နေရောင်နှင့် လရောင်တို့ တောက်ပခြင်း
Vol. 111 Ch. 1460
ကောင်းကင်နတ်အရှင်ရုံ၏ တစ်ကိုယ်လုံး သွေးတို့ စိုရွှဲနေသည်။ သူ၏ခန္ဓာကိုယ်က ရေမျက်နှာပြင်ပေါ် လျှပ်တိုက်သွားသော ကျောက်ခဲတစ်လုံးအလား ကြယ်တာရာကောင်းကင်အား ဝင်တိုက်သွားလေသည်။ သူ့မှာ မြောက်တက်သွားလိုက်၊ ပြန်ကျသွားလိုက် ဖြစ်နေသဖြင့် ကြယ်တာရာကောင်းကင်ထဲတွင် လှိုင်းဂယက်များ ဖြစ်ပေါ်နေတော့သည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားကြောင့် သူ၏အားနည်းချက်ကား ချက်ချင်းပင် ပေါ်လာချေပြီ။
သူ၏ရုပ်ခန္ဓာသည် မူလဝိညာဉ်လောက် မသန်မာပေ။
သူ၏မူလဝိညာဥ်အနေဖြင့် ယိုတုမဟာတာအိုအပေါ် ထိန်းချုပ်၍ တာအို၏ ၂၅ ခုမြောက် ကောင်းကင်ဘုံအဆင့်အထိ ဝင်ရောက်ကာ ယိုတုကောင်းကင်ဘုံ ၂၅ ဘုံအား ဖြန့်ကျက်နိုင်သည်။ ထို့ကြောင့် သူ၏ တာအို၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် တစ်ဆင့်ပြီးတစ်ဆင့် လေးနက်သထက် လေးနက်လာပြီး အားကောင်းသထက် အားကောင်းလာခဲ့သည်။
ထိုမျှသာမက သူသည် တာအိုကျင့်စဉ်စနစ်၏ ပို၍မြင့်မားသောအဆင့်များကို စဉ်ဆက်မပြတ် သိမြင်နားလည်နေသေး၏။ ဤအခိုက်အတန့်တွင် ထိုက်ကျိရှေးဟောင်းနတ်ဘုရားပင်လျှင် သူ့အား မည်သည့်အရာမှ မလုပ်နိုင်ချေ။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားသည် မြေအောက်ဘုံအရှင်သခင် အသွင်ပြောင်းကာ ယိုတုလောကထဲတွင် သွားလာနေလျှင်တောင်မှ သူ့မူလဝိညာဉ်ကို လိုက်မမှီနိုင်သလို၊ ထိခိုက်ဒဏ်ရာရအောင်လည်း မလုပ်နိုင်ချေ။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင် အစရှိသဖြင့် ပုံစံအမျိုးမျိုး အသွင်ပြောင်းနိုင်သော်လည်း ယိုတုတာအိုကိုမူ လိုက်မမှီနိုင်ပေ။
သို့သော် ကောင်းကင်နတ်အရှင်ရုံ၏ ရုပ်ခန္ဓာအားနည်းချက် ပေါ်လွင်လာသည့်အခါ နတ်အရှင်မယန်နှင့် ကောင်းကင်နတ်အရှင်ကုန်းတို့အနေဖြင့် သူ့ကို တိုက်ခိုက်ရန် အခွင့်အရေးရလာတော့သည်။
ကောင်းကင်နတ်အရှင်ရုံမှာ အတိုင်အခိုက်စွမ်းရည် မြင့်မားသော ကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်ပေ။ အတိုက်အခိုက်စွမ်းရည်အပေါ် အမြဲတမ်း အထင်သေးတတ်သည့်အပြင် လူသားခန္ဓာကိုယ်နှင့် တိုက်ခိုက်ရန်အခွင့်အရေးလည်း မရခဲ့ဖူးပေ။
နတ်အရှင်မယန်နှင့် ကောင်းကင်နတ်အရှင်ကုန်းတို့က တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်လာကြသည်။ နတ်အရှင်မယန်က သူမ၏လက်ထဲတွင် ဆံထိုးတစ်လက် ကိုင်ထား၏။ လေတစ်ချက် အဝှေ့နှင့်အတူ ၎င်းသည် ချွန်ထက်သော ဓားတစ်လက်အသွင် ပြောင်းလဲသွားသည်။ ဓားရောင်တို့ ဖြာထွက်လာသည့်အခါ အဆုံးသတ်မြို့ပျက်က ကောင်းကင်နတ်အရှင်ရုံ၏အနောက်တွင် ဖွဲ့တည်လာသည်။ ၎င်းက သူ၏ခန္ဓာကိုယ်ကို ဆွဲဖြဲလိုက်သော်လည်း အသက်ထွက်သွားအောင်တော့ မလုပ်သေးပေ။
သူ၏ခန္ဓာကိုယ်မှာ အတော်လေး ကြီးမားလာ၏။ သူ၏ခြေလက်များနှင့် ဦးခေါင်းက ဆွဲဆန့်ခံထားရပြီး လည်ပင်းမှာလည်း ရှည်ထွက်နေသည်။
ကောင်းကင်နတ်အရှင်ကုန်းက ခုန်လျက် သူမလက်ထဲရှိ ကြာပွတ်ကို ခါလိုက်ရာ ၎င်းသည် လှံတစ်လက်အဖြစ် ပြောင်းလဲ၍ သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ထိုးစိုက်လိုက်ချေပြီ။
ချွင်…
ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောမှ သွန်းလုပ်ထားသော လှံတံသည် ကောင်းကင်နတ်အရှင်ရုံ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ထိုးစိုက်သွား၏။ သွေးများ စီးကျလာပြီး လှံထိပ်မှာ သူ၏ဦးခေါင်းထဲ စိုက်ဝင်နေသည်။
ကောင်းကင်နတ်အရှင်ရုံက အပြင်းအထန် ရုန်းကန်နေသည်။ သို့သော် အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းမှ မရုန်းထွက်နိုင်သောကြောင့် မျက်နှာပျက်သွားသည်။
“မူ၊ ငါ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်…”
သူက မှော်စွမ်းအင်ကို အသုံးပြုလျက် လှံတံကို အတတ်နိုင်ဆုံးခုခံနေသော်လည်း မခုခံနိုင်ပေ။ နဂါးလှံတံက သူ၏ဦးခေါင်းခွံအား ဖြည်းဖြည်းချင်း ထိုးနေချေပြီ။
“တောင်းပန်ပါတယ်… မင်း ပေးတဲ့တာဝန်ကို ပြီးဆုံးအောင် မလုပ်နိုင်ခဲ့ဘူး… မင်းက ငါ့ကို အသက်ရှင်ခွင့်ပေးခဲ့တယ်… ငါ မလုပ်နိုင်တော့ဘူး…”
ဤအခိုက်အတန့်တွင် အံ့မခန်းလိလိ ဓားရောင်တို့က ယင်နှင့် ယန်ကို ကွဲသွားစေသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ဤဓားရောင်ကို ရှောင်တိမ်းရန် ဘယ်ညာရှောင်တိမ်းလိုက်ရ၏။
ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ အလန့်တကြား ဖြစ်သွားကြပြီး ဤဓားကို ချက်ချင်း မှတ်မိသွားကြသည်။ ၎င်းက ခိုင်ဧကရာဇ်ချင်ယဲ့၏ ဓားပင်။
ခိုင်ဧကရာဇ်၏ ဤဓားမှာ သူတို့နှစ်ယောက် မကြာသေးခင်က တွေ့ခဲ့ရသော ခိုင်ဧကရာဇ်ဓားနှင့် မတူညီတော့ပေ။ ကွာခြားချက်က ဓားသိုင်းကွက်များမဟုတ်ဘဲ တာအိုအဆင့် ဖြစ်သည်။
ယခင်က ခိုင်ဧကရာဇ်အား ကောင်းကင်နတ်ဘုံတွင် တွေ့ခဲ့ရစဉ်က သူသည် ထိုက်ကျိစက်၀န်းအား ဓားကွက်တစ်ကွက်တည်းဖြင့် ဖျက်စီးခဲ့၏။ စွမ်းအားကြီးမားခဲ့သော်လည်း သူတို့အပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိခဲ့ပေ။ သို့သော် ခိုင်ဧကရာဇ်သည် ယခုတွင် ဓားကွက်တစ်ကွက်တည်းဖြင့် ယင်နှင့် ယန်ကို ခွဲခြားလိုက်လေရာ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော ခြိမ်းခြောက်မှုကြီးကို သူတို့ ခံစားလာကြရသည်။
သူတို့နှစ်ယောက်သာ ကွဲသွားပါက ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့်ပင် မယှဉ်နိုင်တော့ပေ။ သူတို့နှစ်ယောက် ပူးပေါင်းတိုက်ခိုက်သည့်အခါမှသာ အဆုံးမရှိသော အတိုက်အခိုက်စွမ်းရည်များကို ပိုင်ဆိုင်နိုင်ကြလေသည်။
သူတို့နှင့် တွေ့ဆုံလမ်းခွဲခဲ့သည်မှာ သိပ်မကြာသေးသော်လည်း ခိုင်ဧကရာဇ်သည် သူတို့၏အားနည်းချက်များကို သိမြင်ခဲ့ချေပြီ။ ၎င်းက အလွန်အမင်း အံ့ဩဖွယ်ကောင်းလှသည်။
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး လူစုကွဲသွားသည့်အချိန်တွင် ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်မှာ လွတ်မြောက်သွားသောကြောင့် သူ၏ ခန္ဓာကိုယ်ဆီသို့ ပြေး၀င်နေသည်။
ဓားရောင်က ယင်နှင့်ယန်ကို ခွဲထားကာ ရှေးဟောင်းနတ်ဘုရားနှစ်ပါးအား လူစုကွဲနေစေ၏။ ထို့နောက် ဓားရောင်သည် ကောင်းကင်နတ်အရှင်ကုန်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည်။ ၎င်းမှာ မြန်ဆန်လွန်းသဖြင့် ကောင်းကင်နတ်အရှင်ကုန်းပင်လျှင် အငိုက်မိသွားတော့သည်။
သူမသည် သူမ၏ကျောတွင် ပေါက်ကွဲတော့မည့် ဓားဒဏ်ရာ ရှိနေသကဲ့သို့ နာကျင်လာ၏။ ၎င်းက ကောင်းကင်နတ်ဘုံတွင် ခိုင်ဧကရာဇ် ထားရှိခဲ့သော ဓားဒဏ်ရာပင်။
သို့သော် ခိုင်ဧကရာဇ်၏ ဓားဒဏ်ရာအား နတ်ဘုရားမထိုက်စု ကုသပေးပြီးသား မဟုတ်လော။ အဘယ်ကြောင့် ယခု နာကျင်မှုကို ခံစားနေရပါသနည်း။
“သူ့ဓားက ငါ့တာအိုနှလုံးသားမှာ တံဆိပ်ခတ်နှိပ်ခဲ့တာပဲ… ငါ့တာအိုနှလုံးသားမှာ ဓားဒဏ်ရာ ဖြစ်စေခဲ့တာ” ကောင်းကင်နတ်အရှင်ကုန်းမှာ ချက်ချင်း သဘောပေါက်သွားတော့သည်။
ခိုင်ဧကရာဇ်သည် အလွန်အမင်း စွမ်းအားကြီးသော တာအိုစနစ်သုံးကာ သူမအား ထိခိုက်ဒဏ်ရာရစေခဲ့၏။ ထိုက်စုအနေဖြင့် ထိုသို့ဒဏ်ရာမျိုးကို ကုသပေးနိုင်ခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူမ၏တာအိုနှလုံးသား၌ ဒဏ်ရာဖြစ်ပေါ်နေခဲ့သည်။ အသုံးပြုခဲ့သည်။
ဤဒဏ်ရာမှာ ထိုက်စု မကုသပေးနိုင်သော ဒဏ်ရာမျိုး ဖြစ်လေသည်။
သူမ၏ တာအိုနှလုံးသားဒဏ်ရာအား သူမကိုယ်တိုင်သာ ကုသနိုင်သည်။ သူမ၏ တာအိုနှလုံးသားမှာ ခိုင်မာသော်လည်း ခိုင်ဧကရာဇ်၏ အဆင့်အထိတော့ မရောက်ရှိသေးပေ။
ဤအချိန်တွင် နတ်အရှင်မယန်က နှာခေါင်းရှုံ့၍ ဓားဖြင့် ခုတ်ချလိုက်သည်။ ဓားရောင်က ကောင်းကင်နတ်အရှင်ကုန်း၏ အနောက်တွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်အဖြစ် ပြောင်းလဲသွား၏။ ဝှစ်ခနဲ အသံနှင့်အတူ ခိုင်ဧကရာဇ်၏ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ဓားမှာ အဆုံးသတ်မြို့ပျက်ချောက်နက်ထဲ ၀င်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။
နတ်အရှင်မယန် စိတ်အေးသွားသည့်အချိန်မှာပင် နောက်တစ်ခဏ၌ ဓားရောင်တို့က လှိုင်းဂယက်များအလား ဖြာထွက်လာကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်အား ဖောက်ထွက်သွားကြသည်။ အဆုံးသတ်မြို့ပျက်ချောက်နက်မှာ အက်ကွဲပြိုကျသွား၏။
သူမမှာ ခိုင်ဧကရာဇ်၏ ဓားကို မပိတ်လှောင်နိုင်ခဲ့ပေ။ ထိုအစား ခိုင်ဧကရာဇ်၏ ဓားက အဆုံးသတ်မြို့ပျက်ကောင်းကင်နတ်သိုင်းကိုပင် ဖောက်ထွက်နိုင်သွားခဲ့သည်။
ချောက်နက်ထဲမှ ဓားရောင်သည် ကောင်းကင်နတ်အရှင်ကုန်းအရှေ့သို့ ရောက်လာ၏။
ကောင်းကင်နတ်အရှင်ကုန်းက သူမ၏ နဂါးလှံတံကို ထုတ်ကာ အလျင်အမြန် ဆုတ်ခွာသည်။ နဂါးလှံတံက နဂါးတစ်ကောင်အလား ခွေလိမ်လှည့်ပတ်သွားပြီး ကြာပွတ်အဖြစ် ပြောင်းလဲကာ ဓားရောင်ကို ခုခံလိုက်သည်။
ဓားရောင်မှာ သူမ၏မျက်လုံးအရှေ့ အရပ်လေးမျက်နှာတိုင်းတွင် နေရာယူနေတော့သည်။ ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောမှ သွန်းလုပ်ထားသော ကြာပွတ်ရှည်မှာ ကွင်းတစ်ကွင်းကို ရစ်ပတ်နေသည့် ကွင်းတစ်ကွင်းအလားပင်။ ၎င်းက တချွင်ချွင်မြည်လျက် ရွှင်ပျော်ပျော်ဓားနှင့် ထိပ်တိုက်တွေ့နေ၏။ ဧရာမနတ်တောင်တန်းကြီးများနှင့် နတ်ကျောက်တုံးများမှာ ရွှင်ပျော်ပျော်ဓားကြောင့် ခုတ်ပိုင်းခံနေရသည်။ မကြာမီ သူမ၏ လက်ထဲရှိ ကြာပွတ်မှာ လက်ကိုင်ရိုးသာ ကျန်ရစ်တော့ချေပြီ။
နောက်ဆုံးတော့ ရွှင်ပျော်ပျော်ဓားမှာ စွမ်းအားကုန်ဆုံးသွားသောကြောင့် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ ချွေးတဒီးဒီး ကျနေသည်။ သူမက လက်ထဲရှိ ကြာပွတ်ကို ခါလိုက်သည့်အခါ ခိုင်ဧကရာဇ်ကြောင့် အပိုင်းပိုင်း ခုတ်ပိုင်းခံခဲ့ရသည့် ဘိုးဘေးနန်းတော်၏ နဂါးသွေးကြောအပိုင်းအစများက ပျံသန်းလာသည်။ ဧရာမတောင်တန်းကြီးများက သူမ၏လက်ထဲတွင် အလျင်အမြန် ဖွဲ့တည်လာပြီး အပျက်အစီးမရှိသော နတ်ကြာပွတ်တစ်လက်အသွင် ပြန်လည်ဖြစ်ပေါ်လာ၏။
ကောင်းကင်နတ်အရှင်ကုန်း၏ နှလုံးသားထဲတွင် အကြောက်တရားတို့ ရစ်ဝဲနေဆဲပင်။ ခိုင်ဧကရာဇ်၏ဓားသည် ထိုက်ကျိရှေးဟောင်းနတ်ဘုရား၊ နတ်အရှင်မယန်၊ သူမနှင့် ကောင်းကင်နတ်အရှင်လေးပါးတို့၏ ကောင်းကင်နတ်သိုင်းများကို ချိုးဖောက်နိုင်ခဲ့၏။ ထို့နောက်မှသာ စွမ်းအား ကုန်ဆုံးသွားခဲ့သောကြောင့် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
သူမက လှည့်ကြည့်လိုက်ရာ ခိုင်ဧကရာဇ် လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ လူစုကွဲနေသော်လည်း ယင်နှင့်ယန်က တစ်ခုကို တစ်ခု လှပစွာ ဆွဲငင်နေကြသည်။ ယင်နှင့်ယန်သည် ထိုက်ကျိစက်၀န်းထဲတွင် အချင်းချင်း လှည့်ပတ်နေကြသော ငါးနှစ်ကောင်အလားပင်။ ခိုင်ဧကရာဇ်ကတော့ ထိုက်ကျိစက်၀န်း အလယ်ဗဟိုတွင် နေရာယူထားသည်။
ဤသည်ကလည်း အလွန်တရာ အံ့ဩငေးမောဖွယ်ကောင်းသော အချက်တစ်ချက် ဖြစ်သည်။
ခိုင်ဧကရာဇ်မှာ ရှေးဟောင်းနတ်ဘုရားနှစ်ပါးကို လူစုခွဲခဲ့သည့်တိုင် သူတို့၏ ဝင်္ကပါထဲသို့ ကျရောက်ခဲ့သေး၏။ သူတို့နှစ်ယောက်၏ ပြိုင်ဘက်ကင်းတိုက်ကွက်က ခိုင်ဧကရာဇ်ကို စောင့်ကြိုနေချေသည်။
ခိုင်ဧကရာဇ်ကား ဖွဲ့တည်နေသော ထိုက်ကျိစက်၀န်း အလယ်ဗဟိုတွင် လမ်းလျှောက်နေသည်။ ရင်ဆိုင်ရတော့မည့် တိုက်ကွက်ကို လုံးဝ သတိမထားမိသည့်အလား အေးအေးလူလူ လျှောက်နေဆဲ ဖြစ်သည်။
ခိုင်ဧကရာဇ် လက်မြှောက်လိုက်သည့်အခါ ရွှင်ပျော်ပျော်ဓားက သူ့ဆီသို့ ပျံသန်းရောက်ရှိလာသည်။ သူ့ညာလက်က ဓားရိုးကို ပြောင်းပြန်ကိုင်လိုက်ပြီး ဘယ်လက်ကတော့ ခါးရှိ ဓားအိမ်ကို မြှောက်တင်လိုက်သည်။
ဒင်..
စည်းချက်သံတစ်ချက် ထွက်ပေါ်လာပြီး ရွှင်ပျော်ပျော်ဓားကား သူ့အရှေ့တွင် ဓားအိမ်ထဲသို့ ဝင်ရောက်သွားလေ၏။ ဓားသံက ကြည်လင်ပြတ်သားနေပြီး သာယာနာပျော်ဖွယ်ကောင်းကာ ဓားတာအို၏ တာအိုစည်းချက်တို့လည်း ကိန်းဝပ်နေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ကုန်းက လှမ်းကြည့်လာသည်။ ဓားသံကို ကြားလျှင် သူမ၏မျက်နှာကား အကြီးအကျယ် ပျက်သွားတော့သည်။
ရွှပ် ရွှပ် ရွှပ်
သူမ၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီး ထောင်ချီသော ဓားဒဏ်ရာတို့သည် သူမ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ကုန်ကြ၏။ သွေးများက အရပ်လေးမျက်နှာသို့ ပန်းထွက်သွားကြတော့သည်။
ကောင်းကင်နတ်အရှင်ကုန်းမှာ ဗလုံးဗထွေး ညည်းတွားလျက် အော်ဟစ်လိုက်သည်။ ကောင်းကင်နန်းဆောင်များက ထွန်းလင်းတောက်ပလာကြပြီး ကောင်းကင်နတ်ဘုံတို့မှ ဦးချိုခရာသံက ရှည်လျားမြည်ဟီးလျက် ဓားတာအိုသံကို ခုခံနေသည်။
ခိုင်ဧကရာဇ်က မျက်ခုံးပင့်၍ ဓားထုတ်လိုက်သည်။ ထို့နောက် ဓားကို သုံးလက်မခန့် မြှောက်၍ ရပ်တန့်လိုက်သည်။ ဓားသံက ဟိန်းထွက်သွားပြီး ဓားသံနှစ်ချက် ဝင်တိုက်သွား၏။
ကောင်းကင်နတ်အရှင်ကုန်း၏ ကောင်းကင်နတ်ဘုံမှာ အက်ကွဲလာသည်။ မရေမတွက်နိုင်သော ဓားချီတို့က သူမ၏ကောင်းကင်နန်းဆောင်များကို ဖုံးလွှမ်းတိုက်ခိုက်နေကြသည့်အလားပင်။
ကောင်းကင်နတ်အရှင်ကုန်းမှာ သွေးအန်လျက်ဖြင့် မြေပေါ် ဒူးထောက်ကျသွားလေပြီ။
နတ်အရှင်မယန်မှာ အံ့အားသင့်သွားသဖြင့် တုံ့ဆိုင်းနေသည်။ ခိုင်ဧကရာဇ်၏ ဓားသံများက သူမ၏နားထဲသို့ ဝင်ရောက်မလာခဲ့ချေ။ ၎င်းက ပုံမှန်တာအိုသံများ ဖြစ်သော်လည်း ကောင်းကင်နတ်အရှင်ကုန်းကိုမူ ဒဏ်ရာအပြင်းအထန် ရနေစေသည်။ အလွန်တရာ ထူးဆန်းလှသည်။
ကောင်းကင်နတ်အရှင်ကုန်း၏ တာအိုနှလုံးသားဒဏ်ရာက ဤမျှပြင်းထန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
သို့သော် သူမအနေဖြင့် အကြောင်းအရင်းကို စဉ်းစားနေရန် အချိန်မရှိ။ ကောင်းကင်နတ်အရှင်ရုံ၏ မူလဝိညာဉ်က ရောက်လာချေပြီ။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းနတ်ဘုရားနှစ်ပါး၏ ထိုက်ကျိစက်၀န်းက ပြီးမြောက်ပြည့်စုံသွားပြီဖြစ်သည်။ ထိုက်ကျိစက်၀န်း လှည့်ပတ်နေစဉ် ဓားရောင်တို့က တောက်ပလာပြန်သည်။ ဓားတာအို ခုတ်ချလိုက်သည့်အချိန်တွင် ရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ယင်နှင့် ယန် အခွဲခံလိုက်ရကြောင်း ချက်ချင်း ခံစားလိုက်ရသည်။ သူတို့နှစ်ယောက်အကြားရှိ ဆက်နွယ်မှုမှာ ခိုင်ဧကရာဇ်၏ ဓားကြောင့် ပြတ်တောက်သွား၏။
“ဒီပုဂ္ဂိုလ်က မနက်ခင်းနေရောင်ခြည်လို တောက်ပနေတာပဲ… သူ့ဓားကလည်း လရောင်လို တောက်ပနေတယ်”
ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ထိုက်ကျိစက်၀န်းထဲရှိ ခိုင်ဧကရာဇ်ဆီသို့ ကြည့်ကာ ပြိုင်တူရေရွတ်လိုက်ကြသည်။ “ခိုင်ဧကရာဇ်ချင်ယဲ့၊ ငါတို့ မင်းကို မတွေ့ခဲ့ရတာ ရက်အနည်းငယ်ပဲရှိ သေးတယ် မင်းက တာအိုရဖို့ ခြေတစ်လှမ်းနီးသွားပြန်ပြီ… ဂုဏ်ယူပါတယ် ငါတို့ အားကျမိတယ်”
ရုတ်တရက် ရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် အော်ဟစ်လိုက်ကြပြီး ထိုက်ကျိသဲခုအား ဖန်ဆင်းလိုက်သည်။ သဲခုံမှာ ကောင်းကင်တလျှောက် ပျံ့နှံ့သွားပြီး ကြီးမားကျယ်ပြန့်သော သဲကန္တာရတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ခိုင်ဧကရာဇ်၏ ဓားနှစ်လက်ကား သူတို့အား အစစ်အမှန်ရတနာကို အသုံးပြုရသည့်တိုင်အောင် ဖိအားပေးနိုင်ခဲ့လေသည်။
သူတို့သည် မွေးဖွားလာသည့်အချိန်မှစ၍ ပထမဦးဆုံးသော တိုက်ပွဲတွင် နတ်အရှင်ချန်းနှင့် ရှစ်ချီလော်အပေါ် အနိုင်ယူနိုင်ခဲ့သည်။ ထိုအချိန်တုန်းက အစစ်အမှန်ရတနာများကိုပင် အသုံးမပြုခဲ့ကြပေ။
ယခုတွင် ခိုင်ဧကရာဇ်၏ ဓားနှစ်လက်က သူတို့ကို ဖိအားများစွာ ခံစားနေရစေသည်။ အစစ်အမှန်ရတနာများကို အသုံးပြုမှသာလျှင် အနိုင်ယူနိုင်မည့် အခွင့်အရေး ရှိမည့်သယောင်ပင်။
ခိုင်ဧကရာဇ်က ရှေ့သို့တက်လာသည်။ လေနှင့် သဲတို့က ကောင်းကင်တွင် အပြည့်နေရာယူလျက် မရေမတွက်နိုင်သော သဲမုန်တိုင်းများသည် သူ့အား တိုက်ခိုက်နေကြ၏။ ထိုမုန်တိုင်းများမှာ ခိုင်ဧကရာဇ်နှင့် ထိတွေ့သည့်အခါ သူ့အား ဖြတ်တိုက်သွားကြသည့် မရေမတွက်နိုင်သော ဂြိုဟ်များအသွင် ပြောင်းသွားကြသည်။ တချို့ဂြိုဟ်ဆိုလျှင် သူ့ကို တိုက်ရိုက်ပင် ဝင်တိုက်ကုန်ကြလေသည်။
သို့သော် ထိုဂြိုဟ်များမှာ ခိုင်ဧကရာဇ်ကို ၀င်မတိုက်နိုင်ခင် မမြင်ရနိုင်သော ဓားချီနှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ နှစ်ခြမ်းကွဲ၍ သူ့အား ဖြတ်သွားကြသည်။
“တာအိုမိတ်ဆွေ”
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက နဂါးငွေ့တန်းအလယ်တွင် နေရာယူလိုက်ကြပြီး အဆုံးမသတ်နိုင်သော ကြယ်တာရာကောင်းကင်ကို ဖြတ်လျက် ခိုင်ဧကရာဇ်ဆီသို့ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ “အရင်တုန်းက မင်းဟာ တာအိုကို အောင်မြင်မယ့် ပုဂ္ဂိုလ်တစ်ယောက်မှန်း မြင်ခဲ့ရလို့ မင်းကို အခက်မတွေ့ရအောင် ငါတို့လုပ်ခဲ့တယ်… အခု ငါတို့ပြန်တွေ့ပြီဆိုတော့ ငါတို့အခက်တွေ့အောင် မလုပ်ဖို့ မျှော်လင့်မိပါတယ် တာအိုမိတ်ဆွေ”
ခိုင်ဧကရာဇ်က သူ၏ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားနှစ်ပါးအား ပြန်လည်အရိုအသေပေးလိုက်သည်။ သူ့အရှေ့ရှိ မရေမတွက်နိုင်သော နဂါးငွေ့တန်းများစွာသည် နှစ်ခြမ်းကွဲသွားကြပြီး မမြင်ရနိုင်သော အားတစ်ရပ်ဖြင့် ဘေးသို့ တွန်းပို့ခြင်း ခံလိုက်ရ၏။
“ကျုပ်၊ ချင်က တာအိုမိတ်ဆွေနှစ်ယောက်ရဲ့ လေးစားမှုကို စိတ်ထဲမှာ ရှိပါတယ်… တာအိုမိတ်ဆွေနှစ်ယောက်ကို တစ်နေ့မှာ ပြန်ပြီးတော့ ဧည့်၀တ်ပြုပါ့မယ်”
ခိုင်ငကရာဇ်က တည်ငြိမ်အေးဆေးသော လေသံဖြင့် ဆက်ပြောသည်။ “ဒီနေ့တော့ တစ်စုံတစ်ယောက်ကို ကယ်ဖို့ ကျုပ် ရောက်လာခဲ့တာ… ခင်ဗျားတို့နှစ်ယောက် ကျုပ်ကို နောက်တစ်ကြိမ်လောက်ပဲ လေးစားမှုပြုဖို့ လိုတာပါ… ခင်ဗျားတို့နှစ်ယောက်အပေါ် ကျုပ် မလေးစားနိုင်စရာ အကြောင်း မရှိပါဘူး”
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါး တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည့်အချိန် နတ်အရှင်မယန်က ၀င်ပြော၏။ “ကျွန်မတို့ သူ့ကို တစ်ခါ လွှတ်ပေးခဲ့ပြီးပြီ… ပထမတစ်ကြိမ်က သူ့တာအိုကို လေးစားလို့ပဲ… သူ့တာအိုအဆင့်က မြင့်မားလွန်းတာကြောင့် ကျွန်မတို့အတွက် စီနီယာအစ်ကိုကြီးလို့ သတ်မှတ်လို့ရတယ်… ဒုတိယတစ်ကြိမ်ကိုတော့ သည်းခံနေစရာ မလိုပါဘူး”
ရှေးဟောင်းနတ်ဘုရားယန်က ခေါင်းညိတ်ကာ ထောက်ခံသည်။ “အမှန်ပဲ… ဒီတစ်ကြိမ်မှာ သည်းခံနေစရာ အကြောင်းအရင်း မရှိဘူး… တာအိုမိတ်ဆွေ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ… ငါတို့မောင်နှမအနေနဲ့ မင်းကို တိုက်ခိုက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိဘူး”
ခိုင်ဧကရာဇ်က မေးသည်။ ‘“ခင်ဗျားတို့နှစ်ယောက် ကောင်းကင်နတ်အရှင်ကုန်းရဲ့ ဒဏ်ရာကို တွေ့ပြီးသွားပြီလား.. အဲဒီဒဏ်ရာက တာအိုဒဏ်ရာပဲ… ခင်ဗျားတို့နှစ်ယောက် ကျုပ်ဓားကြောင့် ဒဏ်ရာရသွားရင် သူ့လို ဖြစ်သွားလိမ့်မယ်”
ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ၏။ “ငါတို့ ဒီလောကကို ဝင်ရောက်လာခဲ့တာ တာအိုနှလုံးသားကို တည်ဆောက်ပြီး သေမျိုးလောကကနေတစ်ဆင့် တာအိုလမ်းစဉ် ဝင်ရောက်နိုင်ဖို့ပဲ… တာအိုမိတ်ဆွေကြောင့် ငါတို့ဒဏ်ရာရသွားခဲ့ရင် ငါတို့အတွက် အခွင့်အလမ်းကောင်း ဖြစ်လာလိမ့်မယ်”
ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုက်ကျိသဲခုံ၏ စွမ်းအားမှာ ပိုမိုပြင်းထန်လာနေသည်။ ဤတိုက်ပွဲသည် သူ တာအိုအဆင့် ၀င်ရောက်ခဲ့ချိန်မှစ၍ တိုက်ခိုက်ခဲ့သမျှ တိုက်ပွဲအားလုံးတွင် ထိတ်လန့်တုန်လှုပ်ဖွယ်အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ရုံ၏ နဖူး၌ အပေါက်ကြီး ပေါက်နေ၏။ သူက ဒယိမ်းဒယိုင် ထရပ်လိုက်ပြီး သူ၏စိတ်ထဲတွင် ငေးကြောင်နေသည်။ သူ့မျက်နှာပေါ်ရှိ တစ္ဆေမျက်နှာဖုံးမှာလည်း ကောင်းကင်နတ်အရှင်ကုန်း၏ လှံကြောင့် ကွဲကြေသွားခဲ့ချေပြီ။
သူ၏မျက်နှာတွင်လည်း သွေးတို့ဖြင့် ပေကျံနေသည်။ သူက မျက်နှာဖုံးကို အလောတကြီး ကောက်ယူကာ မျက်နှာတွင် တပ်လိုက်သော်လည်း မျက်နှာဖုံးကား ပြန်မဆက်နိုင်တော့ချေ။
သူ၏မျက်နှာမှ မျက်ရည်များ စီးကျလာနေပြီး သွေးတို့ဖြင့် ရောလျက် ကြယ်တာရာကောင်းကင်ထဲသို့ တပေါက်ပေါက် ကျနေတော့သည်။
“ဂုဏ်သရေရှိတဲ့ ကောင်းကင်နတ်အရှင်ရုံက မျက်ရည်ကျတဲ့အထိ အရိုက်ခံလိုက်ရတာပဲ”
နတ်အရှင်မယန်က ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်တစ်ပါးဖြစ်ဖို့ အရိုအသေမဲ့လွန်းတယ်”
“ရန်သူကို မထင်မသေးနဲ့”
ကောင်းကင်နတ်အရှင်ကုန်းက အံကြိတ်၍ ဒဏ်ရာများကို ဖိနှိပ်နေသည်။ သူမက ထရပ်လိုက်ပြီး အက်ကွဲနေသော လေသံဖြင့် ပြော၏။ “ပုံရိပ်ယောင်ထဲမှာ အဲဒီမျက်နှာဖုံးကို မြင်ခဲ့ရတယ်… သူ့အမေ သူ့အတွက် ချန်ထားခဲ့တဲ့ တစ်ခုတည်းသောအရာပဲ”
နတ်အရှင်မယန်မှာ ကြက်သီးမွေးညှင်းများ ထသွားတော့သည်။