← Chapters

ခင်ဗျားတော့ သေတော့မယ်

Vol. 111 Ch. 1452

ခင်ဗျားတော့ သေတော့မယ်

Vol. 111 Ch. 1452

ချင်မူမှာ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး ကောင်းကင်နတ်အရှင်ဟုန်ဆီမှ အကြည့်လွှဲလိုက်သည်။ သူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “ရှေ့ဆက်သွားကြစို့”

ယခုအခိုက်အတန့်တွင် သူတို့၏ခန္ဓာကိုယ်များမှာ ‌ကောင်းကင်နယ်စားမင်း၏ တိုက်ကွက်များဖြင့် အဆက်မပြတ် ထိုးနှက်ခံနေရသည်။ ‌ကောင်းကင်တာအို၏ ကောင်းကင်နတ်သိုင်းတိုင်းသည် ပြီးပြည့်စုံနေသည်သာမက ၎င်း၏စွမ်းအားကလည်း တဟုန်ထိုး မြင့်တက်နေသည်။ သူတို့ပတ်ပတ်လည်တွင် ဟင်းလင်းပြင်အပိုင်းအစများ ပျံဝဲနေသောကြောင့် ငါးယောက်သား ရှေ့ဆက်တိုးရန် ခက်ခဲနေသည်။

ချင်မူက သူတို့အား ကြိုးစားပမ်းစား ခေါ်သွားနေပြီး ငါးယောက်သားသည် ဓားမသိုင်းကွက်များ အသက်သွင်းလျက် ပြေး၀င်လာသော ဟင်းလင်းပြင်အပိုင်းအစများကို ခုတ်ဖြတ်နေ၏။ သို့ထိတိုင် မကြာခင် သူတို့အားလုံး ဒဏ်ရာဗလပွ ဖြစ်လာတော့သည်။

သူတို့အရှေ့ရှိ ကောင်းကင်နယ်စားမင်း၏ ပခုံးပေါ်တွင် အဆုံးမဲ့သော လမ်းကြီးတစ်လမ်း ခံနေသည့်အလားပင်။ မည်သည့်အချိန်၌ အဆုံးသတ်မည်လဲ မည်သူမှ မသိနိုင်ချေ။

ဤအချိန်မှာပဲ ပြင်းထန်လှသော တုန်ခါမှုများ ထွက်ပေါ်လာသည်။ ချင်မူက ဟင်းလင်းပြင်အပိုင်းအစကြားမှ နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ အလင်းရောင်တို့သည် မျက်စိကျိန်းမတတ် စူးထွက်သွား၏။ ဖြစ်ပျက်နေသည့်အရာများကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

သူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံး ပွင့်လာသည့်အခါမှ ကောင်းကင်နတ်အရှင်ဟုန်သည် ကောင်းကင်နယ်စားမင်း၏ တိုက်ကွက်များအား ဖောက်ထွက်နေကြောင်း ခံစားလိုက်ရ၏။ သူ့မှော်စွမ်းအင်က ကောင်းကင်အထိ မြင့်တက်သွားကာ ထူးဆန်းအံ့ဖွယ်ရာ ကောင်းကင်နတ်သိုင်းများ ဖြာထွက်လာသည်။ သူ့အတွက် ကောင်းကင်တာအို၏ ကောင်းကင်နတ်သိုင်းများကို ‌ဖောက်ထွက်ရန် လွယ်ကူပေသည်။

သူက နတ်ဧကရာဇ်လန်ရွှမ်နှင့် ကျန်သူများကို ကယ်တင်လိုက်၏။ ကောင်းကင်နယ်စားမင်း၏ ကောင်းကင်နတ်သိုင်းများအနေဖြင့် မည်မျှပင် ပြင်းထန်ကြောက်မက်ဖွယ်ကောင်းပါစေ သူ့ကို နည်းနည်းလေးမှ ထိခိုက်စေနိုင်မည်မဟုတ်ပေ။

ဤမြင်ကွင်းကား အကြိမ်ကြိမ် လေ့ကျင့်ဇာတ်တိုက်ထားသကဲ့သို့ ထင်ရသည်။ သူသည် ကောင်းကင်နယ်စားမင်းဆီမှ ကောင်းကင်နတ်သိုင်းဟူသမျှအား ထူးထူးဆန်းဆန်း ရင်းနှီးနေသည်သာမက ကောင်းကင်တာအိုကို ချိုးဖောက်နိုင်မည့် နည်းလမ်းမျိုးစုံကိုပင် တွေးထားပြီးချေပြီ။

“အဲဒီကောင်းကင်နတ်သိုင်းတွေကို ချိုးဖျက်နိုင်မှာပေါ့ ကောင်းကင်နတ်အရှင်ဟုန်… ခင်ဗျားက အာဏာအတွက် သိပ်ရူးသွပ်နေပြီပဲကို …”

ချင်မူ့မျက်နှာအမူအရာက တွေဝေမည်းမှောင်နေသည်။ သူက ခေါင်းလှည့်၍ အက်ကွဲနေသောအသံဖြင့် ပြောလိုက်၏။ “ရှေ့ဆက်သွားကြမယ်..”

“ငါတို့ ဘယ်ကို သွားနေကြတာလဲ…”

ကျဲ့ဟွလီမှာ တစ်ကိုယ်လုံး သွေးများစိုရွှဲနေပြီး ‌ဒေါသတကြီး မေးခွန်းထုတ်တော့သည်။ “ဂိုဏ်းသခင်ချင်၊ ငါတို့ ကောင်းကင်နယ်စားမင်းရဲ့ ပခုံးအထိ လျှောက်သွားနိုင်ရင်တောင် ဒီလိုတိုက်ကွက်မျိုးမှာ ၀င်တိုက်နိုင်မှာမဟုတ်ဘူး… ကောင်းကင်နယ်စားမင်းကိုယ်တိုင်တောင် မခုခံနိုင်ရင် ငါတို့က ဘယ်လိုခုခံနိုင်မှာလဲ…”

လော့ဝူရွှမ်က တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ပြီး သူ့အရှေ့မှ ဖြတ်သွားသည့် တော်ဝင်မုခ်ဝနတ်ဓားမဆီသို့ ကြည့်လိုက်သည်။ ဓားမတွင် ထင်ဟပ်နေသော သူ၏အရိပ်တွင် ဒဏ်ရာတို့ဖြင့် ပြည့်နှက်နေပြီး သူက ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါတို့ အတတ်နိုင်ဆုံး ကြိုးစားပြီးပြီ”

“ကျွန်တော်တို့ ခုခံနိုင်တယ်...”

ချင်မူက ရှေ့ဆက်လျှောက်နေပြီး တည်ကြည်လေးနက်စွာ ပြောသည်။

ထိုစဉ် ဗျပ်စောင်းသံတစ်သံ ထွက်ပေါ်လာပြီး အရပ်ခြောက်မျက်နှာသို့ ပျံ့နှံ့သွား၏။ ချင်မူတို့၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်အပိုင်းအစများမှာ ဗျပ်စောင်းသံကြောင့် လှုပ်ရှားလာကာ အစအနပင်မကျန်အောင် ပျောက်ကွယ်သွားတော့သည်။

“ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ရှေ့ဆက်တိုးကြစို့…” ချင်မူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူတို့ငါးယောက်သား အရှိန်မြင့်၍ ရှေ့ဆက်တိုးလာကြပြီးနောက် ကောင်းကင်နယ်စားမင်း၏ ပခုံးများကို ဖြည်းဖြည်းချင်း မြင်လာရသည်။ အလင်းရောင်ထဲတွင် ငုပ်လျှိုးနေသည့် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကိုလည်း တစတစ မြင်လာရလေသည်။

ဗျပ်စောင်းသံက ရုတ်တရက် ရပ်သွားပြီး ဗျပ်စောင်းကြိုး ပြတ်တောက်သွားသံကို ကြားလိုက်ရ၏။

ချင်မူ့နှလုံးသားတွင် အေးခဲသွားသည်။ သူ့မှာ ကောင်းကင်နတ်အရှင်ယွဲ့၏ ဘေးကင်းမှုအပေါ် အာရုံမစိုက်အားပဲ ရှေ့သို့ ကရောသောပါး ပြေးသွားလိုက်ရသည်။

နောက်ဆုံးတွင် ကောင်းကင်နယ်စားမင်း၏ ပခုံးပေါ်သို့ ရောက်ရှိလာချေပြီ။ ပခုံးနေရာသည် တည်ငြိမ်နေပြီး ဟင်းလင်းပြင်ထဲ၌ မည်သည့်မုန်တိုင်း၊ မည်သည့်တုန်ခါမှုမှ မရှိပေ။

ကောင်းကင်နယ်စားမင်း၏ ပခုံးပေါ်တွင် ခမ်းနားတင့်တယ်သော နတ်ဘုရားမြို့များစွာ တည်ရှိနေပြီး စောင့်ကြပ်နေကြသော ရွှမ်တုမှ နတ်ဘုရားမိစ္ဆာများလည်း ရှိကြသည်။

သူတို့ငါးယောက်မှာ သွေးများ စိုရွှဲနေလျက်ဖြင့် အနီးဆုံးနတ်ဘုရားမြို့ဆီသို့ ပြေး၀င်သွားကြသည်။

နတ်ဘုရားမြို့ထဲတွင် ရွှမ်တု၏ မရေမတွက်နိုင်သော ပြည်သူများမှာ‌ မြေပြင်တွင် ဒူးထောက်နေကြလေသည်။ သူတို့က သူတို့အား ကာကွယ်ပေးရန် မြို့အလယ်ခေါင်ရှိ ကောင်းကင်နယ်စားမင်း၏ရုပ်တုဆီသို့ ပူဇော်ကိုးကွယ်လျက် ဆုတောင်းနေကြ၏။

သူတို့၏ ‌ဆုတောင်းသံက ရောထွေးနေသောကြောင့် ကြောက်မက်ဖွယ်ရာ လှိုင်းဂယက်ကြီးတစ်ခု ဖြစ်ပေါ်နေ‌စေသည်။

လူတို့သည် အာဏာကြီးမားသူကို ကိုးကွယ်၏၊ မမြင်ရ, မသိရသည့် အရာတို့အပေါ် ကြောက်ရွံ့၏, ကောင်းမွန်သော အနာဂတ်ကို လိုချင်တောင့်တကြ‌သော်လည်း ကိုယ်တိုင်အားထုတ်ရန်အလို့ငှာ ပျင်းရိတတ်ကြသည်။ ထို့ကြောင့်ပင် ရင်ထဲရှိ နတ်ဘုရား၊ ရင်ထဲရှိ စိတ်နှလုံးမိစ္ဆာတို့ကို မချိုးဖျက်နိုင်ကြပေ။

အထူးသဖြင့် ရွှမ်တုလို နေရာမျိုးတွင် သူတို့၏နှလုံးသားထဲရှိ နတ်ဘုရားများကို ချိုးဖျက်ရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။

‌ကောင်းကင်နယ်စားမင်းကိုယ်တိုင်မှာ အန္တရာယ်တွင်းထဲသို့ ကျရောက်နေသည့်တိုင် ရွှမ်တုပြည်သူများသည် သူတို့အား ကာကွယ်ပေးရန် ပူဇော်တောင်းဆိုနေကြသေး၏။

သူတို့ငါးယောက်က ကောင်းကင်တာအို၏ ကောင်ချီးပေးမှုကို ရရှိထားသောကြောင့် မြို့ထဲရှိ နတ်ဘုရားမိစ္ဆာများမှာ သူတို့ကို မတားဆီးနိုင်ကြချေ။ ချင်မူက မြို့လယ်ခေါင်သို့ အလျင်အမြန် သွားလိုက်ပြီး ကျဲ့ဟွလီက ဓားထုတ်ကာ ကောင်းကင်နယ်စားမင်း၏ ရုပ်တုအား ခုတ်ပိုင်းရန် ပြင်လိုက်သော်လည်း သားသတ်သမားက တားဆီးသည်။ သူက ခေါင်းခါပြသည်။ “မင်း ကောင်းကင်နယ်စားမင်းရဲ့ ရုပ်တုကို ခုတ်ပိုင်းပစ်လိုက်ရင် သူတို့နှလုံးသားထဲက မျှော်လင့်ချက်တွေ ပျောက်ကွယ်သွားလိမ့်မယ်…”

ကျဲ့ဟွလီက သူ့မျက်နှာမှ သွေးကို သုတ်ကာ မေးသည်။ “ဘာထူးလို့လဲ”

သို့သော် သူက မိစ္ဆာဓားမကို သိမ်းလိုက်ကာ ကောင်းကင်နယ်စားမင်း၏ ရုပ်တုကို မခုတ်ပိုင်းတော့ချေ။

ချင်မူသည် ရုပ်တုအရှေ့သို့ လျှောက်သွားပြီး ဦးညွှတ်အရိုအသေပေးလိုက်၏။ “တာအိုနောင်တော်၊ ကျွန်တော်တို့ ဆွေးနွေးစရာတစ်ခု ရှိတယ်… ဒါကြောင့် ခင်ဗျားရဲ့ ခန္ဓာကိုယ်ကို ချုံ့ပြီး ကျွန်တော်တို့ကို ဝိညာဉ်စင်မြင့်ဆီ ခေါ်သွားပေးဖို့ တောင်းဆိုချင်တယ်”

တခဏကြာသွားသော်လည်း ရုပ်တု၌ မည်သည့်လှုပ်ရှားမှုမှ မရှိပေ။

သို့သော် နတ်ဘုရားမြို့သည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာ၏။ မြေကြီးက လှုပ်ရမ်းလာသည့်အတွက် တောင်များလည်း တုန်လှုပ်ကာ အဆောက်အဦးများ တစ်ခုပြီးတစ်ခု ပြိုကျကုန်ကြသည်။

မြို့ထဲတွင် အော်ဟစ်ငိုယိုသံများ ပြည့်နှက်သွားကြပြီး ရွှမ်တုပြည်သူများမှာ ကောင်းကင်နယ်စားမင်းရုပ်တုကို ပို၍ပင် ပြားပြားဝပ်ကာ ပူဇော်ရှိခိုးနေကြတော့သည်။ သူတို့၏ ပြိုင်တူရွတ်ဖတ်သံများက ပိုပို၍ မြန်ဆန်လာကြ၏။ သူတို့၏မျက်နှာအမူအရာများက ပိုပို၍ ကိုင်းရှိုင်းရိုသေလာကြသည်။

ကောင်းကင်နတ်အရှင်ဟုန်ကား ကိုယ်တိုင်လှုပ်ရှား၍ ကောင်းကင်နတ်အရှင်သုံးပါးကို ဦးဆောင်ကာ ကောင်းကင်နယ်စားမင်းအား တိုက်ခိုက်နေလေပြီ။ ကောင်းကင်နတ်အရှင်များ၏ တိုက်ပွဲမှ အဖျက်အဆီးစွမ်းအားသည် ဤနေရာအထိပင် ပျံ့နှံလာခဲ့သည်။

ကောင်းကင်နယ်စားမင်းနှင့် ကောင်းကင်တာအိုအကြောင်း အလုံးစုံသိထားသော ကောင်းကင်နတ်အရှင်ဟုန်အတွက် ကောင်းကင်နယ်စားမင်း၏ တိုက်ကွက်ကို ဖျက်စီးရမခက်ပေ။ မကြာခင် ဤနေရာလည်း မကြာမီဖျက်ဆီးခံရပေလိမ့်မည်။

ချင်မူက မျက်မှောင်ကြုတ်လိုက်ကာ တည်ကြည်လေးနက်စွာ ပြော၏။ “ကျွန်တော် တာအိုနောင်တော်ထိုက်ယီရဲ့ အမိန့်ကြောင့် ဆွေးနွေးဖို့ ရောက်လာတာ… ကောင်းကင်တာအိုက ခင်ဗျားအပေါ် လွှမ်းမိုးပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်ထားပေမယ့် ခင်ဗျားရဲ့အသိစိတ် ရှိနေသေးမှန်း ကျွန်တော် သိတယ်… တာအိုနောင်တော်၊ ခင်ဗျားက တာအိုနောင်‌တော်ယီရဲ့ မျက်နှာကိုတောင် မထောက်ထားတော့ဘူးလား”

တခဏကြာသော် ကောင်းကင်နယ်စားမင်းရုပ်တုက အသက်ဝင်လာပြီး မျက်လုံးဖွင့်၍ သူ့ကို ကြည့်လိုက်သည်။ သူက ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ တာအိုနောင်တော်ထိုက်ယီက လောကနဲ့ အလှမ်းဝေးနေပြီ… သူက ရွှမ်တုမှာ ဘာဖြစ်ဖြစ် အာရုံစိုက်တာ မဟုတ်ဘူး.... သူ့တာအိုနှလုံးသားအပေါ်လည်း ဘာသက်ရောက်မှုမှ မဖြစ်စေဘူး… မင်းနဲ့ ငါ့လို ဖြစ်တည်မှုတွေက သူ့တာအိုနှလုံးသားအတွက် လှိုင်းလေးတွေသာသာပဲ… မင်းကို လာခိုင်းမှာမဟုတ်ဘူး”

ချင်မူ့အကြည့်က နတ်ဘုရားရုပ်တု၏ မျက်လုံးများဆီ ကျရောက်သွားသည်။ “ခင်ဗျားက ထိုက်ယီမဟုတ်ဘူး… ခင်ဗျားအမြင်နဲ့ ထိုက်ယီရဲ့အတွေးကို ခန့်မှန်းမနေနဲ့... မှားယွင်းဆုံးဖြတ်မိလိမ့်မယ်”

နတ်ဘုရားရုပ်တုမှာ တိတ်ဆိတ်ငြိမ်သက်သွား၏။

ပိုပြီးပြင်းထန်သော လှိုင်းဂယက်တစ်ခုက ဤနေရာသို့ ရောက်ရှိလာသည်။ မြေပြင်က အက်ကွဲသွား၍ တောင်တန်းများ ပြိုကျကုန်သောကြောင့် ရွှမ်တုနတ်ဘုရားမြို့အတွင်းရှိ ပြည်သူများအားလုံး နာကျင်စွာ အော်ဟစ်နေကြလေသည်။

ချင်မူက အပြင်လောကတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို လျစ်လျူရှုထားသည့်အလား နတ်ဘုရားရုပ်တု၏ မျက်လုံးများကိုသာ စိုက်ကြည့်နေ၏။

ကောင်းကင်နယ်စားမင်း၏ နတ်ဘုရားရုပ်တုက သက်ပြင်းချလိုက်သည်။ “မင်း ငါ့ကို လိမ်နေတာ ငါ သိပေမယ့် ထိုက်ယီရဲ့ အတွေးကို ငါ မသိဘူး… ဒါကြောင့် သေချာမဆုံးဖြတ်နိုင်ဘူး .. ထားခဲ့လိုက်ပြီး ငါ့ကို လာတွေ့”

နှိုင်းယှဉ်မရနိုင်အောင်ကြီးမားသော ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာက ရုတ်တရက် ကျုံ့၀င်သွားသည့်အတွက် သူ့ကို တိုက်ခိုက်နေကြသော ကောင်းကင်နတ်အရှင်ဟုန်နှင့် ကျန်သူများမှာ အံ့အားသင့်သွားကြသည်။ ရွှမ်တုတစ်ခုလုံးတွင် ပြည့်နှက်နေသည့် ကောင်းကင်နယ်စားမင်းသည် ပိုပို၍ သေးငယ်လာပြီး သူတို့ထံမှ ဝေးကွာသွားချေပြီ။ ကောင်းကင်နယ်စားမင်းနှင့် သူတို့အကြားရှိ အကွာအဝေးသည် အတောမသတ်နိုင်အောင် ကြီးထွားလာနေကြောင်း သူတို့တွေ့လိုက်ရ၏။

“ကောင်းကင်နတ်အရှင်မူ” ကောင်းကင်နတ်အရှင်ဟုန်က နှာခေါင်းရှုံ့၍ သူ၏အင်္ကျီလက်စများ ခါကာ ကောင်းကင်နယ်စားမင်းဆီသို့ ပျံသန်းသွားတော့သည်။

ရှစ်ချီလော်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် နတ်အရှင်မချန်းတို့ကလည်း အလျင်အမြန် လိုက်သွားကြ၏။ ကောင်းကင်နတ်အရှင်သုံးပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် သူတို့အရှေ့ရှိ ကောင်းကင်နတ်အရှင်ဟုန်ဆီ ပြန်ကြည့်ကာ မျက်လုံးများ တောက်ပလာကြသည်။

ကောင်းကင်နယ်စားမင်းသည် ခန္ဓာကိုယ်ကို အဆုံးအစွန်အထိ ချုံ့လိုက်သော်လည်း နှိုင်းယှဉ်မရလောက်အောင် ကြီးမားနေသေး၏။ ချင်မူက ကျဲ့ဟွလီ၊ သားသတ်သမားနှင့် ကျန်သူများကို ခေါ်ကာ ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားသို့ ပျံသန်းသွားတော့သည်။

ဝိညာဉ်စင်မြင့်မှာ ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားတွင် တည်ရှိ၏။ ထိုနေရာတွင် ကြယ်တာရာအလင်းရောင်တို့ သိပ်သည်းနေကာ အသိစိတ်အလျဉ်လည်း စုဝေးနေသည်။ ချင်မူက သူတို့လေးယောက်အား ကြယ်တာရာအလင်းရောင်များကို ဖြတ်သန်း၍ ခေါ်ဆောင်လာပြီး စင်မြင့်တစ်ခုပေါ်တွင် ရပ်တန့်လိုက်၏။

စင်မြင့်မှာ ကောင်းကင်တာအိုဖြင့် ဖွဲ့တည်ထားပြီး ကျောက်စိမ်းသားနှင့် တူသည်။ လှပတင့်တယ်သော ကောင်းကင်တာအို အက္ခရာအမှတ်အသားများစွာက နေရာယူထားပြီး ကောင်းကင်တာအိုရတနာများစွာလည်း ကိန်းဝပ်နေသည်။

သူတို့ငါးယောက်မှာ ဤနေရာသို့ တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးပေ။ အံ့ဩငေးမောဖွယ် အဆောက်အဦးများနှင့် ရတနာများကို မြင်လိုက်ကြရသည့်အခါတွင် သူတို့မှာ မှင်သက်နေကြတော့သည်။

ချင်မူက စင်မြင့်အလယ်ဗဟိုရှိ ကောင်းကင်နန်းဆောင်ဆီသို့ ခပ်သွက်သွက် လျှောက်သွားသည့်အခါ မုတ်ဆိတ်ဖြူ၊ မျက်ခုံးဖြူတို့အပြင် နှင်းတမျှ ဖြူဆွတ်နေသော မျက်လုံးများနှင့် ကောင်းကင်နယ်စားမင်းအား တွေ့လိုက်ရသည်။

“ခင်ဗျားတော့ သေတော့မယ်” ချင်မူက တည့်တိုးပင် ပြောလိုက်တော့သည်။

All Chapters