← Chapters

ရှည်လျားသော လမ်းခရီး

Vol. 111 Ch. 1454

ရှည်လျားသော လမ်းခရီး

Vol. 111 Ch. 1454

ချင်မူက အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲရှိ ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်ဆီသို့ ကြည့်နေပြီး မျှော်လင့်လျက်အလင်းရောင်တို့သည် သူ၏မျက်ဝန်းများတွင် တောက်ပနေသေး၏။ ကောင်းကင်နယ်စားမင်းအနေဖြင့် အကျဉ်းထောင်ကိုးထပ်စင်မြင့်မှ ထွက်လာ၍ ‌ကောင်းကင်တာအိုအပေါ် ပြင်းထန်သောခံစားချက်များ ရှိနေသေးကြောင်း ပြသနိုင်စေရန် သူ မျှော်လင့်နေမိသည်။ အကျဉ်းထောင်ကိုးထပ်စင်မြင့်ပင်လျှင် သူ၏တာအိုနှလုံးသားအပေါ် မချုပ်နှောင်နိုင်ကြောင်း သက်သေပြစေချင်မိသည်။

ဤနည်းဖြင့်သာ ကောင်းကင်နယ်စားမင်းသည် ကောင်းကင်နှလုံးသားကို ပိုင်ဆိုင်ထားသော ကောင်းကင်နယ်စားမင်းဖြစ်လာပေမည်။ အလိုရမ္မက်တို့ဖြင့် ထိန်းချုပ်ခံနေရသည့် ကောင်းကင်နတ်အရှင်ဟုန် ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ဤနည်းဖြင့်သာ သူ့အသက်ကို စတေးရလျှင်တောင်မှ ခွန်အားအလုံးစုံ ထုတ်သုံးကာ ကောင်းကင်နယ်စားမင်း၏ အသက်ကို ကာကွယ်နိုင်မည် ဖြစ်သည်။

သို့သော် ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်မှာ သူထင်ထားသလို အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲမှ ထွက်မလာနိုင်ခဲ့ချေ။

တာအိုနှလုံးသားဆိုသည်မှာ တစ်လောကလုံး ထင်မှတ်ထားသလောက် ကျင့်ကြံတည်ဆောက်ရ မလွယ်ကူပေ။ တာအိုနှလုံးသားကို တည်ဆောက်လိုပါက အားကောင်းသော မှော်စွမ်းအင်လိုအပ်သည်သာမက ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုအပေါ် သိမြင်နားလည်ရင်လည်း လိုအပ်သည်။ သေမျိုးလောကတွင် မိမိကိုယ်ကို ထိန်းကျောင်းတတ်ရန်လည်း လိုအပ်သေးသည်။

ကောင်းကင်နယ်စားမင်းသည် မြင့်မားဝေးကွာလှသော ရွှမ်တုတွင် နေထိုင်စံမြန်း၏။ ကောင်းကင်တာအိုကိုလည်း ကလန်ကဆန် လုပ်ထားသောကြောင့် သူ့တာအိုနှလုံးသားသည် ချင်မူထင်ထားသလောက် မသန်မာချေ။

သို့သော် ကောင်းကင်နယ်စားမင်းက ကောင်းကင်တာအို၏ အသိစိတ်အလျဉ် ချင်မူ့ကို မတိုက်ခိုက်နိုင်အောင် ဖိနှိပ်နေသေးရာ ချင်မူ့ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး တောက်ပနေစေသည်။

သို့သော် အကျဉ်းထောင်ကိုးထပ်စင်မြင့်၏ နှိပ်စက်မှု တဖြည်းဖြည်း အားကောင်းလာသည်နှင့်အမျှ ကောင်းကင်နယ်စားမင်းသည်လည်း ကောင်းကင်တာအိုအသိစိတ်အလျဉ်အပေါ် ဖိနှိပ်ထားရန် ခက်ခဲလာတော့၏။

တျန်းရှု၊ သားသတ်သမား၊ လော့ဝူရွှမ်နှင့် ကျဲ့ဟွလီတို့က ဓားမရိုးများကို ကျစ်ကျစ်ပါအောင် ကိုင်ကာ ပတ်ဝန်းကျင်ကို စိုက်ကြည့်နေကြသည်။ ချွေးစက်တို့က သွေးများဖြင့် ရောလျက် သူတို့နဖူးမှ စီးကျလာနေ၏။ ချင်မူကား ဆုံးဖြတ်ချက်ချပြီးလျှင် ပြင်တတ်သူမဟုတ်သဖြင့် ချင်မူ့ကို မဖြောင်းဖျတော့ချေ။

သူတို့ကား ချင်မူ၏ မိသားစုနှင့် မိတ်ဆွေများ မဟုတ်လော။ ထို့ကြောင့် ချင်မူလုပ်ခဲ့သမျှအရာအားလုံးကို နားလည်ကြ၏။

ရုတ်တရက် ချင်မူက အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို ဖျောက်ပစ်လိုက်သဖြင့် ပတ်ဝန်းကျင်ရှိ ကောင်းကင်တာအိုဖိအားမှာလည်း ကွယ်ပျောက်သွားသည်။

သူတို့လေးယောက်၏ ခန္ဓာကိုယ်များမှာ ပျော့ခွေသွား၍ မြေပေါ်သို့ ဒူးထောက်ကျမတတ် ဖြစ်သွားကြ၏။ ချင်မူ ဆုံးဖြတ်ချက်ပြောင်းလိုက်ချေပြီ။

“သူက ငါတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေတာပဲ”

သားသတ်သမားက လဲကျမသွားအောင် ကောင်းကင်ဓားမကို မှီထားလျက် စိတ်ထဲမှ တွေးနေ၏။ ‘ဒီနေရာမှာ မူအာတစ်ယောက်တည်းသာဆိုရင် ကောင်းကင်နယ်စားမင်း အကျဉ်းထောင်ကိုးထပ်ထဲက ထွက်မလာနိုင်အောင် သူ့အသက်ကို ရင်းပြီး လောင်းကြေးထပ်လောက်တယ်… ဒါပေမဲ့ သူ့အနားမှာ ငါတို့ ရှိနေတော့ အလောင်းအစား မလုပ်ရဲဘူး… သူ့နှလုံးသားထဲမှာ ငါတို့ရဲ့အသက်က ကောင်းကင်နယ်စားမင်းရဲ့ အသက်ထက် ပိုပြီး အရေးပါနေတာပဲ’

ချင်မူက မျက်လုံးများ မှိတ်ထားပြီး လျှောက်လာနေသော ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်ကို မကြည့်ချေ။

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်သည် ချင်မူ့အနား ရောက်လာသည့်အခါတွင် ချင်စာလုံးမြေပြင်မှာတုန်းက ချင်ဖုန်းကျင့် လိုက်ဖမ်းသည်ကို ခံခဲ့ရသည့် မုတ်ဆိတ်ဖြူအဘိုးအိုကြီးနှင့် တူနေဆဲ ဖြစ်သည်။ သူ၏မျက်နှာအမူအရာက ကြင်နာနူးညံ့နေပြီး ပြုံးနေ၏? “ကောင်းကင်နတ်အရှင်မူ၊ မင်းနှလုံးသားထဲက စွဲလမ်းမှုက နက်ရှိုင်းလွန်းတယ်”

ချင်မူက မျက်လုံး ဖွင့်ကာ ပြုံးလိုက်သည်။

ထို့နောက် စက္ကူတစ်ရွက်နှင့် စုတ်တံတစ်ချောင်း ထုတ်ကာ မြေပြင်ပေါ်တွင် ခင်းကျင်းလိုက်၏။ ပြီးလျှင် ခါးကိုင်း၍ စုတ်တံအား နဂါးတစ်ကောင်နှင့် မြွေတစ်ကောင်အလား လှုပ်ရှားစေရင်း ရေးဆွဲနေသည်။ မကြာမီ စာရွက်ပေါ်တွင် အကျဉ်းထောင်ကိုးထပ်စင်မြင့်ကို ရေးဆွဲပြီးသွားသဖြင့် ခပ်သွက်သွက် လိပ်ကာ ကောင်းကင်နယ်စားမင်းဆီသို့ ပေး၏။

ကောင်းကင်နယ်စားမင်းမှာ အနည်းငယ် ငေးကြောင်သွားသော်လည်း စာလိပ်ကို ယူလိုက်သည်။

“တာအိုနောင်တော်၊ အခု ဖွင့်မကြည့်ပါနဲ့… ကျွန်တော် သွားတော့မှ ဖွင့်လိုက်ပါ”

ချင်မူက ပြုံး၏။ “အဲ့ဒါဆိုရင် ကောင်းကင်တာအို ကျွန်တော့်ကို တိုက်ခိုက်ချင်ရင်တောင်မှ တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး”

ကောင်းကင်နယ်စားမင်းမူလဝိညာဥ်က မေးသည်။ “ငါ ဒီပန်းချီကို ဖွင့်လိုက်ရင် ဘာဖြစ်မှာလဲ”

“အရင်လိုပဲလေ”

ချင်မူသည် ကွယ်ဝှက်မထားပေ။ “ခင်ဗျား အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲ ကျရောက်လိမ့်မယ်… တာအိုနှလုံးသားရဲ့ နှိပ်စက်မှုလည်း ခံစားရလိမ့်မယ်”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က မေးသည်။ “ငါ ဒီပန်းချီကို မဖွင့်ဘဲ ဖျက်ဆီးပစ်လိုက်ရင်ရော”

“အဲဒါဆိုရင် ကျွန်တော် ရွှမ်တုကနေ ထွက်ခွာသွားပြီး ခင်ဗျား သေကြောင်းကြံနေတာကို မတားတော့ဘူး”

ချင်မူက တည်ကြည်လေးနက်စွာပြော၏။ “ရောက်လာတော့မယ့် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံနဲ့ ခိုင်ဧကရာဇ်တို့ကိုလည်း ဖြောင်းဖျလိုက်မယ်… ကျွန်တော်တို့အားလုံး ထွက်သွားပြီး ခင်ဗျားစိတ်တိုင်းကျ လုပ်ခွင့်ပေးမယ်”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က ထပ်မေးလိုက်သည်။ “ငါ ဒီပန်းချီကို ဖွင့်လိုက်ရင် မင်းက ငါ မသေအောင် အကောင်းဆုံး တားဆီးပြီး ငါ့ကို ကောင်းကင်တာအိုအချုပ်အနှောင်ကနေ လွတ်မြောက်ခွင့်ပေးမှာ မဟုတ်ဘူးပေါ့”

ချင်မူက ခေါင်းခါသည်။ “ကောင်းကင်နတ်အရှင်ဆယ်ပါးကို အတတ်နိုင်ဆုံး ကြိုးစားပြီး တားဆီးမှာ… ခင်ဗျား သေမှာကိုတော့ တားမှာမဟုတ်ဘူး.. အဲဒီနှစ်ခုက မတူဘူး… ခင်ဗျား ဒီပန်းချီကို ဖွင့်လိုက်ရင် ကျွန်‌တော့်ရဲ့ တာအိုနောင်တော် ဖြစ်နေဦးမှာပဲ… ကျွန်တော် ခင်ဗျားကို ကူညီပေးဖို့ အကောင်းဆုံး ကြိုးစားမယ်”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က တခဏတွေးတောနေပြီးနောက် ပန်းချီလိပ်ကို သိမ်းဆည်းလိုက်သည်။ “ငါ့ကို စဉ်းစားခွင့်ပေး”

ချင်မူက ကောင်းကင်ရတနာနယ်ပယ်ကို ဖြန့်ကျက်ကာ သားသတ်သမား၊ တျန်းရှုနှင့် တခြားသူများကို ခေါ်ထွက်သွား၏။

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က သူတို့ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် သူ့အကြည့်သည် ပန်းချီလိပ်ပေါ်သို့ ကျရောက်သွားလေသည်။ တခဏကြာသော် ဘေးတွင် ချိတ်ထားလိုက်ပြီး မဖွင့်ပေ။ သို့သော် မကြာခဏ လှမ်းလှမ်းကြည့်တတ်၏။

အပြင်တွင် ကောင်းကင်တာအိုစိတ်ဆန္ဒသည် သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်လျက် ကောင်းကင်နတ်အရှင်ဟုန်နှင့် ကျန်သူများကို တိုက်ခိုက်နေသည်။ ကောင်းကင်နတ်အရှင်ယွဲ့၊ လန်ဝူနှင့် ကောင်းကင်နတ်အရှင်ရုံတို့က အတတ်နိုင်ဆုံး ကြိုးစားကာ တားဆီးနေကြ၏။ နှစ်ဖက်စလုံးသည် ကောင်းကင်ကြီးပြိုလဲ၍ မြေပြင်အက်ကွဲလာသည်အထိ တိုက်ခိုက်နေကြသည်။ ဤနေရာတစ်ခုတည်းသာ တိတ်ဆိတ်ငြိမ်သက်နေသေး၏။

သူက တိတ်ဆိတ်စွာ ရပ်နေပြီး ကောင်းကင်မီးလျှံသလင်းကျောက်က သူ၏လက်ဖဝါးထဲတွင် မျောလွင့်နေသည်။ သလင်းကျောက်သည် လှည့်ပတ်နေရင်း ဆက်လက်ကြီးထွားလာသောကြောင့် သူ၏မျက်နှာရှုထောင့်မျိုးစုံသည် သလင်းကျောက်၏ မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေကြလေသည်။

သူ့အနေဖြင့် ချင်မူ၏ ကောင်းကင်နတ်သိုင်းနှင့် ပန်းချီ ပျက်စီးလောင်ကျွမ်းသွားအောင် လက်ချောင်းလေးတစ်ချောင်းသာ လှုပ်လိုက်ရန် လိုသော်လည်း မပြတ်သားသေးပေ။

ချင်မူက သားသတ်သမားနှင့် ကျန်သူများကို ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ဆီမှ ခေါ်ဆောင်သွားပြီးနောက် သူ၏ခြေလှမ်းများ ရပ်တန့်သွားသည်။ ဘဝပြန်ဝင်စားခြင်းနတ်လှေတစ်စီးက သူခြေထောက်အောက်တွင် ဖွဲ့တည်လာကာ သူတို့အား ဟင်းလင်းပြင်အလွှာများထဲသို့ ခေါ်ဆောင်၍ စစ်မြေပြင်မှ ထွက်ခွာသွားသည်။

အချိန်အတော်ကြာပြီးနောက် လှေသည် ဟင်းလင်းပြင်အလွှာများထဲမှ ထွက်ခွာပျောက်ကွယ်သွားတော့သည်။

ချင်မူက ဟင်းလင်းပြင်ထဲတွင် ထိုင်လျက် ကောင်းကင်နယ်စားမင်း၊ ကောင်းကင်နတ်အရှင်ဟုန်နှင့် ကျန်သူများကြားရှိ တိုက်ပွဲကို ငေးကြည့်နေပြီး တိတ်ဆိတ်ငြိမ်သက်နေ၏။

အမွေးတိုင်တစ်တိုင်ထွန်းစာ ကြာပြီးနောက် သူက ထရပ်လိုက်သည်။ ထို့နောက် စိတ်ထဲတွင် ဗလာကျင်းနေသကဲ့သို့ ပရဆေးပင်မျိုးစုံ ထုတ်၍ သားသတ်သမား၊ တျန်းရှုနှင့် ကျန်သူများ၏ဒဏ်ရာများကို ကုသပေးနေသည်။

သူတို့လေးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ မည်သည်မှမပြောကြပေ။

ချင်မူက သူတို့၏ဒဏ်ရာများကို ကုသပြီးနောက် ငုပ်လျှိုးနေ‌သော မည်သည့်ဒဏ်ရာမှ မရှိစေရန် အသေအချာ စစ်ဆေးကာ ရပ်တန့်လိုက်သည်။

ကျဲ့ဟွလီက မနေနိုင်တော့သဖြင့် မေးလိုက်၏။ “ကောင်းကင်နယ်စားမင်းက မင်းရဲ့ ပန်းချီကို မဖွင့်လိုက်ဘူးလား”

ချင်မူက ခေါင်းရမ်းပြီး မှင်သေသေ ဖြေသည်။ “ဟင့်အင်း”

လော့ဝူရွှမ်က ရုတ်တရက် ပြော၏။ “ကောင်းကင်နယ်စားမင်းအတွက် အဲ့ပန်းချီကို ဖွင့်ဖို့ မဖြစ်နိုင်ဘူးလေ… မင်း သူ့ကို ကူညီတယ်ဆိုတာ ကောင်းကင်တာအိုအချုပ်အနှောင်ကနေ လွတ်မြောက်ဖို့ တားဆီးတာပဲ ရှိမှာ… သူက ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ဖို့ ဒီထောင်ချောက်ကို ဆင်ခဲ့တာပဲဟာ.. သူ့ထောင်ချောက်ထဲကနေ သူကိုယ်တိုင် ဘာလို့ရုန်းထွက်မှာလဲ”

တျန်းရှုက ခေါင်းညိတ်သည်။ “လက်တစ်ဖက် ပြောတာမှန်တယ်… ကောင်းကင်နယ်စားမင်းလို ပုဂ္ဂိုလ်မျိုးက ကောင်းကင်နဲ့ နီးကပ်လွန်းပြီး မြေပြင်နဲ့ ဝေးကွာလွန်းတယ်… ငါတို့လို အတွေးမျိုး မရှိဘူး… ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံနဲ့ ကျန်တဲ့သူတွေကို ခေါ်လိုက်တော့.. ငါတို့ သွားသင့်ပြီ…. ငါတို့ရဲ့ စေတနာကို အသိအမှတ်မပြုတဲ့ ကောင်းကင်နယ်စားမင်းအတွက် သက်စွန့်ဆံဖျား တိုက်ခိုက်နေစရာ မလိုဘူး”

ချင်မူက တုံ့ဆိုင်းနေသေးသည်။

သားသတ်သမားက ဝင်ပြောသည်။ “နည်းနည်းလောက်ပဲ ထပ်စောင့်လိုက်ရအောင်”

ချင်မူက ပြုံး၏။ “ဒါဆိုလည်း နည်းနည်းလောက် ထပ်စောင့်ကြ‌တာပေါ”

ငါးယောက်သား တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်၍ ပြန်လည်အားဖြည့်ရင်း စောင့်ဆိုင်းနေကြသည်။

ချင်မူမှာ စစ်မြေပြင်ကို သတိထားနေဆဲဖြစ်ပြီး သူ့မျက်လုံးထောင့်စွန်းများ ရုတ်တရက် တွန့်သွား၏။ ကောင်းကင်နတ်အရှင်ရုံ၊ လန်ဝူနှင့် ကောင်းကင်နတ်အရှင်ယွဲ့တို့ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရသွားကြကြောင်း ခံစားလိုက်ရသည့်အခါ သူက သက်ပြင်းချပြီး ထရပ်လိုက်သည်။ “စောင့်နေစရာမလိုတော့ဘူး… သူတို့ကို အသိပေးပြီး ရွှမ်တုကနေ ဆုတ်ကြစို့”

သားသတ်သမားနှင့် ကျန်သူများကလည်း တိတ်ဆိတ်စွာ ထရပ်လိုက်ကြပြီး သူ့နောက်မှ စစ်မြေပြင်သို့ လိုက်သွားကြသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟုန်သည် ကျန်ကောင်းကင်နတ်အရှင်များကို ဦးဆောင်လျက် ကောင်းကင်နယ်စားမင်းအား တိုက်ခိုက်နေလေရာ ကောင်းကင်နယ်စားမင်း၏ ဒဏ်ရာများမှာ ပိုမိုပြင်းထန်လာနေသည်။ သူ့တွင် မဟာကောင်းကင်နတ်ဘုံ၏ အတိုက်အခိုက်စွမ်းရည်နှင့် အဆုံးမဲ့သော စွမ်းအားကို ပိုင်ဆိုင်ထားသည့်တိုင် ရွှမ်တုပင်မစစ်မြေပြင်တွင် ကောင်းကင်နယ်စားမင်းပင်လျှင် သေခြင်းမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ပေ။

ချင်မူတို့သည် ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူများအနီး ရောက်လာကြ၏။ ကောင်းကင်နတ်အရှင်ရုံ၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရင်လန်ဝူတို့က ကောင်းကင်နတ်အရှင်ဟုန်တို့ကို ခုခံထားကြသော်လည်း သူတို့၏ ကြိုးစားအားထုတ်မှုများက အချည်းနှီးသာ ဖြစ်နေကြသည်။

“ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ၊ လန်ဝူ ရပ်လိုက်ကြပါတော့”

ချင်မူ့အသိစိတ်အလျဉ်က လှိုင်းထသွားပြီး သူ့အသံအား သူတို့သုံးယောက်ဆီ ပို့လွှတ်လိုက်သည်။ “ဆက်တိုက်နေစရာ မလိုတော့ပါဘူး….”

ထိုစဉ် သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်လှုပ်သွားပြီး ကောင်းကင်နယ်စားမင်းအား မယုံနိုင်သော မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။

ပန်းချီ ပွင့်သွားသည်ကို ခံစားလိုက်ရပြီး အကျဉ်းထောင်ကိုးထပ်စင်မြင့် ကောင်းကင်နတ်သိုင်းမှာ အသက်ဝင်လာချေပြီ။

ကောင်းကင်နယ်စားမင်း၏ ဝိညာဉ်စင်မြင့်ထက်တွင် ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်သည် အသက်ဝင်လာသော အကျဉ်းထောင်ကိုးထပ်စင်မြင့် ကောင်းကင်နတ်သိုင်းအား ကြည့်နေ၏။ အကျဉ်းထောင်ကိုးထပ်စင်မြင့်ပေါ်တွင် ဆူးချွန်များ ပေါ်လာကာ သူ၏တာအိုနှလုံးသားကို ထိတွေ့နေသည်။

‘လမ်းခရီးက ရှည်လျားသလို ကျင့်ကြံခြင်းလမ်းစဉ်ကလည်း ရှည်လျားတယ်... တန်ခိုးရှင်လမ်းစဉ်မှာ အမှန်တရားကို ရှာဖွေတာကပဲ မှန်ကန်တဲ့လမ်းစဉ် ဖြစ်နိုင်တယ်’

သူသည် အကျဉ်းထောင်ကိုးထပ်စင်မြင့်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် စူးရှသော နာကျင်မှုကို ခံစားရလိုက်ပြီး သူ၏တာအိုနှလုံးသားမှာ ချိပ်ပိတ်ခံလိုက်ရတော့သည်။

ချင်မူမှာ တဟားဟား ရယ်လိုက်ပြီး အဆပေါင်းတစ်ရာ စိတ်အားတက်ကြွလာလေသည်။ သူက ဓားမရှည်ကြီးကို ကိုင်လျက် သားသတ်သမားနှင့် ကျန်သူများကို ခေါ်ဆောင်ကာ ကောင်းကင်နတ်အရှင်ယွဲ့ကို တိုက်ခိုက်နေသည့် ကောင်းကင်နတ်အရှင်ဟွေ့ဆိသို့ ပြေးဝင်သွားတော့သည်။

All Chapters