← Chapters

မနှစ်သက်သော တွေ့ဆုံမှု

Vol. 14 Ch. 191

မနှစ်သက်သော တွေ့ဆုံမှု

Vol. 14 Ch. 191

...

ဝိညာဉ်လောက၌ အချိန်အတော်အတန် ကြာမြင့်ခဲ့သော်လည်း လူသားကမ္ဘာ၌မူ အချိန်အနည်းငယ်ခန့်သာ ကုန်လွန်သွားခဲ့ခြင်း ဖြစ်လေသည်။

ရှုယင်သည် အာရန် ပျောက်ဆုံးသွားသည်ကိုပင် မသိရှိသေးဘဲ ဂိုဏ်းချုပ်၏ နန်းတော်သို့ ရောက်နေခဲ့သည်။

သို့သော် သူမသည် နန်းတော်ထဲသို့ ဝင်ရန် ပြင်ဆင်နေစဉ်မှာပင် အစောင့်များ၏ တားဆီးခြင်းကိုခံလိုက်ရသည်။

“မဟာအကြီးအကဲခင်ဗျာ ခဏစောင့်ပေးပါ ဂိုဏ်းချုပ်က အခု အစည်းအဝေး တစ်ခုလုပ်နေလို့ပါ”

“အစည်းအဝေးဟုတ်လား သူက ဘယ်သူတွေနဲ့ တွေ့နေတာလဲ”

ရှုယင်သည် မည်သည့်အလျင်လိုမှုမျှ မရှိသောကြောင့် သူမသည် အလျင်စလို အထဲသို့ မဝင်သွားခဲ့ပေ။

သို့သော် ဖန်းယု မည်သူနှင့် တွေ့နေသည်ကိုမူ သူမ စိတ်ဝင်စားနေဆဲဖြစ်သည်။

သူမသည် အခြားလူများနှင့် ကိုယ်တိုင် တွေ့ဆုံသည်မှာ ရှားပါးလေသည်။

“ဂိုဏ်းချုပ်က အကြီးအကဲ လီယွန်းဖန်၊ အကြီးအကဲ ကျန်းဝေတို့နဲ့အတူ အစည်းအဝေး လုပ်နေတာပါ” ဟု အစောင့်က ပြန်ဖြေကြားလိုက်သော်လည်း သူသည် မသိစိတ်တွင်အနည်းငယ်မသက်မသာခံစားလိုက်ရသောကြောင့် နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။

ရှုယင်သည် လီယွန်းဖန်အကြောင်း ပြောသောအခါ အဆင်ပြေခဲ့သော်လည်း ကျန်းဝေအကြောင်း ပြောသောအခိုက်အတန့်၌ သူမထံမှ အနည်းငယ်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်ကို ထိုအစောင့်မှ ခံစားလိုက်ရသောကြောင့် ဖြစ်လေသည်။

“မဟာအကြီးအကဲ ခင်ဗျား... အဆင်ပြေရဲ့လား...”

ခဏတာအတွင်းတွင် အစောင့်သည် မဆီလျော်သော အတွေးတစ်ခုကို တွေးမိလိုက်သည်။ ထိုသတ်ဖြတ်လိုစိတ်သည် အကြီးအကဲကျန်းဝေဆီသို့ ဦးတည်နေသလား။

သို့သော် သူသည် ထိုအတွေးကို ချက်ချင်း ဖယ်ရှားလိုက်သည်။ မဖြစ်နိုင်ပေ။

“ဒါဆို ကျွန်မ စောင့်နေပါ့မယ်”

ရှုယင် ပြန်ပြောလိုက်သည်။ သူမသည် ဘေးသို့ ဖယ်ပေးလိုက်ပြီး နံရံကို ကျောမှီကာ စောင့်နေလိုက်သည်။ သို့သော် သူမ၏ စိတ်သည် ရှုပ်ထွေးလျက်ရှိသည်။

သူမသည် လမ်းခရီးတွင် ကြားခဲ့သော ဂိုဏ်းသူအချို့၏ စကားများကို ယခုထိ မမေ့နိုင်သေးပေ။

ထိုမိန်းကလေးများသည် ကျန်းဝေနှင့် အာရန်တို့ အားလိုက်ဖက်သည်ဆိုသည့်အကြောင်းနှင့် ၎င်းတို့နှစ်ဦး၏ အနာဂတ်၌ ဖြစ်ပေါ်လာနိုင်သော လက်ထပ်ပွဲအကြောင်းကိုပင် မြိန်ယှက်စွာ ပြောဆိုနေခဲ့ ကြသည်။

၎င်းသည် အသိဉာဏ်နည်းသော ဂိုဏ်းသူအချို့၏ စိတ်ထင်ရာရမ်းသမ်း ပြောဆိုမှုများသာ ဖြစ်နိုင်ကြောင်း သူမ နားလည်နိုင်သော်လည်း ထိုအတွေးကို သူမ ဖယ်ရှားနိုင်ပစ်စွမ်း မရှိပေ။ ထိုအကြောင်းကို တွေးရုံဖြင့်ပင် သူမ၏ နှလုံးသားသည် မသက်မသာ ခံစားလိုက်ရလေသည်။

....

“အကြီးအကဲရန်နဲ့ တွေ့ပြီး ပြင်ဆင်မှုအားလုံးကို ဂရုတစိုက်လုပ်ထားပါ မင်းတို့ သုံးယောက်က နောက်အပတ်မှာ မင်းတို့ရဲ့ တပည့်တွေနဲ့အတူ ထွက်ခွာကြရလိမ့်မယ်” ဖန်းယုက သူမရှေ့ရှိ အကြီးအကဲနှစ်ဦးကို ပြောလိုက်သည်။

သူမသည် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူမ၏ လက်ကောက်ဝတ်ကို တခါတရံ ပွတ်သပ်နေသည်ကို မြင်တွေ့ရနိုင်သည်။

“ဟုတ်ကဲ့”

ကျန်းဝေသည် ခေါင်းညိတ်နာခံလိုက်ကာ လှည့်ထွက်သွားလေသည်။

လီယွန်းဖန် သည်လည်း နက်နက်ရှိုင်းရှိုင်း စဉ်းစားရင်း လှည့်ထွက်သွားသည်။

သူသည် စိတ်အနှောင့်အယှက်ဖြစ်စေသော နေရာတစ်ခုသို့ သွားရမည်ကို စိတ်မကောင်းဖြစ်ရမည့်အစား ပျော်ရွှင်နေသည်။

အာရန်သည် သူ့အားမခန့်လေးစားဆက်ဆံခဲ့၍ သူ့တပည့်ကိုပင် အစေခံအဖြစ် အတင်းအကျပ် ခိုင်းစေခဲ့လေသည်။

ထို့အပြင် အာရန်ကြောင့်နှင့် မဟာ အကြီးအကဲတစ်ဦး၏ ရိုက်နှက်ခြင်းကိုခံခဲ့ရသောအဖြစ်အပျက်ကိုလည်း သူ ယခုချိန်ထိ မမေ့နိုင်သေးပေ။

၎င်းခရီးစဉ်သည် အာရန်ကို ပြန်လည်တုံ့ပြန်ရန် သူ့အတွက် အခွင့်အရေးတစ်ခုလည်း ဖြစ်လေသည်။

ကျန်းဝေသည် ဂိုဏ်းချုပ်၏ နန်းတော်မှ ထွက်လာပြီးနောက် သူမ ပျံသန်းရန် ပြင်နေစဉ် ရုတ်တရက် ရပ်တန့်လိုက်သည်။

တစ်စုံတစ်ဦးက သူမကို စိုက်ကြည့်နေသကဲ့သို့ ခံစားရပြီး ထိုအကြည့်သည် သူမကို စိတ်မသက်မသာဖြစ်စေသည်။

သူမသည် လှည့်ကြည့်လိုက်သောအခါ အခြားသူမဟုတ်ဘဲ မဟာအကြီးအကဲ ရှုယင် ဖြစ်နေသည်ကို မြင်လိုက်သည်။

“မဟာအကြီးအကဲရှင် ကျွန်မကို ပြောစရာတစ်ခုခု ရှိနေလို့လား” ကျန်းဝေက မေးလိုက်သည်။

ပုံမှန်အားဖြင့် အကြီးအကဲအများစုသည် မဟာအကြီးအကဲများနှင့် ဆက်ဆံရာတွင် အမှားအယွင်းများ ပြုမူမိမည်စိုး၍ အတတ်နိုင်ဆုံးရှောင်ရှားလိုကြသည်။

သို့သော် ကျန်းဝေမှာမူ ကွဲပြားခြားနားလေသည်။ သူမသည် ထိုအရာများကို ဂရုမစိုက်ပေ။

တစ်ဖက်တွင် လီယွန်းဖန် သည် အကြီးအကဲတစ်ဦး၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးဖြစ်သည်။

ထို့ကြောင့်သူသည် မဟာအကြီးအကဲများနှင့်သက်ဆိုင်သော နောက်ထပ် ရှုပ်ထွေးမှုတစ်ခုထဲသို့ ဆွဲသွင်းခံရမည်ကို လုံး၀အဖြစ်မခံလိုတော့ချေ။

ထို့နောက် သူသည် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ အဝေးသို့ ပျံသန်းထွက်သွားလေသည်။

“အကြီးအကဲရန် အကြောင်း နင် ဘယ်လိုထင်လဲ” ရှုယင်က မေးလိုက်သည်။

သူမသည် တိုက်ရိုက်မေးလိုက်ခြင်းဖြစ်သော်လည်း တဖင်တွင်ကြည့်လျှင်မူ အနည်းငယ်ဝေ့လည်ကြောင်ပတ်နိုင်သောမေးခွန်းတစ်ခုလည်းဖြစ်လေသည်။

“မဟာအကြီးအကဲရဲ့ မေးခွန်းကို ကျွန်မ နားမလည်ဘူးရှင် မဟာအကြီးအကဲ က ပိုပြီး ရှင်းရှင်းလင်းလင်း ပြောပြပေးနိုင်မလား”

ကျန်းဝေသည် မျက်မှောင်ကြုတ်ကာ ရှုယင်သည် သူမအားအဘယ်ကြောင့် အာရန်အပေါ် သူမ၏ ထင်မြင်ချက်များကို မေးမြန်းနေသည်ကို နားမလည်နိုင်ဖြစ်သွားရသည်။

သူမသည် အာရန်အကြောင်း မည်သို့ပင် ထင်မြင်နေပါစေ ထိုမဟာအကြီးအကဲနှင့် ဘာဆိုင်သနည်း။ ထိုမဟာအကြီးအကဲ သည် အာရန်အပေါ် ရန်လိုမှုအချို့ ရှိနေ၍လော။ သူမ တွေးလိုက်မိသည်။

“မင်း သူ့ကိုကြိုက်….”

ရှုယင်သည် တတ်နိုင်သမျှ ရှင်းရှင်းလင်းလင်း ပြောရန် ကြိုးစားလိုက်သော်လည်း သူမ၏ မေးခွန်း မဆုံးခင်မှာပင် နန်းတော်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာသည်။

“မင်း ဒီမှာ ရောက်နေပြီဆိုတော့ ဘာလို့ မဝင်လာတာလဲ”

ထိုအသံသည် သူမ၏ ရောက်ရှိမှုကို သတိပြုမိပြီးသွားပုံရသော ဂိုဏ်းချုပ်၏ အသံဖြစ်သည်။

ရှုယင်သည် ကျန်းဝေကို ပြန်လည် စိုက်ကြည့်လိုက်သော်လည်း သူမ၏ မေးခွန်းကို အဆုံးမသတ်တော့ချေ။ သူမသည် လှည့်ထွက်ကာ နန်းတော်ထဲသို့ ဝင်သွားလိုက်လေသည်။

ကျန်းဝေသည် သူမ ဘာမေးချင်သည်ကို တွေးတောရင်း စိတ်ရှုပ်ထွေးစွာ ကျန်ရှိခဲ့တော့သည်။

နောက်ဆုံး၌ သူမသည် ဤထူးဆန်းသော တွေ့ဆုံမှုကို သူမ၏ စိတ်ထဲမှ ဖယ်ထုတ်လိုက်ကာ ထွက်သွားလိုက်တော့သည်။

....

“ထူးဆန်းတယ် ဘာလို့ ရုတ်တရက် ဒီလို စိတ်မသက်မသာဖြစ်တဲ့ ခံစားချက်မျိုး ခံစားလိုက်ရတာလဲ”

အာရန်သည် ပလ္လင်ခန်း၌ ရပ်ကာ ဆီလက်စ် စားနေသည်ကို ကြည့်နေစဉ် ကျောရိုးတစ်လျောက်၌ အေးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။

ထို့ကြောင့် သူ၏ ပတ်ဝန်းကျင်၌ မည်သည့်အန္တရာယ်မှ မရှိကြောင်း သေချာစေရန် စစ်ဆေးကြည့်လိုက်မိသည်။

သူ၏ နေရာ၌ မည်သည့် ချို့ယွင်းချက်ကိုမျှ သူ မတွေ့ခဲ့သော်လည်း ထိုထူးဆန်းသော ခံစားချက်သည် တည်ရှိနေဆဲဖြစ်သည်။ ၎င်းသည် တစ်နေရာ၌ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရစေသည်။

“ဘာဖြစ်နေလဲတော့ မသိဘူး ဒါပေမဲ့ ငါတို့ ပြန်သင့်ပြီလို့ ထင်တယ် ကိတ်မုန့်ကို စားပြီးရင် ယီလန် ကို ငါတို့ကို ပြန်ခေါ်သွားခိုင်းမယ်” ဟု ကိတ်မုန့်တစ်ဝက်ခန့် စားပြီးပြီဖြစ်သော ယီလန် ကို လှမ်းပြောလိုက်သည်။

ဤနေရာ၌ သူလုပ်စရာ များများစားစား မကျန်တော့ပေ။ သူ လိုအပ်သော အရာကို လည်း သူ ရယူပြီးဖြစ်သည်။

ထို့ပြင် နစ်ခရိုမန်ဆာမျှော်စင်၏ အရှင်အကြောင်းကို အနည်းငယ် စိုးရိမ်သောကြောင့် သူ ဤနေရာ၌ မနေချင်တော့ပေ။

၎င်းတို့သည် နစ်ခရိုမန်ဆာမျှော်စင်၏ အရေးပါသော အဖွဲ့ဝင်တစ်ဦးကို သတ်ခဲမိသည်။ ထိုသူသာ ဤနေရာသို့ ရောက်လာနိုင်လျှင် နစ်ခရိုမန်ဆာမျှော်စင်၏ မျှော်စင်သခင်သည်လည်း ထိုသို့ လုပ်နိုင်သည်ဟု ဆိုလိုနေသည်မဟုတ်ပါလော။

သူသည် ဤနေရာ၏ အုပ်ချုပ်သူဖြစ်သော်လည်း မလိုအပ်သော အန္တရာယ်ကိုများ မယူလိုပေ။ သူသည် နစ်ခရိုမန်ဆာမျှော်စင်၏ အရှင်သခင်ကို ယခုလက်ရှိအခြေအနေနှင့် ရင်မဆိုင်နိုင်သေးပေ။

ထိုသို့ ရင်မဆိုင်ခင် သူ ပြီးမြောက်အောင် လုပ်ရမည့်အရာများစွာ ရှိနေသေးလေသည်။

ဆီလက်စ်သည် သူမ၏ကိတ်မုန့်များ စားပြီးသောအခါ အာရန်သည်လည်း ပလ္လင်ကို သန့်ရှင်းရေးအနည်းငယ်ပြန်လုပ်ပေးလိုက်ပြီး ယီလန် ကို ပြန်လာရန် ဆင့်ခေါ်လိုက်ကာ ထိုနေရာ၌ပင် ထိုင်စောင့်နေလေသည်။

ယီလန် သည် ဂိတ်တံခါးပေါက်အစွမ်းကို အသုံးပြုသကဲ့သို့ သူ၏ ရှေ့၌ ချက်ချင်း ပေါ်လာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ တစ်ယောက်တည်း မဟုတ်ပေ။

ဝိညာဉ်ဘုရင်မ ဖီလိုနာနှင့် သူမ၏ သမီးနှစ်ဦးလည်း သူမနှင့်အတူ လိုက်ပါလာခဲ့လေသည်။

“မင်း ပြောစရာတစ်ခုခု ရှိလို့လား”

အာရန်သည် ခြေထောက်တစ်ဖက်ကို အခြားတစ်ဖက်ပေါ်ထပ်လိုက်ကာ ရက်စ်ဖီကို ကြည့်ရင်း မေးလိုက်သည်။

ထိုမိန်းကလေးသည် တစ်နေ့ပတ်လုံးတွင် သူ့အား နှာဗူးကောင်ဟု ခေါ်ဆိုခြင်း အား မရပ်တန့်ခဲ့သောကြောင့် သူ့ကို အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

သို့သော် ဤတစ်ကြိမ်တွင်မူ သူမသည် ခေါင်းကို သာ အောက်သို့ ငုံ့နေကာ အနည်းငယ် တုံ့ဆိုင်းနေဟန်ရသည်။

အာရန်သည် သူမအား အတော်လေး ရယ်စရာကောင်းသည်ဟု ထင်လိုက်သည်။

သူမသည် ယခင်ကကဲ့သို့ ပြုမူရန် ရဲရင့်မှုများ ထပ်မံရှိသေးသလားဟု သူ ကြည့်ချင်နေမိသည်။

#Catfoot

All Chapters