာ သူမ အလုပ်ဆင်းမည့် အချိန်အား ထိုင်စောင့်နေလိုက်၏။
“ နင် ဒီနေ့ ပြန်လာတာ စောသားပဲ ….”
လင်းရီကို မြင်တော့ ကျီချင်းရန် ခပ်မြူးမြူး မေးလိုက်၏။
“ ငါက လူသစ်လေ… လုပ်စရာလည်း သိပ်မရှိတာနဲ့ စောစီးထွက်လာခဲ့လိုက်တာ …”
“ ဒီလိုသာ နေ့တိုင်း ဖြစ်နိုင်ရင် ကောင်းမှာပဲနော်…”
“ ငါတော့ မဖြစ်နိုင်မှာ စိုးတယ်… နောင်ကျရင် အချိန်ပို ဆင်းရတာက ပုံမှန်လိုတောင် ဖြစ်လာနိုင်တယ်….”
ကျီချင်းရန် မကျေမနပ် ပါးဖောင်းလိုက်ပြီး “ ဒါကြောင့်မို့ ငါ ထင်တာတော့ နင် ဒီအလုပ်ကို အတွေ့အကြုံ ရဖို့ သပ်သပ်ပဲ လုပ်သင့်တယ်လို့ ထင်တယ်… တအားကြီး အလေးအနက်ထားဖို့ မလိုပါဘူး …”
“ မင်းက ကိုယ် အချိန်ပို ဆင်းမှာကို သဘောမကျလို့ မလား …” လင်းရီ ပြုံးလိုက်လေသည်။
“ ဒီလာပြီး မင်းကို နေ့တိုင်း အဖော်ပြုပေးဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာ …”
“ နင် တော်တယ်…” ကျီချင်းရန် ပြုံးလိုက်ပြီး “ ငါက ဒီတိုင်း တွေးမိတာကို ထုတ်ပြောတယ် ဆိုပေမယ့် ဘဝကြီးက အမြဲတမ်း ရုန်းကန်လှုပ်ရှားနေမှ … ပြီးတော့ အခု နင့်မှာ ငွေလည်း မရှားဘူး … လင်းယွင်အုပ်စုရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း ပူဖို့ မလိုဘူး … အပြင်ထွက်ပြီး ဘဝအတွေ့အကြုံရှာတာကလည်း ကောင်းပါတယ်…” ကျီချင်းရန် ပြောလိုက်ပြီး “ အမှန်အတိုင်း ပြောရရင် ငါတောင် နင့်လို လိုက်လုပ်ရင် ကောင်းမလားလို့ ….”
“ တော်ပါ အမိရယ် … ဒီမှာပဲ အေးဆေး နေစမ်းပါ .. အပြင်မှာ လူဆိုးတွေ ဒီလောက်များတာ မင်းကိုယ်မင်း ထင်ပေါ်အောင် လုပ်ဖို့ မလိုပါဘူး … ငါ စိတ်မချဘူး ….”
“ ဟွန့် … အဲ့လူဆိုးတွေက နင့်လောက် ဆိုးနိုင်မှာမို့လို့လားတဲ့ ….”
“ မင်းတော့ အခုတလော သံနဲ့ မချုပ်ထားရင် အပေါ်ကို မြှောက်နေမယ့် ခေါင်မိုးလို ဖြစ်လာပြီ… ခုကတည်းက စည်းကမ်း မရိုက်သွင်းထားရင် ငါ့ကို ရှိတယ်တောင် ထင်မှာ မဟုတ်တော့ဘူး ဟုတ်တယ်မလား …”
“ ဘလာ ဘလာ ဘလာ … နင်ငါ့ကို ဖမ်းနိုင်လို့လား …”
ကျီချင်းရန်မှာ ပျော်ရွှင်နေသည့် သမင်ပေါက်လေးကဲ့သို့ လင်းရီထံမှ ထွက်ပြေးသွားခဲ့၏။
နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် အချိန်အကြာကြီး ပြေးလိုက်ဖမ်းလိုက် လုပ်နေရင်း မောပမ်းသည့်အခါမှ ရပ်တန့်သွားခဲ့ကြသည်။
“ တော်ပြီ တော်ပြီ… လျှောက်ဆော့မနေနဲ့တော့ .. ငါ အလုပ်ပြန်လုပ်ရတော့မယ်….”
သူမ၏ အဝတ်များအား သေချာ သပ်ရပ်အောင် ပြုလုပ်ရင်း ကျီချင်းရန်သည် စားပွဲသို့ ပြန်ပြီး အလုပ်လုပ်လေသည်။
အလုပ်ပြီးနောက် နှစ်ယောက်သား ထမင်းသွားစားကြ၏။ ထို့နောက် လမ်းကြားများထဲသို့ လမ်းလျှောက်ထွက်ကာ ပြီးသည့်နောက်တွင်မှ အိမ်သို့ ပြန်လာခဲ့ကြသည်။ သူတို့၏ ဘဝလေးမှာ ရိုးရှင်းပြီး အနှစ်သာရတို့ဖြင့် ပြည့်နှက်နေပါသည်။
နောက်တစ်နေ့နံနက်တွင် နှစ်ယောက်သား ကိုယ်စီ အလုပ်သို့ သွားကြ၏။
လင်းရီ၏ ကားအသစ်ကို မြင်တော့ ကျီချင်းရန် များများစားစား မမေးမြန်းခဲ့ချေ။ လင်းရီတွင် ကားတို့က များပြားလွန်းသဖြင့် အချိန်တိုင်းလည်း သူမ မမြင်ဖူးသည့် ကားအသစ်တို့က ထွက်လာနေကြဖြစ်၏။ ထို့ကြောင့် မည်သည့် ထွေထူး မေးမြန်းမှုကိုမျှ သူမ မပြုလုပ်ခဲ့ချေ။
လင်းရီ ရုံးခန်းကို ရောက်တော့ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့မှာ ရောက်နှင့်နေပြီး ဖြစ်လေသည်။
သို့သော် သူ ခုံနွေးအောင်ပင် မထိုင်နိုင်ခင်မှာပဲ ရဲအိုကြီး ကျန်းတဲ့မင်မှာ အလောတကြီးဖြင့် ပြေးဝင်လာခဲ့၏။
“ သွားစို့ … ကိစ္စ ပေါ်လာပြီ… ငါနဲ့ စစ်ဆေးဖို့ လိုက်ခဲ့….”
စာစဉ် (၁၁၃) ပြီး၏။