← Chapters

အကြီးမြတ်ဆုံးသူရဲကောင်း သို့မဟုတ် အကြီးမားဆုံး ကပ်ဘေး

Vol. 14 Ch. 190

အကြီးမြတ်ဆုံးသူရဲကောင်း သို့မဟုတ် အကြီးမားဆုံး ကပ်ဘေး

Vol. 14 Ch. 190

အာရန်၏ စိတ်ထဲ၌ မေးခွန်းများစွာ ပြည့်နှက်နေသည်။ သူ ယခုထိ သိရှိခဲ့သော အရာများသည် ရှုပ်ထွေးသော ပဟေဠိကြီးတစ်ခု၏ အပိုင်းအစငယ်လေးတစ်ခုသာ ဖြစ်သည်ဟု ခံစားမိနေသည်။

သူသည် ထိုပဟေဠိ၏ အစိတ်အပိုင်းတစ်ခုလား သို့မဟုတ် သူ၏ ဖြစ်တည်မှုမှာ ထိုပဟေဠိကို ဖျက်ဆီးပစ်မည့်အရာတစ်ခုလား သူ ယခုချိန်ထိ မသိနိုင်သေးပေ။

အာရန်သည် ဝတ္ထုထဲ၌ ရန် နီခရိုလိုင်းကို အထင်သေးခဲ့မိသည်။

သူ့သိထားခဲ့သည်မှာ ရန်သည် အဓိကဇာတ်လိုက်နှင့် ရန်သူများဖြစ်လာပြီးနောက် ထိုဇာတ်လိုက်၏လက်ချက်ဖြင့်ပင် အစောဆုံး သေဆုံးခဲ့ရသည့် အရေးမပါသည့် ဗီလိန်အသေးစာလေး တစ်ဦးသာ ဖြစ်လေသည်။

သို့သော် ရန်အကြောင်းကို သူ ပို၍ သိလာလေလေ ထိုအရာများသည် ပို၍ အဓိပ္ပာယ်မဲ့လာလေလေဖြစ်သည်။

သူဖတ်ခဲ့သော ဝတ္ထုသည် လှည့်စားထားခြင်းသက်သက်ပေလော။ သို့မဟုတ် ရန်နှင့်ပတ်သတ်သော အကြောင်းအရာများသည် ပြောင်းလဲခြင်းခံခဲ့ရသလော။

သို့မဟုတ် အခြားတစ်ခုခု ဖြစ်ပျက်သွားခဲ့ခြင်းလော။ ဖြစ်နိုင်လျှင် သူသည် ထိုစာရေးသူပုဂ္ဂိုလ် နှင့် နောက်တစ်ကြိမ် ထပ်မံ စကားပြောလိုနေသေးသည်။

ကံမကောင်းစွာဖြင့် သူ့၌ မေးခွန်းဘောက်ချာများ မကျန်ရှိတော့ပေ။ တတိယတစ်ခု ထပ်မံရရှိလာရန် အခွင့်အရေးသည်လည်း အလွန်နည်းပါးလေသည်။

ထို့နောက်အာရန်သည် ပလ္လင်‌ပေါ်မှ ထရပ်လိုက်ကာ လှည့်ထွက်သွားလိုက်သည်။

သူသည် ခမ်းနားသော ထိုခန်းမဆောင်မှ ထွက်ခွာလာခဲ့သော်လည်း စိတ်မသက်မသာဖြစ်သော ခံစားချက်ကို ဖယ်ရှားနိုင်စွမ်း မရှိသေးပေ။

သူသည် လူသူကင်းမဲ့သော စင်္ကြံလမ်းကလေးကို ဖြတ်လျှောက်သွားရင်း သူ၏ ခြေသံများသာ တိတ်ဆိတ်နေသော ထိုစင်္ကြံလမ်းကလေးအတွင်း သူ့အား အဖော်ပြုသယောင် ခံစားနေမိသည်။

လမ်းတစ်လျှောက်၌ သူသည် မည်သည့် အစောင့်များ သို့မဟုတ် အစေခံများကိုမျှ မတွေ့ခဲ့ပေ။

၎င်းတို့အားလုံးသည် တတိယကျွန်ရှိ ဝိညာဉ်ဘုရင်မကို ကူညီရန် နန်းတော်မှ ထွက်ခွာသွားကြပြီဖြစ်သဖြင့် ခမ်းနားသော နန်းတော်ကြီး တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်ခြောက်ကပ်နေလေသည်။

“ဟင်”

ထို့နောက် အာရန်သည် ခြေလှမ်းအနည်းငယ်ခန့်ထပ်မံ လှမ်းလိုက်စဉ် သူ၏နောက်မှ လေတိုးသံတစ်ခုနှင့်အတူ ရင်းနှီးသော ခံစားချက်တစ်ခုကို ရလိုက်သည်။

သူသည် ခြေလှမ်းများရပ်တန့်လိုက်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။

“လက်စသတ်တော့ မင်းက ဒီမှာ ရောက်နေတာကိုး”

အာရန်သည် သေးငယ်သော ဆီလက်စ်ကလေးမှာ သူ့ဆီသို့ ယခင်ကကဲ့သို့ပင် ပျံသန်းလာနေသည်ကို တွေ့မြင်လိုက်လေသည်။

သို့သော် သူမသည် လက်ဗလာ ဖြင့်ပြန်လာခြင်း မဟုတ်ပေ။ သူမသည် ရွှေဖြင့် ပြုလုပ်ထားပုံရသော ခွက်တစ်ခုကို ကိုင်ဆောင်ထားသည်။

ထိုခွက်သည် သူမထက်ပင် များစွာပိုကြီးမားပုံရပြီး သူမ၏ အရွယ်အစားထက် နှစ်ဆနီးပါး ရှိလေသည်။ သို့သော် သူမသည် ထိုခွက်ကို ကိုင်ဆောင်ရင်းဖြင့်ပင် အာရန်ဆီသို့ ပျံသန်းလာခဲ့လေသည်။

အာရန်သည် သူ၏ လက်ကို ဆန့်တန်းပေးလိုက်သည်။ ဆယ်လီစတီသည် ရွှေခွက်ကို ချလိုက်ပြီး သူ၏ ပခုံးပေါ်သို့ ဆင်းသက်ကာ သူမ၏ ချွေးများကို ပြန်သုတ်လိုက်သည်။

“မင်း အဲဒါကို ရှာဖို့ သွားခဲ့တာလား?” အာရန်သည် ရွှေခွက်ပေါ်၌ ‘ခွဲခြားသတ်မှတ်ခြင်း’ စွမ်းရည်ကို အသုံးပြုရင်း မေးလိုက်သည်။

.........

အမည်: တားမြစ်ခြင်းကျိန်စာ သင့်နေသော ခွက်

အဆင့်: ထူးခြား

ဖော်ပြချက်: တတိယ ဝိညာဉ်ဘုရင်မသည် လူသားကမ္ဘာမှ ယူဆောင်လာသော မူလအမည်မသိ လက်မှုပညာရှင်တစ်ဦး ၏ လက်ရာမြောက်ခွက်တစ်ခု။

သက်ရောက်နိုင်မှု : ပေတစ်ရာ အချင်းဝက်အတွင်းရှိ မည်သည့် ဟင်းလင်းပြင်ဥပဒေသ အသုံးပြုနိုင်သည့် ရတနာပစ္စည်းကိုမဆို ငါးမိနစ်ကြာ အသုံးမဝင်စေရန်တားမြစ်ပေးသည်။

အသုံးပြုနိုင်မှု: ၁/၃

.........

“ဒါက... ငါလိုအပ်နေတာနဲ့ ကွက်တိပဲ”

အာရန်သည် ခဏတာ သူ၏ အခက်အခဲအားလုံးကို မေ့လျော့ကာ အော်ဟစ်မိလိုက်သည်။ ၎င်းသည် သူယခုအချိန်လိုအပ်နေသော အရာပင်ဖြစ်သည်။

သူလိုအပ်သောအရာသည် ဝိညာဉ်လောက၌ ရှိသည်ဟု ဆီလက်စ်မှ ပြောခဲ့စဉ်အခါက သူ အနည်းငယ် မယုံကြည်နိုင်ဖြစ်ခဲ့သော်လည်း သူမ လိမ်နေသည်ဟုလည်း မထင်ခဲ့ပေ။

ထို့ကြောင့် သူသည် ဤနေရာသို့ ရောက်လာလိုနေခဲ့ခြင်းဖြစ်လေသည်။

ယခု သူ၏ လက်ထဲသို့ ယခုပစ္စည်းသည် နောက်ဆုံး၌ ရောက်ရှိလာသဖြင့် ဆီလက်စ်သည် သူမစကားကိုသူမပင် မှန်ကန်ကြောင်း သက်သေပြလိုက်ပြီဖြစ်သည်။

သူမသည် ဤပစ္စည်းအကြောင်းကို သိနေရုံသာမက ၎င်းကို မည်သည့်နေရာတွင် ရှာရမည်ကိုလည်း သိနေခဲ့သည်။

ထိုခွက်ကို ရရှိလိုက်သောကြောင့် သူ့ကို သေစေလိုသော ထိုအဓိကဇာတ်လိုက်ကို နောက်ဆုံး၌ ကိုင်တွယ်ဖြေရှင်းရန် သူ လိုအပ်သော အရာအားလုံး ပြည့်စုံသွားပြီ ဖြစ်သည်။

“မင်း ခိုးခဲ့တာလား”

အာရန်သည် သူ၏ ပခုံးပေါ်၌ ထိုင်နေသော မိန်းကလေးအငယ်လေးကို မေးလိုက်သော်လည်း ဆီလက်စ် သည် သူ့ကို အပြစ်ကင်းစွာပင် ပြန်လည်စိုက်ကြည့်နေခဲ့သည်။

သူမအတွက် ခိုးယူခြင်းဟူသော အယူအဆသည် ယခုထိ သေချာစွာ နားမလည်သေးသောအရာဖြစ်ဟန်ရသည်။

သူမသည် တစ်ခုခု မှားယွင်းလုပ်ဆောင်ခဲ့သလားဟုသာ တွေးတောနေပုံရသည်။

အာရန်သည် ထိုခွက်ကို သူ၏ စနစ်သိုလှောင်ခန်းအတွင်း၌ သိမ်းထားလိုက်သည်။ သူသည် ဆီလက်စ် ကို မဆူပူခဲ့ပေ။

ထိုအစား သူသည် သူမ၏ ခေါင်းကို ပွတ်သပ်ကာ ပြုံးပြလိုက်သည်။

“တော်လိုက်တာ ငါ့ ကလေးလေး”

ပထမဦးစွာ ဤနယ်မြေတစ်ခုလုံးသည် ယခု သူ့ပိုင်ဆိုင်သွားပြီဖြစ်သည်။ ထို့ကြောင့် ဤခွက်သည်လည်း သူ၏ ပိုင်ဆိုင်မှုပင်ဖြစ်သည်ဟုဆိုနိုင်လေသည်။

ထို့ကြောင့် ကိုယ့်ပစ္စည်းကိုယ်ပြန်ယူခြင်းသည် ခိုးသည်ဟု မည်သို့သတ်မှတ် နိုင်မည်နည်း။

ထို့ပြင် အကယ်၍ သူသည် ဤနေရာ၏ အုပ်ချုပ်သူတစ်ဦး မဟုတ်ခဲ့လျှင်ပင် ဘာအရေးနည်း။

သူတို့ လုပ်ခဲ့သမျှအရာများကိုချိတ်ထိုးကြည့်ပါက ခိုးယူခြင်းသည် လည်း သူ၏အမြင်၌ ဆိုးရွားသည့်အရာတစ်ခုမဟုတ်တော့ပေ။

အဓိကဇာတ်လိုက်နှင့် တိုက်ပွဲတွင် သူသည် ဖြောင့်မတ်မှန်ကန်နေ၍ မရပေ။ အာရန်သည် သူ၏ အသက်နှင့် လောင်းကြေးထပ်၍ မကစားလိုပေ။

အခြားသူများထံမှ ခိုးယူရလျှင်ပင် တောတွင်းဥပဒေသအရ အသက်ရှင်သန်မှုအတွက် ဆိုလျှင် အရာအားလုံး သည် တရားမျှတလေသည်။

အာရန်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ ဆီလက်စ် အကြိုက်ဆုံးဖြစ်သော ကိတ်မုန့်လေးတစ်ခုကို ထုတ်ယူလိုက်သည်။

သူသည် ပလ္လင်ခန်းသို့ ပြန်သွားလိုက်ကာ ထိုကိတ်မုန့်ကို ပလ္လင်ပေါ်၌ တင်ထားပြီး ဆီလက်စ် ကို စိတ်ရှိလက်ရှိ စားစေခဲ့သည်။

အာရန်သည် အခြားဝိညာဉ်များသာ ၎င်းတို့၏ ဘုရင်မထိုင်သော ပလ္လင်ကို ထမင်းစားပွဲအဖြစ် အသုံးပြုနေသည်ကို မြင်ပါက ၎င်းတို့၏ တုံ့ပြန်မှုများမည်သို့ဖြစ်ကြမည်ကို တွေးကြည့်လိုက်မိသည်။

.....

ယခုအချိန်၌ ဝိညာဉ်အားလုံးသည် နစ်ခရိုမန်ဆာနှင့် တိုက်ပွဲ၏ နောက်ဆက်တွဲများကို ဂရုစိုက်နေကြလေသည်။

ဤဖြစ်ရပ်ကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့ရသူများမှာ လုံးဝ ဖျက်ဆီးခံခဲ့ရသော နယ်စပ်မြို့ရှိ ဝိညာဉ်များပင်ဖြစ်လေသည်။

ထိုမြို့ရှိ ဝိညာဉ်များအားလုံးလိုလိုမှာ အသတ်ခံခဲ့ရပြီး အဆောက်အအုံများအားလုံးသည်လည်း ဖျက်ဆီးခံခဲ့ရသည်။

ဝိညာဉ်ဘုရင်မ ဖီလိုနာကိုယ်တိုင်ပင် နယ်စပ်မြို့သို့ သွားရောက်ကာ နစ်ခရိုမန်ဆာကြောင့် ပျက်စီးသွားခဲ့မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သူမသည် ဤနေရာ၌ ပို၍ အားကောင်းသော စစ်သည်များကိုပင် တာဝန်ပေးအပ်ခဲ့သည်။

၎င်းတို့၏ အလုပ်မှာ တော်ဝင်မြို့တော်မှ ဝိညာဉ်များ၏ အကူအညီဖြင့် မြို့တော်သစ်တစ်ခု ဖန်တီးနေစဉ် ဤနေရာကို ကာကွယ်စောင့်လျှောက်ရန်ဖြစ်လေသည်။

သူမသည် ဝိညာဉ်လောက၏ အနာဂတ်ကိုလည်း ပို၍ စိုးရိမ်နေခဲ့သည်။

တစ်ဖက်တွင် လစ်ခ်ျထက်ပင် အားကောင်းသော တစ်စုံတစ်ဦးသည် ၎င်းတို့အား နောက်ထပ် တိုက်ခိုက်ရန် ရောက်လာနိုင်သည်ကိုလည်း သူမ စိုးရိမ်နေခဲ့သည်။

ထိုသို့ ဖြစ်လာသောအခါ နောက်ထပ် ဝိညာဉ်များ အသက်ဆုံးရှုံးရခြင်း မရှိစေရန် သူမ ပြင်ဆင်မှုများ ပြုလုပ်ထားလိုသည်။

အခြားတစ်ဖက်တွင် သူမသည် အာရန်ကို စိုးရိမ်နေခြင်းဖြစ်သည်။

သို့သော် သူမသည် ထိုလူသားအား ဝိညာဉ်လောက၏ အစစ်အမှန် အုပ်ချုပ်သူအဖြစ် လက်ခံခဲ့ရရုံသာမက ပထမ ဝိညာဉ်ဘုရင်မသည်လည်း ထိုလူသားအတွက် အလုပ်လုပ်ပေးနေလေသည်။

သူသာ အလိုရှိပါက မည်သည့် နစ်ခရိုမန်ဆာထက်မဆို ၎င်းတို့အတွက် ပို၍ ကြီးမားသော ကပ်ဘေးတစ်ခုကိုပင် ယူဆောင်လာနိုင်စွမ်း ရှိလေသည်။

“မင်း သူ့ကို စိုးရိမ်နေတာလား” ပထမ ဝိညာဉ်ဘုရင်မသည် အတွေးများထဲ၌ နစ်မြောနေသော ဖီလိုနာ၏ နောက်၌ ပေါ်လာခဲ့သည်။

ဖီလိုနာသည် ယီလန် ၏ စကားများကို ကြားသောအခါ အံ့အားသင့်သွားပြီး သူမ၏ အတွေးများကို ဖောက်မြင်နိုင်သလားဟုပင် တွေးတောလိုက်မိသည်။

“ကျွန်မ မစိုးရိမ်ဘူးလို့ ပြောရင် လိမ်ပြောရာရောက်နေလိမ့်မယ် ကျွန်မလက်အောက်မှာသာ ဝိညာဉ်တွေက လူသားတစ်ယောက်အတွက် သူတို့ရဲ့ အိုးအိမ်ကို ဆုံးရှုံးခဲ့ရရင် ဝိညာဉ်သမိုင်းတစ်လျှောက်မှာ ကျွန်မဟာ အကြီးမားဆုံး ရာဇဝတ်သားတစ်ဦး ဖြစ်ကောင်းဖြစ်သွားလိမ့်မယ်” ဟု ဖီလိုနာက ပြန်ဖြေလိုက်သည်။

ယီလန် သည် သူမ၏ လက်ကို ဖီလိုနာ၏ ဦးခေါင်းပေါ်၌ တင်ထားလိုက်သည်။ သူမပင်လျှင် အနာဂတ်၌ ဘာဖြစ်လာမည်ကို သေချာမသိနိုင်ပေ။

“သူက ဝိညာဉ်လောကကို ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်အောင် ပို့ဆောင်နိုင်သလို ဘယ်တုံးကမှ မကြုံခဲ့ဖူးတဲ့ အဆိုးရွားဆုံး ကပ်ဘေးတစ်ခုကို လည်းယူဆောင်လာပေးနိုင်တယ် အရာရာကို အချိန်ကပဲ စကားပြောသွားနိုင်လိမ့်မယ်…”

#Catfoot

All Chapters