← Chapters

ငါသူ့ကိုချစ်တယ်

Vol. 14 Ch. 194

ငါသူ့ကိုချစ်တယ်

Vol. 14 Ch. 194

....

“နင် ငါ့ကို ပြောစရာတစ်ခုခု ရှိလို့လား”

ဂိုဏ်းချုပ် ဖန်းယုသည် အမြင့်ရှိ ပလ္လင်တစ်ခုပေါ်တွင် ထိုင်လျက် သူမ၏ ဦးခေါင်းကို ဘေးသို့ အနည်းငယ် စောင်းငဲ့ကာ ရှုယင်ကို ယခင်ပုံစံများအတိုင်းပင် အေးစက်စက် မျက်လုံးများဖြင့် ပြန်လည်စူးစိုက်ကြည့်နေလေသည်။

“နင့်ကို ပြောစရာတွေ အများကြီးရှိတယ် နင်ဘယ်လောက် နားထောင်ချင်တဲ့ ဆန္ဒရှိလဲဆိုတဲ့အပေါ်မှာတော့ မူတည်တယ်” ရှုယင်က ပျင်းရိစွာ ဖြင့် ပြန်ပြောလိုက်ပြီး ဖန်းယုအနားသို့ ပို၍ နီးကပ်သွားအောင် ကပ်လာလိုက်ပြီး ၎င်းတို့နှစ်ဦးကြားတွင် အကွာအဝေး အနည်းငယ်သာ ခြားတော့သည်။

ထို့နောက် သူမသည် ရုတ်တရက် ဂိုဏ်းချုပ်ဖန်းယု၏ နောက်သို့ လျှောက်သွားလိုက်ကာ သူမ၏ ခါးကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်သည်။

အကယ်၍ အခြားသူတစ်ဦးသာ ဖြစ်ပါက မိစ္ဆာဂိုဏ်းချုပ်ကို မထိတွေ့မီ အနည်းဆုံးနှစ်ကြိမ်ခန့် ပြန်စဉ်းစားကြလိမ့်မည်ဖြစ်သည်။

သို့သော် ရှုယင်မှာမူ ဂိုဏ်းချုပ်နှင့် အတော်လေး ရင်းနှီးသောသူ ဖြစ်သည်ဟု ဆို၍ရလေသည်။

ဖန်းယုသည် သူမ၏ ညွှန်ကြားချက်များကို လျစ်လျူရှုသောအခါ ရှုယင်ကို သတ်ပစ်မည်ဟု တစ်ခါတစ်ရံတွင် ခြိမ်းခြောက်လေ့ရှိခဲ့သော်လည်း သူမကို အမှန်တကယ် နာကျင်အောင် မလုပ်ခဲ့ဘူးပေ။

အများဆုံး လုပ်ခဲ့သည်မှာ သူမကို နေအိမ်၌ ရက်အနည်းငယ် နေထိုင်ရန် အတင်းအကျပ် ချုပ်နှောင်ထားခြင်းမျိုးသာ ဖြစ်လေသည်။

မိစ္ဆာဂိုဏ်းချုပ်တွင် မိတ်ဆွေ၊ သူငယ်ချင်းဟူ၍ များများစားစား မရှိပေ။ အထူးသဖြင့် သူမ၏ စရိုက်ကြောင့်ဖြစ်လေသည်။

သူမက ထုတ်ဖော်ပြသလေ့မရှိသော်လည်း ရှုယင်သည် ဖန်းယုအနားတွင် အကြာဆုံး သိကျွမ်းရင်းနှီးခဲ့သူဖြစ်လေသည်။

၎င်းတို့ နှစ်ဦးတည်း ရှိနေချိန်များတွင် ရှုယင်သည် ဖန်ယုကို အမြဲတမ်း သူငယ်ချင်းတစ်ဦးကဲ့သို့သာ ဆက်ဆံလေ့ရှိလေသည်။

သို့တိုင် သူမသည် ဖန်းယု၏ အကျင့်စရိုက်ကိုလည်း သိရှိထားသူပီပီ သူမ၏ အနား၌ ရှိနေချိန်များတွင် သူမ၏ အနီရောင်အောက်စည်းကိုတော့ ဘယ်တော့မှ မကျော်လွန် မိစေရန် အမြဲတမ်း သတိထား၍ ဆက်ဆံခဲ့လေသည်။

“နင် စိတ်ကြည်နေပုံပဲ” ဖန်းယုက ရှုယင်၏ လက်များကို သူမ၏ ပခုံးပေါ်မှ ဖယ်ရှားရင်း ပြောလိုက်သည်။

“နင် အရမ်းကြိုက်တဲ့ အဲဒီ စိတ်ရှုပ်စရာ စာအုပ်တွေရဲ့ စာရေးဆရာကို ရှာတွေ့ခဲ့လို့လား”

“အဲ့ဒါထက်အများကြီး ပိုကောင်းတဲ့အရာပေ့ါ...” ရှုယင် ပြုံးရင်းပြောလိုက်သည်။

ကျန်းဝေ ပေါ်လာခြင်းကြောင့် သူမ အနည်းငယ် စိတ်ကသိကအောက် ဖြစ်သွားခဲ့ရသော်လည်း အာရန်အကြောင်း တွေးမိလိုက်တိုင်းတွင် သူမ သည် ပျော်ရွှင်မိနေဆဲဖြစ်လေသည်။

“ဒါက ရန်နဲ့ နင့်ရဲ့ လျှို့ဝှက်ခရီးစဉ်နဲ့ ပတ်သက်နေတာလား”

ဖန်ယုက အနည်းငယ် ခန့်မှန်းပြီးသားဖြစ်ဟန်ဖြင့် မေးလိုက်သည်။

ရှုယင်သည် သူမနှင့် အချိန်အကြာဆုံးအတူရှိခဲ့သူဖြစ်၍ သူမအကြောင်း အများဆုံး သိထားသူဖြစ်သကဲ့သို့ သူမသည်လည်း ထိုအတိုင်းပင် ရှုယင်အကြောင်း အများဆုံးသိထားသူဖြစ်လေသည်။

မိစ္ဆာဂိုဏ်း၌ ဖန်းယုသည် ရှုယင်၏ အတိတ်အကြောင်း၊ ဝိညာဉ်များနှင့် သူမ၏ ပတ်သတ်ဆက်နွယ်မှုအကြောင်းကို သိထားသော တစ်ဦးတည်းသောသူလည်း ဖြစ်သည်။

ဖန်ယု၏ ဖခင်သည် မိစ္ဆာဂိုဏ်း၏ ယခင် ဂိုဏ်းချုပ်ဟောင်းတစ်ဦးဖြစ်လေသည်။

ပျက်စီးသွားသော မြို့ပျက်တစ်ခု၌ မိမိကိုယ်ကို အပြစ်တင်လျက် ကျန်ရစ်ခဲ့သော ရှုယင်လေးအား တွေ့ရှိခဲ့သူမှာ သူမ၏ ဖခင်ပင်ဖြစ်လေသည်။

သူသည် ထိုကလေးမလေးကို ဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ပြီး သူမသည် ကျင့်ကြံခြင်တွင် အတော်လေးပါရမီပါသူဖြစ်ကြောင်း သိရှိပြီးနောက် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းသားတစ်ဦး ဖြစ်ခွင့်ပေးခဲ့သည်။

ထိုအချိန်၌ပင် ဖန်ယုသည် ရှုယင်နှင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်လေသည်။

၎င်းတို့ နှစ်ဦးစလုံးသည် ငယ်စဉ်ကတည်းက တစ်ဦးကိုတစ်ဦး သိကျွမ်းခဲ့ကြသည်။

ရှုယင်သည် ဖန်းယူမှ ကျင့်စဉ်ကြောင့် သူမ၏ ခံစားချက်များကို ဆုံးရှုံးသွားခြင်း သို့မဟုတ် အရှင်သခင်တစ်ဦး ဖြစ်မလာခင်ကတည်းကပင် သူမသည် မည်သို့သောသူတစ်ဦး ဖြစ်ခဲ့သည်ကို ကောင်းစွာ မှတ်မိနေသော ဂိုဏ်း၏ လူနည်းစုများထဲမှ တစ်ဦးဟု ဆိုလျှင်လည်း မမှားပေ။

“အဲဒါ အမှန်ပဲ”

ရှုယင်က တောက်ပစွာ ပြုံးလိုက်သည်။

“ငါ သူ့ကို ချစ်မိသွားခဲ့တယ်”

ရှုယင်၏ အပြုံးသည် သူမ အမြဲတမ်း ဝတ်ဆင်ထားတတ်သော မျက်နှာဖုံးနောက်၌ ပုန်းကွယ်နေလေ့ရှိသော်လည်း သူမ ပြုံးလိုက်သောအခါတိုင်းတွင် ထိုမျက်နှာဖုံးဖြင့်ပင် သူမ၏ ဆွဲဆောင်မှုရှိသော အလှအပများကို ဖုံးကွယ်နိုင်စွမ်း မရှိတော့ပေ။

သူမသည် အာရန်ကို ချစ်မိသွားခဲ့ကြောင်းကို ဖန်းယုရှေ့တွင် မဖုံးကွယ်ထားခဲ့ပေ။ သို့သော် ၎င်းတို့နှစ်ဦး မည်သို့မည်ပုံ ချစ်ကြိုက်သွားခဲ့သည်ကိုမူ သူမအား မပြောခဲ့ပေ။

ဖန်းယုသည် ခဏတာ တိတ်ဆိတ်သွားလေသည်။

ရှုယင်ကဲ့သို့သောသူတစ်ဦးသည် တစ်စုံတစ်ဦးကို အမှန်တကယ် ချစ်မိသွားလိမ့်မည်ဟု သူမ လုံး၀မထင်ထားခဲ့ပေ။

ရှုယင်သည် သူမ၏ အသွင်အပြင်နှင့် ဆွဲဆောင်မှုရှိလွန်းသော ခန္ဓာကိုယ် အချိုးအစားကြောင့် သူမအား မြင်မိသောအမျိုးသားတိုင်းသည် တန်းတန်းစွဲ ဖြစ်သွားကြလေ့ ရှိကြလေသည်။

“သူကော မင်းအပေါ်ဘယ်လိုလဲ” ဟု ဖန်းယုသည် အတော်အတန် ကြာငြိမ်သက်နေပြီးနောက် ရှုယင်အား ပြန်မေးလိုက်သည်။

“သူကလည်း ငါ့ကို အရမ်းချစ်တာပေါ့ ဘာလို့ မချစ်ရမှာလဲ”

ရှုယင်မှ ထိုသို့ပြန်ပြောလိုက်သော အခိုက်အတန့်၌ သူမ၏ မျက်လုံးများတွင် မသိမသာဖြင့် ထူးဆန်းသည့် စွဲလမ်းမှုတစ်ခုကို ဖော်ပြလျက်ရှိနေခဲ့သည်။

“ပြီးတော့ အဲဒါက မင်းရဲ့ ဆွဲဆောင်မှုအစွမ်းနဲ့ကော တကယ်ကြီးဘာမှ မဆိုင်ဘူးဆိုတာသေခြာလား” ဖန်းယုက တဖန်ပြန်မေးလိုက်သည်။

ရှုယင်နှင့်ပတ်သက်၍ ဤအရာသည် အရှုပ်ထွေးဆုံးဖြစ်သည်။

သူမကို သူမ၏ ဆွဲဆောင်မှုအစွမ်းကြောင်း မဟုတ်ပဲ အမှန်တကယ် ချစ်မြတ်နိုးသူကို ရှာဖွေတွေ့ရှိရန်မှာ အလွန်ပင်ခက်ခဲလေသည်။

“သူက ငါ့ရဲ့ ဆွဲဆောင်မှုစွမ်းရည် သက်ရောက်မှုကို မခံခဲ့ရဘူး”

ရှုယင်က ပြန်ဖြေလိုက်သည်။

“သူကလား” ဖန်ယုသည် အနည်းငယ် အံ့အားသင့်ဟန်ဖြင့်ပြောလိုက်သည်။

၎င်းသည် အာရန် ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် သူမသည် သူ့အား သွားရောက်

တွေ့ဆုံခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်လေသည်။

သူမနှင့်အတူ အချိန်အတော်ကြာ ဝေးကွာနေခဲ့သောကြောင့် သူသည် ရှုယင်၏ ဆွဲဆောင်မှုအစွမ်းဖြင့် သက်ရောက်ခြင်းခံခဲ့ရခြင်း ရှိမရှိကို သူမသည် သိချင်နေခဲ့သည်။

သူမသည် သူ့ကို နောက်ထပ် တာဝန်တစ်ခု ပေးအပ်ရန် သွားခဲ့သည်ဟု ထင်မြင်စေခဲ့သော်လည်း အမှန်တွင်မူ ထိုတာဝန်ကို မည်သူ့ကိုမဆို ပေးအပ်နိုင်လေသည်။

သူမသည် အာရန်ကို စမ်းသပ်ရန် ထိုအရာကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုခဲ့ခြင်းသာ ဖြစ်လေသည်။

သူမသည် အာရန်နှင့် တွေ့ဆုံသောအခါ သူ၏ မျက်လုံးများသည် ကြည်လင်လျက်ရှိနေခဲ့ပြီး သူ၏ စိတ်သည်လည်း မည်သည့်ခံစားချက်စွမ်းအင်၏ သက်ရောက်မှုမှ ခံစားခဲ့ရသည့်ပုံပေါက်မနေသည်ကို သတိထာမိခဲ့သည်။

ရှုယင်၏ ဆွဲဆောင်မှုစွမ်းရည် သက်ရောက်မှုကို ခံစားနေရသော အမျိုးသား များစွာကို သူမ မြင်တွေ့ခဲ့ဖူးသော်လည်း အာရန်သည် ထိုသူများကဲ့သို့ မဟုတ်ခဲ့ပေ။

ထိုအချိန်က ရှုယင်သည် သတိထားပြီး အခြားအမျိုးသားများရှေ့တွင် သူမ၏ မျက်နှာကို ဘယ်တော့မှ မဖော်ပြရန် သူမ၏ အကြံပြုချက်ကို လိုက်နာခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်ဟု သူမ တွေးမိခဲ့သည်။

“ဟုတ်တယ် သူက ငါ့ကို မျက်နှာဖုံးမပါဘဲ မြင်ခဲ့တယ် ဒါပေမဲ့ သူက ဘာသက်ရောက်မှုမှ မခံခဲ့ရဘူး အဲဒါက ငါတို့နှစ်ယောက် ဖူးစာပါတယ်လို့ ဆိုလိုတာ မဖြစ်နိုင်ဘူးလား”

ရှုယင်က သူငယ်ချင်းဖြစ်သူ ဖန်းယုအား သူမ၏ ချစ်သူအကြောင်း ပြောနေရင်း ပြုံးလိုက်မိသည်။

သူမသည် အာရန်နှင့် သူမ၏ ကတိကိုလည်း မဖျက်ခဲ့ဘဲ ၎င်းတို့ တောင်ပိုင်းတိုက်ကြီးသို့ ဝင်ရောက်ခြင်း သို့မဟုတ် ပင်လယ်နဂါးများနှင့် တိုက်ခိုက်ခဲ့ခြင်းအကြောင်းကို သူမအား ဘာမှ မပြောပြခဲ့ပေ။

အာရန်သည် မိစ္ဆာဂိုဏ်းကို မည်သည့် ထိခိုက်မှုမှ မပြုဟု ပြောခဲ့သောစကားကို သူမသည် လုံး၀ယုံကြည်ခဲ့သောကြောင့် အာရန်သည် သူလျှိုတစ်ဦးဖြစ်နိုင်သည် ဟူသော အချက်ကို ဖန်းယုအား ထုတ်ဖော်မပြောခဲ့ပေ။

ဘာပဲဖြစ်ဖြစ် အာရန်သည် သူမအတွက်နှင့် အကယ်ဒမီမှ လူများကို သတ်ခဲ့လေသည်။ သူမသည် အဘယ်ကြောင့် ထိုကဲ့သို့ယောင်္ကျားမျိုးအား သံသယဝင်ရမည်နည်း။

အကယ်ဒမီနှင့် မစ္ဆာဂိုဏ်းကြားတွင်မူ သူသည် ဝိညာဉ်လမ်းလျှောက်သူကိုပင် သတ်ဖြတ်ခဲ့ခြင်းဖြင့် သူ၏ သစ္စာရှိမှုကို သက်သေပြခဲ့ပြီး ဖြစ်သည်မဟုတ်ပါလော။

“ငါ နားလည်ပြီ ဒါဆို နင့်ကိစ္စတွေမှာ ငါ ဝင်မစွက်ဖက်တော့ဘူး” ဖန်ယုသည် သူမ၏ စကားများကို တိုတိုတုတ်တုတ် ပြောလိုက်ပြီး ရှုယင်၏ ကိစ္စများကို ထပ်မံမစပ်စုတော့ပေ။

နောက်ဆုံးတွင် သူမသည် အာရန်နှင့်ပတ်သက်၍ ရှုယင်အား မပြောပြခဲ့သော အရာအနည်းငယ်လည်း ရှိသေးသည်။

“ထားပါတော့ နင့်ကို ဒီကို ခေါ်လိုက်ရတာက တစ်ခုခု ပြောပြချင်လို့ပဲ”

သူမသည် အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး အာရန်အကြောင်း ပြောဆိုခြင်းကို ရပ်တန့်လိုက်သည်။

ရှုယင်သည် မကျေမနပ်ဖြစ်သွားဟန်ဖြင့် နှုတ်ခမ်းဆူလိုက်သည်။

သူမသည် အာရန်အကြောင်း ပို၍ ပြောချင်နေပုံရပြီး သူမချစ်သူသည် မည်မျှ အံ့သြဖွယ်ကောင်းသူဖြစ်ကြောင်း ဖန်းယုအား ကြွားဝါချင်သေးသည်။

“ငါ့အဖေကို သတ်ခဲ့တဲ့လူ...... အဲ့ဒီလူ ပြန်ရောက်လာပြီ”

ဖန်းယုက ပိတ်ပြောလိုက်သည်။

အစောပိုင်းကာလတွင် ပျော်ရွှင်နေဟန်ရသော ရှုယင်သည် ထိုစကားကိုကြားသောအခါ လုံးဝ ချက်ချင်းပြန် တည်ငြိမ်သွားလေသည်။

“ဦးလေးကို သတ်ခဲ့တဲ့လူလား”

သူမ၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လျှပ်တစ်ပြက် လက်လက်သွားခဲ့သည်။

ဖန်းယု၏ ဖခင်သည် သူမကို ကယ်တင်ခဲ့သူဖြစ်သည်။

ထိုသူသည် သူမကို မိသားစုဝင်တစ်ဦးကဲ့သို့ ဆက်ဆံပေးခဲ့ကာ သူမ၏ ဦးလေးတစ်‌ယောက်အဖြစ်သတ်မှတ်ထားခဲ့သူလည်းဖြစ်လေသည်။

သူမ အသက်ရှင်နေရခြင်း၏ အကြောင်းရင်းမှာ ထိုဦးလေးကြောင့်ပင် ဖြစ်လေသည်။

ထိုဦးလေးကြောင့်သာ မဟုတ်ခဲ့ပါက သူမသည် သူမကိုယ်သူမ မိသားစုဝင်များအား သေဆုံးခဲ့ရသည့် အပြစ်သားတရားခံတစ်ဦးအဖြစ် မှတ်ယူထားခဲ့ခြင်းကြောင့် အစောပိုင်းကာလများကတည်းကပင် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ပြီးလောက်ပြီ ဖြစ်လေသည်။

ထို့ကြောင့်ထိုဦးလေးဖြစ်သူ အသတ်ခံခဲ့ရကြောင်း ကြားသိခဲ့ရသောအခါ သူမသည် လည်း ဖန်းယုနှင့်ထပ်တူ ကြေကွဲဝမ်းနည်း ခဲ့ရလေသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့ မည်မျှပင် ကြိုးစားရှာဖွေခဲ့ကြစေကာမူ ထိုလူသတ်သမား၏ အရိပ်အယောင်ကိုပင် ရှာမတွေ့ခဲ့ရချေ။

ဤမျှအချိန်ကာလများ ကြာမြင့်ပြီးနောက်မှာတော့ ထိုသူသည် အမှန်တကယ်ပင် ပြန်ရောက်လာခဲ့ပြီလော……။

Arc 3 (အတွဲ-၃) ပြီးပါပြီ။

#Catfoot

All Chapters