← Chapters

ဝိညာဉ်တို့၏ အပြစ်များ ပြန်ပေါ်လာခြင်း

Vol. 14 Ch. 181

ဝိညာဉ်တို့၏ အပြစ်များ ပြန်ပေါ်လာခြင်း

Vol. 14 Ch. 181

နစ်ခရိုမန်ဆာသည် အချိန်မရွေးကွဲအက်သွားနိုင်ပုံရသော ရှေးဟောင်းကရားအိုးတစ်လုံးကို ထုတ်ယူလိုက်သည်။

၎င်းသည် အနည်းငယ်မျှအားသုံး၍ ဖိမိလိုက်ရုံဖြင့်ပင် ကွဲအက်သွားနိုင်ပုံရပြီး ၎င်းတွင်ထူးခြားသည့် မည်သည့်အရာမျှ ရှာမတွေ့ရပေ။

(ဘာသာပြန်သူမှတ်ချက်။ ။အရှေ့အပိုင်းမှာပြန်ခဲ့တဲ့ ဝိညာဉ်ပုလင်းအစား ဝိညာဉ်ကရားအိုးလို့ ပြောင်းသုံးမယ်နော်)

သို့သော် ထိုပစ္စည်း၏ အသေးစိတ်ဖော်ပြချက်၌ အာရန်သည် လုံးဝကွဲပြားခြားနားသော အရာတစ်ခုကို မြင်ခဲ့ရလေသည်။

၎င်းသည် သာမန်ပစ္စည်းတစ်ခု မဟုတ်ပေ။

မည်သို့ပင်ဆိုစေ ၎င်းသည် သူ၏ လည်ဆွဲစီးရီး ဆုလာဘ်များနှင့် အဆင့်အတန်းခြင်းတူညီသော ပစ္စည်းတစ်ခုပင်ဖြစ်လေသည်။

၎င်းသည် တစ်ကြိမ်၌ တစ်ခုသာ တည်ရှိနိုင်သော အဆင့်မြင့်ရှားပါးအဆင့် ပစ္စည်းတစ်ခုလည်းဖြစ်လေသည်။

သူ၏ စနစ်မှရရှိသောပစ္စည်းများနှင့် မတူဘဲ ထိုကရားအိုးသည် မည်သူတစ်ဦးတစ်ယောက်နှင့်မျှ ချည်နှောင်ထားသော အရာတစ်ခုမဟုတ်ပေ။

ထိုဝိညာဉ်ကရားအိုးကို မည်သူမဆို အသုံးပြုနိုင်ပြီး အမှန်တကယ်ပင် ၎င်းတွင် ပိုင်ရှင်မရှိပေ။

{ပစ္စည်းအမည်: စွန့်ပစ်ထားသော ဝိညာဉ်ကရားအိုး

အဆင့်: ထူးခြားအဆင့်

ခံနိုင်ရည်: ၁၀/၁၀၀

ဖော်ပြချက်: ပထမဆုံး ဝိညာဉ်ဘုရင်မသည် သူမသေဆုံးပြီးနောက် သူမ၏ လူသားချစ်သူကို သူမ၏ မျိုးနွယ်စုများအန္တရာယ်မှ ကာကွယ်ရန် ဖန်တီးပေးထားသော ပစ္စည်းတစ်ခုဖြစ်လေသည်။

ထိုအရာကို စတင်အသုံးပြုသည်နှင့် ကီလိုမီတာတစ်သိန်းအကွာအဝေးအတွင်းရှိ ဝိညာဉ်အဆီအနှစ်များလုံးကို ဖိနှိပ်ထားပြီး ၎င်းတို့၏အစွမ်းများသည် အသုံးပြု၍ မရနိုင်တော့ပေ။

အစွမ်းပျက်ပျယ်ချိန် : ၀/၆၅၆ ရက်}

အစစ်အမှန်လူသားကမ္ဘာတွင်မူ ထို စွန့်ပစ်ထားသော စွမ့်ပစ်ထား‌သော ဝိညာဉ်ကရားအိုးသည် အသုံးမဝင်လုနီးပါး ပစ္စည်းတစ်ခုပင် ဖြစ်လေသည်။

ဝိညာဉ်အဆီအနှစ်ကို ဝိညာဉ်များမှလွဲ၍ အခြားမည်သူမျှ အသုံးမပြုနိုင်ကြသောကြောင့် ဝိညာဉ်များသည် အစစ်အမှန်ကမ္ဘာရှိ တစ်စုံတစ်ဦးကို ပစ်မှတ်ထားခြင်း မရှိပါက ၎င်းကိုအား ဖိနှိပ်ခြင်းသည် အသုံးမဝင်ပေ။

အစစ်အမှန်ကမ္ဘာ၌ အသုံးမဝင်ပုံရသော ထိုပစ္စည်းသည် ဝိညာဉ်လောက၌မူ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး အစွမ်းထက်လက်နက်တစ်ခုဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အဆီအနှစ်သည် ဝိညာဉ်များအတွက် အရာရာပင် ဖြစ်သောကြောင့်ဖြစ်သည်။

တစ်ချိန်တည်းတွင် ထိုနစ်ခရိုမန်ဆာအရိုးစုသည် ၎င်းကို အနည်းငယ်မျှပင် မလိုအပ်ပေ။ သူ ဂရုစိုက်သောအရာမှာ ထိုလက်နက်ကြောင့် သူ၏ မာနာခွန်အားများကိုချွေတာနိုင်ရန်သာ ဖြစ်လေသည်။

“မာနာခွန်အားတွေကိုချွေတာနိုင်တဲ့အတွက် ဒီပစ္စည်းက ငါ့အတွက်လည်း အတော်လေး အကျိုးရှိနိုင်တယ်”

အာရန်သည် ထိုကရားအိုး၏ အသေးစိတ်ဖော်ပြချက်ကို ဖတ်မိသောအခါမှသာ စိတ်သက်သာရာ ရသွားသည်။

ထိုအရာဖြင့် သူ့အတွက် တတိယအခြေအနေသည် မကြာမီ ပြည့်စုံတော့မည်ဟု သူ သေချာသွားခဲ့သည်။

“ဒါက”

ဝိညာဉ်ဘုရင်မသည် ထိုကရားအိုးကို မှတ်မိသွားသည်။

အတိတ်၌ သူမကိုယ်တိုင် မမြင်ခဲ့ဘူးသော်လည်း ၎င်းတို့အားလုံး၏ မူလအစဖြစ်သော ပထမဆုံး ဝိညာဉ်ဘုရင်မ ဖန်တီးထားခဲ့သော အရာတစ်ခုကို သူမ မမှတ်မိရန်မှာ မဖြစ်နိုင်ပေ။

ဤကရားအိုးသည် ၎င်းတို့၏ ရှက်ရွံ့ဖွယ်ရာ အတိတ်၏ အမွေအနှစ်တစ်ခုဖြစ်ပြီး သူမ မည်သို့မျှ မမေ့နိုင်သော အရာတစ်ခုလည်းဖြစ်လေသည်။

၎င်းကရားအိုးသည် အချိန်အတော်ကြာကတည်းက ပျောက်ဆုံးနေခဲ့သော်လည်း ၎င်းကို ယခုတစ်ဖန် ပြန်မြင်ရလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

“ရှင့်မှာ အဲ့ဒီအရာ ဘာလို့...”

ထိုဝိညာဉ်ကရားအိုးကို ထုတ်ယူလိုက်သည်နှင့် တစ်ပြိုင် ပတ်ဝန်းကျင်ရှိ ဝိညာဉ်အဆီအနှစ်များသည် ၎င်းအိုး၏အခွံဆီသို့ လောဘကြီးစွာ စုပ်ယူခံလိုက်ရသည်။

ဝိညာဉ်ဘုရင်မသည် ၎င်းကရားအိုးကို လုံးဝအသက်ဝင်သွားမည့် အဆင့်သို့မရောက်‌အောင် တားဆီးရန်အတွက် ထိုအိုးကို ပစ်မှတ်ထားတိုက်ခိုက်လိုက်သည်။

တိုက်ခိုက်မှုများစွာသည် ထိုနစ်ခရိုမန်ဆာအရိုးစုဆီသို့ ရောက်ရှိသွားကြသည်။ အခြားသော ဝိညာဉ်စစ်သည်များလည်း ထိုနည်းတူ တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

ထိုပေါင်းစပ်တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် နိုင်ငံများစွာကို ဖျက်ဆီးနိုင်လောက်အောင် အားကောင်းပုံရလေ၏။

ထိုပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ပတ်ဝန်းကျင်သည် ပို၍ တောက်ပလာခဲ့ပြီး မည်သည့်အရာကိုမျှ သေချာစွာ သဲသဲကွဲကွဲ မြင်နိုင်ရန် မဖြစ်နိုင်တော့ပေ။

“ဟီး ဟီး…”

ဘက်ပေါင်းစုံမှ တိုက်ခိုက်မှုများ ကျရောက်လာနေသည်ကို မြင်ရသော်လည်း ထိုနစ်ခရိုမန်ဆာအရိုးစုသည် အနည်းငယ်မျှ ကြောက်ရွံ့ပုံမပေါ်ခဲ့ပေ။

သူသည် ဤတစ်ကြိမ်တွင်မူ သူ၏ ခန္ဓာကိုယ်ကိုအခြားသူတစ်ဦး နှင့်အစားထိုးခြင်းမပြုလုပ်ခဲ့ပေ။

သူသည် ထိုကရားအိုးအဟောင်း၏ အဖုံးကို ရိုးရိုးရှင်းရှင်းပင် ဖယ်ရှားလိုက်သည်။

ထိုသို့ဖြင့် စွန့်ပစ်ထားသော ဝိညာဉ်ကရားအိုးသည် လုံးဝ အသက်ဝင်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်အဆီအနှစ်များကို စုပ်ယူဝါးမြိုမှုသည် မယုံကြည်နိုင်လောက်အောင် များပြားလာလေသည်။

ကရားအိုးသည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်အဆီအနှစ်များကို ဝါးမြိုကာ ၎င်းအတွင်းရှိ အဆုံးမရှိသော နေရာတစ်ခု၌ သိမ်းဆည်းထားသကဲ့သို့ ဖြစ်နေလေသည်။

ဝိညာဉ်တို့၏ တိုက်ခိုက်မှုများသည်လည်း အဓိကအားဖြင့်၎င်းတို့၏ စွမ်းအား အခြေခံအုတ်မြစ်ဖြစ်သော ဝိညာဉ်အဆီအနှစ်များကို အသုံးပြုထားခြင်း ဖြစ်လေသည်။

ကရားအိုးသည် သာမန်ဝိညာဉ်အဆီအနှစ်နှင့် တိုက်ခိုက်မှုအတွက် အသုံးပြုသော အဆီအနှစ်ဟူ၍ ခွဲခြားထားခြင်းမရှိချေ။

တိုက်ခိုက်မှုများသည် ဦးတည်ရာ ပြောင်းလဲသွားပြီး စင်ကြယ်သော ဝိညာဉ်အဆီအနှစ်များအဖြစ် ပြန်လည်ပြောင်းလဲပေးသော ကရားအိုး၏ လွှမ်းမိုးမှုကို ခံခဲ့ကြရလေသည်။

ထို့နောက် တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခုသည် ထိုနစ်ခရိုမန်ဆာကို လွဲချော်သွားခဲ့ကြပြီး စွန့်ပစ်ထားသော ဝိညာဉ်ကရားအိုးအတွင်းသို့ ဝင်ရောက်သွားကြလေသည်။

တောက်ပသော အလင်းရောင်များသည် မကြာမီ ပျောက်ကွယ်သွားပြီး နစ်ခရိုမန်ဆာသည် လုံးဝ ကောင်းမွန်စွာ ရပ်နေဆဲဖြစ်လေသည်။

ထိုအစား ကောင်းကင်မှ ဝိညာဉ်စစ်သည်များသည် တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျကုန်ကြသည်။

ဝိညာဉ်ဘုရင်မသည် အခြားသူများထက် အနည်းငယ် အချိန်ပိုကြာကြာ တောင့်ခံနိုင်ခဲ့သော်လည်း သူမသည်ပင် တဖြည်းဖြည်းအသက်ရှူကြပ်လာသည်ဟု ခံစားလိုက်ရသည်။

တိုက်ခိုက်မှုစွမ်းရည်များအတွက် သူမ စုဆောင်းထားသော ဝိညာဉ်အဆီအနှစ်များပင် သူမ၏ ခန္ဓာကိုယ်မှ ထိုကရားအိုး၏ စုပ်ယူဝါးမြိုခြင်းကိုခံခဲ့ရလေသည်။

“ဒီဟာလေးက အတော်လန်းတယ်မဟုတ်ဘူးလား”

နစ်ခရိုမန်ဆာအရိုးစုသည် ကြယ်များကြွေကျသကဲ့သို့ တဖြုတ်ဖြုတ် အောက်သို့ ပြုတ်ကျနေကြသော ဝိညာဉ်စစ်သည်တော်များကို ကြည့်ရင်း ဟားတိုက် ရယ်မောလိုက်သည်။

“မင်းတို့ရဲ့ အတိတ်က အပြစ်တွေက မင်းတို့ကို ပြန်ပြီး ခြောက်လှန့်နေကြသလိုပါပဲလား”

၎င်းသည် သူအတွက် အလွန်လှပသော မြင်ကွင်းတစ်ခုပင်ဖြစ်လေသည်။

“ဝိညာဉ်တွေက လူသားတွေကို အထင်သေးခဲ့တဲ့အတွက် ဝိညာဉ်ဘုရင်မက သူမရဲ့ ခင်ပွန်းအဖြစ် လူသားတစ်ယောက်ကို ရွေးချယ်ခဲ့တာကို သူတို့က မကျေနပ်ခဲ့ကြဘူး။”

သူသည် ဝိညာဉ်တို့၏ ကြာမြင့်စွာ မေ့လျော့ခံထားသော ဖုံးကွယ်ထားသည့် အတိတ်ကို အက်ကွဲနေသည့် ကရားအိုးလေးအား သူ၏ လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။

“သူတို့ဟာသူတို့ရဲ့ ဘုရင်မကို သစ္စာဖောက်ခဲ့ကြတယ် သူမက သူတို့ကို ဒီလောကထဲကို ခေါ်ဆောင်လာခဲ့တဲ့သူဖြစ်တယ် ဒါပေမဲ့ သူတို့အားလုံးဟာ သူမရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူခဲ့ကြဘူး ဒါတွေအားလုံးဟာ အဲဒီ အရေးမပါတဲ့ အရာတစ်ခုအတွက်ပဲ...”

ပထမဆုံးအကြိမ်အဖြစ် ထိုအရိုးစုသည် အနည်းငယ် ပုံမှန်မဟုတ်သော ပုံစံဖြင့် သူ၏ တန်ဖိုးထားသော အရာတစ်ခုကို ပြန်လည်အမှတ်ရနေဟန်ရလေသည်။

“သူမ သေဆုံးချိန်မှာတောင် ဒီကမ္ဘာကို ငရဲဖြစ်အောင် ပြောင်းလဲပစ်ဖို့ လုံလောက်တဲ့ ခွန်အားရှိခဲ့တယ် ဒါပေမဲ့ သူမ မလုပ်ခဲ့ဘူး သူမရဲ့ ချစ်သူကို ကာကွယ်ဖို့ပဲ ဒီအရာကို အသုံးပြုခဲ့တယ်”

“သူမက ဒီကရားအိုးနဲ့ သူမရဲ့ ချစ်သူကို လူသားကမ္ဘာဆီကို အတင်းအကျပ် ပြန်လည်ပို့ဆောင်ပေးခဲ့တယ် သူမ သေဆုံးချိန်မှာတောင် သူမဟာ ဘယ်သူ့ကိုမှ မုန်းတီးခဲ့ဘူး...”

ဖီလိုနာ၏ ပျံသန်းနေမှုသည်လည်း မတည်မငြိမ်ဖြစ်လာပြီး သူမသည် အစောပိုင်းဝိညာဉ်များကဲ့သို့ပင် ကောင်းကင်ပေါ်မှ ပြုတ်ကျသွားတော့သည်။ ကံကောင်းစွာဖြင့် သူမသည် မြေပြင်ပေါ်သို့ဒဏ်ရာမရပဲ ဆင်းသက်နိုင်ခဲ့သည်။

“အဲဒါတွေ အားလုံးကို ရှင်က ဘယ်လိုသိနေတာလဲ” ဟု သူမသည် ဝိညာဉ်အဆီအနှစ် ကင်းမဲ့သွားသော ဝိညာဉ်လောက၏ ပတ်ဝန်းကျင်အား ကြည့်ရင်း နစ်ခရိုမန်ဆာအရိုးစုအား မေးလိုက်သည်။

“မင်း တကယ် မေးဖို့ လိုသေးလို့လား”

ပုံရိပ်တစ်ခုသည် ဖီလိုနာ၏ နောက်ကျောဘက်တွင် ညင်သာစွာ ဆင်းသက်လာပြီး သူမကို အံ့အားသင့်စေသည့်စကားတစ်ခွန်းပြောလိုက်သည်။

“ဘာဖြစ်လို့လဲဆိုတော့...”

နောက်ဆုံး၌ သတ်မှတ်ထားသည့် အခြေအနေသုံးရပ်စလုံး ပြည့်စုံသွားသောအခါ အာရန်သည် တတိယကျွန်းဆွယ်မှ ဆင်းသက်လာပြီး ရက်စ်ဖီနှင့် အက်စ်တလီနာတို့ကို သူ၏ လက်မောင်းများဖြင့် ပွေ့ချီထားလိုက်သည်။

၎င်းတို့သည် ၎င်းတို့၏ မိခင်လောက် မစွမ်းကြသေးပေ။

ထို့ကြောင့် ၎င်းတို့ ပြုတ်ကျနေစဉ် သေဆုံးခြင်း မရှိခဲ့လျှင်ပင် ဝိညာဉ်အဆီအနှစ်၏ ကာကွယ်မှုမရှိလျှင် ထိခိုက်ဒဏ်ရာရနိုင်ခြေများနေလေသည်။

ကံကောင်းစွာဖြင့် အာရန်သည် အချိန်မှီအောက်သို့ ဆင်းသက်လာကာ ၎င်းတို့ကို ကာကွယ်ပေးခဲ့သည်။

“ဟင်… ဒါဟာ မဖြစ်နိုင်ဘူး”

အာရန်၏ စကားများကြောင့် ဖီလိုနာသည် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်မိလိုက်သည်။

....

နစ်ခရိုမန်ဆာမျှော်စင်အတွင်း၌ သေခြင်းတရား၏ အငွေ့အသက်များ ဝန်းရံထားသော အခန်းတစ်ခု ရှိနေခဲ့သည်။ လူတစ်ဦးသည် ထိုအခန်းတွင်း၌ အတွေးများ အတွင်းနစ်မြော၍ ထိုင်နေလေသည်။

“သူက စွန့်ပစ်ထားတဲ့ ဝိညာဉ်ကရားအိုးကို ယူသွားခဲ့တယ်ဆိုတော့ ... အဲ့ဒီကို သူကိုယ်တိုင်သွားခဲ့တာက သူ့ရဲ့ စွဲလမ်းရူးသွတ်မှုကြောင့်..... သူ အရာ အားလုံးကို ပြန် မှတ်မိသွားခဲ့ပုံရတယ်”

ထိုနောက် ကြောက်မက်ဖွယ်ကောင်းအောင် တိတ်ဆိတ်နေသော ထိုအခန်းတွင်းရှိ လေထုကို ထိုသူသည် စကားလုံးအနည်းငယ်ဖြင့် ချိုးဖျက်ပစ်လိုက်လိုက်သည်။

“ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ…”

#Catfoot

All Chapters