အင်အားအကြီးဆုံး မူလဝိညာဉ်
Vol. 111 Ch. 1457
ကောင်းကင်နတ်အရှင်ကုန်း၏ ကောင်းကင်နန်းဆောင်မှာ ထိခိုက်ဒဏ်ရာရထားပုံမပေါ်ချေ။ သူမ၏အရှိန်အဝါမှာလည်း အားနည်းလာမည့် အရိပ်အယောင်မရှိပေ။ သူမ၏ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှမရှိဘဲ ရုပ်ခန္ဓာမှာလည်း အကောင်းအတိုင်း ရှိနေသေး၏။
ခိုင်ဧကရာဇ်သည် ချင်မူ့တောင်းဆိုမှုကြောင့် ကောင်းကင်နတ်အရှင်ကုန်းကို သတ်ဖြတ်ရန် ထွက်သွားခဲ့ခြင်း မဟုတ်လော။
ကောင်းကင်နတ်အရှင်ကုန်းအနေဖြင့် ခိုင်ဧကရာဇ်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါက ဆေးဆရာ၏ ကုသမှုမပါဘဲ လျင်မြန်စွာ ပြန်လည်သက်သာလာရန် မလွယ်ကူပေ။
ချင်မူက မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကာ ကောင်းကင်နတ်အရှင်ကုန်းဆီသို့ စစ်ဆေးကြည့်လိုက်သည်။ ချက်ချင်းပင် ထူးဆန်းနေမှုကို နားလည်သွား၏။
ကောင်းကင်နတ်အရှင်ကုန်း၏ ခန္ဓာကိုယ်ထဲတွင် ငုပ်လျှိုးနေကြသော ဒဏ်ရာမျိုးစုံ ရှိပြီး ဓားဒဏ်ရာများလည်း ပါဝင်သည်။ ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်ကြောင့် ကျန်ရစ်ခဲ့ပုံပေါ်သော်လည်း တစ်စုံတစ်ယောက်သည် ထူးဆန်းသောစွမ်းအားကို သုံး၍ ၎င်းတို့ကို ဖယ်ရှားကာ သူမ၏ခန္ဓာကိုယ်အား ပုံမှန်အခြေအနေအထိ ပြန်လည်သက်သာစေခဲ့၏။
သို့သော် ကောင်းကင်နတ်အရှင်ကုန်းမှာ နှစ်တစ်သန်းကြာအထိ ရွပ်ရွပ်ချွံချွံ ကျင့်ကြံခဲ့သည့်အလျောက် သူမ၏ရုပ်ခန္ဓာသည် အလွန်တရာ သန်မာ၏။ ထိုပုဂ္ဂိုလ်သည် သူမ၏ရုပ်ခန္ဓာကို ပြုပြင်၍ ခိုင်ဧကရာဇ်ဆီမှ ဓားဒဏ်ရာများကို ဖယ်ရှားပေးခဲ့သော်လည်း သူမ၏ရုပ်ခန္ဓာအား အသန်မာဆုံးအခြေအနေအထိ ပြန်လည်သက်သာလာအောင် မဆောင်ရွက်နိုင်ခဲ့ပေ။
ထိုမျှသာမက ကောင်းကင်နတ်အရှင်ကုန်း၏ ကောင်းကင်နန်းဆောင် ၃၅ ခုမှာလည်း ပြန်လည်ပြုပြင်ထားသည့် အစအနများဖြင့် ပြည့်နှက်နေသည်။ ပြုပြင်ထားသည့်နေရာများမှာ အခြားနေရာများလောက် မခိုင်ခံကြပေ။
ကောင်းကင်နတ်အရှင်ကုန်း၏ မူလဝိညာဉ်မှာလည်း အလားတူပင်။
ခိုင်ဧကရာဇ်၏ တိုက်ကွက်သည် အလွန်တရာ ရက်စက်ခဲ့သည့်အပြင် ကောင်းကင်နတ်အရှင်ကုန်းအား သေဆုံးသွားစေရန် သူ၏ဓားတာအိုကိုပင် အသုံးပြုထား၏။
ချင်မူ့မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးမှာ တစ်လောကလုံးတွင် အစွမ်းဆုံး နတ်မျက်လုံးဖြစ်၏။ ၎င်းက မြေအောက်ဘုံအရှင်သခင်၏ ဦးချိုကို သူငယ်အိမ်အဖြစ် အသုံးပြုပြီး ကောင်းကင်နယ်စားမင်း၏ ကောင်းကင်မီးလျှံသလင်းကျောက်က မျက်လုံးအရှေ့တွင် နေရာယူထားစေ’သည်။ ထိုက်ကျိကျောက်တုံးရိုင်းက မျက်ဆံများ ဖြစ်ကြပြီး ထိုက်ယီ၏ ဖရိုဖရဲဥခွံကတော့ မျက်စိအကြော ဖြစ်၏။
ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့သည် ကောင်းကင်တာအိုနှင့် ယိုတုမဟာတာအိုတို့ဖြင့် သူ၏နတ်မျက်လုံးကို အားဖြည့်ပေးခဲ့ကြလေသည်။ ထိုမျှသာမက ထိုက်ကျိတာအိုသစ်ပင်လည်း သူ၏မျက်ဝန်းထဲ၌ ကိန်းဝပ်နေသေးရာ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင် ချင်မူ့ရှေ့သို့ ရောက်ရှိလာလျှင်တောင်မှ ကောင်းကင်တာအိုနှင့် ယိုတုမဟာတာအိုတို့ အလုပ်လုပ်ပုံကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။ ကောင်းကင်နတ်အရှင်ကုန်းကိုတော့ ထည့်တွက်စရာပင်မလိုချေ။
သူ့အတွက် ကောင်းကင်နတ်အရှင်ကုန်း၏ မူလဝိညာဉ်၊ ရုပ်ခန္ဓာနှင့် ကောင်းကင်နန်းဆောင်၏ လျှို့ဝှက်ချက်များသည် စမ်းသပ်မှုလေးတစ်ခုသာ ဖြစ်သည်။
‘ဒီလိုလုပ်နိုင်စွမ်းရှိတဲ့သူဆိုလို့ တစ်လောကလုံးမှာ ငါနဲ့ ဘိုးဘိုးဆေးဆရာပြီးရင် ထိုက်စုပဲ ရှိတယ်’
ချင်မူ ချက်ချင်း နားလည်သွားသည်။ ‘ဘိုးဘိုးဆေးဆရာက ဆေးလမ်းစဉ်ကို အားကိုးတယ် ငါ့ရဲ့ဆေးလမ်းစဉ်ကတော့ နိမ့်ကျတယ်… ဆေးလမ်းစဉ်၊ ဖန်ဆင်းခြင်းလမ်းစဉ်နဲ့ မပြောင်းလဲသော ကောင်းကင်နတ်သိုင်းအပြင် ထိုက်စုထိုက်ရှီတို့ရဲ့ လမ်းစဉ်ကိုပါ သုံးတော့မှ ခိုင်ဧကရာဇ် ချန်ထားခဲ့တဲ့ ဒဏ်ရာတွေကို ကုသပေးလို့ရလိမ့်မယ်… ဘိုးဘိုးဆေးဆရာနဲ့ အတူတူကုသပေးရင်တော့ ငုပ်လျှိုးနေတဲ့ အန္တရာယ်တွေရှိမှာ မဟုတ်ဘူး… နတ်ဘုရားမထိုက်စုနဲ့ ပတ်သက်လာရင်တော့ ကောင်းကင်နတ်အရှင်ကုန်း သူ့အရှေ့မှာ ဒူးထောက်တောင်းပန်ဖို့ လိုအပ်တယ်… ဒါက ပုန်းကွယ်နေတဲ့ အန္တရာယ်အကြီးကြီးပဲ’
ကောင်းကင်နတ်အရှင်ကုန်းမှာ ပြီးပြည့်စုံသော အခြေအနေအထိ ပြန်လည်သက်သာလာသယောင် ထင်ရသော်လည်း အားနည်းချက်ကတော့ အမြဲတမ်း ရှိနေပေလိမ့်ဦးမည်။ ထိုက်စုသည် ဓားဒဏ်ရာများ အချိန်မရွေး ပေါ်ထွက်လာအောင် လုပ်နိုင်၏။
ကောင်းကင်နတ်အရှင်ကုန်း၏ သေခြင်းရှင်ခြင်းက ထိုက်စုလက်ထဲသို့ အပြည့်အဝ ရောက်ရှိနေပြီဟုပင် ပြော၍ရနိုင်ပေသည်။
‘ကောင်းကင်နတ်အရှင်ဟောင်လည်း အတူတူပဲမလား…အဲဒီတုန်းက သူ့ရဲ့ဒဏ်ရာတွေက ကောင်းကင်နတ်အရှင်ကုန်းထက်တောင် ပိုပြင်းထန်သေးတယ်’
သူစိုးရိမ်နေသည့်အရာက ကောင်းကင်နတ်အရှင်ကုန်း ထိန်းချုပ်ထားသည့် ကျောက်တုံးတွင်းသည် ထိုက်စုကျောက်တုံးတွင်း ဖြစ်နေသည့်အချက်ပင်။
ထိုက်စုအနေဖြင့် ကောင်းကင်နတ်အရှင်ကုန်းကို ရလိုက်ခြင်းက ထိုက်စုကျောက်တုံးတွင်းကို ရလိုက်ခြင်းနှင့် ညီမျှ၏။ ထိုက်စုကျောက်တုံးတွင်းကို ရရှိပါက ထိုက်စုနတ်ကျောက်တုံးနှင့် ထိုက်စုကျောက်တုံးရိုင်းများကို ရယူနိုင်ပေလိမ့်မည်။
‘ထိုက်စုရဲ့ခွန်အားက အစက မကြီးမားဘူး … အခုတော့ အဆပေါင်းများစွာ အဆင့်တက်နိုင်နေလောက်ပြီ’
သူ အာရုံလွတ်သွားသည့် အခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ကုန်း၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရင်လန်ဝူတို့က တိုက်ကွက်ရာပေါင်းများစွာ ထုတ်လွှတ်တိုက်ခိုက်နေကြလေသည်။ ကောင်းကင်နတ်အရှင်ရုံက အရှေ့သို့ တက်လာကာ တည်ကြည်လေးနက်စွာ ပြောသည်။ “ယွဲ့၊ လန်ဝူ၊ မင်းတို့ ပြန်ဆုတ်ကြတော့… ငါ သူ့ကို ထိန်းထားမယ်… မင်းတို့ ကောင်းကင်နယ်စားမင်းကို သွားကူလိုက်.. ကောင်းကင်နယ်စားမင်း သိပ်ပြီး တောင့်မခံနိုင်တော့ဘူး”
ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရင်လန်ဝူက ကောင်းကင်နယ်စားမင်းဆီသို့ ချက်ချင်း ပျံသန်းသွားတော့သည်။
ကောင်းကင်နတ်အရှင်ရုံက ကောင်းကင်နတ်အရှင်ကုန်း၏ လမ်းတွင် ပိတ်ရပ်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းလည်း သွားတော့”
ချင်မူမှာ တခဏ တုံ့ဆိုင်းနေ၏။ ကောင်းကင်နတ်အရှင်ရုံကိုယ်တိုင် ကောင်းကင်နတ်အရှင်ကုန်းကို တားဆီးခြင်းက သူမ နတ်ဘုရင်လန်ဝူနှင့် မဆက်သွယ်မိအောင် ကာကွယ်နိုင်မည်ဖြစ်သဖြင့် ကောင်းမွန်လေသည်။ သို့သော် လန်ဝူ၏ မြင်ယောင်ဖန်ဆင်းထားသော ယိုတုမရှိလျှင် ကောင်းကင်နတ်အရှင်ရုံမှာ ရွှမ်တု၌ ဘွင်းဘွင်းထင်းထင်း ဖြစ်သွားပြီး သူ့ကောင်းကင်နတ်သိုင်းများနှင့် အတိုက်အခိုက်စွမ်းရည်တို့က သိသိသာသာ လျော့ကျသွားပေလိမ့်မည်။
“ရုံ၊ အသက်ရှင်ပေးပါ”
ချင်မူက အံတင်းတင်းကြိတ်လျက် ကောင်းကင်နယ်စားမင်းရှိရာသို့ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ကောင်းကင်နတ်အရှင်ရုံ၏ မျက်နှာမှာ သစ်ပင်အိုကြီးတစ်ပင်၏ သစ်ခေါက်များအလား ခံစားချက်ကင်းမဲ့နေသည်။ “ကောင်းကင်နတ်အရှင်တွေထဲမှာ မင်းက အားအနည်းဆုံးဆိုတော့ ပိုပြီးသတိထားသင့်တယ်”
ကောင်းကင်နတ်အရှင်ကုန်းက လေးပင်စွာ သက်ပြင်းချလိုက်၏။ ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရင်လန်ဝူ မရှိတော့သောကြောင့် သူမအနေဖြင့် မည်သည့်ဖိအားမှ မခံစားရတော့၍ ကောင်းကင်နတ်အရှင်ရုံဆီသို့ ကြည့်လိုက်သည်။ ရှားပါးသော အပြုံးတစ်ပွင့်က သူမ၏မျက်နှာထက်တွင် ပွင့်လန်းလာ၏။ “ရုံ၊ နင်က ခေတ်တစ်ခေတ်ကို ဖန်တီးခဲ့တဲ့သူတစ်ယောက်ပဲ… နင်နဲ့ နဂါးဟန်ကောင်းကင်နတ်အရှင်တွေက ကောင်းကင်ရတနာကျင့်စဉ်စနစ်ကို အတူတကွ ဖန်တီးခဲ့ကြတယ်… နင့်ရဲ့ ကဏ္ဍက အရေးအပါဆုံးပဲ…သေခြင်းရှင်ခြင်းရဲ့ ကောင်းကင်ရတနာကို ဖွင့်ခဲ့တယ်လေ”
သူမသည် အခြားသူများအပေါ် လေးစားအားကျသည်မှာ ရှားပါးသော်လည်း ဤအခိုက်အတန့်တွင်တော့ ကောင်းကင်နတ်အရှင်ရုံအပေါ် လေးစားမှုများဖြင့် ပြည့်နှက်နေ၏။ “သေခြင်းရှင်ခြင်း ကောင်းကင်ရတနာက ဘယ်လောက်အရေးကြီးမှန်း တစ်လောကလုံး မသိကြဘူး… သူတို့က နင့်ရဲ့အောင်မြင်မှုတွေကို လျစ်လျူရှုထားခဲ့ကြတယ် … သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို ဖွင့်နိုင်ခဲ့ရင် သေခြင်းရှင်ခြင်းကို နားလည်နိုင်တယ်… အဲဒါကြောင့်ပဲ ကောင်းကင်တံတား ကောင်းကင်ရတနာက ကောင်းကင်နန်းဆောင်ထဲ ရောက်လာပြီး ကောင်းကင်ဘုံတွေနဲ့အတူ သက်တမ်းရှည်ကြာစွာ တည်ရှိနေတာပဲ… သေခြင်းရှင်ခြင်း ကောင်းကင်ရတနာ မရှိရင် နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်ရင်တောင်မှ အဆုံးမရှိတဲ့ သက်တမ်းကို ပိုင်ဆိုင်နိုင်ကြမှာမဟုတ်ဘူး”
သူမက ရုတ်တရက် တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်သည်။ ကောင်းကင်နန်းဆောင် ၃၅ ခုက ပြန့်ကျဲသွားပြီး အစစ်အမှန် နဂါးဟန်ကောင်းကင်နတ်ဘုံနှင့် မတူညီသော ကောင်းကင်နတ်ဘုံတစ်ခုကို ဖွဲ့တည်လာ၏။ ကောင်းကင်နန်းဆောင် ၃၅ ခုကား ဦးချိုပုံသဏ္ဌာန် ဖော်ဆောင်လိုကလေသည်။
သူမကောင်းကင်နတ်ဘုံ၏ အောက်ပိုင်းက ကျယ်ပြန့်ပြီး အပေါ်ပိုင်းက ကျဉ်းမြောင်းကာ အလွှာပေါင်းများစွာ ပါရှိနေသည်။ ထိပ်ဆုံးတွင်တော့ သူမ၏ ပင်မကောင်းကင်နန်းဆောင် တည်ရှိပြီး မူလဝိညာဉ် နေရာယူထားသည်။
ဤအသွင်မှာ မရေမတွက်နိုင်သော အဆောက်အဦးများဖြင့် ပြည့်နှက်နေသော ခရာကြီးတစ်ခုဖြစ်ပြီး ငေးမောအံ့ဩဖွယ်ကောင်းလှ၏။
“ဒါပေမဲ့ တစ်လောကလုံးက သူတွေက နင် လုပ်ခဲ့တာကို ကျေးဇူးတင်ကြမှာမဟုတ်ဘူး… မြေအောက်ဘုံအရှင်သခင်က သေခြင်းရှင်ခြင်း ကောင်းကင်ရတနာကို ဖွင့်ခဲ့တဲ့ နင့်ကို၊ တစ်လောကလုံးကသူတွေ သေခြင်းရှင်ခြင်းကနေ လွတ်မြောက်နိုင်မယ့် အခွင့်အရေးပေးခဲ့တဲ့ နင့်ကို နှစ်တစ်သန်းတိုင်အောင် ချုပ်နှောင်ခဲ့တယ်…. ရုံ၊ တစ်လောကလုံးကလူတွေ နင့်ကို မုန်းတာက နင်က မရဏတမန်တော် ဖြစ်နေလို့ပဲ .. သူတို့က နင့်ကို ကြောက်နေကြတာ”
ကောင်းကင်နတ်အရှင်ကုန်းသည် သူမ၏ သိုင်းကျင့်ကြံခြင်းနှင့် ခွန်အားကို ဖုံးကွယ်မထားတော့ချေ။
သူမ၏လက်နက်က ကြာပွတ်ဖြစ်၏။
ကမ္ဘာဦးခေတ်တွင် နွီရှင်းမျိုးနွယ်စုသည် တိုက်ခိုက်နိုင်စွမ်းကြောင့် ထင်ရှားကျော်ကြားသော မျိုးနွယ်စုတစ်စု ဖြစ်၏။ သူတို့က ဧရာမသားရဲကြီးများကို ထိန်းကျောင်း၍ ၎င်းတို့အပေါ်တွင် စီးနင်းကာ တစ်လောကလုံးကို သိမ်းပိုက်ခဲ့ကြလေသည်။ အမျိုးသမီးများ၏ အတိုက်အခိုက်စွမ်းရည်ကလည်း အလွန်တရာအားကောင်းပြီး စိတ်ဆန္ဒ ပြင်းပြတတ်ကြသည်။
သူတို့ ပူဇော်ကိုးကွယ်ကြသည့် ရှေးဟောင်းနတ်ဘုရားမှာ အနောက်နတ်မင်းကျားဖြူပင်။
အနောက်နတ်မင်းကျားဖြူသည် ရှေးဟောင်းစစ်နတ်ဘုရားအဖြစ် နာမည်ကျော်ကြား၏။ သူတို့ ပူဇော်ကိုးကွယ် မြင်ယောင်ဖန်ဆင်းခြင်းကြောင့် ဖြစ်တည်လာခဲ့သော ရှေးဟောင်းနတ်ဘုရားတစ်ပါးဆိုလည်း မမှားပေ။
အနောက်နတ်မင်းကျားဖြူ၏ အသွင်သဏ္ဍာန်မှာ ယခင်က နတ်ဘုရင်ကုန်းယွင်နှင့် အတော်လေး ဆင်တူသည်။ အနောက်နတ်မင်း၏ လက်နက်များမှာလည်း ကြာပွတ်များနှင့် ဦးချိုများ ဖြစ်ကြ၏။
နွီရှင်းမျိုးနွယ်စုသည် ကမ္ဘာဦးသားရဲကြီးများအပေါ် ထိန်းကျောင်းခဲ့သည့်အတွက် ကြာပွတ်များနှင့် ဦးချိုများအား သားရဲများကို ထိန်းကျောင်းရာတွင် အသုံးပြုသည်။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ကုန်းကလည်း သူမ၏ကောင်းကင်လက်နက်များအဖြစ် ထိုလက်နက်နှစ်ခုကို အသုံးပြု၏။
ကောင်းကင်နတ်အရှင်ကုန်း၏ အတိုက်အခိုက်စိတ်ဆန္ဒက ကောင်းကင်ထက်အထိ မြင့်တက်သွားပြီး သူမ၏သိုင်းကွက်ကို အသက်သွင်းလိုက်သည်။ ခရာသံက ကောင်းကင်နန်းဆောင် ၃၅ ခုမှ ဆူညံလာပြီး သူမ၏ချီနှင့်သွေးတို့ ပွက်ပွက်ဆူလာသည့်အပြင် အတိုက်အခိုက်စွမ်းရည်သည် ထောင်တက်သွား၏။
သူမလက်ထဲရှိ ကြာပွတ်က အဆက်မပြတ် ပြောင်းလဲနေ၏။ တစ်ခါတစ်ရံတွင် ရှည်လျားနေတတ်ပြီး တစ်ခါတစ်ရံတွင်တော့ တိုလာတတ်သည်။ ထူသွားသည့်အချိန်များလည်း ရှိသလို ပါးလာသည့်အချိန်များလည်း ရှိ၏။ တစ်ခါတစ်ရံတွင် မာကြောဖြောင့်တန်းနေပြီး တစ်ခါတလေတွင်တော့ ကွေးကောက်နေတတ်သည်။
ဤနတ်ကြာပွတ်သည် ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောမှ သွန်းလုပ်ထားခြင်းဖြစ်၏။ ဧရာမနတ်ရွှေတောင်ကြီးတစ်လုံးအား ကြာပွတ်အဖြစ် သွန်းလုပ်ခံခဲ့ရပြီးနောက် နတ်နဂါးတစ်ကောင်အဖြစ် ပြောင်းလဲစေလေသည်။
ချင်မူသာ ဤနေရာ၌ ရှိနေလျှင် ကြာပွတ်မှာ တစ်ချိန်တစ်ခါက မဟာဧကရာဇ်၏ လက်ထဲတွင် ရှိနေခဲ့သော နတ်လှံတံဖြစ်မှန်း မှတ်မိပေလိမ့်မည်။ ၎င်းသည် အလွန်တရာ မာကြောခဲ့ပြီး ကောင်းကင်နတ်ဧကရာဇ် အသွင်ပြောင်းထားသော ကုရှောင်၏ ဧကရာဇ်ဓားဖြင့် ရင်ဆိုင်ခဲ့ဖူး၏။
မဟာဧကရာဇ်က နတ်လှံအား ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောမှ သွန်းလုပ်ခဲ့ကာ နွီရှင်းမျိုးနွယ်စုအား မင်္ဂလာလက်ဖွဲ့အဖြစ် ပေးအပ်ခဲ့၏။ နောက်ပိုင်းတွင် နွီရှင်းမျိုးနွယ်စုကို ရှင်းလင်းသတ်ဖြတ်၍ ပြန်လုယူခဲ့သည်။
ကုန်းယွင် တဟုန်အား ဖမ်းဆီးပြီးနောက် နတ်လှံမှာ ကုန်းယွင်လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကြာပွတ်တစ်လက်အဖြစ် ပြောင်းလဲခံခဲ့ရသည်။ သူမသည် တဟုန်ကို သူမ၏ကောင်းကင်နန်းဆောင်အရှေ့ရှိ တိုင်လုံးတွင် ချုပ်နှောင်ထားခဲ့ပြီး ကြာပွတ်ဖြင့် နေ့နေ့ညည ရိုက်နှက်ကာ ဒေါသဖြေလျော့ခဲ့သည်။
“နင်ဟာ ဒီနှစ်တွေအတွင်း မြေအောက်ဘုံအရှင်သခင် ပိတ်လှောင်တာ ခံခဲ့ရပြီး မရဏတမန်တော် ဖြစ်လာခဲ့တယ်… နင်ဟာ လောကကနေ အကြာကြီး ဝေးကွာနေခဲ့လို့ အနောက်မှာ ကျန်ရစ်ခဲ့ပြီ”
ကြာပွတ် ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နတ်အရှင်ကုန်းသည် အသိစိတ်အလျဉ်ကို ထုတ်လွှတ်ကာ ပုံရိပ်ယောင်လွှာပေါင်းများစွာ ဖန်ဆင်းလိုက်သည်။ သူမ၏စကားလုံးများက ကြောက်မက်ဖွယ်ရာ ပုံရိပ်ယောင်များဖြင့် ကောင်းကင်နတ်အရှင်ရုံ၏တာအိုနှလုံးသားကို တိုက်ခိုက်နေ၏။ ကောင်းကင်နတ်အရှင်ရုံ၏ တာအိုနှလုံးသားထဲတွင် ပြစ်ချက်လေးတစ်ချက် ရှိနေလျှင် သူမ၏ပုံရိပ်ယောင်များတွင် ကျရှုံးပေလိမ့်မည်။
ကောင်းကင်နတ်အရှင်ရုံက တည်ငြိမ်အေးဆေးစွာဖြင့် အနောက်သို့သာ ဆုတ်နေသည်။ သူမကို ထိပ်တိုက်ရင်ဆိုင်မတိုက်ခိုက်ပေ။
သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ကုန်း၏ ပုံရိပ်ယောင်များကို ရှောင်တိမ်းရပေလိမ့်မည်။
သို့သော် ရွှမ်တုမှ သူ၏ကောင်းကင်နတ်သိုင်းများအပေါ် ကန့်သတ်ထားမှုမှာ ကြီးမားလွန်း၏။ ကောင်းကင်တာအိုက သူ၏သိုင်းအခြေခံအား ဖိနှိပ်၍ မှော်စွမ်းအင်ကို ချုပ်နှောင်ထားသည်။ သူ၏သိုင်းအခြေခံမှာ ကောင်းကင်နတ်အရှင်ကုန်းအောက် နိမ့်ကျပြီးဖြစ်သည်သာမက ယခုတွင် ပို၍ဆိုးရွားနေတော့သည်။
ဝှစ်…
သူ့မှာ အချိန်မီ မရှောင်တိမ်းလိုက်နိုင်ဘဲ ကြာပွတ်ဖြင့် ချုပ်နှောင်ခံလိုက်ရသည်။ ကြာပွတ်ဦးခေါင်းက နဂါးဦးခေါင်းအသွင် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကို ကိုက်ကာ လွှင့်ပစ်လိုက်ချေပြီ။
တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ကုန်း၏ အသိစိတ်အလျဉ်က ပုံရိပ်ယောင်အလွှာများအဖြစ် ကွဲထွက်သွားကာ သူ့အား ပုံရိပ်ယောင်ထဲ တွန်းပို့လိုက်၏။
ကောင်းကင်နတ်အရှင်ရုံမှာ ကြာပွတ်ဖြင့် ချုပ်နှောင်ခံထားရသည့်အပြင် နဂါးဦးခေါင်းက သူ့ခန္ဓာကိုယ်ကို ကိုက်နေသော်လည်း ပုံရိပ်ယောင်ထဲတွင်တော့ မည်သည့်နာကျင်မှုကိုမှ မခံစားရပေ။
သူ၏နှလုံးသားက တည်ငြိမ်နေပြီး အနည်းငယ်ပင် ပျော်ရွှင်နေမိသည်။
သူ့မှာ ယိုတုတွင် သူ့အမေ၏ ဝိညာဉ်ကို ရှာတွေ့ခဲ့ပြီး နှစ်သန်းပေါင်းများစွာ အတူတကွ နေထိုင်ခဲ့သော်လည်း ထိတွေ့နိုင်ခြင်း မရှိခဲ့ပေ။
သူ၏အမေသည်လည်း သူ့မျက်နှာ၊ ခန္ဓာကိုယ်ကို ထိတွေ့နိုင်ခြင်း မရှိသလို နေရောင်ကိုလည်း မထိတွေ့နိုင်ခဲ့ချေ။
သူ၏အမေမှာ ဝိညာဉ်ဖြစ်သည့်အလျောက် မည်သည်ကိုမှ အရသာမခံနိုင်ပေ။ သူ့အတွက် မကြာခဏ ချက်ပြုတ်ပေးတတ်သော်လည်း ချက်သမျှသည် ဆုတောင်းဖယောင်းတိုင်များသာ ဖြစ်သလို၊ သူမသည်လည်း ယင်းတို့ကိုသာ စား၏။
သူ၏အမေ သေဆုံးသွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး မည်သည့်နွေးထွေးမှုမှ မရှိခဲ့ချေ။
သူ့အမေကို ပြန်လည်အသက်သွင်းပေးနိုင်ရန် မျှော်မှန်းထားခဲ့သော်လည်း မလုပ်နိုင်ခဲ့ပေ။
သို့သော် ကောင်းကင်နတ်အရှင်ကုန်း၏ ပုံရိပ်ယောင်ထဲတွင်တော့ သူ၏အမေ ပြန်လည်အသက်ရှင်လာနေသလို ခံစားခဲ့ရသည်။ သူမကား အတိတ်က နွေးထွေးချိုသာခဲ့သော နေ့ရက်များအတိုင်း ပြန်လည်ပေါ်လာခဲ့လေသည်။
သူ့အမေ၏ လက်ဖဝါးဆီမှ နွေးထွေးမှုကို ခံစားနေရသည်။
ဤအခိုက်အတန့်တွင် သူ့မှာ အလွန်တရာ ပျော်ရွှင်လာသည်။
ဝုန်း…
နဂါးသွေးကြောကြာပွတ်က သူ၏ခန္ဓာကိုယ်ကို ကိုက်ချလိုက်ပြီး သူ့အား အားကုန်လွှဲရမ်းလိုက်သောကြောင့် ရွှမ်တုမှ ဂြိုဟ်များနှင့် ဝင်တိုက်သွားစေသည်။
ကောင်းကင်နတ်အရှင်ကုန်းက ပျံသန်းလာပြီး ခရာသံ ထွက်ပေါ်လာ၏။ သူမ၏မူလဝိညာဉ်က ခရာကောင်းကင်နန်းဆောင်အပေါ်တွင် ရပ်နေပြီး ကောင်းကင်နတ်အရှင်ရုံကို အဆက်မပြတ် တိုက်ခိုက်နေသည်။
သူမ၏တိုက်ခိုက်မှုအောက်တွင် ကောင်းကင်နတ်အရှင်ရုံမှာ အသွေးအသားတို့ ပေါက်ကွဲကုန်သည်။ သူ၏ခန္ဓာကိုယ်က စုတ်ပြတ်သတ်နေသော်လည်း သူ့မှာ ပြုံးနေသေးသည်။
သမိုင်းတစ်လျှောက် ကောင်းကင်နတ်အရှင်ကုန်းလက်ထဲတွင် သေဆုံးခဲ့သူတိုင်းသည် ပြုံးလျက်သာ သေဆုံးသွားတတ်ကြ၏။
ကောင်းကင်နတ်အရှင်ကုန်း သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည့်အချိန် ကောင်းကင်နတ်အရှင်ရုံ၏ ခန္ဓာကိုယ်မှာ ဖျက်ဆီးခံရတော့ပေမည်။ ကောင်းကင်နတ်အရှင်ရုံ၏ အသွေးအသားတို့မှာ ကွာထွက်ကုန်သောကြောင့် အရိုးများနှင့် နှလုံးသားပင် ပေါ်လာချေပြီ။
ပုံရိပ်ယောင်ထဲတွင် ကောင်းကင်နတ်အရှင်ရုံမှာ ဆယ်ကျော်သက် လူငယ်လေးတစ်ဦး ပြန်ဖြစ်သွားသည်။ သူသည် သူ့အမေ၏ ရင်ခွင်ထဲတွင် မှီလျက် အေးဆေးတည်ငြိမ်မှုကို ခံစားနေ၏။
ကောင်းကင်နတ်အရှင်ကုန်းက ကြာပွတ်ကို ခါ၍ သူ့အား လွင့်ထွက်သွားစေသည်။ ထို့နောက် ကြာပွတ်၏ နဂါးဦးခေါင်းက သူ၏နှလုံးသားကို ကိုက်လိုက်သည်။
ပုံရိပ်ယောင်ထဲတွင် ကောင်းကင်နတ်အရှင်ရုံမှာ သူ့အမေ၏ မေ့ဖျောက်မရနိုင်သော မျက်နှာဆီ မော့ကြည့်နေသည်။ သူမသည် အားနည်းနေသော်လည်း တည်ငြိမ်အေးဆေးနေ၏။ သူမ၏ ပါးပြင်ထက်တွင် မျက်ရည်တို့က တသွင်သွင် စီးကျနေသည်။
“အမေ၊ ဒီမြင်ကွင်းကို ကျွန်တော် မှတ်မိတယ်… ဒီမနက်ကို ကျွန်တော် မှတ်မိတယ်”
မှန်ပါသည်။ ကောင်းကင်နတ်အရှင်ရုံ ဤနေ့ကို မှတ်မိ၏။ ဤမနက်တွင် သူ၏အမေမှာ သူ၏အဝတ်ဟောင်းများကို ထုံးစံအတိုင်း လျှော်ဖွတ်နေခဲ့သည်။ အဝတ်လျှော်ပြီးသည့်အခါ တဲအိမ်ငယ်ရှေ့ နေရောင်အောက်တွင် ထိုင်ကာ သူ့အဝတ်များကို ပြင်ချုပ်ပေးနေ၏။ အိုးထဲတွင်တော့ ချက်ပြုတ်ထားသော ထမင်းများ ရှိနေသည်။
သူမသည် အမြဲတမ်း ထိုအတိုင်းသာ ဖြစ်ခဲ့ပြီး အရာအားလုံးကို ပုံမှန်အတိုင်းသာ ဆောင်ရွက်ခဲ့၏။ ထို့နောက် လဲကျသွားခဲ့သည်။
သူမ သေလုဆဲဆဲတွင် ကောင်ကလေး၏ မျက်နှာကို ကိုင်ကာ ပြော၏။ “အမေ ထွက်သွားရတော့မယ်… သားလေးတော့ဘယ်လိုလုပ်ပါ့မလဲ…”
သို့ထိတိုင် သူမကား ထွက်ခွာသွားခဲ့သေးသည်။
ကောင်းကင်နတ်အရှင်ရုံမှာ ထိုမနက်၏ နေရောင်ခြည်ကို မေ့နိုင်မည်မဟုတ်ပေ။ သူ၏အမေ ထွက်ခွာမသွားမီ ပြောခဲ့သည့်စကားကိုလည်း မေ့လိမ့်မည်မဟုတ်။
ထို့နောက် သူသည် သေမျိုးများနှင့် ယိုတုအကြား ဆက်သွယ်နိုင်ရန်၊ သူ၏အမေကို ထပ်မံမြင်တွေ့ရရန်အတွက် ကောင်းကင်နတ်အရှင်ရုံ ဖြစ်လာခဲ့၏။
သူ့အမေ၏ ရင်ခွင်ထဲတွင် တဖန်ငယ်ရွယ်သွားခဲ့သည့် ကောင်းကင်နတ်အရှင်ရုံက သူ့အမေမျက်နှာအား တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။ ထို့နောက် လက်မြှောက်၍ သူ့ဦးခေါင်းနောက်ရှိ တစ္ဆေမျက်နှာဖုံးအား ဝတ်လိုက်သည်။
သူက မျက်နှာဖုံးကို ဖြည်းဖြည်းချင်း တပ်နေ၏။ မျက်နှာဖုံး နေရာကျသွားသည့်အချိန်တွင်တော့ ပေါက်ကွဲစုတ်ပြတ်နေသည့် သူ၏ခန္ဓာကိုယ်မှ နတ်အလင်းတန်းများ ထွက်ပေါ်လာကာ ပြန်လည်ကုသတော့သည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ အံ့အားသင့်သွားပြီး တိုက်ကွက်ကို အရှိန်မြှင့်လိုက်၏။ သို့သော် အဆုံးမရှိသော နတ်စွမ်းအားတို့က လူငယ်ဖြစ်သွားသော အဘိုးအို၏ ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာကြချေပြီ။
သူမသည် သူမမြင်ခဲ့ဖူးသမျှ အသန်မာဆုံး၊ ကြီးကျယ်အခမ်းနားဆုံး မူလဝိညာဥ်ကို တွေ့မြင်လိုက်ရ၏။
ပုံရိပ်ယောင်ထဲတွင် လူငယ်ကောင်းကင်နတ်အရှင်ရုံက သူ့အမေ၏ခန္ဓာကိုယ်ကို ဖက်ထားပြီး သူ့အမေဝယ်ပေးခဲ့သည့် တစ္ဆေမျက်နှာဖုံးကို ဝတ်ထားသည်။
“အမေ၊ ကျွန်တော် ကိုယ့်လမ်းကိုယ် လျှောက်တော့မယ်”
သူက သူ့အမေကို လွှတ်ချလိုက်ရင်း ခေါင်းမော့လိုက်သည်။ ပုံရိပ်ယောင်မှာ အက်ကွဲလာ၏။
“ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့တော့ အမေ… ကျွန်တော့်မှာ အခု သူငယ်ချင်းတွေ ရှိနေပါပြီ”
ပုံရိပ်ယောင်ထဲတွင် ကောင်းကင်နတ်အရှင်ရုံမှာ သူ၏အမေကို ထပ်မံတွေ့မြင်လိုက်ရလေသည်။ သူ၏အမေသည် ကောင်းမွန်သော အဝတ်အစားများ ဝတ်ထား၏။ သူမက ခေါင်းလှည့်လာ၍ သူ့အား ချစ်ခင်ကြင်နာစွာ ပြုံးပြသည်။ နွေဦးနေရောင်ခြည်သည် ဖြာကျလာပြီး အရာအားလုံးကား တည်ငြိမ်အေးဆေးစွာ လှပနေတော့သည်။
သူက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေသည့် သူ့အမေကို ပြောသည်။ “ကျွန်တော့်သူငယ်ချင်း ယုံကြည်အားကိုးထားတဲ့ ကိစ္စကို ပြီးမြောက်အောင် လုပ်လိုက်ဦးမယ် အမေ”