← Chapters

ဒဏ္ဍာရီအဆင့် စောင့်လျှောက်သူ

Vol. 14 Ch. 185

ဒဏ္ဍာရီအဆင့် စောင့်လျှောက်သူ

Vol. 14 Ch. 185

ငရဲမီးမန္တန်စက်ဝိုင်းသည် ခုနစ်ကြိမ်တိတိဖြည့်တင်းပြီးသွားခဲ့ပြီးဖြစ်လေသည်။

သို့သော် ၎င်းသည် သေခြင်းမန္တန်များဖြင့်လည်း ထပ်မံပေါင်းစပ် ထားခဲ့သောကြောင့် ထိုမန္တန်သည် ယခင်ထက်ပို၍ပင် အန္တရာယ်များခဲ့သည်။

ယခင်က လိမ္မော်ရောင် မီးတောက်များနှင့် အရောင်မတူဘဲ ယခုအခါတွင်မူ နက်မှောင်သော မီးတောက်များသည် မန္တန်စက်ဝိုင်းအတွင်းမှ ကျဆင်းလာကာ ၎င်း၏ လမ်းကြောင်းရှိ အရာအားလုံးကို ဝါးမြိုသွားလေတော့သည်။

မီးတောက်များသည် နစ်ခရိုမန်ဆာအရိုးစု၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားမိခဲ့သော်လည်း သူ့အား လုံးဝ မထိခိုက်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူများအားလုံးနှင့် ကွဲပြားခြားနားသောကြောင့်ဖြစ်လေသည်။

နစ်ခရိုမန်ဆာအရိုးစုသည် ကောင်းကင်မှ ကျဆင်းလာသော မီးတောက်များကို စိုက်ကြည့်နေသည်။

ထို့နောက် သူသည် ထိုမီးတောက်ကိုပင် အာရုံမစိုက်တော့ဘဲ ‘သူမ’ အသက်ဆုံးရှုံးသွားခဲ့ရသော ပထမကျွန်းဆီသို့ မျက်လုံးများ ရောက်သွားသည်။

“မင်းက ဒီလိုမျို မဖြစ်စေချင်ဘူးဆိုတာ ကိုယ်သိပါတယ် ဒါပေမဲ့ ဒီတစ်ခါတော့... ကိုယ့်ကို တစ်ကိုယ်ကောင်းဆန်ခွင့်ပေးပါ ဒီလိုမှမဟုတ်ရင် ကိုယ့်နှလုံးသားထဲက အမုန်းတရားတွေဟာ ကိုယ့်ရဲ့ အရာအားလုံးကို လုံးဝ ဝါးမြိုသွားလိမ့်မယ်”

နစ်ခရိုမန်ဆာအရိုးစုသည် သူ၏ အသက်ထက် ပို၍ ချစ်မြတ်နိုးခဲ့သောသူမ၏ ဆန္ဒနှင့် ဆန့်ကျင်နေသောအရာတစ်ခုကို လုပ်မိခဲ့မှန်းသိနေခဲ့သည်။

သို့သော် ဤအချိန်၌ သူသည် ထိုအရာကို ဂရုမစိုက်တော့ပေ။

သူသည် သူမကိုသစ္စာဖောက်ခဲ့သောသူများ၏ မျိုးနွယ်ဝင်များကို အဆိုးဆုံးနည်းဖြင့် အပြစ်ပြန်လည် ပေးဆပ်စေလိုနေခဲ့သည်။

အားနည်းနေသော ဝိညာဉ်များကို သတ်ရန်မှာ သာမန် ငရဲမီးတောက်များဖြင့်ပင် လုံလောက်လေသည်။

သို့သော် သူသည် ၎င်းကို သေခြင်းမန္တာန်များပေါင်းထည့်၍ ပိုမိုပြင်းထန်သော ငရဲမီးတောက်များအဖြစ် ပြောင်းလဲပစ်လိုက်ပြီး ၎င်းတို့၏ ခန္ဓာကိုယ်ဖြစ်တည်မှု အရာအားလုံးကို ဖျက်ဆီးပစ်ပြီးလျှင်ပင် ၎င်းတို့၏ အသိစိတ်ကို ထာဝရ ထပ်မံ ညှဉ်းပန်းနှိပ်စက်ခံရစေရန်ဖြစ်လေသည်။

သူသည် ဤနေရာသို့ ပစ္စည်းအချို့ရယူရန် စေလွှတ်ခံခဲ့ရခြင်းဖြစ်သော်လည်း ၎င်းအတွက်မူ သူသည် အခြားမြို့များ ဒေသများမှ ထပ်မံစုဆောင်းနိုင်သေးသည်။

“ဟင်”

အရာအားလုံး ပြီးဆုံးသွားပြီဟု သူ ထင်ကာ ထွက်ခွာရန် ပြင်ဆင်နေသော်လည်း ရုတ်တရက် သူ၏ခြေလှမ်းများ ရပ်သွားသည်။

သူသည် အောက်သို့ ငုံ့ကြည့်လိုက်မိသောအခါ ထိုမီးတောက်နက်များသည် ရုတ်တရက် ရပ်တန့်သွားသည်ကို သတိပြုမိလိုက်သည်။

သူ၏ လက်ထဲရှိ ဝိညာဉ်ကရားအိုးသည်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းချုပ်မှု လွတ်သွားသကဲ့သို့ သူ၏လက်အတွင်းတွင်ပင် တုန်ခါလာသည်။

၎င်းသည် သူ့အတွက် အဓိပ္ပာယ်မရှိပေ။ ဤအိုးသည် ရုတ်တရက် အဘယ်ကြောင့် ဤမျှ မငြိမ်မသက် ဖြစ်လာရသနည်း။

သူသည် အိုးကို တင်းတင်းကျပ်ကျပ်ဖမ်းဆုပ်ထားရန် ကြိုးစားလိုက်သော်လည်း အိုးသည် ရုတ်တရက် သူ၏ လက်တွင်းမှ လွတ်ထွက်သွားပြီး ထိုအနက်ရောင် မီးတောက်များဆီသို့ တည့်တည့် ပျံသန်းသွားလေသည်။

နစ်ခရိုမန်ဆာအရိုးစုသည် ထိုကရားအိုးနောက်သို့ လိုက်သွားကာ အနက်ရောင် မီးတောက်များ၏ အောက်ဘက်သို့ကြည့်လိုက်သောအခါ ထိုနေရာ၌ ဝိညာဉ်များသည် လုံးဝ ထိခိုက်မှုမရှိနေကြောင်း သူ မြင်လိုက်ရသည်။

ထိုအနက်ရောင် မီးတောက်များကို မမြင်နိုင်သော အင်အားတစ်ခုက တားဆီးထားဟန်ရလေသည်။

ဝိညာဉ်ကရားအိုးသည်လည်း လူတစ်ဦး၏ လက်ထဲသို့ ရောက်သွားလေသည်။

နစ်ခရိုမန်ဆာအရိုးစုသည် ထိုသူအား မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။

သေခြင်းတရားဆီမှ ပြန်လာပြီးနောက် ဤသို့ ခံစားရသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏ ကမ္ဘာကြီးအားရှုမြင်ပုံတစ်ခုလုံးသည် လုံး၀ ပြောင်းပြန်လှန်သွားသကဲ့သို့ ဖြစ်နေသည်။

....

အစောပိုင်းကာလက…….

ခဏအကြာ၌ ကောင်းကင်မှ အနက်ရောင်မီးတောက်မုန်တိုင်းကြီးတစ်ခု ကျဆင်းလာခဲ့သည်။

ဝိညာဉ်ဘုရင်မနှင့် အခြားဝိညာဉ်များသည် ၎င်းတို့အပေါ်သို့ ကျရောက်လာသော သေခြင်း မီးတောက်များကို စိတ်ပျက်အားလျော့စွာကြည့်နေမိကြသည်။ အများစုသည် ၎င်းတို့၏ အဆုံးသတ်ကို လက်ခံလိုက်သည့်အလား မျက်လုံးများကို မှိတ်ထားကြလေသည်။

ဝိညာဉ်ဘုရင်မပင် သူမ အလွန်အကျွံ တွေးတောခဲ့လေသလားဟု သဘောပေါက်သွားခဲ့သည်။ ဤကပ်ဘေးမှ ၎င်းတို့ ရှင်သန်ရန် မဖြစ်နိုင်ပေ။

မည်သို့ပင်ဆိုစေ အာရန်သည် ၎င်းတို့နှင့်အတူ သေဆုံးသွားရမည်ဖြစ်လေသည်။

ထိုအချိန်၌ သူမသည် အာရန် ဘယ်ဘက်လက်ကို မြှောက်လိုက်သည်ကို မြင်လိုက်ရသည်။ ယခုမှသာ သူမသည် သူ၏ လက်နောက်၌ အမှတ်အသားတစ်ခု ရှိနေသည်ကို သတိပြုမိလိုက်သည်။ ၎င်းသည် သာမန်ဝိညာဉ်စာချုပ်အမှတ်အသား တစ်ခုမဟုတ်ပေ။

၎င်းသည် ဝိညာဉ်အမှတ်အသားတစ်ခုပင်ဖြစ်ကြောင်း သူမ သိနေသော်လည်း ဤကဲ့သို့သော အရာကို မြင်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်လေသည်။

ပုံမှန်အားဖြင့် ဝိညာဉ်အမှတ်အသားသည် စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်၏ အားအင်ပေါ်မူတည်၍ ကွဲပြားခြားနားလေ့ရှိသည်။

ထိုဝိညာဉ်မှာ အားကောင်းလေလေ ဝိညာဉ်အမှတ်အသားသည် ပို၍ နက်မှောင်လေလေဖြစ်သည်။

အကယ်၍ အားနည်းသော ဝိညာဉ်ဖြစ်ပါက လူသားတစ်ဦး ရရှိသော ဝိညာဉ်အမှတ်အသားသည် အသက်ဝင်သောအခါ စင်ကြယ်သော အဖြူရောင်ဖြစ်နေမည်ဖြစ်သည်။

သူမသည် လူသားတစ်ဦးနှင့် စာချုပ်မချုပ်ဆိုခဲ့ဖူးသော်လည်း လူသားတစ်ဦးအား သူမ ပေးနိုင်သော အကောင်းဆုံးအရာမှာ မီးခိုးရောင် ဝိညာဉ်စာချုပ်အမှတ်အသားသာဖြစ်ကြောင်း သူမ သိထားသည်။ အက်စ်တလီနာအတွက်မူ မီးခိုးရောင်ဖျော့ဖျော့ ပင်ဖြစ်လေသည်။

သို့သော် သူမ၏ မျက်လုံးရှေ့၌ မြင်နေရသော အမှတ်အသားသည် အလွန်မဲနက်နေသော အနက်ရောင်စစ်စစ်ဖြစ်လေသည်။

၎င်းသည် ကောင်းကင်မှ ကျဆင်းလာသော အနက်ရောင် မီးတောက်များထက်ပင် ပို၍ မဲနက်နေလေသည်။ ၎င်းသည် မည်သည့်အရာ ဖြစ်နိုင်သည်ကို သူမ နားမလည်ပေ။

သူမ တစ်ခုခုကို နားလည်မှုလွဲသွားခြင်းလော။ ၎င်းသည် ဝိညာဉ်အမှတ်အသား မဟုတ်ဘဲ ထိုကဲ့သို့သာ ထင်ရသော အရာတစ်ခုလော။ သူမ၌ မေးခွန်းများစွာ ရှိနေခဲ့သည်။

ထိုဝိညာဉ်အမှတ်အသားသည် အသက်ဝင်လာပြီး အာရန်သည် သူ၏ နှလုံးခုန်သံများ ရပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အစောပိုင်းက ဝိညာဉ်ကရားအိုးဖြင့် စုပ်ယူခံခဲ့ရသော သူ၏ ပတ်ဝန်းကျင်မှ ဝိညာဉ်အဆီအနှစ်များသည် အနားတွင်ပြန်လည်စုစည်းလာသည်ဟု ခံစားလိုက်ရသည်။

တစ်ချိန်တည်း၌ ဝိညာဉ်အဆီအနှစ်များ စီးဆင်းမှုသည် ကောင်းကင်သို့ ပျံသန်းသွားပြီး အနက်ရောင်မီးတောက်များကို ထိုနေရာ၌ ရပ်တန့်သွားစေခဲ့သည်။ ဝိညာဉ်ဘုရင်မ ဖီလိုနာပင်လျှင် ထိုသို့ အရာမျိုးကို အလွယ်တကူ မပြုလုပ်နိုင်ပေ။

အာရန်သည် သူ၏ရှေ့၌ ပုံရိပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။

သူသည် ထိုပုဂ္ဂိုလ်၏ နောက်ကျောကိုသာ မြင်နိုင်သော်လည်း ၎င်းသည်အမျိုးသမီးတစ်ဦးဖြစ်ကြောင်းသေခြာနေခဲ့ပြီး သူမ၏ ခန္ဓာကိုယ်တွင် ပေါ့ပါးသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားပြီး သူမ၏ ခန္ဓာကိုယ် အချိုးအဆစ်များကို ပေါ်လွင်စေခဲ့သည်။

သူမ၏ ဆံပင်ရှည်များသည် မြင်းမြီးသဏ္ဍန်ဖြင့် စည်းနှောင်ထားပြီး ထိုဆံပင်များ၏အရှည်သည် သူမ၏ ခြေချင်းဝတ်အထိပင်ရောက်လေသည်။

ထိုအမျိုးသမီးသည် အနက်ရောင်မီးတောက်များကို တားဆီးပြီးနောက် သူမ၏ လက်နှစ်ဖက်ကို ပြန်ကြည့်လိုက်သည်။

“ငါ မှတ်မိပြီး... ငါက...”

တစ်စုံတစ်ခုကို သဘောပေါက်လိုက်ပုံဖြင့် သူမ၏ အသံသည် အနည်းငယ် ဝမ်းနည်းသံပါနေလေသည်။

သူမသည် တိုးတိုးလေးညီးတွားလိုက်ခြင်းဖြစ်သော်လည်း အာရန်သည် သူမ၏ အသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့သည်။

၎င်းသည် နူးညံ့သိမ်မွေ့ပြီး နွေးထွေးသော နွေရာသီ၏ နေ့လေးတစ်နေ့၌ ညင်သာသော လေပြေလေးတစ်ခု ၏ တိုက်ခတ်သံကဲ့သို့ အလွန်နှစ်လိုဖွယ်ကောင်းလှသည်။

ဝိညာဉ်ဘုရင်မသည် ထိုအမျိုးသမီး၏ နောက်ကျောကို စိုက်ကြည့်နေမိကာ သူမ၏ အမည်ကို သိချင်နေခဲ့သည်။

သူမသည် ဤအမျိုးသမီးသည် ဝိညာဉ်တစ်ဦးဖြစ်နေကြောင်း သေချာသိနေသော်လည်း မည်သူမှန်းမသိနိုင်ခဲ့ချေ။

သူမသည် ထိုအမျိုးသမီးကို ကြည့်မိသောအခါ သူမသည်အလွန်မြင့်မြတ်သော တည်ရှိမှုတစ်ခုကို ကြည့်နေမိသကဲ့သို့ ခံစားရသည်မှာ အဘယ်ကြောင့်နည်း။

ဝိညာဉ်များတွင် အခြားမျိုးနွယ်များကဲ့သို့ သွေးမျိုးဆက် ဖိနှိပ်ခြင်းမျိုး မရှိပေ။ ရှိခဲ့လျှင်ပင် ဝိညာဉ်ဘုရင်မ ဖီလိုနာသည် အသန့်စင်ဆုံးသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ဒါဆို ဘာကြောင့်လဲ။

ဘာကြောင့် သူမသည် သူမထက်အဆင့်မြင့်မားသော ဘုရင်မတစ်ယောက် ဆင်းသက်လာသကဲ့သို့ ခံစားချက်များဖြစ်ပေါ်ကာ ချက်ချင်း ဒူးထောက်ရန်ပင် မသိစိတ်က တိုက်တွန်းနေရသနည်း။

အာရန်၏ ရှေ့၌ရှိနေသော ထိုအမျိုးသမီးသည် ဖြည်းဖြည်းချင်း လှည့်လာပြီး သူမ၏ မျက်နှာကို အာရန်အား ပြသလိုက်သည်။

အာရန်သည် ထိုအမျိုးသမီးကို ကြည့်မိလိုက်သောအခါ သူမသည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သက်ကြွေ နတ်သမီးတစ်ပါးကဲ့သို့ အလွန်တရာ လှပသူဖြစ်ကြောင်း သတိထားမိလိုက်သည်။

ထိုအရာမှလွဲ၍ ထိုအမျိုးသမီး၏ အသွင်အပြင်သည် သူအား မည်သည့် ပြင်းထန်သော တုံ့ပြန်မှုမျှ မဖြစ်စေခဲ့ပေ။

တစ်ဖက်တွင်မူ ဝိညာဉ်ဘုရင်မ ဖီလိုနာ၏ မျက်နှာသည် လုံး၀ဖြူရော်သွားတော့သည်။

တစ်စက္ကန့်မျှပင် တွေဝေမနေတော့ပဲ သူမသည် ချက်ချင်းဒူးထောက်လိုက်ကာ သူမ၏ ရင်ဘတ်ပေါ်၌ လက်တစ်ဖက်ကို တင်လိုက်သည်။

“ကျွန်မ နှစ်ဆယ့်ခုနစ်ယောက်မြောက် ဝိညာဉ်ဘုရင်မ ဖီလိုနာက ဝိညာဉ်လောကရဲ့ မူလအုပ်စိုးသူ ပထမ ဝိညာဉ်ဘုရင်မကို ဦးညွှတ်အရိုအသေပေးပါတယ်”

အာရန် ခေါ်ယူလိုက်သော ထိုအမျိုးသမီးအား လူအများစုက မှတ်မိကြမည် မဟုတ်ပေ။ အာရန်ပင်လျှင် သူ ခေါ်ယူလိုက်သော ဤ စောင့်လျှောက်သူသည် မည်သူဖြစ်မှန်း မသိခဲ့ပေ။

သူသိသောအရာတစ်ခုမှာ ၎င်းသည် ဒဏ္ဍာရီလာအဆင့် ဆုလာဘ်တစ်ခု ဖြစ်သည်ဟူသော အချက်တစ်ချက်သာ ဖြစ်လေသည်။

“ဟင်... ဘယ်လို…..”

အာရန်သည် နောက်ဆုံး၌ ပြင်းထန်သော တုံ့ပြန်မှုတစ်ခု ပြုလုပ်မိလိုက်သည်။

#Catfoot

All Chapters