ငါးမျှားနေသော လူငယ်
Vol. 111 Ch. 1458
ကောင်းကင်နတ်အရှင်ကုန်းမှာ တစ်စုံတစ်ခု မှားယွင်းနေမှန်း သတိထားမိသွားသည်။ ကောင်းကင်နတ်အရှင်ရုံ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်လည်သက်သာလာနေပြီး အဘိုးအိုကြီးတစ်ယောက်အသွင်မှ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားလေသည်။
မူလကောင်းကင်နတ်အရှင်ရုံမှာ အဘိုးအိုကြီးတစ်ယောက်နှင့် တူသည်။ ထိုအကြောင်းကြောင့် မရဏတမန်တော်ဟု ကျော်ကြားခြင်းဖြစ်သည်။
သူသည် ယိုတုတွင်သာ တစ်နှစ်ပတ်လုံး နေထိုင်၏။ ထို့ကြောင့် သူ၏ ရုပ်ခန္ဓာမှာ ခြောက်ကပ်နေပြီး အသက်စွမ်းအင်တို့ မရှိပေ။ ထိုမျှသာမက အသားအရောင်လည်း မည်းနက်နေတတ်သည်။ အမှောင်ထုထဲတွင် မီးအိမ်တစ်လုံးဖြင့်သာ ပေါ်လာတတ်ပြီး စက္ကူလူများနှင့် စက္ကူမြင်းများ ခေါက်နေတတ်သည်။
သူ့ဂုဏ်သတင်းမှာမူ ကျော်ကြားပေသည်။ ကောင်းကင်ဘုံများတစ်လျှောက် မရဏတမန်တော်ဟု ထုတ်ပြောလိုက်ပါက သတ္တိအရှိဆုံး မိစ္ဆာနတ်ဘုရားပင်လျှင် ကြောက်ရွံ့တုန်လှုပ်နိုင်ပြီး ငိုနေသော ကလေးငယ်ပင်လျှင် အငိုရပ်သွားပေလိမ့်မည်။
ယခုတွင် ကောင်းကင်နတ်အရှင်ရုံကား လူငယ်တစ်ဦး ပြန်ဖြစ်သွားလေပြီ။ သူ့ခန္ဓာကိုယ်ပေါ်တွင် အုံ့မှိုင်းနေသော အရှိန်အဝါတို့က ပျောက်ကွယ်သွားသည်။ သူသည် လူအုပ်နှင့် ဝေးဝေးနေ၍ ရေကမ်းစပ်တွင် တစ်ယောက်တည်း ထိုင်ကာ ငါးမျှားတတ်သည့် လူငယ်တစ်ဦးအလား ထင်ရ၏။
ဗလတောင့်တောင့် လူငယ်တစ်ဦးတော့ မဟုတ်ချေ။ ဆန့်ကျင့်ဘက်အနေဖြင့် အလွန်တရာ ပိန်ကာ အားနည်း၏။ သူ့မျက်နှာမှာ အနည်းငယ် ဖျော့တော့နေပြီး အန္တရာယ်ပေးနိုင်မည့် အရိပ်အယောင်တို့ကို ထုတ်လွှတ်မနေချေ။
သို့သော် ထိုနှစ်တုန်းက နဂါးသွဲ့ရေကန်ဘေးတွင် ငါးမျှားနေစဉ်ကနှင့် ယှဉ်လျှင် သူသည် ပို၍ ပျော်ရွှင်တက်ကြွနေ၏။။ သူ့မျက်လုံးများက အတိုက်အခိုက်စိတ်ဆန္ဒတို့ဖြင့် ပြည့်နှက်နေသည်။
“ငါ့ရဲ့ မှော်စွမ်းအင်က အိုမသွားပေမယ့် ငါ့စိတ်က အိုသွားခဲ့တယ်... ဒါပေမဲ့ ငါဆိုတဲ့ငါ ပြန်ရောက်လာရင် ငါဟာ လူငယ်ပဲ”
ကောင်းကင်နတ်အရှင်ရုံက ခေါင်းမော့လိုက်သည်။ သူ့နောက်ရှိ အလွန်အင်မတန် ကြီးမားကျယ်ပြန့်သော မူလဝိညာဥ်ကလည်း ခေါင်းမော့လိုက်သည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ မော့ကြည့်မိသည်။ ဤမူလဝိညာဉ်၏ ကြီးမားကျယ်ပြန့်မှုသည် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်ကဲ့သို့သော ပုဂ္ဂိုလ်များအား ရင်ဆိုင်တိုက်ခိုက်ရန်ပင် လုံလောက်ချေသည်။
ကောင်းကင်နတ်အရှင်ရုံတစ်ယောက် အားလျော့သွားပြီဟု အားလုံး ထင်ထားခဲ့ကြသည်မှာ ကြာခဲ့ချေပြီ။ ကောင်းကင်နတ်အရှင်ရုံသည် ယိုတုတွင်သာ ဇာတ်မြှုပ်နေထိုင်ခဲ့ပြီး အပြင်လောကရှိ ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ထိတွေ့ဆက်ဆံခြင်း မရှိခဲ့ပေ။ နဂါးဟန်တော်လှန်ရေး၊ ချိမင်တော်လှန်ရေး၊ ချုံဧကရာဇ်ပြုပြင်ပြောင်းလဲမှု၊ ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှုနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုတို့ကို မတွေ့ကြုံခဲ့ရသောကြောင့် သူ၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှာ ခေတ်နောက်ကျကာ လက်ရှိအချိန်များကို လိုက်မမှီနိုင်တော့ပေ။
သို့သော် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးကား သူ့ကို လျစ်လျူရှုမထားခဲ့ကြချေ။ သူတို့သည် မင်တုကို တည်ထောင်၍ ကောင်းကင်ယင်သားတော်အား ထိန်းချုပ်စေကာ သေဆုံးသွားသော သက်ရှိများ၊ နတ်ဘုရားများနှင့် မိစ္ဆာများကို မင်တုဆီသို့ ခေါ်ဆောင်ခဲ့ကြသည်။
ကောင်းကင်နတ်ဘုံ၏ ရည်ရွယ်ချက်မှာ ယိုတု၏ ခွန်အားကို အားနည်းစေရန်အချက်အပြင် ကောင်းကင်နတ်အရှင်ရုံ သေသူများမှတစ်ဆင့် လောကရှိ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား နားလည်နိုင်မည်ကို တားဆီးရန်လည်း ဖြစ်သည်။
နဂါးဟန်ကောင်းကင်နတ်အရှင်ကိုးပါးသာ သူတို့ကိုးပါးထဲမှ တစ်ပါးသည် မည်မျှကြောက်မက်ဖွယ်ကောင်းနိုင်မှန်း ကောင်းကောင်းသိကြ၏။ ထို့ကြောင့် ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့က သူတိုးတက်လာနိုင်မည့် အခွင့်အရေးကို ပိတ်ပင်ခဲ့ကြခြင်းပင်။
သို့သော် သူတို့အားလုံး အချက်တစ်ချက်ကိုတော့ မမြင်ခဲ့ကြပေ။ ကောင်းကင်နတ်အရှင်ရုံသည် ယိုတုတွင် ကိုယ်ပွားများ မရေမတွက်နိုင်အောင် ရှိ၏။ သူ၏ကိုယ်ပွားများက ကောင်းကင်ဘုံတို့ရှိ အနန္တလောကများတစ်ခွင် ဖြန့်ကျက်ကာ သေသူများကို ခေါ်ဆောင်ကြသည်။
ထိုကိုယ်ပွားတစ်ယောက်ချင်းစီသည် သာမန်နတ်ဘုရားမိစ္ဆာတစ်ဦး၏ စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။
သေသူများ ယိုတုဆီ ယူဆောင်လာခဲ့ကြသော ကောင်းကင်နတ်သိုင်းများနှင့် တာအိုကျင့်စဉ်များသည် သူ့ကို တိုးတက်စေခဲ့သော်လည်း အမှန်တကယ် အခြားသူများလိုက်မမှီနိုင်သည့် အဆင့်တစ်ခုအထိ ရောက်ရှိစေခဲ့သည်မှာတော့ သူ၏ကိုယ်ပွားများသာ ဖြစ်ကြသည်။
သူသည် မူလကတည်းက ဝိညာဉ်မှတစ်ဆင့် တာအိုအောင်မြင်ခဲ့သော ဉာဏ်ကြီးရှင်၊ သေခြင်းရှင်ခြင်းကြားက နယ်နိမိတ်ကို ဖြတ်ကျော်နိုင်ခဲ့သော ကောင်းကင်နတ်အရှင်ရုံ မဟုတ်လော။ ယိုတုသို့ ရောက်လာခဲ့ပြီးနောက် သူ၏မူလဝိညာဉ်သည်လည်း သန်မာသထက် သန်မာလာခဲ့၏။
ကုဋေချီသော ကိုယ်ပွားများက သူ့မူလဝိညာဉ်ခွန်အား၏ ပြယုဂ်ဟုပင် ဆိုရမည်။
ရွှမ်တုတိုက်ပွဲ၌ ယိုတုမှာ ဗလာကျင်းနေပြီဖြစ်သည်။ သူက မရဏတမန်တော်အားလုံးကို ပြန်လည်ခေါ်ဆောင်ခဲ့၏။ ထိုမရဏတမန်များအားလုံး မူလခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာသည့်အချိန်တွင် သူ၏မူလဝိညာဉ်ကား စကြ၀ဠာတစ်ခုလုံးကို အံ့ဩမှင်သက်သွားစေရန် လုံလောက်သည်။
ကောင်းကင်နတ်အရှင်ကုန်းအရှေ့ရှိ သူ၏မူလဝိညာဉ်က ခေါင်းမော့လိုက်သည့်အခိုက်အတန့်တွင် ယိုတု၏မဟာတာအိုသည် တာအိုသံများနှင့်အတူ စည်းချက်ကျစွာ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော ဝိညာဉ်များက ပြိုင်တူရွတ်ဆိုနေသည့်အလား၊ သေမျိုးများက ကျမ်းစာများကို ရွတ်ဖတ်နေကြသည့်အလားပင်။ ဆန်းကြယ်မှုတို့ဖြင့် ပြည့်နှက်ကာ နားလည်၍ မရနိုင်ပေ။
ယိုတု၏ မတူညီသော မဟာတာအို ၆၄ ခုက သူ၏ဦးခေါင်းနောက်တွင် စုဝေးသွား၏။ မူလဝိညာဉ်နှင့် မူလဝိညာဉ်ထဲတွင် ပါဝင်သော ယိုတုမဟာတာအိုတို့က ရွှမ်တုရှိ ကောင်းကင်တာအိုနှင့် ညီမျှလေသည်။ ၎င်းတို့က ရွှမ်တုကို နှစ်ခြမ်းခွဲ၍ တစ်သီးတစ်သန့်တည်း ရပ်တည်နိုင်သော ယိုတုကို ဖွဲ့တည်လိုက်၏။
“ဧ…ဧကန္တ… မြေအောက်ဘုံအရှင်သခင်ကို ဆက်ခံဖို့ အသင့်တော်ဆုံးသူက ကောင်းကင်နတ်အရှင်ရှု မဟုတ်တာများလား… သူကများ…” ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အတွေးက ကောင်းကင်နတ်အရှင်ကုန်း၏ ဦးခေါင်းထဲတွင် ဖြစ်တည်လာသည်။
ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်မှာ ကြီးမားကျယ်ပြန့်လွန်းသဖြင့် မြေအောက်ဘုံအရှင်သခင်နှင့် ရင်ဆိုင်နေရသကဲ့သို့ သူမမှာ ကြက်သီးမွေးညှင်းများ ထလာမိတော့သည်။
သူမမှာ ဖန်ဆင်းရှင်မျိုးနွယ်စု၏ ဝိညာဉ်အားနည်းမှုကို ပိုင်ဆိုင်ထားသော ဖန်ဆင်းရှင်တစ်ဦး မဟုတ်တော့သည့်တိုင် ကောင်းကင်နတ်အရှင်ရုံကို ရင်ဆိုင်ရသည့်အခါတွင် သူမ၏နှလုံးသားမှာ တုန်လှုပ်သွားသေးသည်။ နှလုံးသား၊ ကြွက်သားများနှင့် အရိုးတို့ပင် တဆတ်ဆတ် တုန်ရီလာချေပြီ။
သူမ၏မူလဝိညာဉ်ပင်လျှင် တုန်ရီနေသည်။
“ဒါပေမဲ့ နဂါးဟန်ကောင်းကင်နတ်အရှင်ကိုးပါးက သေဆုံးသွားခဲ့ပြီ… အခုက ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ လောကပဲ...”
ကောင်းကင်နတ်အရှင်ကုန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ဦးချိုခရာတစ်ခု၏ အသံက ကောင်းကင်နန်းဆောင် ၃၅ ခုဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်ဘုံထံမှ ထွက်ပေါ်လာသည်။ သူမ၏သွေးတို့ ဆူပွက်လာပြီး အတိုက်အခိုက်စွမ်းရည်တို့က တစ်ဟုန်ထိုး မြင့်တက်လာ၏။
ဤအမျိုးသမီးသည် အလွန်တရာ ရဲစွမ်းသတ္တိကောင်းလှ၏။ ထိုက်ချူနှင့် မဟာဧကရာဇ်ကို သတ်ရဲသော လူနည်းစုထဲမှ တစ်ဦးဆိုသည့်အတိုင်း ကောင်းကင်နတ်အရှင်ရုံတွင် သမိုင်းတစ်လျှောက် အသန်မာဆုံး မူလဝိညာဉ် ရှိနေလျှင်တောင်မှ သူမကား အကြောက်အရွံ့မရှိ တိုက်ခိုက်ပေလိမ့်မည်။
သူမလက်ထဲရှိ ဘိုးဘေးနန်းတော်နတ်ကြာပွတ်က လှုပ်ခါသွားကာ လှံတစ်လက်နီပါး ဖြောင့်မတ်သွား၏။ သူမက ၎င်းကို ကောင်းကင်နတ်အရှင်ရုံထံ ချိန်ရွယ်လျက် ပြေးဝင်သွားတော့သည်။
ကောင်းကင်နတ်အရှင်ရုံမှာ အသန်မာဆုံး မူလဝိညာဉ်ကို ပိုင်ဆိုင်ထားသည်ဆိုဦးတော့ ယခုလေးတင် သူမ၏ပုံရိပ်ယောင်ထဲ၌ နစ်မြောနေခဲ့သည်မဟုတ်လော။ သူမ၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် အပြင်းအထန် ဒဏ်ရာရထားသည့်အတွက် ခွန်အားက သိသိသာသာ လျော့ကျနေပေလိမ့်မည်။
သူမက မဟာဧကရာဇ်၏ လှံတံသိုင်းကွက်ကို အသုံးပြုလိုက်သည်။။
လှံတံအား တစ်ချက်မျှ ထိုးစိုက်လိုက်သည့်အခါ ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောမှ ဖန်ဆင်းထားသော ရတနာသည် မိုင်သောင်းပေါင်းများစွာ ရှည်လျားသည့် နဂါးသွေးကြောတစ်ခုအလား ချက်ချင်း အသက်ဝင်လာ၏။ ၎င်းက နေရာဟင်းလင်းပြင်ကို တုန်လှုပ်သွားစေသည်။
ဤတိုက်ကွက်က ခမ်းနားတင့်တယ်သည်။ ကောင်းကင်နန်းဆောင် ၃၅ ခုဖြင့် ဖွဲ့တည်ထားသော မဟာကောင်းကင်နတ်ဘုံ၏ မှော်စွမ်းအင်ကိုပါ ပေါင်းထည့်လိုက်သည့်အခါတွင် သူမ၏ခွန်အားသည် သက်တမ်းတလျှောက် အမြင့်မားဆုံးအထိ ရောက်ရှိသွားတော့၏။
ကောင်းကင်နတ်အရှင်ရုံ၏ မှော်စွမ်းအင်မှာ သေချာပေါက် သူမထက် များစွာနိမ့်ကျသည်။ ဤသည်က သူမအောင်မြင်နိုင်မည့် သော့ချက်တစ်ခု ဖြစ်သည်။
သူမသည် ငယ်ရာမှ ကြီးလာသော ကောင်းကင်နတ်အရှင်ရုံ၊ ပျော်ရွှင်ရာမှ စိတ်မှိုင်ကျနေသော ကောင်းကင်နတ်အရှင်ရုံကို သူမ၏ ကိုယ်ပိုင်မှော်စွမ်းအင်နှင့် ရတနာများကို အသုံးပြုကာ အနိုင်ယူချင်ခဲ့၏။
ဝီ…
သိမ့်ခနဲ တုန်ခါသွားပြီး ငယ်ရွယ်လှပသော ကောင်းကင်နတ်အရှင်ကုန်း၏ မျက်နှာထက်တွင် အရေးကြောင်းများ ပေါ်လာ၏။
ဝီ… ဝီ… ဝီ
နောက်တစ်ကြိမ် တုန်ခါသွားပြီး သူမ၏မျက်နှာထက်တွင် အရေးကြောင်းများ ထပ်မံပေါ်လာသည်။ ထိုအရေးကြောင်းများကို ဖယ်ရှား၍ မရချေ။
သူမသည် အလွန်တရာ အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။ တုန်ခါမှုထွက်ပေါ်လာသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ရုံ၏ အံ့မခန်းလိလိ မူလဝိညာဉ်အနောက်တွင် ဒုတိယမြောက်ယိုတု ပေါ်လာပြီး တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဉ္စမမြောက်တို့ကလည်း အသီးသီး လိုက်လံပေါ်ထွက်လာကြချေသည်။
ယိုတုတစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည့်အခါ ကောင်းကင်နတ်အရှင်ကုန်းမှာ မျက်ခုံးလှုပ်လာသည်။ ထိုယိုတုလောကများသည် ခိုင်ဧကရာဇ်၏ ဓားတာအို ကောင်းကင်ဘုံများကဲ့သို့ အလွှာလိုက် တည်ရှိနေကြ၏။
သို့သော် ခိုင်ဧကရာဇ်၏ ဓားတာအို ကောင်းကင်ဘုံများက ကျင့်ကြံပြီးမှရရှိသော မဟာတာအိုဖြစ်သည်။ မည်သူမှ မဝင်ရောက်ဖူးသော နယ်ပယ်တစ်ခုပင်၊ ခိုင်ဧကရာဇ်သည် တစ်လှမ်းချင်း ပြီးပြည့်စုံလာအောင် မွမ်းမံလျက် ဖွင့်လှစ်ခဲ့ရသည်။
ကောင်းကင်နတ်အရှင်ရုံ၏ ယိုတုကောင်းကင်ဘုံများကတော့ ယိုတုမဟာတာအို ၆၄ ခုမှ တိုက်ရိုက်သိမြင်နားလည်ထားခြင်း ဖြစ်သည်။ အစကတည်းက ကောင်းကင်နတ်အရှင်ရုံသည် သူ၏အမေအား ပြန်လည်အသက်သွင်းနိုင်အောင် ယိုတုမဟာတာအိုကို အလေးအနက်ထားကာ တခြားသူများထက် ပိုမိုကြိုးစားကျင့်ကြံခဲ့သူဖြစ်၏။
ခိုင်ဧကရာဇ်နှင့်ယှဥ်ပါက သူ့တွင် အားသာချက်ကြီးတစ်ချက် ရှိသည်။ ခိုင်ဧကရာဇ်မှာ, ဓားတာအိုကို ဗလာမှစ၍ ဖန်တီးခဲ့ရသောကြောင့် အလွန်တရာ ခက်ခဲ့သည်။ သို့သော် သူ့တွင်တော့ မြေအောက်ဘုံအရှင်သခင် ရှိလေသည်။ နားမလည်ပါက မြေအောက်ဘုံအရှင်သခင်ကို တန်းမေးမြန်းနိုင်သည်။
မှန်ပါသည်။ မြေအောက်ဘုံအရှင်သခင် နားမလည်နိုင်သောအရာများ ရှိသည့်တိုင် မေးမြန်းနိုင်သေးသည်။
ကောင်းကင်နတ်အရှင်ရုံက ယိုတုတွင် နှစ်သန်းပေါင်းများစွာ နေထိုင်ခဲ့သည်။ ထိုနှစ်များတွင် သူ၏ ယိုတုမဟာတာအိုအောင်မြင်မှုများမှာ နက်ရှိုင်းလွန်းသဖြင့် မြေအောက်ဘုံအရှင်သခင်နှင့်ပင် တန်းတူဖြစ်နေချေသည်။ မြေအောက်ဘုံအရှင်သခင်ထက် နိမ့်ကျသောအရာဟူ၍ သူ၏ခန္ဓာကိုယ်မှာ မြေအောက်ဘုံအရှင်သခင်လောက် မသန်မာခြင်းသာရှိသည်။
မြေအောက်ဘုံအရှင်သခင်ကဲ့သို့ မွေးရာပါနတ်ဘုရားတစ်ပါးနှင့်ယှဉ်လျှင် သူ၏ရုပ်ခန္ဓာမှာ များစွာအားနည်းနေသေးသည်။
“ဟုတ်တယ်… ခိုင်ဧကရာဇ်ရဲ့ တာအိုနှလုံးသားက အားကောင်းနေလွန်းလို့ ငါ့ရဲ့ပုံရိပ်ယောင်တွေကို လျစ်လျူရှုနိုင်တာ… သူ့ တာအိုနှလုံးသားက တာအိုကျင့်စဉ်စနစ်မှာ ၃၅ ခုမြောက် ကောင်းကင်ဘုံအထိ ရောက်နေပြီ”
ကောင်းကင်နတ်အရှင်ကုန်းက အံတင်းတင်းကြိတ်လျက် နောက်မဆုတ်ပေ။ သူမက ခွန်အားအလုံးစုံ ထုတ်၍ လှံထံထဲ ပေါင်းထည့်လိုက်၏။ ကောင်းကင်နတ်အရှင်ရုံထံသို့ ဆက်လက်ချိန်ရွယ်ထားပြီး စိတ်ထဲမှတွေးနေသည်။ “ကောင်းကင်နတ်အရှင်မူတောင် ငါ့ရဲ့ပုံရိပ်ယောင်တွေကနေ မလွတ်မြောက်နိုင်ဘူး… ဒါပေမဲ့ ကောင်းကင်နတ်အရှင်ရုံကတော့ လွတ်မြောက်နိုင်ခဲ့တယ်…. သူ့တာအိုနှလုံးသားက ကောင်းကင်နတ်အရှင်မူထက် ပိုအားကောင်းတယ်ဆိုတာ ပြနေတာပဲ..”
သို့သော် ဤသည်မှာ ကောင်းကင်နတ်အရှင်ရုံ တာအိုကျင့်စဉ်စနစ်နှင့် ပထမဦးဆုံး ထိတွေ့ဖူးခြင်းဖြစ်ကြောင်း သိသာလာသည်။ တာအိုကျင့်စဉ်စနစ်ကို ပထမဦးဆုံး လျှောက်လှမ်းခြင်း ဖြစ်သည့်အတွက် တာအိုအဆင့်ပွင့်နှုန်းမှာ အတော်လေး နှေးကွေးလိမ့်မည်။
ပြောရလျှင် ခိုင်ဧကရာဇ် တာအိုကျင့်စဉ်စနစ်ကို မိတ်ဆက်ပေးခဲ့သည်မှာ သိပ်မကြာသေးသောကြောင့် ကောင်းကင်နတ်အရှင်ဆယ်ပါးပင်လျှင် အောင်မြင်မှုများများစားစား မရှိသေးချေ။
ဤအချိန်တွင် ကောင်းကင်နတ်အရှင်ရုံသည် တာအိုအဆင့်ကို မြှင့်တင်ရန် တိုက်ပွဲအတွင်း၌ တာအိုကို သိမြင်နားလည်နေခြင်း ဖြစ်၏။ ကြိုတင်ပြင်ဆင်မထားခဲ့သဖြင့် ကောင်းကင်နတ်အရှင်ကုန်းကို မျှော်လင့်ချက် ရှိလာစေသည်။
ဝီ… ဝီ… ဝီ
ကောင်းကင်နတ်အရှင်ကုန်း၏ လှံတံ ကောင်းကင်နတ်အရှင်ရုံ၏ အရှေ့တွင် ထိုးစိုက်လိုက်သည့်အချိန် သူ့မူလဝိညာဉ်အနောက်ရှိ ယိုတုကမ္ဘာလောကမှာ ၁၈ လွှာအထိ ရောက်ရှိနေပြီဖြစ်သည်။
သူ၏မူလဝိညာဉ်က ဧရာမလက်ကြီးကို ဆန့်တန်းကာ ကောင်းကင်နတ်အရှင်ကုန်း၏ လှံတံအား ထိတွေ့လိုက်၏။ ကောင်းကင်နတ်အရှင်ကုန်းမှာ ညည်းတွားလိုက်သည်။ သူမလက်ထဲရှိ ဧရာမလှံတံကြီးမှာ ကွေးလာပြီး သူမ၏ခန္ဓာကိုယ်သည်လည်း ကိုင်းညွတ်လာတော့သည်။
မှော်စွမ်းအင်။ သူမ ဂုဏ်ယူရသော မှော်စွမ်းအင်။ ကောင်းကင်နန်းဆောင် ၃၅ ခုထဲတွင် ပါဝင်သည့် မှော်စွမ်းအင်တို့က ကောင်းကင်နတ်အရှင်ရုံ၏ ဧရာမလက်ကြီးထဲတွင် ပါဝင်သော မှော်စွမ်းအင်တို့အောက် လျော့နည်းနေလေသည်။
သူမ၏ခြေထောက်များ ကွေးညွတ်လာပြီး ဦးချိုခရာသံက ထပ်မံထွက်ပေါ်လာရာ သူမ၏ချီနှင့်သွေးတို့ကို တိုးပွားလာစေပြန်၏။
ကောင်းကင်နတ်အရှင်ကုန်းက ခန္ဓာကိုယ်ကို မတ်၍ လှံတံကို ကြာပွတ်ရှည်တစ်လက်အဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်လက်မောင်းကို ရစ်ပတ်လိုက်သည်။ ထိုစဉ် သူမသည် ပျံတက်ကာ ခြေနှစ်ဖက်လုံးဖြင့် ကောင်းကင်နတ်အရှင်ရုံ၏ ဦးခေါင်းအား ကန်လိုက်၏။
ဝီ….
နောက်ထပ်လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နတ်အရှင်ကုန်း၏ မျက်နှာထက်တွင် ၁၉ ခုမြောက် အရေးကြောင်း ပေါ်လာရာ အဘွားအိုတစ်ယောက်နှင့်ပင် တူလာတော့သည်။
သူမ၏ရုပ်ခန္ဓာမှာ အသက်ကြီးလာနေပြီး အသက်စွမ်းအားတို့လည်း လျော့ကျလာနေသည်။ သူမမှာ အံ့အားသင့်နေသော်လည်း ခွန်အားကတော့ လျော့ကျမသွားပေ။ သူမ၏ခြေထောက်များတွင် ကြောက်မက်ဖွယ် စွမ်းအားတို့ဖြင့် ပြည့်နှက်နေ၏။ ကောင်းကင်နတ်အရှင်ရုံ၏ ဦးခေါင်းကို ကန်နိုင်သရွေ့ တခဏအတွင်း ကောင်းကင်နတ်အရှင်ရုံ၏ ဦးခေါင်းကား အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပေလိမ့်မည်။
ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်အနောက်၌ ၁၉ ခုမြောက် ယိုတုလောကသည် ဖြည်းဖြည်းချင်း ပွင့်လာ၏။
မူလဝိညာဉ်၏ လက်ဖဝါးမှာ ကြာပွတ်ဖြင့် တုပ်နှောင်ခံထားရသည်။ ၎င်းက အားပြင်းစွာ လှုပ်ခါသွားသောကြောင့် ကောင်းကင်နတ်အရှင်ကုန်း၏ ခန္ဓာကိုယ်မှာ အဝေးသို့ လွင့်ထွက်သွားပြီးနောက် ဝှစ်ခနဲ ပြန်ဆောင့်ဆွဲခံလိုက်ရ၏။
ကောင်းကင်နတ်အရှင်ရုံ မူလဝိညာဉ်၏ ကျန်လက်တစ်ဖက်က သူမခန္ဓာကိုယ်အား ထိုးနှက်လိုက်သည်။ ဧရာမလက်သီးကြီးသည် သူမခန္ဓာကိုယ်အား အားပြင်းစွာ ၀င်ဆောင့်လိုက်ချေပြီ။
ဝုန်း
ကြောက်မက်ဖွယ် ပေါက်ကွဲအားလှိုင်းကြီးက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားသည်။ ဖြူဖွေးနေသော အလင်းတန်းများက ကွင်းတစ်ကွင်း ဖွဲ့လျက် အလျင်အမြန် ပြန့်ကားထွက်လာကာ ရွှမ်တုတစ်ခုလုံး၏ ကြယ်တာရာများကိုပင် တုန်ခါမြောက်တက်သွားစေတော့သည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ နောက်သို့ လွင့်ထွက်သွားပြီး သူမ၏ကြာပွတ်ကို ပြန်ဆွဲယူလိုက်၏။ သူမက ခြေထောက်တွင် အားထည့်လိုက်သော်လည်း သူမ၏ခန္ဓာကိုယ်မှာ ကြယ်တာရာကောင်းကင်နှင့် ထိကပ်သွားသကဲ့သို့ ပိပြားသွားကာ ကောင်းကင်၌ အက်ကွဲကြောင်းနှစ်ကြောင်းပင် ထသွားစေသည်။
သူမက လွင့်ထွက်သွားနေခြင်းအား ရပ်တန့်လိုက်သည်။ သွေးတို့က သူမနှုတ်ခမ်းထောင့်မှ စီးကျလာပြီး ကြာပွတ်ရှည်က ညာလက်တွင် ရစ်ပတ်နေ၏။
သူမ၏ ဦးချိုခရာသံက ပိုမိုကျယ်လောင်လာကာ ချီနှင့်သွေးတို့ကို ပို၍မြင့်တက်သွားစေသည်။ ကောင်းကင်နတ်အရှင်ကုန်းမှာ တောင်ကုန်းမှ ပြေးဆင်းလာသည့် ကျားမတစ်ကောင်အလားပင်။ သူမက အတိုက်အခိုက်စိတ်ဆန္ဒအပြည့်ဖြင့် အားကုန်ခုန်အုပ်လိုက်သည်။
ဝီ…
နောက်ထပ်တုန်ခါမှုတစ်ခုက အရှေ့ဘက်မှ ထွက်ပေါ်လာသည်။ သူမမျက်နှာထက်တွင် အရေးကြောင်းတစ်ခု ထပ်မံပေါ်လာ၏။ ၂၀ ခုမြောက် အရေးကြောင်းပင်။
ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်အနောက်တွင် ၂၀ ခုမြောက် ယိုတုလောကက ဖြည်းဖြည်းချင်း ပွင့်လာနေလေသည်။
ကောင်းကင်နတ်အရှင်ကုန်းက သူ့အရှေ့သို့ ဦးတည်ပြေး၀င်သွားသည်။ သူမ၏ကြာပွတ်က နဂါးတစ်ကောင်ပမာ ကခုန်နေပြီး တိုက်ကွက်များနှင့် ထိတွေ့နေသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံက သူမ၏ အင်္ကျီလက်အိုးထဲမှ ထွက်လာပြီး ကြာပွတ်နှင့်အတူ ကခုန်နေသည်။ တစ်ချက်တစ်ချက် ခုခံရခက်သောကြောင့် ကြာပွတ်ပင် လွတ်လွတ်ထွက်သွားတတ်၏။
ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က လက်များ လွှဲရမ်းလျက် သူမ၏တိုက်ကွက်အားလုံးကို ခုခံလိုက်သည်။ သူမမှာ မူလဝိညာဉ်၏ ခံစစ်ကို ထိုးဖောက်၍ ကောင်းကင်နတ်အရှင်ရုံ၏ ပင်မခန္ဓာကိုယ်အား မတိုက်ခိုက်နိုင်ဖြစ်နေတော့သည်။
ကောင်းကင်နတ်အရှင်ရုံ၌ အားနည်းချက်တစ်ခု ရှိသော်လည်း သူမမှာ မဖမ်းဆုပ်နိုင် ဖြစ်နေသည်။
ဝီ…
ဝီ…ဝီ
ကောင်းကင်နတ်အရှင်ကုန်း၏ မျက်နှာထက်တွင် အရေးကြောင်း ၂၃ ခုအထိ ပေါ်လာ၏။ သူမခန္ဓာကိုယ်မှာ အိုမင်းလာသည့်အပြင် သူမ၏ပိတုန်းရောင် ဆံနွယ်များမှာလည်း ဖြစ်လာချေပြီ။
ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်မှာ အားကောင်းသန်မာလွန်းသောကြောင့် သူမမှာ သွေးအန်သည်အထိ ရိုက်နှက်ခံနေရသည်။
ဝုန်း…
လက်သီးတစ်ချက်က ကောင်းကင်နတ်အရှင်ကုန်းကို ထိုးချလိုက်ပြီး သူမ ယိမ်းယိုင်နေစဉ်မှာပဲ ကျဆင်းလာသည့် နောက်ထပ် လက်သီးတစ်ချက်ကြောင့် လဲကျသွား၏။
ကောင်းကင်နတ်အရှင်ကုန်းမှာ ဒယိမ်းဒယိုင်ဖြင့် ပြန်ထနေစဉ် ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က လက်သီးတစ်ဖက် မြှောက်လိုက်သည်။ ကောင်းကင်နတ်အရှင်ကုန်းမှာ ဒူးခွေလျက် လဲကျသွားတော့သည်။
“ငါ မင်းနဲ့ စကားပြောရတာ မကြိုက်ဘူး”
ကောင်းကင်နတ်အရှင်ရုံက သူ၏ ဧရာမမူလဝိညာဉ် ခြေထောက်အောက်ရှိ သူမကို ငုံ့ကြည့်လိုက်သည်။ သူသည် ငါးမျှားနေခဲ့သော လူငယ်လေးပြန်ဖြစ်သွားသကဲ့သို့ မောက်မာစွာ ပြော၏။ “မင်းတို့အားလုံး ငတုံးတွေ”