← Chapters

ကောင်းကင်၏ စိတ်ဆန္ဒက ကျယ်ပြန့်ပြီး စကြ၀ဠာက သေးငယ်တယ်

Vol. 111 Ch. 1459

ကောင်းကင်၏ စိတ်ဆန္ဒက ကျယ်ပြန့်ပြီး စကြ၀ဠာက သေးငယ်တယ်

Vol. 111 Ch. 1459

ကောင်းကင်နတ်အရှင်ကုန်းက ခေါင်းမော့လိုက်သည်။ သူမ ခေါင်းမော့လိုက်သည်နှင့် သူမ၏ ဆံပင်များမှာ ဖြူဖွေးသွားပြီး ၂၄ ခုမြောက် အရေးအကြောင်းကား သူမ၏မျက်နှာထက်တွင် ပေါ်လာတော့သည်။

သူမ၏ရုပ်ခန္ဓာမှာ အိုမင်းလာလေပြီ။

သဘောတရားအရ ပြောရလျှင် ဤသို့ အိုမင်းမှုသည် မဖြစ်နိုင်ပေ။ နတ်ဘုရားအဆင့်အထိ ကျင့်ကြံပြီးလျှင် သူတို့၏သက်တမ်းက ကောင်းကင်၏တည်ရှိမှုနှင့် ညီမျှလာသည် မဟုတ်ပါလော။ နတ်ဘုရားတစ်ပါး၏ ရုပ်ခန္ဓာဆိုသည်မှာ အမြဲတည်ရှိနေမည်သာ ဖြစ်သည်။ အဆုံးမရှိသော သက်တမ်းကို ပိုင်ဆိုင်ထားသောကြောင့် သူတို့အနေဖြင့် မအိုမင်းလာနိုင်ပေ။

နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်တွင် အဆုံးမရှိသော သက်တမ်း ရှိသည်။ သက်တမ်း မည်မျှပင် လျော့ကျသွားပါစေ အိုမင်းလာမည်မဟုတ်ပေ။ ကောင်းကင်နတ်အရှင်ရုံ သူမ၏သက်တမ်းကို ဖြတ်တောက်လိုက်လျှင်တောင်မှ အိုမင်းလာရန်မှာ မဖြစ်နိုင်ပေ။

သို့သော် သူမ၏ခန္ဓာကိုယ်မှာ တားဆီးမရနိုင်ဘဲ အိုမင်းလာချေပြီ။

ဤသည်က ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ် တည်ထောင်ပြီးသည့် အချိန်မှစ၍ ပထမဦးဆုံးဖြစ်ရပ်ပင်။ နတ်ဘုရားတို့၏ သက်တမ်းအပြင်၊ ကောင်းကင်နတ်အရှင်တို့၏ သက်တမ်းကိုပါ တိုတောင်းသွားစေသည့် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။

ဤကောင်းကင်နတ်သိုင်းကို သေခြင်းရှင်ခြင်း ကောင်းကင်ရတနာအား ဖွင့်လှစ်ခဲ့သည့် ကောင်းကင်နတ်အရှင်ရုံ ဖန်တီးထားခြင်းဖြစ်လေသည်။

သူသည် သေခြင်းနှင့်ရှင်ခြင်းအကြားရှိ အတားအဆီး၊ ယိုတုနှင့် ယွမ်တုအကြားရှိ ကွာဟမှုကို ဖွင့်လှစ်နိုင်ခဲ့၏။ ထိုသို့ဖွင့်လှစ်နိုင်ခဲ့မှုက ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်ကို နတ်ဘုရားအဆင့်သို့ ရောက်လျှင် အဆုံးမရှိသော သက်တမ်းအား ပိုင်ဆိုင်စေခဲ့သည်။

ယခုတွင် ကောင်းကင်နတ်အရှင်ရုံကား ယိုတုမဟာတာအိုအပေါ် အဆုံးအစွန်အထိ သိမြင်နားလည်ပြီးဖြစ်ရာ နတ်ဘုရားတစ်ပါး၏ ရုပ်ခန္ဓာသက်တမ်းကို ဖြတ်တောက်နိုင်သည့် စွမ်းရည် ရရှိခဲ့ချေပြီ။

ကောင်းကင်နတ်အရှင်ကုန်းမှာ မြင်ယောင်ဖန်ဆင်းရင်း သူမ၏အသိစိတ်အလျဉ်ကို အကောင်းဆုံး ကြိုးစားစုစည်းနေသည်။ သူမက ငယ်ရွယ်စဉ်တုန်းက ခန္ဓာကိုယ်ကို မြင်ယောင်ကာ ခန္ဓာကိုယ် သွက်လက်ဖြတ်လတ်လာအောင် ကြိုးစားဖန်ဆင်းနေသည်။

သူမသည် ယခင်ဘဝက ဖန်ဆင်းရှင်များ၏ နတ်ဘုရင်တစ်ပါး မဟုတ်ပါလော။ ဖန်ဆင်းရှင်များသည်လည်း ထာဝရ ရှင်သန်ကြလေ၏။ သူတို့က ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို ကျင့်သုံးခဲ့ကြခြင်းမဟုတ်၍ ခန္ဓာကိုယ်များ ထာဝရနုပျိုနေစေရန် မြင်ယောင်ဖန်ဆင်းခဲ့ကြလေသည်။

ယခု သူမတွင် အခွင့်အရေး ရှိနေသေးသည်။ ကောင်းကင်နတ်အရှင်ရုံ အာရုံလွတ်သွားသည်နှင့် အလစ်တိုက်ပြီး အရှုံးအား အောင်ပွဲအဖြစ် ပြောင်းပြန်လှန်နိုင်ပေလိမ့်မည်။

သူမသည် သက်တမ်းကြာမြင့်စွာ ရှင်သန်နေထိုင်ခဲ့သည့်အလျောက် သိက္ခာရှိရှိ အနိုင်ယူနိုင်ရန် အရေးမစိုက်ပေ။ မည်သို့သော နည်းလမ်းမျိုးကို အသုံးပြုရသည်ဖြစ်စေ အနိုင်ယူနိုင်သရွေ့ ထိုက်တန်၏။

သို့သော် သူမ တိတ်တဆိတ် မြင်ယောင်ဖန်ဆင်းနေစဉ် သူမ၏ခန္ဓာကိုယ်မှာ ပို၍ပင် အိုမင်းလာနေကြောင်း တွေ့လာရသည်။ ကောင်းကင်နတ်အရှင်ကုန်းမှာ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျလာပြီး ထိတ်လန့်တုန်လှုပ်လာတော့သည်။

ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က လက်ဖဝါးမြှောက်၍ လက်ချောင်းတစ်ချောင်း ထောင်လိုက်သည်။ ထိုလက်ချောင်းသည် လှံတစ်လက်အလား သူမ၏ နှလုံးသားကို ထိုးစိုက်သွား၏။

ယိုတု၏ ကောင်းကင်နတ်အရှင်ရုံဆိုသည်မှာ အမျိုးသမီးများအပေါ် ကြင်နာညှာတာနေတတ်သူ မဟုတ်ပေ။ မရေမတွက်နိုင်‌သော ကမ္ဘာလောကများသည် သူ့ကြောင့် ပျက်စီးခဲ့ရ၏။ မြေအောက်ဘုံအရှင်သခင်၏ အကွေ့အကောက်၊ အချိုးအကွေ့ ချိုများက သူ၏ရက်စက်ကြမ်းကြုတ်မှုအတွက် သက်သေပင်။

ကောင်းကင်နတ်အရှင်ကုန်းက သူမထံ ဦးတည်လာနေသော လက်ချောင်းဆီ ကြည့်ကာ သက်ပြင်းချလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ လွတ်မြောက်ရန် မဖြစ်နိုင်ပုံပင်။

ဤအခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ် အိုမင်းလာနေသည့်ဖြစ်စဉ်မှာ ရုတ်တရက် ရပ်တန့်သွားကြောင်း ခံစားလိုက်ရ၏။ ထိုမျှသာမက သူမ၏ခန္ဓာကိုယ် အသက်စွမ်းအားသည် တစ်ဟုန်ထိုး မြင့်တက်လာ၏။

ကြယ်တာရာကောင်းကင်တွင် လဲလျောင်းလျက် သေခြင်းကို စောင့်ဆိုင်းနေသော ကောင်းကင်နတ်အရှင်ကုန်းမှာ ချက်ချင်းပင် ချီစွမ်းအင်ကို စုစည်းလိုက်ပြီး အလျားလိုက် လှိမ့်ချလိုက်ကာ ကောင်းကင်နတ်အရှင်ရုံ၏ တိုက်ကွက်အား ရှောင်တိမ်းလိုက်သည်။

ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်သည် ပစ်မှတ်ကို လွဲချော်သွားပြီး ပစ်မှတ်ထားခံနေရသလို ခံစားလိုက်ရ၏။ ခံစားချက်မှာ အင်မတန် ဆိုးရွားလွန်းပြီး ယိုတုမဟာတာအို၏ ရန်သူတော်နှင့် တွေ့ဆုံသွားသည့် အလား ထင်ရသည်။ သူ့အား အတော်လေး စိတ်မသက်မသာ ဖြစ်လာစေသည်။

ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က လက်ချောင်းကို ပြန်ရုတ်၍ ကောင်းကင်နတ်သိုင်း ပေါက်ကွဲသွားသည့် အခိုက်အတန့်အား အခွင့်ကောင်းယူကာ ရှောင်တိမ်းလိုက်သည်။ သူက ခန္ဓာကိုယ်ကို တည့်မတ်၍ သူ့ကို ပစ်မှတ်ထားသော သိုင်းပညာရှင်ဆီသို့ လှည့်ကြည့်လိုက်၏။

ကောင်းကင်နတ်အရှင်ရုံမှာ နတ်အရှင်မယန်နှင့် သူမအနောက်ရှိ ရှေးဟောင်းနတ်ဘုရားနှစ်ပါးကို တွေ့သည့်အခါတွင် မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။

ထိုရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် အမျိုးသမီးနှင့် အမျိုးသား ဖြစ်ကာ လူသားဦးခေါင်း၊ လူသားခန္ဓာကိုယ်နှင့် မြွေအမြှီးများ ပိုင်ဆိုင်ထားကြ၏။ သူတို့ ဘေးချင်း ယှဥ်လျက် လျှောက်လာနေသည့်အခါ သူတို့၏ မြွေအမြှီးတို့က ကြယ်တာရာကောင်းကင်ထက်တွင် လှုပ်ခါနေကြသည်။ ထိုက်ကျိစက်ဝန်းတစ်ခုကလည်း သူတို့ဦးခေါင်းနောက်တွင် ဖွဲ့တည်နေလေသည်။

ကောင်းကင်နတ်အရှင်ရုံမှာ နတ်အရှင်မယန်ကြောင့် အန္တရာယ်အငွေ့အသက်ကို ခံစားနေရခြင်း မဟုတ်ဘဲ ဆန်းဆန်းပြားပြား ပုံပန်းသွင်ပြင်များ ပိုင်ဆိုင်ထားသော ရှေးဟောင်းနတ်ဘုရားနှစ်ပါးကြောင့် ခံစားနေရခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ကုန်းက တည်ငြိမ်စွာ ထရပ်လာသည်။ သူမခန္ဓာကိုယ်၏ လုပ်ဆောင်နိုင်စွမ်းတို့ ပြန်လည်သက်သာလာနေသည်ကို ခံစားနေရသည့်အပြင် ခွန်အားပြည့်လာပြီး ခန္ဓာကိုယ်လည်း ပိုမိုလျင်မြန်သွက်လက်လာချေပြီ။

“နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ကိုးပါးထဲက တစ်ပါးဆိုတဲ့အတိုင်းပါပဲလား… လက်ရှိ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ပါရမီချင်း နှိုင်းယှဉ်လို့မရဘူးပဲ”

နတ်အရှင်မယန်က ရှေးဟောင်းနတ်ဘုရားနှစ်ပါးနှင့် လူစုခွဲလိုက်သည်။ သူမက ကောင်းကင်နတ်အရှင်ကုန်းထံမှ တြိဂံပုံစံ ရပ်လျက် ကောင်းကင်နတ်အရှင်ရုံအား အလယ်ဗဟိုတွင် ပိတ်ထားလိုက်ရင်း ချီးကျူးနေသည်။ “ကျွန်မယောက်ျားရဲ့ အတွေးအခေါ်တွေက ထူးခြားပြီး လိမ္မာပါးနပ်တာပဲ… ရှင်တို့ကိုးယောက်က အင်မတန် ထူးကဲမှန်း သတိထားမိခဲ့လို့ ကောင်းကင်နတ်အရှင်ဘွဲ့ ချီးမြှင့်ခဲ့တယ်… ကျွန်မတို့ မျိုးဆက်သစ် ကောင်းကင်နတ်အရှင်ဆယ်ပါးကတော့ ရှင်တို့အောက် အမှန်တကယ် နိမ့်ကျပါတယ်”

ကောင်းကင်နတ်အရှင်ကုန်းက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လိုက်သည်။ သူမ၏အသံက အနည်းငယ် အက်ကွဲနေသေး၏။ “နဂါးဟန်ခေတ် အစောပိုင်းမှာ ပါရမီရှင်တွေ ဘယ်လောက်ရှိခဲ့တာမလို့လဲ… နဂါးဟန်ခေတ်ရဲ့ ကောင်းကင်နတ်အရှင်ကိုးပါးထဲက တစ်ယောက်စီတိုင်းက သမိုင်းမှာ ရှားပါးတဲ့ ပုဂ္ဂိုလ်တွေပဲ… အချိန်ကာလတစ်ခုတည်းမှာလည်း ထွက်ပေါ်လာခဲ့ကြတယ်… နှစ်သန်းပေါင်းများစွာ ကြာသွားတာတောင် အဲဒီလို ဉာဏ်ကြီးရှင်တွေအများကြီး တစ်ပြိုင်နက် ထွက်ပေါ်လာခဲ့တဲ့ အချိန်ဆိုတာ မရှိခဲ့ဘူး”

ကောင်းကင်နတ်အရှင်ရုံက ငိုသယောင်ယောင်၊ ရယ်သယောင်ယောင် ဖြစ်နေသော မျက်နှာဖုံးကို တပ်ပြီး သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေကာ မည်သည်မှ မပြောပေ။

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက လူငယ်ကောင်းကင်နတ်အရှင်ရုံကို လေးစားအားကျစွာ ကြည့်လိုက်ကြပြီး မနေနိုင်သဖြင့် ပြော၏။ “အံ့မခန်းလိလိ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလည်း မင်းအနေနဲ့ နိုင်မယ့်အခွင့်အရေး မရှိတော့မှန်း သိသင့်တယ်… ထွက်သွားဖို့ နောက်မကျသေးဘူး… ငါတို့နှစ်ယောက်က တာအိုနှလုံးသားတွေကို သန့်စင်ဖို့ သေမျိုးလောကဆီ ရောက်လာခဲ့ကြတာ… သေမျိုးလောကရဲ့ ကြယ်ပွင့်ကို မသတ်ချင်ဘူး… မင်းထွက်သွားမယ်ဆိုရင် ငါတို့ လမ်းဖယ်ပေးမယ်”

နတ်အရှင်မယန်က မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည်မှ ဝင်မပြောပေ။

ရှေးဟောင်းနတ်ဘုရားယင်က ပြောသည်။ “နင်က ယိုတုမဟာတာအိုကို ထိန်းချုပ်ထားပြီး တာအိုအဆင့် တက်နေတုန်းပဲ ရှိသေးတယ်…. အလားအလာရဲ့ အဆုံးအထိ မရောက်သေးဘူး… ဒါပေမဲ့ အလားအလာအဆုံးအထိ ရောက်သွားရင်တောင် ငါတို့နှစ်ယောက်နဲ့ မယှဉ်နိုင်ဘူး… ငါတို့ရဲ့ တာအိုက နင့်အပေါ် ဖိနှိပ်လိမ့်မယ်… အခု သွားလိုက်တော့… နောက်မကျသေးဘူး… ခေါင်းမာမနေပါနဲ့”

ရှေးဟောင်းနတ်ဘုရားယန်ကလည်း ဝင်ပြောသည်။ “ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းကတည်းက ငါတို့က မွေးဖွားခဲ့တာ… ဒီနေ့မှ အပြင်ထွက်လာကြတာက သေမျိုးလောကကို တွေ့ကြုံပြီး အဆင့်တက်တဲ့ လမ်းစဉ်ကို လျှောက်လှမ်းချင်လို့ပဲ… မွေးခဲ့တဲ့အချိန်ကစပြီး ငါတို့လက်မှာ သွေးမစွန်းသေးဘူး… ငါတို့က တာအိုကို ရှာဖွေနေကြတဲ့သူတွေ… မင်းရဲ့သွေးတွေ ငါတို့လက်မှာ မစွန်းထင်းစေချင်ဘူး..”

မျက်နှာဖုံးအောက်တွင် ကောင်းကင်နတ်အရှင်ရုံ၏ မှေးမှိန်မှိန် မျက်လုံးများက မျက်တောင်ခတ်လိုက်ပြီး သူတို့အား တည်ငြိမ်အေးဆေးစွာ ကြည့်သည်။ ရုတ်တရက် သူ၏မျက်လုံးများသည် တွန့်သွားပြီး မျက်နှာဖုံးအောက်ရှိ မျက်နှာမှာမူ ပြုံးနေသယောင်ပင်။

“ဒီနေရာကို ကာကွယ်ပေးမယ်လို့ ကျုပ်ရဲ့ သူငယ်ချင်းတွေကို ကတိပေးခဲ့တယ်… ဆိုတော့ ဒီနေရာက တားမြစ်နယ်မြေပဲ”

သူ၏မူလဝိညာဉ်က ချီစွမ်းအင်တို့ကို နံရံသဏ္ဍာန် တည်ဆောက်လိုက်သည်။ ထို့နောက် လက်တစ်ဖက် လွှဲရမ်းလိုက်ရာ ရွှမ်တုတစ်လျှောက် ရှည်လျားသွားသော မြို့တံတိုင်းတစ်ခု ပေါ်လာသည်။ ၎င်းသည် ကောင်းကင်အကာအရံတစ်ခုအလား သူတို့သုံးယောက်၏ အရှေ့တွင် မားမတ်စွာ ရပ်တည်နေ၏။

ကောင်းကင်နတ်အရှင်ရုံက မေးငေါ့လိုက်ပြီး အနည်းငယ် ဂုဏ်ယူနေပုံပေါက်သည်။ “ခင်ဗျားတို့ ဖြတ်သွားချင်ရင် ကျုပ်အလောင်းကိုသာ နင်းသွားလိုက်”

ထိုသို့ပြောပြီးနောက် မည်သည့်စကားမှ ထပ်မပြောတော့ပေ။

နတ်အရှင်မယန်က ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးဆီသို့ ကြည့်လိုက်၏။ “အစ်ကိုတော်တို့၊ ပြောစရာ မရှိတော့ဘူးမလား”

ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ပြိုင်တူသက်ပြင်းချလိုက်ကြပြီး မျက်ရည်တစ်စက်သည် သူတို့၏မျက်လုံးထောင့်စွန်းမှ လိမ့်ဆင်းကျလာ၏။ သူတို့က တစ်ပြိုင်နက် ပြောကြသည်။ “ငါတို့လုပ်နိုင်တာ အဲဒါအကုန်ပဲ”

ထိုက်ကျိရှေးဟောင်းနတ်ဘုရားများ၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်အရှင်မယန်တို့က တစ်ချိန်တည်းနီးပါး တိုက်ခိုက်လိုက်ကြသည်။ အရှိန်အဝါလေးခုသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါပြီး ရွှမ်တုအား တုန်လှုပ်သွားစေ၏။ သူတို့ကား ကောင်းကင်နတ်အရှင်ရုံအား ပြိုင်တူတိုက်ခိုက်နေကြချေပြီ။

ထိုအခိုက်အတန့်တွင် ချင်မူ၊ သားသတ်သမားနှင့် အခြားသူများက ကောင်းကင်နတ်အရှင်ယွဲ့၊ နတ်ဘုရင်လန်ဝူတို့နှင့်အတူ ကောင်းကင်နယ်စားမင်း၏ စစ်မြေပြင်ဆီသို့ ပြေးသွားနေသည်။ ကောင်းကင်နယ်စားမင်း၏ အခြေအနေမှာ အလွန်တရာ အရေးကြီးနေပြီး ကောင်းကင်နတ်အရှင်လေးပါးအပြင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသုံးပါးဖြင့် ၀န်းရံခံထားရ၏။ သူ၏ ရုပ်ခန္ဓာကို ချုံ့၍ လှုပ်ရှားနှုန်းကို မြှင့်တင်လိုက်လျှင်တောင်မှ အကြိမ်ကြိမ် ဒဏ်ရာရမည့်ဘေးမှ ရှောင်ရှားနိုင်မည်မဟုတ်ပေ။

ဤအချိန်တွင် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ထဲသို့ အတင်းအကြပ် ဝင်ရောက်လာခဲ့သော ကောင်းကင်တာအိုစိတ်ဆန္ဒလည်း ရှိနေသေးသည်။ ကောင်းကင်တာအိုစိတ်ဆန္ဒသည် အလွန်အားကောင်းသောကြောင့် ကောင်းကင်နယ်စားမင်းကိုယ်တိုင်၏ စိတ်ဆန္ဒကိုပင် ဖိနှိပ်ထား၏။

ကောင်းကင်နတ်အရှင်ဟုန်၊ နတ်အရှင်မချန်း၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှစ်ချီလော်တို့က ကောင်းကင်တာအို၏ အပြောင်းအလဲများအား သိရှိနားလည်ထားပြီဖြစ်သည်။ ကောင်းကင်တာအိုတွင် ဖန်တီးနိုင်စွမ်းမရှိ၊ ပြောင်းလဲနိုင်စွမ်းမရှိပေ၊ တရားမျှတမှုသာ ရှိလေသည်။

ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်တာအိုစိတ်ဆန္ဒသည် တိုက်ကွက်များကို ခုခံကာ တိုက်ကွက်များနှင့် ပြန်လည်ချေပတတ်၏။ တိုက်ကွက်များ ဖန်တီးနိုင်စွမ်းနှင့် ပြောင်းလဲနိုင်စွမ်းတွင်မူ အခြားသူများအောက် များစွာနိမ့်ကျလေသည်။

ဤသည်က ကောင်းကင်တာအို၏ အားနည်းချက် ဖြစ်၏။

ကောင်းကင်တာအိုနှင့် ကောင်းကင်နယ်စားမင်းအပေါ် နှံ့နှံ့စပ်စပ် သိထားသော ကောင်းကင်နတ်အရှင်ဟုန်အတွက်သာမက အခြားသူများအမြင်၌ပင် ကောင်းကင်နယ်စားမင်း ရှုံးနိမ့်နေသည့် အမြန်နှုန်းမှာ သိသာနေတော့သည်။ လန်ရွှမ်၊ နတ်အရှင်မချန်းနှင့် ကျန်သူများပင်လျှင် ကောင်းကင်နယ်စားမင်းအား ဤမျှလွယ်ကူစွာ ရှင်းလင်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် ကောင်းကင်နတ်အရှင်ယွဲ့နှင့် နတ်ဘုရင်လန်ဝူတို့၏ ပူးပေါင်းတိုက်ခိုက်မှုက သူတို့ကို အခက်ကြုံနေစေသေးသည်။ ချင်မူနှင့် အခြားသူများပါ ရောက်လာသည့်အတွက် အသက်အန္တရာယ် မရှိလျှင်တောင်မှ အတော်လေး ခေါင်းကိုက်ရသည်။

ရှစ်ချီလော်က တိုက်ပွဲအတွင်းမှ ထွက်ကာ သူတို့ကို တားဆီးလိုက်သည်။ သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသုံးပါးကို ထိန်းချုပ်ထားလေရာ သူ၏အတိုက်အခိုက်စွမ်းရည်မှာ အံ့မခန်းလိလိ အင်အားကြီးသည်။ ထိုမျှသာမက သူ၏ခန္ဓာကိုယ်က အဆက်မပြတ် ပြောင်းလဲကာ ထူးဆန်းသော ရတနာမျိုးစုံအသွင် ဖော်ဆောင်နိုင်၏။

သို့သော် ကောင်းကင်နတ်အရှင်ယွဲ့က သူ့အား ထိပ်တိုက်မတိုက်ခိုက်သောကြောင့် သူ၏ တိုက်ကွက်များမှာ လွဲချော်နေတော့သည်။ သူမသည် ကောင်းကင်နတ်အရှင်ဟုန်၊ နတ်အရှင်မချန်းနှင့် အခြားသူများကိုသာ တိုက်ခိုက်နေလေရာ ရှစ်ချီလော်မှာ စိတ်ရှုပ်ထွေးစွာ သက်ပြင်းချနေမိ၏။

နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်ကလည်း ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီထဲသို့ ကျူးကျော်ဝင်ရောက်ကာ ခန္ဓာကိုယ်အား ထိန်းချုပ်ရန် ကြိုးစားနေသဖြင့် ရှစ်ချီလော်မှာ ပို၍ပင် ပင်ပန်းနေတော့သည်။ လန်ဝူက ကောင်းကင်လက်နက်ကို အသုံးပြု၍ လန်ရွှမ်နှင့် အခြားသူများကို တိုက်ခိုက်နေသည်။

ကံကောင်းစွာဖြင့် ရှစ်ချီလော်ကား ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ နန်းတော်သခင် မဟုတ်ပါလော။ အကြံကြီးသူပီပီ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်တံခါးများစွာ ထားရှိခဲ့၏။ သူ၏ခန္ဓာကိုယ်တွင်ပင် မရေမတွက်နိုင်သော လျှို့ဝှက်တံခါးများစွာ ရှိလေသည်။ နတ်ဘုရင်လန်ဝူအနေဖြင့် မထိန်းချုပ်နိုင်မှန်း သိသော်လည်း ဆက်လက် နှောက်ယှက်နေသေးသဖြင့် သူ့မှာ ရူးချင်လာတော့သည်။

“ငါ လုပ်မယ်”

နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်က ရုတ်တရက် ပေါက်ကွဲထွက်လာပြီး နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်ဖြင့် ထိပ်တိုက်တွေ့ဆုံသွားသည်။ သူ၏ နတ်ဘုရားလက်ချောင်းက နေရာဟင်းလင်းပြင်းအလွှာများအား ဖောက်ထွက်၍ ကောင်းကင်နတ်အရှင်ယွဲ့ကို တွန်းထုတ်လိုက်၏။ သူ အင်္ကျီစကို ခါရမ်းလိုက်သည့်အခါ ချင်မူနှင့် ကျန်သူများမှာ ဟင်းလင်းပြင်အလွှာ ၃၀မှ လွင့်ထွက်သွားကြလေသည်။ သူက မှင်သေသေ ပြော၏။ “ရှစ်ချီလော်၊ ကောင်းကင်နတ်အရှင်ဟုန်ကို သွားကူလိုက်ပါ”

ရှစ်ချီလော်မှာ စိတ်အေးသွားပြီး ချက်ချင်းပင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်ကာ ကောင်းကင်နယ်စားမင်းအား သတ်ဖြတ်ရန် ထွက်သွားတော့သည်။

ယခုတွင် နတ်ဧကရာဇ်လန်ရွှမ်သည် ကောင်းကင်နတ်အရှင်ဆယ်ပါးအကြား၌ အင်အားအကြီးဆုံး ဖြစ်၏။ ကောင်းကင်နယ်စားမင်းနှင့် တိုက်ခိုက်လျှင်တောင်မှ အရေးနိမ့်မည် မဟုတ်ပေ။ အင်အားအကြီးမားဆုံး မှော်စွမ်းအင်ကို ပိုင်ဆိုင်ထားသော ကောင်းကင်နတ်အရှင်ဟုန်ပင်လျှင် အတိုက်အခိုက်စွမ်းရည်၌ သူ့အောက် နိမ့်ကျသည်။

“ကောင်းကင်နတ်အရှင်ယွဲ့၊ ကျုပ်က ခင်ဗျားရဲ့ ရန်သူတော်ပဲ”

နတ်ဧကရာဇ်လန်ရွှမ်၏ မျက်နှာအမူအရာမှာ ဂုဏ်ယူနေသည်။ သူက ကောင်းကင်နတ်အရှင်ယွဲ့ကို ကြည့်၍ တည်ငြိမ်အေးဆေးစွာ ပြော၏။ “ခင်ဗျားရဲ့ နေရာဟင်းလင်းပြင်တာအိုက ကျုပ်ရဲ့အရှေ့မှာ… ကျုပ်ရဲ့အသိစိတ်အလျဉ်ကို လှုပ်ရှားလိုက်တာနဲ့ အသုံးပြုလို့ရတယ်… ကျုပ်ကြောင့် ခင်ဗျား နှစ်လေးသောင်းအထိ ဒဏ်ရာရသွားခဲ့တာ မေ့သွားပြီလား”

သူ၏အကြည့်က နတ်ဘုရင်လန်ဝူဆီ ရောက်သွားသည်။ “နတ်ဘုရင်လန်ဝူ” သူက အေးအေးလူလူ ခေါ်လိုက်၏။ “ခင်ဗျားရဲ့ အသိစိတ်အလျဉ်တာအိုကလည်း ကျုပ်ရဲ့ ထိုက်ချူတာအိုအောက် အားနည်းတယ်… ကျုပ်ကို တိုက်ခိုက်ရင် ပထမဦးဆုံးတိုက်ကွက်နဲ့တင် ခင်ဗျားကို ဒဏ်ရာရစေပြီး ဒုတိယတိုက်ကွက်နဲ့ဆို သေအောင် သတ်နိုင်တယ်.. ခင်ဗျား ကျုပ်ဆီမှာ အညံ့ခံရင် ကောင်းကင်နတ်ဧကရီဆိုတဲ့ ရာထူးကို ပေးမယ်”

သူ၏အကြည့်က ချင်မူနှင့် အခြားသူများထံ ကျရောက်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့မျက်နှာကို ဖုံးထားရင်တောင်မှ မင်းကို ငါ မှတ်မိတယ်… ငါ့အရှေ့မှာတော့ မင်းက လူသူစည်ကားနေတဲ့ မြို့ထဲမှာ ကိုယ်လုံးတီး လျှောက်သွားနေသလို သေချာမြင်နေရတာ… ဘာကိစ္စ မျက်နှာကို ဖုံးထားတာလဲ…. မင်းတို့ငါးယောက် ပူးပေါင်းရင်တောင်မှ မင်းတို့ရဲ့ စွမ်းဆောင်ရည်တွေက ကောင်းကင်နတ်အရှင်တစ်ပါးရဲ့ အတိုက်အခိုက်စွမ်းရည်ကို ခြေဖျားတောင် မမှီဘူး… တိုက်ကွက်လေးတစ်ကွက်ကိုတောင် ခံနိုင်မှာမဟုတ်ဘူး”

တျန်းရှုသည် ဒေါသတကြီး ရယ်လိုက်ပြီး ကျန်သူများကို ပြောလိုက်၏။ “ရိုင်းလိုက်တဲ့ကောင်… ငါတို့ကိုများ ကိုယ်လုံးတီး လျှောက်သွားနေတယ်တဲ့… -ီးပါးစပ်ကို ပိတ်ပေးရတော့မယ်”

ထိုစဉ် ကောင်းကင်တာအိုမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ရွှမ်တုတစ်ခုလုံးရှိ ကောင်းကင်တာအိုများကား ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်သွားကြသည်။

ချင်မူမှာ ရင်ထဲတွင် လေးလံလာသည်။ ကောင်းကင်တာအို အားဖြည့်ပေးထားသည့် သူ၏ခွန်အားသည် လျင်မြန်စွာ လျော့ကျလာနေကြောင်း ခံစားလိုက်ရ၏။ ကောင်းကင်နယ်စားမင်း၏ အခြေအနေသည် သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကောင်းကင်တာအို သိရှိသွားခြင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးရန် ရွှမ်တုတစ်ခုလုံးတွင် စုဝေးနေသည့် ကောင်းကင်တာအိုစွမ်းအားတို့အား စုစည်းလိုက်ခြင်းပင်။

ကောင်းကင်နယ်စားမင်းမှာ အန္တရာယ်အများဆုံး အခြေအနေသို့ ရောက်ရှိနေလေပြီ။

ကောင်းကင်နယ်စားမင်း၏ စွမ်းအားက မြင့်တက်လာသော်လည်း လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်မှုတော့ မရှိသေးပေ။ ထို့ကြောင့် ကောင်းကင်နယ်စားမင်း မည်မျှပင် သန်မာအားကောင်းနေပါစေ၊ ကောင်းကင်နတ်အရှင်ဟုန်နှင့် ကျန်သူများ၏ လက်ထဲတွင် သေဆုံးရပေလိမ့်မည်။

သူတို့ ဤတိုက်ပွဲတွင် ရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်၏။

တျန်းရှုနှင့် အခြားသူများလည်း ကောင်းကင်တာအို အားဖြည့်ပေးနေသည့် ခွန်အား လျော့ကျသွားကြောင်း ချက်ချင်း ခံစားလိုက်ကြရသည်။ သူတို့မှာ မျက်နှာပျက်သွားကြ၏။ ကောင်းကင်တာအို အားဖြည့်ပေးထားသောကြောင့်သာ ကောင်းကင်နတ်အရှင်များ၏ လက်ချက်ဖြင့် သူတို့ မသေကြခြင်း ဖြစ်သည်။

ယခုတွင် ထိုခွန်အားကို ဆုံးရှုံးလိုက်ပြီဖြစ်ရာ အတိုက်အခိုက်စွမ်းရည်တို့ လျော့ကျသွားပြီး အန္တရာယ်များကလည်း သိသိသာသာ မြင့်မားလာချေပြီ။

ဤအခိုက်အတန့်တွင် နှိုင်းယှဉ်မရနိုင်အောင် အားကောင်းသော လှိုင်းတစ်လှိုင်းက အဝေးမှ သိမ့်ခနဲ ထွက်ပေါ်လာသည်။ ချင်မူလည်း မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်အရှင်ကုန်း၊ နတ်အရှင်မယန်နှင့် ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးတို့ ကောင်းကင်နတ်အရှင်ရုံအား ဝိုင်းတိုက်ခိုက်နေကြောင်း တွေ့လိုက်ရသည်။

ကောင်းကင်နတ်အရှင်ကုန်း၏ ကြာပွတ်နှင့် ဦးချိုခရာ၊ နတ်အရှင်မယန်၏ အဆုံးသတ်မြို့ပျက်၊ ထိုက်ကျိရှေးဟောင်းနတ်ဘုရား၏ ထိုက်ကျိစက်ဝန်းတို့အားလုံး သက်ဝင်လှုပ်ရှားနေကြသည်။

ထိုသို့ တိုက်ကွက်မျိုးအောက်၌ ကောင်းကင်နတ်အရှင်ရုံအတွက် လွတ်လမ်း မရှိတော့ပေ။

ချင်မူ၏ စိတ်အစဉ်မှာ ရှုပ်ထွေးလာပြီး ရုတ်တရက် သူ၏လည်ချောင်းထဲ၌ ချိုမြသော အရသာကို ခံစားလိုက်ရသည်။ သွေးတလုတ်က သူ၏ပါးစပ်အတွင်း၌ ပျို့တက်လာသော်လည်း လျင်မြန်စွာ မြိုချလိုက်၏။

“ကောင်းကင်နယ်စားမင်း၊ ခင်ဗျား…” သူ့နှလုံးသားမှာ တဆစ်ဆစ် နာကျင်လာကာ ဓားဖြင့် မွှမ်းခံနေရသကဲ့သို့ ခံစားလာရသည်။

ထိုစဉ် ကျယ်ပြန့်လှသော အရှိန်အဝါတစ်ခုသည် ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားမှ ထွက်ပေါ်လာပြီး ကောင်းကင်တာအိုသံတို့ မြည်ဟီးသွား၏။ ကောင်းကင်ခေါင်းလောင်းလည်း တဒေါင်ဒေါင် မြည်လာသည်။

ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်နေသည့် ကောင်းကင်နတ်အရှင်ဟုန်မှာ အကြီးအကျယ် မျက်နှာပျက်သွားသည်။ နတ်အရှင်မချန်းနှင့် ရှစ်ချီလော်တို့မှာလည်း ယခု ကောင်းကင်နယ်စားမင်းသည် ယခင်ကောင်းကင်နယ်စားမင်းနှင့် မတူတော့မှန်း ချက်ချင်း ခံစားလိုက်ကြရ၏။

နတ်ဧကရာဇ်လန်ရွှမ်မှာ ရင်တဒိန်းဒိန်း ခုန်လာပြီး ကောင်းကင်နယ်စားမင်းကို ကြည့်လိုက်သည်။

ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားမှ ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို ကောင်းကင်တာအိုအသိစိတ်အလျဉ်သည် လွင့်ပျယ်သွားပြီး ကောင်းကင်နယ်စားမင်း၏ အသိစိတ်အလျဉ်က သူ၏ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ချေပြီ။

အဝေးတွင် တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သည့် ဓားရောင်တစ်ချက်က ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး ရွှမ်တုရှိ ကြယ်တာရာ ကုဋေပေါင်းများစွာကို တောက်ပလာစေ၏။

ကောင်းကင်နယ်စားမင်းက ပြုံးလိုက်ပြီး သူ၏ ခမ်းနားထည်ဝါသောအသံက ရွှမ်တုတစ်ခွင် ပဲ့တင်ထွက်သွားသည်။

“ကောင်းကင်ရဲ့စိတ်ဆန္ဒက ကျယ်ပြန့်ပြီး စကြ၀ဠာက သေးငယ်တယ် ... စိတ်ဝိညာဉ်ကမ္ဘာထဲမှာ တစ်ကြိမ်နှစ်ကြိမ်လောက် ခရီးထွက်ရတာဟာ အင်မတန် ထူးကဲတဲ့ အခွင့်အရေးပဲ”

ထိုအခိုက်အတန့်တွင် ချင်မူ့မျက်နှာထက်၌ မျက်ရည်များ စီးကျနေပြီး သူ့မှာ အလွန်အမင်း ပျော်ရွှင်နေတော့သည်။

သားသတ်သမားက သူ့ကို အေးစက်စက် ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ “အစွန်းရောက်တဲ့ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေက တာအိုနှလုံးသားအပေါ် ထိခိုက်စေတယ်… မူအာ၊ မင်းက ကောင်းကင်နတ်အရှင်သာဆိုတယ် ရှက်ဖို့ကောင်းလိုက်တာကွာ”

သို့ထိတိုင် ကောင်းကင်ဓားမကို ကိုင်ထားသည့် သူ၏ လက်မှာတော့ စိတ်လှုပ်ရှားမှုကြောင့် တဆတ်ဆတ် တုန်ရီနေချေသည်။

ကောင်းကင်နယ်စားမင်းသည် အကျဉ်းထောင်ကိုးထပ်စင်မြင့်မှ ထွက်လာနိုင်ခဲ့ပြီး ကောင်းကင်နှလုံးသားကို သိမြင်နားလည်ခဲ့ချေပြီ။ ခိုင်ဧကရာဇ်လည်း ဘိုးဘေးနန်းတော်ဆီမှ လာနေချေပြီ။ သူ အဘယ်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

All Chapters