ကောင်းကင်ရဲ့နှလုံးသားက ငါ့နှလုံးသားပဲ
Vol. 111 Ch. 1455
ဘိုးဘေးနန်းတော်၏ ကောင်းကင်ပင်လယ်မျက်နှာပြင်ထက်တွင်
ခိုင်ဧကရာဇ် သာယာပေါ့ပါးစွာ လမ်းလျှောက်နေသည်။ သူ၏ခြေလှမ်းများ ရပ်တန့်သွားသည့်အခါမှသာ ပင်လယ်ရေမျက်နှာပြင်သည် လှိုင်းတွန့်သွားသည်။
“ကောင်းကင်ရဲ့နှလုံးသားက ငါ့နှလုံးသားပဲ”
သူ ဤနေရာသို့ ပထမဆုံး ရောက်လာ၍ ပင်လယ်ရေမျက်နှာပြင်ထက်တွင် လမ်းလျှောက်ခဲ့တုန်းက ပင်လယ်သည် လှိုင်းထပုံပျက်သွားခဲ့လေသည်။ ဤသည်က သူ၏တာအိုနှလုံးသား ကောင်းကင်ပင်လယ်အပေါ် တုံ့ပြန်ပုံဖြစ်ခဲ့သည်။
ထိုမြင်ကွင်းမှာ အိပ်မက်တစ်ခုအလား လှပငေးမောဖွယ်ကောင်းခဲ့သည်။ သူ့တာအိုနှလုံးသားရှိ ပြစ်ချက်များနှင့် လိုအပ်ချက်များကိုလည်း ဘွင်းဘွင်းထင်းထင်း တွေ့မြင်ခဲ့ရသည်။ ထိုပြစ်ချက်များနှင့် လိုအပ်ချက်တို့က လှိုင်းဂယက်တို့အဖြစ် ဆင့်ကဲပြောင်းလဲသွားခဲ့ကြသည်။ ဤသို့ဖြင့် ခိုင်ဧကရာဇ်သည် လှိုင်းများအကြား သွားလာ၍ စိတ်နှလုံးမိစ္ဆာတို့အား နှိမ်နင်းကာ သူ၏တာအိုနှလုံးသားကို စင်ကြယ်သထက် စင်ကြယ်လာစေခဲ့၏။
ယခုတွင် သူ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် လမ်းလျှောက်သည့်အခါ မည်သည့်လှိုင်းလုံးမှ မဆူကြွလာတော့ဘဲ လှိုင်းတွန့်လေးများသာ ထလာချေပြီ။
သူ၏တာအိုနှလုံးသားသည် ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်အေးဆေးနေသည်။
သူက ရပ်တန့်၍ ကောင်းကင်ပင်လယ်၏ မျက်နှာပြင်သို့ စိုက်ကြည့်လိုက်သည်။ ပင်လယ်ရေမျက်နှာပြင်မှာ မှန်တစ်ချပ်ကဲ့သို့ ရွှမ်တုရှိ အရာအားလုံးကို ရောင်ပြန်ဟပ်နေသည်။
ရွှမ်တုမှ တိုက်ပွဲကို တွေ့မြင်ရသည့်အခါ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာပြီး သူ၏တာအိုနှလုံးသား မငြိမ်မသက်ဖြစ်နေကြောင်း ပြသနေ၏။
“အကျဉ်းထောင်ကိုးထပ်စင်မြင့်ဆီ သွားဖို့ အချိန်မရှိတော့ဘူး… ရွှမ်တုကို သွားမှဖြစ်မယ်”
ခိုင်ဧကရာဇ်က အဝတ်များပြင်ဝတ်ပြီးနောက် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ သူ၏ပုံရိပ်ကို ကြည့်ကာ ထွက်ခွာသွားတော့သည်။
သူထွက်ခွာသွားပြီး မကြာမီ ကောင်းကင်နတ်အရှင်ဟောင်သည် ဟင်းလင်းပြင်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာကာ ပင်လယ်ရေပြင်ပေါ်သို့ ဆင်းသက်လာ၏။
သူ၏ခြေထောက် ပင်လယ်ရေပြင်ပေါ် ကျသွားသည့်အခါ လှိုင်းဂယက်များ ထန်လာသော်လည်း အလျင်အမြန်ပင် တည်ငြိမ်သွားကြသည်။
ကောင်းကင်နတ်အရှင်ဟောင်က ခိုင်ဧကရာဇ် ထွက်ခွာသွားသော နေရာမှ အကြည့်လွှဲ၍ ပင်လယ်ရေပြင်ပေါ် ဆင်းသက်ကာ ရွှမ်တုရှိ တိုက်ပွဲအား ကြည့်ရှုနေသည်။
“ရွှမ်တုဆီ သွားဖို့ အချိန်ကျပြီ”
ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်၏။ သူ့အနောက်တွင် နတ်ဘုရားမထိုက်စု၏ အရိပ် ပေါ်လာသော်လည်း ပင်လယ်ရေပြင်တွင်တော့ မည်သည့်အရိပ်မှ ထင်ဟပ်မနေချေ။
“အစစ်အမှန် သိုင်းပညာရှင်တစ်ယောက်ဆိုတာာ ခိုင်ဧကရာဇ်လို ဖြစ်သင့်တယ်… သူ့လို စိတ်ထိန်းထားနိုင်ရမယ်”
ကောင်းကင်နတ်အရှင်ဟောင်က ရှေ့လျှောက်သွားသည်။ သူ၏ ခြေတစ်လှမ်းတည်းဖြင့် ပင်လယ်ရေမျက်နှာပြင်ထက်တွင် လှိုင်းဂယက်များ ပေါ်လာပြန်သည်။ သို့သော် လှိုင်းလုံးများက သေးငယ်ပြီး သူသည် ၎င်းတို့ကို မမြင်သည့်အလား ဖြတ်လျှောက်သွား၏။
သူ၏ တာအိုနှလုံးသားမှာ ခိုင်ဧကရာဇ်လောက် မခိုင်မာသော်လည်း အားနည်းနေခြင်းမဟုတ်ပေ။ မည်သူမဆို ကောင်းကင်ပင်လယ်သို့ လာရောက်ပါက ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာနိုင်သော်လည်း သူကတော့ လှိုင်းငယ်များသာ ပေါ်လာစေခဲ့သည်။
သူ လှုပ်ရှားနေသည်နှင့်အမျှ လှိုင်းများက ပေါ့ပါးသေးငယ်လာ၏။
“ဒီတိုက်ပွဲမှာ ငါတို့ ကောင်းကင်နယ်စားမင်းကိုပဲ ရှင်းလင်းနိုင်မှာ မဟုတ်ဘူး… နင့်ရဲ့ နေရာအပေါ် ခြိမ်းခြောက်လာနိုင်တဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက အင်အားကြီးမားတဲ့ ရန်သူတွေကိုလည်း ဖယ်ရှားနိုင်လိမ့်မယ်”
နတ်ဘုရားမထိုက်စု၏ အသံက သူ့အနောက်တွင် တဖြည်းဖြည်း တိုးညှင်းသွားသော်လည်း သူ၏နား၌ ကပ်ပြောနေသကဲ့သို့ ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။ “ကောင်းကင်နတ်အရှင်ဟုန်က နင့်အတွက် အန္တရာယ်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး… တူလေး၊ ကောင်းကင်ပင်လယ်မှာ နင်ဖန်တီးခဲ့တဲ့ လှိုင်းဂယက်တွေက ပေါ့ပါးသေးငယ်လွန်းတယ်….. ကြည့်ရတာ နင့်ရဲ့တာအိုနှလုံးသားက ခိုင်ဧကရာဇ်ထက် အားမနည်းလောက်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်မြစ်ဆီသို့ လျှောက်သွားရင်း တုံ့ပြန်၏။ “ကျုပ်ရဲ့ တာအိုနှလုံးသားက တည်ငြိမ်ပြီး သူ့ထက် အားနည်းတယ်… ဒါပေမဲ့ တာအိုကျင့်စဉ်စနစ်မှာတော့ သူက ကျုပ်ထက် အများကြီးပိုအစွမ်းထက်တယ်… ခိုင်ဧကရာဇ်က ဝာာအိုကျင့်စဉ်စနစ်ကို အားထားပြီး ကျုပ်ကတော့ ခွန်အားကို အားထားတယ်… အနာဂတ်မှာ တာအိုကျင့်စဉ်စနစ်ကို သူ့ဆီက သင်ယူမယ်… အဲ့ဒါက ကျုပ်ရဲ့ အကောင်းဆုံးအားသာချက် ဖြစ်လာလိမ့်မယ်”
သူက ခပ်ယဲ့ယဲ့ပြုံးကာ အေးအေးလူလူ ဆက်ပြော၏။ “အတိတ်မှာတုန်းက ကောင်းကင်နတ်အရှင်ယွီဆီက နတ်ဘုရားလမ်းစဉ်ကို သင်ယူပြီး သူ့ကို သတ်ဖြတ်နိုင်ခဲ့တယ်…. ဒီနေ့မှာတော့ ခိုင်ဧကရာဇ်ရဲ့ တာအိုကျင့်စဉ်စနစ်ကို သင်ယူပြီး ခိုင်ဧကရာဇ်ကို သတ်ဖြတ်နိုင်လိမ့်မယ်… ကျုပ်ရဲ့ တာအိုနှလုံးသားက သန်မာတဲ့အတွက် တာအိုအခြေအနေကို သင်ယူရတာက ကျုပ်ထင်ထားသလောက် မခက်ဘူး”
ထိုက်စု၏ ပုံရိပ်မှာ လုံးလုံးလျားလျား ပုန်းကွယ်နေသည်။ သူမက ခပ်ဖွဖွ မေးလေသည်။”ဒါဆိုရင် နင့်ရဲ့တာအိုနှလုံးသားကို ဒီအဆင့်အထိ ဘယ်လိုကျင့်ကြံခဲ့တာလဲ”
“ကျုပ်ရဲ့ အမြင့်မားဆုံးအခိုက်အတန့်မှာ ချောက်ထဲ ပြုတ်ကျခဲ့ရတယ်လေ… အိပ်ရာထဲမှာ နှစ်ပေါင်း ထောင်နဲ့ ချီအောင် သေလုမျောပါး လဲနေခဲ့ရတာ”
ကောင်းကင်နတ်အရှင်ဟောင်က ရပ်တန့်၍ ခေါင်းငဲ့စောင်းကာ အတိတ်အား ပြန်တွေးနေသည်။ “အဲဒီနှစ်တွေတုန်းက အထင်သေးတဲ့အကြည့်တွေ၊ ရှုံ့ချတာတွေကို မရေမတွက်နိုင်အောင် ခံခဲ့ရတယ်… အရင်က ကျုပ်နောက်လိုက်ခဲ့တဲ့သူတွေတောင် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားပြီး လှောင်ပြောင်သရော်ခဲ့ကြတယ်… လောကဓံအနိမ့်အမြင့်ကို ခံစားရခဲ့တဲ့နောက် ကျုပ်ရဲ့ တာအိုနှလုံးသားက မြဲမြဲမြံမြံ တည်ငြိမ်ခိုင်ခံ့လာခဲ့တာပဲ…”
သူ၏မျက်လုံးများတွင် ယုံကြည်မှုနှင့် စိတ်ပိုင်းဖြတ်ထားမှုတို့ ပြည့်နှက်နေပြီး သူက ကြည်လင်ပြတ်သားစွာ ဆက်ပြော၏။ “ကျုပ် အိပ်ရာထဲမှာ နှစ်ထောင်ပေါင်းများစွာ လဲနေခဲ့တာက ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကြောင့် မဟုတ်ဘဲ တာအိုနှလုံးသားက ဒဏ်ရာတွေကြောင့်ပဲ… ကျုပ် ထလာတဲ့အချိန်မှာ တစ်လောကလုံးက ဘယ်သူမှ ကျုပ်တာအိုနှလုံးသားအပေါ် အနိုင်မယူနိုင်ခဲ့ဘူး… အဲဒီအချိန်ကစပြီး မိတ်ဆွေသံယောဇဉ်၊ မိသားစုနဲ့ အချစ်ဆိုတဲ့အရာတွေကို သိမြင်ခဲ့ရတယ်… အဲဒီကစပြီး ကျုပ်ကိုယ်တိုင်အတွက်ပဲ အသက်ရှင်ခဲ့တာ”
“ကျုပ်ရဲ့ ညီအစ်ကိုမောင်နှမတွေကြားက ဆူးငြောင့်ခလုတ်တွေကို တစ်ခုပြီးတစ်ခု ဖယ်ရှားခဲ့တယ်… အိမ်ရှေစံမင်းသားတောင် ကျုပ် လှည့်စားတာခံရပြီး ရှဲ့ဝူကျီ ဖြစ်လာခဲ့တာ…
“ကျုပ်ဟာ နတ်ဘုရားတစ်ပိုင်းမျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်လာပြီး နဂါးဟန်ကောင်းကင်နတ်ဘုံကို တည်ထောင်ခဲ့တယ်… တစ်လောကလုံးက နတ်ဘုရားတစ်ပိုင်းတွေအားလုံးအပေါ် အုပ်ချုပ်ခဲ့တယ်… ကောင်းကင်နတ်အရှင်ယွင်နဲ့ ပူးပေါင်းပြီး အင်အားကြီးလွန်းလို့ အနိုင်ယူလို့မရနိုင်ဘူး ထင်ရတဲ့ ကျုပ်ရဲ့အဖေကို ရှင်းလင်းဖယ်ရှားခဲ့တယ်… နတ်ဘုရားတစ်ပိုင်းမျိုးနွယ်ရဲ့ ပိုင်နက်ကို သိမ်းယူပြီး ကောင်းကင်မဟာမိတ်ရဲ့ အာဏာကို တစ်ဆင့်ပြီးတစ်ဆင့် ခိုးယူခဲ့တယ်…
“ပြီးခဲ့တဲ့နှစ်တစ်သန်းအတွင်း ကျုပ်အဖေ ရှုံးနိမ့်ခဲ့တယ်… ကောင်းကင်နတ်အရှင်ယွင် ရှုံးခဲ့တယ်… ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်တို့လည်း ရှုံးနိမ့်ခဲ့ကြတယ်… ကျုပ်ရဲ့ပြိုင်ဘက်တွေ နည်းသထက် နည်းလာခဲ့တာပေါ့”
သူ၏မျက်လုံးများထဲရှိ ယုံကြည်ချက်နှင့် စိတ်ပိုင်းဖြတ်မှုတို့က အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ “အခုတော့ ခိုင်ဧကရာဇ်အလှည့်ပဲ… ပြီးရင် ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အလှည့်… ကောင်းကင်နတ်အရှင်ဟုန်ကို အရင်ဆုံး ဖယ်ရှားမယ်… ပြီးရင် မဟာဧကရာဇ်… ပြီးရင်တော့ ရှေးဟောင်းနတ်ဘုရားဘုရင်”
သူ၏တာအိုနှလုံးသားမှာ ပိုပို၍တည်ငြိမ်လာသည့်အလျောက် ကောင်းကင်ပင်လယ်ရေမျက်နှာပြင်မှာ လှိုင်းမထဘဲ ငြိမ်သက်နေတော့သည်။
ထိုက်စုက ဖြည်းဖြည်းချင်း ကိုယ်ယောင်ပြကာ နူးညံ့စွာ ပြောသည်။ “ဒါဆိုရင် လွန်ခဲ့တဲ့နှစ်တစ်သန်းလုံးက နင် အိပ်ရာထဲ လဲအောင်လုပ်ခဲ့တဲ့သူ၊ နှစ်တစ်သန်းကြာပြီးတော့ အမြင့်ဆုံးကနေ ပြုတ်ကျစေခဲ့တဲ့သူ၊ မဟာလေဟာနယ်မှာ အရှက်ကွဲစေခဲ့တဲ့သူကိုရော…”
သူမ၏အသံတွင် ထူးဆန်းသော မှော်စွမ်းအင်တို့ ကိန်းဝပ်နေသယောင်ပင်။ ကောင်းကင်နတ်အရှင်ဟောင်၏ မျက်လုံးထောင့်စွန်းရှိ ကြွက်သားတို့က တဆတ်ဆတ် တုန်ခါလာပြီး တည်ငြိမ်နေသည့် ပင်လယ်ရေမျက်နှာပြင်တွင် လှိုင်းလုံးကြီးများ ထွက်ပေါ်လာတော့သည်။
ဧရာမလှိုင်းကြီးများက ကောင်းကင်ကို ပြေးတိုက်ကုန်သဖြင့် ကောင်းကင်မှာ မည်းမှောင်လာ၏။ လျှပ်စီးမိုးကြိုးတို့က တဂျိန်းဂျိန်း မြည်ဟီးလျက် မြေပြင်ပေါ် ပစ်ချကာ ငရဲတစ်ခုအလား ကြောက်မက်ဖွယ် ကောင်းလာသည်။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ပင်လယ်ရှိ သာမာန်မဟုတ်သော ဖြစ်ရပ်မှာ တည်ငြိမ်သွားတော့၏။
ကောင်းကင်နတ်အရှင်ဟောင်၏ တဖြတ်ဖြတ် လှုပ်ခတ်နေသော အင်္ကျီစတို့ကလည်း ငြိမ်သွားကြသည်။ သူက ထိုက်စု၏ မေးခွန်းကို မဖြေဘဲ ကောင်းကင်နတ်မြစ်ဆီသို့သာ လျှောက်လှမ်းသွား၏။
သူ့ဘဝရှိ လောကဓံက အနိမ့်အမြင့်နှစ်ခုလုံးမှာ ချင်မူ့ကြောင့် ဖြစ်ပေါ်ခဲ့ရခြင်း မဟုတ်လော။ နှစ်တစ်ထောင်ကျော် အိပ်ရာထဲ လဲအောင် လုပ်ခဲ့သူ၊ သူ၏ တာအိုနှလုံးသားဒဏ်ရာများနှင့် ဓားဒဏ်ရာများကို ဖန်တီးပေးခဲ့သူမှာ ချင်မူပင်။
မဟာလေဟာနယ်တွင် မဟာဧကရာဇ်နှင့် ထိပ်တိုက်တွေ့စေခဲ့သူမှာလည်း ချင်မူသာဖြစ်သည်။ ချင်မူသည် ပြန်ဆုတ်ရန် ပြင်နေခဲ့သည့် သူ့ကို ရှာတွေ့ခဲ့၏။ ပြန်ဆုတ်ခွာမည့် သူ့အစီအစဉ်ကို ပျက်စီးစေခဲ့ရုံသာမက မိုင်ခြောက်သောင်းအထိ လိုက်ဖမ်းခဲ့သေးသည်။
ရွှင်ပျော်ပျော်ကျေးရွာအရှေ့တွင်လည်း အရှက်တကွဲ အကျိုးနည်းဖြစ်ကာ ကုန်းကောက်စရာ မရှိအောင် သိက္ခာကျခဲ့ရ၏။
အသက်ရှင်သန်နိုင်ရန် ထိုက်စု၏ ခြေထောက်ကို ဖက်ကာ ဒူးထောက်တောင်းဆိုခဲ့ရသည်။
ပြန်လည်အင်အားကြီးလာရန်အတွက်မူ ထိုက်စု၏ အင်အားကို ငှားယူ၍ ကျားအရေခွံခြုံကာ ဟန်ဆောင်နေရန်မှ လွဲပြီး ရွေးချယ်စရာမရှိခဲ့ပေ။
၎င်းတို့အားလုံးက ချင်မူ့ကြောင့်ပင်။
သူ၏ တာအိုနှလုံးသားကို ဖရိုဖရဲဖြစ်စေသူမှာ ချင်မူတစ်ယောက်တည်းသာ ရှိ၏။
နတ်ဘုရားမထိုက်စုက ပြုံးနေပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
ရွှမ်တုတွင် ကောင်းကင်နတ်အရှင်ဟွေ့သည် တာအိုမီးတောက်ဘိုးဘေးနယ်မြေထဲတွင် ရပ်နေ၏။ တာအိုမီးတောက်က ပြင်းထန်စွာ လောင်ကျွမ်းရင်း ဟင်းလင်းပြင်ကို မီးလောင်တိုက်သွင်းကာ အရာအားလုံးအား အရည်ပျော်နေစေသည်။
တောင်နတ်မင်းကျုချွဲသည် ထိုသို့အင်အားကြီးမားသော တာအိုမီးတောက်ကို ပိုင်ဆိုင်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟွေ့၏ လက်ထဲတွင်သာ တာအိုမီးတောက် ဘိုးဘေးနယ်မြေ၏ စွမ်းအားကား အဆုံးအစွန်အထိ မြှင့်တက်နေ၏။
တာအိုမီးတောက် ယဇ်ပလ္လင်ပေါ်တွင် ရပ်နေသည့် သူသည် တစ်လောကလုံးအပေါ် အုပ်စိုးနေသူအလားပင်။ ပလ္လင်ကို ဗဟိုပြု၍ စကြ၀ဠာတစ်ခုလုံးသည် ပလ္လင်၏ ကောင်းကင်ဘုံကိုးထပ် ဖြစ်လာကြသည်။
သူ၏ လက်ချောင်းတစ်ချောင်းတည်းဖြင့် နေရာဟင်းလင်းပြင်အလွှာပေါင်းများစွာကို ဖျက်ဆီးနိုင်နေသောကြောင့် ကောင်းကင်နတ်အရှင်ယွဲ့အား ပင်ပန်းလာစေ၏။
သူ၏ စွမ်းအားက ကောင်းကင်နတ်အရှင်ယွဲ့ထက် အားကောင်းသန်မာသည်။ ယခုတွင် သူကား ကောင်းကင်နတ်အရှင်ယွဲ့အား သတ်ဖြတ်ရန် အလျင်လိုမနေသဖြင့် ကောင်းကင်နတ်အရှင်ရုံနှင့် နတ်ဘုရင်လန်ဝူတို့ကိုသာ အာရုံစိုက်နေ၏။ အထူးသဖြင့် နတ်ဘုရင်လန်ဝူက သူ့အတွက် အန္တရာယ်ကြီးလေသည်။
ဘိုးဘေးနယ်မြေထဲရှိ တာအိုမီးတောက်သည် နေရာကို ပုံပျက်စေနိုင်သော်လည်း ဟင်းလင်းပြင်အတွင်းထဲတွင်တော့ ပုံပျက်သွားအောင် မစွမ်းဆောင်နိုင်ချေ။ နတ်ဘုရင်လန်ဝူ၏ တိုက်ကွက်များကလည်း ဟင်းလင်းပြင်အတွင်းထဲမှ ထွက်ပေါ်လာခြင်းဖြစ်၏။
ထိုမျှသာမက သူ့အတွက် ပို၍အရေးပါသည့် ပစ်မှတ်မှာ ကောင်းကင်နယ်စားမင်း ဖြစ်သည်။
ကောင်းကင်နယ်စားမင်းသေဆုံးသွားခြင်းက သူ့အတွက် အကျိုးအမြတ်များခွဲယူရန် အခွင့်ကောင်းတစ်ခုပင်။ နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းနိုင်၊ မလှမ်းနိုင်က ဤအရာပေါ်တွင် မူတည်နေ၏။
ကောင်းကင်နတ်အရှင်ဟွေ့သည် နတ်ဘုရင်လန်ဝူကို ခုခံနေသည့်ကြားမှ ကောင်းကင်နယ်စားမင်းဆီသို့ လှမ်းကြည့်လိုက်သည့်အချိန်တွင် နတ်ဓားမတစ်လက်က ဟင်းလင်းပြင်အလွှာသုံးဆယ်မှ ခွဲထွက်ကာ သူ၏မျက်နှာထဲသို့ ထိုးစိုက်လိုက်သည်။ သွေးများက အရပ်လေးမျက်နှာသို့ ဖွားခနဲ လွင့်စင်ပန်းထွက်ကုန်သည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ အံ့သြမှင်သက်သွားသည်။ တာအိုမီးတောက်ဘိုးဘေးနယ်မြေမှာ သူ့အတွက် ပြိုင်ဘက်ကင်းနေရာတစ်ခု ဖြစ်၏။ ဤနေရာ၌ ရပ်နေလျှင် သူ့ကို အားဖြည့်ပေးနေသော မွေးရာပါတာအိုမီးတောက်အပြင် တိုက်ကွက်မှန်သမျှအား ထွင်းဖောက်မြင်ရနိုင်သည်။
ဟင်းလင်းပြင်တော့ မပါချေ။
ဟင်းလင်းပြင်တစ်ခုတည်းသာ တာအိုမီးတောက်ဖြင့် လောင်ကျွမ်းပြာချ၍ မရပေ။
ဓားမသည် ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးထဲမှ ထွက်ပေါ်လာကာ သူ၏မျက်နှာတွင် ထိုးစိုက်ခဲ့သည်။
ဓားမက ရက်စက်ကြမ်းကြုတ်လွန်းပြီး သူ၏မျက်နှာအလယ်မှ ဦးခေါင်းထဲအထိ နစ်မြုပ် စိုက်ဝင်သွား၏။
တာအိုမီးတောက် ဘိုးဘေးနယ်မြေ၏ ပြင်းထန်လှသည့် စွမ်းအားကြောင့် သူ့အား ဤသို့အနီးကပ်တိုက်ခိုက်ရဲသူဟူ၍ တစ်လောကလုံးတွင် မရှိပေ။ တာအိုမီးတောက်က အရာအားလုံးကို အရည်ပျော်သွားစေနိုင်သဖြင့် ကောင်းကင်နတ်အရှင်ယွဲ့ပင်လျှင် အနားမကပ်ရဲချေ။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ဒေါသူပုန်ထသွားတော့သည်။ ဟင်းလင်းပြင်ထဲတွင် ချင်မူနှင့် ကျန်သူများ၏ ပုံရိပ်ကို မြင်လိုက်ရသည့်အခါ သူ့ဦးခေါင်းအနောက်ရှိ မီးတောက်စက်ဝန်းက လှည့်ပတ်လာသည်။ ဧရာမမီးတောက်စက်ဝန်းသည် ဟင်းလင်းပြင်၏ ၁၃လွှာမြောက်ထဲသို့ ဖြတ်ဝင်သွားသည်။ ကောင်းကင်နန်းဆောင်များ တုန်လှုပ်မြည်ဟီးသွားကြပြီး သူ၏မူလဝိညာဉ်များက ကောင်းကင်နန်းဆောင်များတွင် ပေါ်လာကာ လက်မြှောက်လိုက်ကြသည်။ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ကောင်းကင်နတ်သိုင်းများက ဟင်းလင်းပြင်ထဲရှိ လူငါးယောက်ကို ပြာချရန် ထွက်ပေါ်လာပေတော့မည်။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်လန်ဝူ၏ ပုံရိပ်က ချင်မူနှင့် ကျန်သူများ၏ အနောက်တွင် ပေါ်လာပြီး ကောင်းကင်နတ်အရှင်ရုံကလည်း ပေါ်လာသည်။ အလင်းတန်းများ တောက်ပသွားပြီး ကောင်းကင်နန်းဆောင်အသီးသီး၏ အရှေ့ရှိ ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ်တို့မှာ ပြင်းပြင်းထန်ထန် တုန်ခါလာကာ တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရတော့သည်။
သူ၏ပင်မမူလဝိညာဉ်ပင်လျှင် ဧကရာဇ်ပလ္လင်ပေါ်မှ ထ၍ နတ်ကောင်းကင်ခန်းမထဲမှ ထွက်ခွာသွားရ၏။
ဓားမရောင်များ တောက်ပလာပြီး တာအိုမီးတောက် ဘိုးဘေးနယ်မြေတွင် ထွက်ပေါ်လာကြသည်။ ချင်မူနှင့် ကျန်သူများက ဆင်းသက်၍ ကောင်းကင်နတ်အရှင်ဟွေ့၏ ဧရာမခန္ဓာကိုယ်ကြီး ပတ်ပတ်လည်တွင် ပျံသန်းနေကြသည်။
ကောင်းကင်နတ်အရှင်ဟွေ့က လက်မြှောက်၍ ကာလိုက်သော်လည်း နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်က ပြေး၀င်လာသည်။ ကောင်းကင်နတ်အရှင်ဟွေ့ အငိုက်မိသွားသည့်အခါ ကောင်းကင်နတ်အရှင်ရုံ၏ ကောင်းကင်နတ်သိုင်းက ပြေးဝင်လာပြန်၏။ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ သူ၏မူလဝိညာဉ်မှာ ရုပ်ခန္ဓာကိုယ်ထဲမှ ဖောက်ခွဲခံလိုက်ရပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။
ခွမ်း…ခွမ်း… ခွမ်း
သူ၏ရုပ်ခန္ဓာမှာ တခဏအတွင်း အကြိမ်ရာပေါင်းများစွာ တိုက်ခိုက်ခံလိုက်ရ၍ သွေးများ စီးကျလာ၏။
ကောင်းကင်နတ်အရှင်ရုံက လက်မြှောက်လျက် သူ့အား ရွှမ်တုမှ ယိုတုအထိ ရိုက်ချတော့မည်အချိန်တွင် အင်အားကြီးမားသော အသိစိတ်အလျဉ်တစ်ခုသည် ပြေးဝင်လာ၏။ ပုံရိပ်ယောင်အလွှာပေါင်းများစွာက ကောင်းကင်နတ်အရှင်ရုံအရှေ့တွင် ဖွဲ့တည်လာကာ သူ၏မိခင် သူ့ဆီသို့ လျှောက်လှမ်းလာနေကြောင်း မြင်လိုက်ရလေသည်။
မျက်ရည်များက ကောင်းကင်နတ်အရှင်ရုံ၏ မျက်လုံးအိမ်မှ မိုးပေါက်များအလား စီးကျလာပြီး သူ့မှာ မတိုက်ခိုက်ရက်တော့ချေ။
ထိုအခိုက်အတန့်တွင် နတ်ဘုရင်လန်ဝူက အော်ဟစ်လိုက်ရာ ကောင်းကင်နတ်အရှင်ရုံမှာ ပုံရိပ်ယောင်များမှ ချက်ချင်း လွတ်မြောက်သွား၏။ သူ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် စိတ်နှလုံးတုန်လှုပ်သွားမိသည်။ ကောင်းကင်နတ်အရှင်ကုန်းကား ရွှမ်တုသို့ ဦးတည်လာနေပြီး နတ်ဘုရင်လန်ဝူအား အဝေးမှကြည့်နေကြောင်း တွေ့လိုက်ရသည်။
အမျိုးသမီးနှစ်ဦးက တစ်ယောက်ကိုတစ်ယောက် စိုက်၍ ကြည့်နေကြသည်။ တို့အခိုက်အတန့်တွင် ချင်မူ၊ သားသတ်သမားနှင့် ကျန်သူများက ကောင်းကင်နတ်အရှင်ဟွေ့အား ဝိုင်း၍ အဆက်မပြတ် တိုက်ခိုက်နေကြ၏။
ကောင်းကင်နတ်အရှင်ဟွေ့၏ မူလဝိညာဉ် ပြန်လည်ပျံသန်းလာသည့်အခါ ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံသည် ရုတ်တရက် ထွက်ပေါ်လာကာ ရုပ်ခန္ဓာကို အဝေးသို့ ခေါ်ဆောင်သွား၏။ ကောင်းကင်နတ်အရှင်ဟွေ့မှာ မျက်လုံးများပြူးကျယ်သွားပြီး မူလဝိညာဉ်က ရုပ်ခန္ဓာနောက်မှ အလျင်အမြန် လိုက်သွားသည်။
နောက်တခဏတွင် နေရာဟင်းလင်းပြင်မှာ အက်ကွဲလာပြီး တာအိုမီးတောက် ဘိုးဘေးနယ်မြေမှာ ထိုအက်ကွဲကြောင်းထဲ ကျသွားသည်။ ၎င်းကို ကောင်းကင်နတ်အရှင်ယွဲ့ မည်သည့်နေရာသို့ ပို့လွှတ်လိုက်သည်လဲ မည်သူမှ မသိကြချေ။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ကုန်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သူမ၏အသိစိတ်အလျဉ်ကို ထုတ်ဖော်ကာ နတ်ဘုရင်လန်ဝူဆီသို့ ဦးတည်ပြေး၀င်သွား၏။ နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်ကလည်း လှိုင်းထလာသောကြောင့် အမျိုးသမီးနှစ်ဦး၏ အသိစိတ်အလျဉ်တို့ ထိတွေ့ပေတော့မည်။
အသိစိတ်အလျဉ်ထဲတွင် မတောမသတ်နိုင်သော အချက်အလက်များ ပါရှိသည်။ သူတို့နှစ်ယောက်၏ အသိစိတ်အလျဉ်များ ထိတွေ့သွားသည်နှင့် တစ်ယောက်နှင့် တစ်ယောက် အတွေးများကို သိရှိနိုင်ပေလိမ့်မည်။ စကားတစ်ခွန်းမှ ပြောရန် မလိုအပ်ပေ။
ထိုအချိန်၌ ချင်မူက သူတို့နှစ်ယောက်ကြားတွင် ပေါ်လာပြီး အသိစိတ်အလျဉ်ကို ထုတ်ဖော်ကာ ကျယ်ပြောသော ကောင်းကင်ဘုံအသွင် ပြောင်းလဲလိုက်သည်။ သူက တဟားဟားရယ်လိုက်ရင်း မေးလေသည်။ “ခင်ဗျားတို့နှစ်ယောက်က မျိုးနွယ်စုတစ်ခုတည်းက မွေးဖွားလာခဲ့တာမလား… အသေအကြေ တိုက်ခိုက်ကြဖို့ လိုလို့လား”