← Chapters

မြှုပ်နှံထားသော အတိတ်

Vol. 14 Ch. 186

မြှုပ်နှံထားသော အတိတ်

Vol. 14 Ch. 186

အာရန်သည် သူခေါ်ယူလိုက်နိုင်သော ထိုစောင့်လျှောက်သူကို မသိနိုင်ခဲ့သော်လည်း ဝိညာဉ်ဘုရင်မ ဖီလိုနာမှာမူ ကွဲပြားခြားနားလေသည်။

ဝိညာဉ်များ၏ တော်ဝင်နန်းတော်တွင် ယခင် ဝိညာဉ်ဘုရင်မများအားလုံး၏ ပုံတူပန်းချီကားများ ရှိနေခဲ့လေသည်။ ထိုအထဲမှ တစ်ခုသည် အားလုံးထဲတွင် အထူးခြားဆုံးဖြစ်ပြီး လူအများမြင်ကွင်းမှ ဖုံးကွယ်ထားသည်။

၎င်းသည် ပထမဆုံး ဝိညာဉ်ဘုရင်မ၏ ပုံတူပန်းချီကားဖြစ်ပြီး ၎င်းသည် ပထမဆုံး ဖြစ်တည်လာသော ဝိညာဉ်လည်း ဖြစ်လေသည်။

ဖီလိုနာပင်လျှင် ယုံကြည်ရန် ခက်ခဲနေသည်။ သေဆုံးသွားသော ဝိညာဉ်တစ်ဦး သည် ပြန်လည်အသက်ရှင်လာရန် မဖြစ်နိုင်ပေ။

ထိုအကြောင်းကို စဉ်းစားရုံဖြင့်ပင် သူမသိထားသည့် သဘာ၀တရားနှင့်မည်သို့မျှ ဆီလျော်မှုမရှိပေ။

သို့သော် ယခုမူ ဤမဆီလျော်သောအရာသည် သူမ၏ရှေ့တွင် အမှန်တကယ်ပင် ဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။

ယခု ပထမ ဝိညာဉ်ဘုရင်မသည် သူမ၏ မျက်စိရှေ့၌ပင် ရပ်နေလေသည်။

သူမ၏ မျက်နှာသည် ပုံတူပန်းချီကား၌ ပုံဖော်ထားသော ပထမ ဝိညာဉ်ဘုရင်မနှင့် လုံးဝ ထပ်တူညီနေသည်။

သို့သော် ထိုအချက်တစ်ခုတည်းဖြင့် သူမ၏ အမည်ကို သက်သေပြရန် မလုံလောက်ပေ။

ဖီလိုနာ၏ သံသယများကို အတည်ပြုနိုင်သောအချက်မှာ ဤဝိညာဉ်သည် ဝိညာဉ်အဆီအနှစ် မရရှိနိုင်သော ယခုလိုအချိန်၌ပင် သူမ၏ စွမ်းရည်များကို အသုံးပြုနိုင်ခြင်းဖြစ်လေသည်။

သူမသည် ၎င်းဝိဉာဏ်အဆီအနှစ်များ၏ အစစ်အမှန် ဖန်တီးသူဖြစ်သောကြောင့် ဤလောကတစ်ခုလုံးက သူမ၏ စကားကို နားထောင်နေသကဲ့သို့ ဖြစ်နေသည်။

သူမနောက်ပိုင်းမှ တည်လာသော ဝိညာဉ်အားလုံးသည် ဤလောက၌ ဧည့်သည်များသာ ဖြစ်သည်ဟုယူဆ၍ရလေသည်။

၎င်းတို့သည် ဤနေရာ၏ အစစ်အမှန်ပိုင်ရှင်များဟု ပြော၍မရပေ။ နောင်တက်လာမည့် ဝိညာဉ်ဘုရင်မများပင်လျှင် ပထမ ဝိညာဉ်ဘုရင်မ ရရှိခဲ့သော ဤလောက၏ တူညီသော အသိအမှတ်ပြုမှုမျိုးကို ရရှိနိုင်မည်မဟုတ်ပေ။

“နှစ်ဆယ့်ခုနစ်ဆက်... အချိန်တွေ အများကြီး ကုန်လွန်သွားခဲ့ပြီပဲ...” ပထမဝိညာဉ်ဘုရင်မသည် တိုးတိုးလေး ရေရွတ်လိုက်သည်။

ထို့နောက် သက်ပြင်းချလိုက်ကာ သူမသည် အာရန်ဘက်သို့ လှည့်လိုက်ပြီး သူမ၏ မျက်လုံးများ၌ မှတ်မိသလိုလို အမူအရာတစ်ခု ပေါ်လာသည်။

“အဲဒီစကားတွေကို ငါ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး ဒါပေမဲ့ ဒါက တကယ် ဖြစ်နိုင်တယ်လို့ ထင်ထားတာ...” သူမသည် ဝေ့လည်ကြောင်ပတ် ပြောလိုက်သောကြောင့် အာရန် ပို၍ ရှုပ်ထွေးသွားသည်။

ဤအမျိုးသမီးသည် ဘာအကြောင်းများပြောနေသနည်း။ သူမ ဆိုလိုသည့်အရာကား အဘယ်နည်း။ သူမသည် သေခြင်းတရားဆီမှ ပြန်လာနိုင်ခြင်းအကြောင်း ပြောနေခြင်းများလား။

ထိုအရာဆိုပါက အဓိပ္ပာယ်ရှိပေမည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် ၎င်းသည် ထိုသို့မဟုတ်ဟု သူ ခံစားနေရသည်။

သူမသည် ဆက်လက်ပြောဆိုခြင်း မပြုဘဲ သူမ၏ အကာအကွယ်လွှာဖြင့် တားဆီးထားသော မီးတောက်မုန်တိုင်းဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

သူမသည် မုန်တိုင်းကို ဖြတ်၍ တစ်ဖက်၌ ရပ်နေသော နစ်ခရိုမန်ဆာအရိုးစုကို မြင်လိုက်ရလေသည်။

သူမသည် ထိုသူကို မြင်လိုက်သောအခါ သူမ၏ မျက်လုံးများ၌ ဝမ်းနည်းမှုများ ပြည့်နှက်လာလေသည်။

သူမသည် သူမသေဆုံးပြီးနောက် ထိုယောင်္ကျားအား ဘေးကင်းစွာ နေထိုင်စေလိုရုံသာဖြစ်ပြီး လက်စားချေခြင်းအကြောင်းများကို မစဉ်းစားမိခဲ့ပေ။

ယခုကဲ့သို့သော အရာများ ဖြစ်ပျက်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သူမ ပျော်ရွှင်စွာနှင့် ဘေးကင်းစွာ နေထိုင်စေလိုသော ထိုသူသည် သေခြင်းတရား၌ပင် ငြိမ်းချမ်းမှုကို မရရှိနိုင်ခဲ့ပေ။

သူသည် တူညီသော လက်စားချေလိုစိတ်ဖြင့် ပြန်လာရန် အတင်းအကျပ် စေခိုင်းခံခဲ့ရသည်။

ဝိညာဉ်ကရားအိုးအတွက်မူ ၎င်းကို သူ၏ ဘေးကင်းမှုအတွက် ပေးအပ်ထားခဲ့ခြင်းဖြစ်သည်။ ယခု ထိုအရာသည် ဝိညာဉ်များအားလုံးကို ငရဲသို့ တွန်းပို့လုနီးပါးဖြစ်သွားခဲ့ရသည်။

“ကိုယ့်ရဲ့ ကမ်းလှမ်းမှုကို မင်း မယူချင်ဘူးဆိုတာ သေချာလား မယူရင် တစ်ချိန်မှာ မင်းနောင်တအကြီးကြီး ရလိမ့်မယ်နော်...”

အလွန်ဝေးကွာသောအချိန်တစ်ခုက သူမ ကြားခဲ့ရသော စကားသံအချို့သည် သူမ၏ စိတ်ထဲ၌ ပြန်ပေါ်လာလေသည်။

သူမသည် မျက်လုံးများကို မှိတ်ထားလိုက်ကာ မြှုပ်နှံထားခဲ့သော အတိတ်ကို ပြန်လည်ခံစားကြည့်လိုက်သည်။

သူမသည် ထိုစဉ်က သေလုမျောပါး ဖြစ်ခဲ့သောထိုအဖြစ်အပျက်ကို မနေ့တစ်နေ့ကမှ ဖြစ်ပျက်ခဲ့သကဲ့သို့ ပင်ခံစားမိလိုက်သည်။

“အမေ အဲဒီအမျိုးသမီးက တကယ်ပဲ...”

အက်စ်တလီနာသည် နောက်ဆုံးခြိမ်းခြောက်မှုကြောင့် အာရန်ကို ကြောက်ရွံ့နေဆဲဖြစ်သော သူမ၏ မိခင်အနားသို့ ချဉ်းကပ်လာသည်။

“ဟုတ်တယ်... သူက ပထမ ဝိညာဉ်ဘုရင်မပဲ”

ဖီလိုနာက အတည်ပြုပေးလိုက်သည်။ တခြား ဖြစ်နိုင်ခြေ မရှိတော့ပေ။

မည်သို့ပင်ဆိုစေ ထိုလူသားသည် ပထမ ဝိညာဉ်ဘုရင်မကို ပြန်လည်အသက်သွင်းနိုင်ခဲ့သူဖြစ်သည်။ ထိုမျှသာမက သူသည် ထိုပထမဝိညာဉ်ဘုရင်မနှင့် စာချုပ်ပင် ချုပ်ဆိုထားလေသည်။

အရာအားလုံးသည် အလွန်မဆီလျော်ပုံရလေသည်။

သူမသည် မဖြစ်နိုင်သောအရာများကို အမှန်တကယ်ဖြစ်ပျက်လာအောင် ပြောင်းလဲပေးနိုင်သော အာရန်ကို အံ့အားသင့်စွာငေးကြည့်နေမိသည်။

သူမ နားမလည်သော အရာတစ်ခု ကျန်သေးသည်။ သူသည် ပထမ ဝိညာဉ်ဘုရင်မကို ခေါ်ယူနိုင်လျှင် ၎င်းတို့အား သူ၏ လက်အောက်သို့ခိုဝင်ရန် ထိုမျှအထိ ဖိအားပေးစရာ အဘယ်ကြောင့်လိုအပ်ခဲ့ရသနည်း။

သူသည် အစောပိုင်းကသာ ထိုပထမဝိညာဉ်ဘုရင်မကို ခေါ်ယူခဲ့လျှင် ဝိညာဉ်အားလုံးသည် သူ၏လက်အောက်ခံအဖြစ်အလိုလိုဖြစ်သွားကြလိမ့်မည်မဟုတ်ပါလား။ ဒါဆို အဘယ်ကြောင့်နည်း။

အဘယ်ကြောင့် သူသည် ထိုအရာကို မဖော်ပြခဲ့သနည်း။ သူ၏ ရည်မှန်းချက်အစစ်အမှန်ကား အဘယ်နည်း။

သူမသည် အာရန်ကို ပို၍ နားလည်ရန် ကြိုးစားလေလေ သူသည် ပို၍ နားမလည်နိုင်သောသူတစ်ဦး ဖြစ်ကြောင်း တွေးမိလာလေလေဖြစ်သည်။

သူမသည် အာရန်မှာ သူ၏ စောင့်လျှောက်သူ ထိုပထမဝိညာဉ်ဘုရင်မအပေါ် သူမထက်ပင်များစွာ ပို၍ အံ့အားသင့်နေကြောင်းကိုတော့ သူမမသိခဲ့ပေ။

သူသည် ထိုလစ်ခ်ျဟုခေါ်သော နစ်ခရိုမန်ဆာအရိုးစု၏ ချစ်သူကို ခေါ်ယူမိခဲ့သလော။ သူမသည် သူ့အား သစ္စာဖောက်တော့မည်လော။

စောင့်လျှောက်သူတစ်ဦးသည် ပထမတွေ့ဆုံချိန်တွင်ပင် သူ့အား သစ္စာဖောက်ရန်မှာ ဖြစ်နိုင်ပါ၏လော။ သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်လာခဲ့လေသည်။

အာရန်သည် ပြောစရာစကားလုံးများ ပျောက်ဆုံးလျက်ရှိသည်။

သူ၏ စောင့်လျှောက်သူသည် သူ့ကို သစ္စာဖောက်ခဲ့လျှင်ပင် မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် သူသည် အသင့်ဖြစ်နေရမည်ဖြစ်သည်။

ပထမ ဝိညာဉ်ဘုရင်မသည် သူမ၏ ဝိညာဉ်အဆီအနှစ်ဖြင့် ဖန်တီးယူထားသော ထို ဝိညာဉ်ကရားအိုးနှင့် အဆက်အသွယ်တစ်ခု ပြုလုပ်လိုက်ကာ သူမ၏ လက်ကို မြှောက်လိုက်သည်။

အချိန်များစွာကြာသွားခဲ့ပြီဖြစ်သော်လည်း ၎င်းသည် သူ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။

ဝိညာဉ်ကရားအိုးသည် မတည်မငြိမ်ဖြစ်လာကာ ၎င်းနစ်ခရိုမန်ဆာအရိုးစုထံမှ အတင်းအကြပ်ရုံးထွက်ကာ အနက်ရောင်မီးတောက်မုန်တိုင်းကို ဖြတ်၍ သူမ၏ လက်အတွင်းသို့ ရောက်ရှိသွားသည်။

နစ်ခရိုမန်ဆာသည် ထိုကရားအိုးနောက်သို့ အလျှင်အမြန် လိုက်ပါသွားခဲ့သော်လည်း ထိုကရားအိုးကို ကိုင်ထားသောပုဂ္ဂိုလ်ကို မြင်လိုက်ရသောအခါ သူ၏ ခန္ဓာကိုယ်သည် လုံးဝ ရပ်တန့်သွားမိသည်။

“မဖြစ်နိုင်ဘူး ဒါက လုံး၀ မဖြစ်နိုင်ဘူး”

သူသည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ဟောက်ပက်ဖြစ်နေသော မျက်လုံးအိမ်ရှိ မီးတောက်များသည် ပို၍ပင် အားကောင်းလာခဲ့သည်။

“မင်း ဘယ်လိုတောင်လုပ်ရဲတာလဲ ငါ့ကို လှည့်စားဖို့ သူမရဲ့ မျက်နှာကို ဘယ်လိုလုပ်အတုလုပ်ရဲတာလဲ”

အရိုးစုသည် တစ်ချက်ဟိန်းဟောက်လိုက်ပြီး ပထမဦးဆုံးအကြိမ်အဖြစ် သူသည် စိတ်ထိန်းချုပ်မှုမှ လွတ်ထွက်သွားတော့သည်။

သူမ အမှန်တကယ် ပြန်လာသည်ဟု သူ မယုံကြည်နိုင်ခဲ့ပေ။

သူ၏ မျက်လုံးများ၌ ၎င်းသည် ဝိညာဉ်တို့၏ လှည့်ကွက်တစ်ခုပင်ဖြစ်သည်။

သူမ သေဆုံးပြီးနောက်၌ပင် ၎င်းတို့သည် သူမ၏ မျက်နှာကို အသုံးပြု၍ သူ့အား လှည့်စားနေကြဆဲဖြစ်သည်။ ဤဝိညာဉ်များသည် သူ့အပေါ် အရမ်းလွန်လွန်း သွားကြပြီဖြစ်သည်။

“မင်းတို့အားလုံး သေရမယ်”

နစ်ခရိုမန်ဆာအရိုးစုသည် အေးစက်စွာ ပြောလိုက်သည်။ ထိုအချိန်၌ သူသည် အမှန်တကယ် စိတ်လွတ်သွားသကဲ့သို့ ဖြစ်သွားပြီဖြစ်သည်။

သူသည် သူ၏မျက်လုံးများအတွင်း အတုအယောင်အဖြစ်သတ်မှတ်ထားသော ပထမ ဝိညာဉ်ဘုရင်မကို တိုက်ခိုက်ရန် အသိစိတ်ကင်းမဲ့စွာ ပြေးဝင်သွားတော့သည်။

သို့သော် သူ သူမအနီးသို့ ရောက်သောအခိုက်အတန့်၌ ဝိညာဉ်ဘုရင်မသည် သူမ၏ လက်ထဲရှိ ဝိညာဉ်ကရားအိုးကို ခွဲပစ်လိုက်တော့သည်။

သူမ၏ ချစ်သူဖြစ်ခဲ့သူ လစ်ခ်ျ (ဝါး) နစ်ခရိုမန်ဆာအရိုးစုသည် ရုတ်တရက် ရပ်တန့်သွားသည်ကို ကြည့်ရင်း သူမ၏ ပါးပြင်ပေါ်၌ မျက်ရည်တစ်စက် ကျဆင်းသွားလေသည်။

အာရန်သည် ၎င်း၏ ဖန်တီးသူ ခွဲချေလိုက်သော ဝိညာဉ်ကရားအိုးမှ ဝိညာဉ်အဆီအနှစ်များ လွတ်မြောက်သွားသည်ကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

‘မဆိုးဘူး သူမက ငါ့ကို သစ္စာမဖောက်ရုံတင်မကဘူး ဘယ်သူမှမပြောပဲနဲ့ ‘အဲဒါ’ ကိုလည်း သတိပြုမိခဲ့တယ်’

၎င်း ကရားအိုးသည် လစ်ခ်ျကို အနိုင်ယူရန် သူ၏ စွမ်းရည်ကို ယုံကြည်မှုရှိနေရသည့် အကြောင်းရင်းတစ်ခုလည်းဖြစ်လေသည်။

အခြား နစ်ခရိုမန်ဆာတစ်ဦးဆိုလျှင် သူ ယခုကဲ့သို့ဆုံးဖြတ်ရန် တွန့်ဆုတ်မိခဲ့လိမ့်မည်ဖြစ်သည်။

သို့သော် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကြောင့် သူသည် ထိုနစ်ခရိုမန်ဆာ၏ အားနည်းချက်ကို သတိပြုမိခဲ့ပြီးဖြစ်သည်။

၎င်း ဝိညာဉ်ကရားအိုး သည် သူနှင့်အတူ ယူဆောင်လာခဲ့သော အားနည်းချက်တစ်ခုလည်း ဖြစ်လေသည်။

#Catfoot

All Chapters