ကောင်းကင်နယ်စားမင်း၏ သေဆုံးမှု (၁)
Vol. 111 Ch. 1461
“ကောင်းကင်နတ်အရှင်ရုံက နဂါးဟန်ခေတ်အစောပိုင်းမှာတုန်းက ပြဿနာရှာတတ်တဲ့ ကောင်လေးတစ်ယောက်လိုပဲ … တခြားသူတွေနဲ့ မတူခဲ့ဘူး… ဘယ်သူ့ကိုမှ ဂရုမစိုက်သလို ဘာကိုမှလည်း အာရုံမစိုက်ခဲ့ဘူး… သူ့အမေကို ပြန်တွေ့ဖို့တစ်ခုတည်းကပဲ သူ့ကို တွန်းအားပေးနိုင်ခဲ့တာ… သူ့အမေကို တွေ့ဖို့အတွက်လေးနဲ့ သေခြင်းရှင်ခြင်းကောင်းကင်ရတနာကို ဖန်တီးခဲ့တာပဲ..”
နတ်အရှင်မယန်က သူမ၏ကောင်းကင်နန်းဆောင်ကို ထုတ်ဖော်ကာ ကောင်းကင်နတ်ဘုံအား ဖွဲ့တည်လိုက်သည်။ သူမသည် ရုပ်ခန္ဓာစုတ်ပြတ်နေသော်လည်း အရှိန်အဝါက အားကောင်းသထက် အားကောင်းလာနေသည့် ကောင်းကင်နတ်အရှင်ရုံဆီသို့ ရင်တုန်စွာ လှမ်းကြည့်ရင်း တွေးနေမိ၏။ “သူ့ကို ဆွဲထားတဲ့ တစ်ခုတည်းသောအရာက သူ့အမေပဲ… သူက ယိုတုမှာ သူ့အမေရဲ့ ဝိညာဉ်နဲ့အတူ နှစ်သန်းပေါင်းများစွာ ဇာတ်မြုပ်နေထိုင်နေခဲ့တာ…. သေမျိုးလောကဆီ တက်လာပြီး တစ်ခါမှ ပြဿနာမရှာခဲ့ဘူး… ကောင်းကင်နတ်ဘုံမှာ အာဏာရဖို့ ရုန်းကန်ခဲ့ရတာလည်း မရှိဘူး… ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ စွမ်းအားထဲလည်း ဝင်ပါပက်သက်မှုမရှိဘူး… သူ့မှာ ဒီလိုမျိုးပက်သက်မှုမရှိရင်…”
သူမသည် ကြက်သီးမွေးညှင်းများ ထလာမိ၏။ ဒဏ်ရာရထားသော ကောင်းကင်နတ်အရှင်ကုန်းကို တစ်ချက်ကြည့်ကာ တွေးလိုက်သည်။ ‘လိုအပ်လာရင် ငါ့တာအိုမိတ်ဆွေကို စတေးရလိမ့်မယ်… မျက်နှာဖုံးကို ဖျက်ဆီးပစ်ခဲ့တာ ကောင်းကင်နတ်အရှင်ကုန်းလေ… ငါမှ မဟုတ်တာ’
သေမလား၊ မသာပေါ်မလား
နတ်အရှင်မယန်အတွက် ရွေးချယ်စရာ ရှိသော မေးခွန်းမဟုတ်ခဲ့ပေ။
မှန်ပါသည်။ ကောင်းကင်နတ်အရှင်ကုန်း၏ စိတ်ထဲတွင်လည်း ရွေးချယ်စရာရှိသော မေးခွန်းမဟုတ်ချေ။
သူမ ထိုသို့တွေးနေစဉ် ကောင်းကင်နတ်အရှင်ရုံက ရုတ်တရက် ခေါင်းမော့လာသည်။ သူ့အနောက်ရှိ မူလဝိညာဉ်အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး ယိုတုသာ ပိုင်ဆိုင်ထားသည့် အမှောင်အငွေ့အသက်တို့အား ထုတ်လွတ်လာသည်။ ယိုတုလောက တစ်လွှာပြီးတစ်လွှာက ဖြန့်ကျက်ထွက်ပေါ်လာလျက် ရွှမ်တုအပေါ် ဖုံးလွှမ်းသွားတော့၏။
သူ၏ခြေထောက်အောက်တွင် ယိုတုလောကများသည် တစ်ခုနှင့်တစ်ခုထပ်၍ ဧရာမယိုတုနယ်ပယ်ကြီးတစ်ခုကို ဖွဲ့တည်လိုက်သည်။
ယိုတုနယ်ပယ်သည် အစစ်အမှန်ယိုတုနှင့် ဆက်နွယ်စပြုလာ၏။
ဤမြင်ကွင်းမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ယိုတုနယ်ပယ်က အစစ်အမှန်ယိုတုနှင့် ဆက်သွယ်နေသည့်အပြင် ဧရာမနွားဦးချိုကြီးနှစ်ခု ယိုတုမှ မြင့်တက်လာသည်ကို တွေ့လိုက်ရသဖြင့် နတ်အရှင်မယန်နှင့် ကောင်းကင်နတ်အရှင်ကုန်းတို့မှာ အံ့အားမှင်သက်သွားကြတော့သည်။
ဦးချိုနှစ်ခုသည် အလွန်တရာ ထူထဲကြီးမားလှသည်။ မရေမတွက်နိုင်သော ကမ္ဘာလောကများ၏ မြေအောက်မှ ချော်ရည်ကျောက်သားတို့ဖြင့် ဖွဲ့တည်ထားသော မြစ်တစ်စင်းလည်း စီးဆင်းနေ၏။ မြစ်တွင် မီးတောက်မီးလျှံတို့ ဟုန်းဟုန်းတောက်နေကာ ဦးချိုများပတ်လည်တွင် တရဟော စီးဖြာနေလေသည်။
ချော်ရည်မြစ်၏ စီးဆင်းမှုက နှေးကွေးမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် ကောင်းကင်မှ စီးကျလာနေသော ရေတံခွန်တစ်စင်းအလား တဝုန်းဝုန်း ပြင်းထန်နေ၏။
“ကောင်းကင်နတ်အရှင်ရုံက သူ့အရှင်သခင်ကို ခေါ်လိုက်ပြီ… အရှက်မရှိလိုက်တာ.. ကောင်းကင်တာအိုက ဘာလုပ်နေတာလဲ… ယိုတု ကျူးကျော်လာတာကို ခွင့်ပြုပေးထားတာလား… ငကြောက်ပဲ” နတ်အရှင်မယန်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိသည်။
ဤတိုက်ပွဲကို တိုက်ခိုက်နိုင်မည့် နည်းလမ်း မရှိတော့ပေ။
ဤသည်က သက်တမ်းအရှည်ကြီး ကမ္ဘာလောကနှစ်ခုအကြား ကျူးကျော်မှုဖြစ်ပြီး ကောင်းကင်နတ်အရှင်ရုံကား ၎င်းကျူးကျော်မှု၏ တံတားတစ်စင်းဖြစ်သည်။
ကောင်းကင်တာအိုနှင့် ယိုတုမဟာတာအိုတို့သည် တစ်ခုကို တစ်ခု ဆန့်ကျင်ကြ၏။ တစ်ခုနှင့်တစ်ခု ဖိနှိပ်လျက် ဖျက်ဆီးကြသည်။ ကမ္ဘာလောကနှစ်ခုအနေဖြင့် ဘယ်တော့မှ တွေ့ဆုံနိုင်မည်မဟုတ်ပေ။
ကောင်းကင်နတ်အရှင်ရုံသည် ကောင်းကင်ကို ဆန့်ကျင်နေသည့် ကောင်းကင်နတ်သိုင်းတစ်ခုကို အသုံးပြုလျှင်တောင်မှ ကမ္ဘာလောကနှစ်ခုကား ဘယ်တော့မှ တွေ့ဆုံလိမ့်မည် မဟုတ်ချေ။
သို့သော် ဤသို့မဖြစ်နိုင်သော အရာတစ်ခုသည် ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ကျူးကျော်လာခြင်းကြောင့် ဖြစ်ပွားလာခဲ့လေပြီ။
သာမန်အခြေအနေများတွင် ကောင်းကင်တာအိုက ယိုတုမဟာတာအို၏ ကျူးကျော်လာမှုကို သေချာပေါက် ခုခံပေလိမ့်မည်။ ကောင်းကင်နတ်အရှင်ရုံ ယိုတုနယ်ပယ်ကို ဖော်ဆောင်ထားလျှင်ပင် ကောင်းကင်တာအို၏ ဖျက်စီးခြင်းခံရမည်သာ။ ဤနယ်ပယ်အား လုံးဝထုတ်ဖော်နိုင်လိမ့်မည်မဟုတ်ပေ။
ထိုမျှသာမက ကောင်းကင်နတ်အရှင်ရုံကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် ရွှမ်တု၌ ခြေချနိုင်မည်မဟုတ်ချေ။ ရွှမ်တုကောင်းကင်တာအိုက သူ့ကို ကျူးကျော်လာသူတစ်ဦးအဖြစ် သတ်မှတ်ကာ လျင်မြန်စွာ ရှင်းလင်းသတ်ဖြတ်ပေးလိမ့်မည်။
ယခုတွင် ရွှမ်တု၏ ကောင်းကင်တာအိုမှာ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ထဲတွင် စုဝေးနေပြီး ကောင်းကင်နယ်စားမင်းအား အတတ်နိုင်ဆုံး ကာကွယ်ပေးနေရသည် မဟုတ်လော။ ယိုတု၏ ကျူးကျော်လာမှုကို ခုခံမည့် ကောင်းကင်တာအို မရှိချေ။
ထိုအချက်အားလုံးကြောင့် ကောင်းကင်တာအိုအနေဖြင့် ကောင်းကင်နတ်အရှင်ရုံ၏ စွမ်းအားအပေါ် မဖိနှိပ်နိုင်တော့ပေ။ ယိုတုနှင့် ယိုတုမဟာတာအို၏ ကျူးကျော်လာခြင်းကိုလည်း မခုခံနိုင်တော့။
ဤသည်မှာ စကြ၀ဠာကြီး ဖြစ်တည်လာပြီး ရွှမ်တု ပေါ်ပေါက်ခဲ့သည့်အချိန်မှစ၍ တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသော မြင်ကွင်းတစ်ခုပင်၊ သို့သော် ယခုတွင်တော့ ဖြစ်ပျက်နေလေပြီ။ ၎င်းက အားလုံးကို အံ့ဩမှင်သက်သွားစေသည်။
မြေအောက်ဘုံအရှင်သခင်၏ ဦးချိုနှစ်ခု ရွှမ်တုကောင်းကင်အား ဖောက်ထွက်လာသည့်အချိန်တွင် သေမျိုးလောက၊ ဘိုးဘေးနန်းတော်၊ ၀င်ရိုးစွန်းလေးခုနှင့် စကြ၀ဠာရှိ အခြားကမ္ဘာလောကပေါင်းများစွာမှာ ကောင်းကင်သို့ မော့ကြည့်လိုက်သည်နှင့် အသက်ရှူမှားဖွယ်မြင်ကွင်းကြီးအား မြင်တွေ့နေကြရသည်။
ဦးချိုနှစ်ခုက ကောင်းကင်ကို ရဲရဲနီနေစေသည့် ချော်ရည်မြစ်နှစ်စင်းပမာ ရောယှက်နေ၏။
ဤမြင်ကွင်းက အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည်။
ပြောရလျှင် ကောင်းကင်နတ်ဘုံ ရွှမ်တုအား တိုက်ခိုက်သည့်အချိန်ကတည်းက စကြ၀ဠာရှိ ကမ္ဘာလောကအားလုံး၏ ကေင်းကင်ဖြစ်စဉ်များမှာ ဖရိုဖရဲဖြစ်နေခဲ့ကြသည်။ ကြယ်တာရာများက ကြုံရာကျပန်း ရွေ့လျားနေကြပြီး ကြယ်အစုအဝေးများကလည်း ရှိသင့်သည် နေရာများတွင် မရှိကြတော့ပေ။ နေနှင့် လကို တွေ့နိုင်ရန် ခက်ခဲသွားကာ နေ့ညများ ကမောက်ကမ ဖြစ်ကုန်ကြသည်။ နေများစွာ တစ်ပြိုင်နက်တည်း ပေါ်လာသလို လဆယ်စင်းက နေတစ်စင်းကို လှည့်ပတ်နေသည့် ကြောက်မက်ဖွယ် အချိန်အခါများလည်း ရှိ၏။
ကမ္ဘာလောကတစ်သောင်းရှိ သတ္တဝါတို့သည် ဤသို့ထူးဆန်းသော အပြောင်းအလဲများနှင့် နေသားမကျသေးပေ။ မြေအောက်ဘုံအရှင်သခင်၏ ဦးချိုပေါ်လာခြင်းက ကလေးငယ်များကို အငိုတိတ်သွားစေပြီး နတ်ဘုရားမိစ္ဆာများကိုပင် ကြောက်ဒူးတုန်လာစေသည်။ ကမ္ဘာလောကတစ်သောင်း၏ အဆုံးသတ်က ရောက်ရှိလာသကဲ့သို့ အားလုံးမှာ ထိတ်လန့်ခြောက်ခြားလာကြသည်။
နတ်အရှင်မယန်နှင့် ကောင်းကင်နတ်အရှင်ကုန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဤအခိုက်အတန့်တွင် ကောင်းကင်နယ်စားမင်းကို သတ်နိုင်၊ မသတ်နိုင်က အရေးမကြီးတော့ပေ။ သူတို့ အသက်ရှင်ကျန်၊ မကျန်ကသာ အရေးကြီးတော့၏။
သို့သော် သူတို့ကို ကြောက်ရွံ့နေစေသည့်အရာမှာ ကောင်းကင်နတ်အရှင်ရုံ၏ ယိုတုနယ်ပယ်ထဲ ကျရောက်နေပြီး ပြန်မထွက်နိုင်သည့်အချက်ပင်။
“မြေအောက်ဘုံအရှင်သခင် ရောက်မလာခင် ကောင်းကင်နယ်စားမင်းကို သတ်ရမယ်”
နတ်အရှင်မယန်က ခက်ထန်စွာ အော်ဟစ်လျက် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ဖြင့် ကောင်းကင်ကို နှစ်ခြမ်းခွဲလိုက်သည်။
အခြားတစ်ဖက်တွင် ကောင်းကင်နတ်အရှင်ဟုန်၊ နတ်အရှင်မချန်းနှင့် ရှစ်ချီလော်တို့လည်း အံ့အားသင့်နေကြ၏။ ကောင်းကင်နယ်စားမင်း သူ၏ခန္ဓာကိုယ်ကို ကိုယ်တိုင်ထိန်းချုပ်နေခြင်းက ကောင်းကင်တာအို၏ အသိစိတ်အလျဉ် ထိန်းချုပ်နေခြင်းနှင့် မတူပေ။ ၎င်းက ပို၍မြန်ဆန်ပြီး လိုက်လျောညီထွေစွာ ပြောင်းလဲနိုင်စွမ်း ရှိ၏။
ကောင်းကင်နယ်စားမင်းသည် ယခင်က စွမ်းအားကြီးမားသော်လည်း ရှေးဥပဒေများကို လိုက်နာနေရသည်ဟု အားလုံး ခံစားခဲ့ရသည်။ သူသည် စက်ယန္တရားတစ်ခုကဲ့သို့ တိုက်ခိုက်တတ်ကာ မည်သို့ပြောင်းလဲရမည်မှန်း မသိခဲ့ပေ။ ယခုတွင်တော့ သူ၏တိုက်ကွက်များနှင့် ကောင်းကင်နတ်သိုင်းများမှာ ပြောင်းလဲနိုင်စွမ်း ရှိလာချေပြီ။ ကောင်းကင်တာအိုကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်နေသေးသော်လည်း ယခင်ကထက် များစွာသာလွန်နေချေသည်။
ကောင်းကင်နတ်အရှင်သုံးပါး၏ အပေါ်သို့ သက်ရောက်နေသည့်ဖိအားမှာ ရုတ်တရက် ကြီးမားလာသည်။ ယခင်ကောင်းကင်နယ်စားမင်းနှင့် တိုက်ခိုက်ခဲ့သည့်အချိန်တုန်းက ဒဏ်ရာမရခဲ့သော်လည်း ယခုတွင်တော့ ဒဏ်ရာရနေချေပြီ။
ကောင်းကင်နတ်အရှင်ဟုန်မှာ အခြားကောင်းကင်နတ်အရှင်များထက်ပို၍ အံ့အားသင့်နေ၏။
ကောင်းကင်နယ်စားမယ့်အကြောင်း သူ့ထက်ပိုသိသောသူ ဤလောကတွင် မရှိပေ။ သူသည် ကောင်းကင်နယ်စားမင်း၏ အားသာချက်များနှင့် အားနည်းချက်များကို ထုံးလိုမွှေ ရေလိုနှောက် စေ့စေ့ပေါက်ပေါက် သိ၏။ ကောင်းကင်နယ်စားမင်းနှင့် တစ်ယောက်တည်းဖြစ်သည့်အလျောက် ဆက်နွှယ်မှုလည်း ရှိနေသည် မဟုတ်လော။
သူတို့သည် ပန်းတိုင်တစ်ခုတည်းအတွက် တိုက်ခိုက်ခဲ့ကြ၏။ ပန်းတိုင်က ကောင်းကင်တာအို၏ အချုပ်အနှောင်များမှ လွတ်မြောက်နိုင်ရန်ပင်။
ယခုတွင် သူ့မှာ ကောင်းကင်နယ်စားမင်းနှင့် ဆက်နွယ်နေသည်ဟု မခံစားရတော့ပေ။ သူတို့တွင် တူညီသော စိတ်သဘောထား မရှိတော့ချေ။ အကာအရံတစ်ခုက သူတို့နှစ်ယောက်ကြားတွင် ရှိနေသကဲ့သို့ ကောင်းကင်နယ်စားမင်း၏ အတွေးများအား မသိရှိနိုင်တော့ပေ။
သူနှင့် ကောင်းကင်နယ်စားမင်းတို့တွင် တစ်ယောက်က နတ်ဝိညာဉ်၏ လူဝင်စားဖြစ်သည်။ သူသည် လွတ်လပ်၍ စွမ်းအားအပေါ် ထိန်းချုပ်နိုင်ကာ ဘဝတွင် ပျော်ရွှင်၏။ ကျန်တစ်ယောက်ကတော့ အစစ်အမှန် ခန္ဓာကိုယ်ထိန်းချုပ်သော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်နှစ်ခု ဖြစ်သည်။ ၎င်းတို့မှာ ကောင်းကင်တာအို၏ ထိန်းချုပ်ခြင်းခံထားရသောကြောင့် မလွတ်မြောက်နိုင်ကြပေ။
ယခုတွင် ကောင်းကင်နယ်စားမင်း၏ ကောင်းကင်နှင့်မြေကြီးဝိညာဉ်များသည် ကိုယ်ပိုင်အတွေးအခေါ်များ ရှိနေသကဲ့သို့ သူ့ကို အဝင်မခံကြတော့ပေ။
ပို၍ပင် ထိတ်လန့်နေစေသည်မှာ ကောင်းကင်တာအိုစိတ်ဆန္ဒသည် နောက်ဆုတ်သွားပြီး ကောင်းကင်နယ်စားမင်းအား ခန္ဓာကိုယ်အပေါ် ထိန်းချုပ်ခွင့်ပေးနေသည့် အချက်ပင်။ ကောင်းကင်တာအိုသာ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ထဲသို့ အတင်းအကြပ် မဝင်ရောက်တော့ပါက ကောင်းကင်နယ်စားမင်းအနေဖြင့် သူ့ကို လိုအပ်ပါတော့မည်လော။
ကောင်းကင်နယ်စားမင်းသည် သူ၊ ကောင်းကင်နတ်အရှင်ဟုန်အား လိုအပ်သေးသည်လော။
ဤအခိုက်အတန့်တွင် သူနှင့် ကောင်းကင်နယ်စားမင်း၏ သဘောထားကား မတူတော့ပေ။
ထိုမျှသာမက ကောင်းကင်နယ်စားမင်းကြောင့် ဒဏ်ရာရသွားတိုင်း သူ၏သိုင်းအခြေခံနှင့် ခွန်အားတို့မှာ အားနည်းလာကြောင်း ခံစားနေရ၏။ ဤအားနည်းမှုက သူ၏တာအိုနှလုံးသားမှာ အခြေခံသည်။ သူ့သိုင်းအခြေခံ၏ အကန့်အသတ်ကို ချုပ်နှောင်ထားသည့် ဧရာမတာအိုနှလုံးသား အကျဉ်းထောင်တစ်ခုသည် တာအိုနှလုံးသားထဲ၌ တည်ရှိနေသောကြောင့် ဒဏ်ရာရသွားသည့်အချိန်တိုင်း သူ့အား ဆုတ်ယုတ်လာစေသည်။
သူ့မှာ တစ်လောကလုံးကို တုန်လှုပ်စေနိုင်သည့် အင်အားပိုင်ဆိုင်ထားသော်လည်း အဆက်မပြတ် အင်အားနည်းလာခြင်းက သူ၏ တာအိုနှလုံးသားကို ရှုပ်ထွေးလာစေပြီး ဖရိုဖရဲဖြစ်လာစေသည်။
တာအိုနှလုံးသားမှ စူးရှသော နာကျင်မှုကို ခံစားနေရပြီး ၎င်းသည် ပိုမိုပြင်းထန်လာ၏။
သူပင် မသိလိုက်ဘဲ သူ၏ခန္ဓာကိုယ်မှာ ပုံပျက်လာသည်။ မျက်နှာက ပထမဦးဆုံး ပုံပျက်လာ၏။ သူ၏ ကြင်နာသနားတတ်သော မျက်နှာကား ပိုပို၍ ကောက်ကျစ်ယုတ်မာလာတော့သည်။
ရှစ်ချီလော်နှင့် နတ်ဧကရာဇ်လန်ရွှမ်မှာ ဤမြင်ကွင်းကို မြင်လျှင် ကြောက်ရွံ့တုန်လှုပ်ကုန်ကြသည်။
“ငါတို့ ကောင်းကင်နယ်စားမင်းကို သတ်မှဖြစ်မယ်” ကောင်းကင်နတ်အရှင်ဟုန်၏ ကောက်ကျစ်စဉ်းလဲသော မျက်နှာကြီးက သူတို့ကို လှမ်းအော်သည်။
လန်ရွှမ်နှင့် ရှစ်ချီလော်မှာ မျက်မှောင်ကြုတ်လိုက်ကြသည်။ ဤအသွင်သည် တည်ငြိမ်းအေးဆေးစွာ ပေါ့ပေါ့ပါးပါး နေထိုင်တတ်သော ကောင်းကင်နတ်အရှင်ဟုန်နှင့် လုံးဝမတူပေ။
“ကောင်းကင်နတ်အရှင်ဟုန်ရဲ့ တာအိုနှလုံးသားတော့ ရှုံးနိမ့်သွားပြီ”
ရှစ်ချီလော်က မျက်တောင်ခတ်လိုက်ပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတစ်ပါးကို ချက်ချင်း ထုတ်ကာ ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်ဟုန်၊ ရှင်က ပိုပြီးသန်မာတယ်…. ဒီကောင်းကင်လက်နက်ကို သုံးလိုက်ပါ”
သာမန်အခြေအနေများတွင် ကောင်းကင်နတ်အရှင်ဟုန်ကား သေချာပေါက် ငြင်းပယ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရှစ်ချီလော်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအား ပြုပြင်ထားမှန်း သူမြင်တွေ့ခဲ့၍ပင်။ သို့သော် ယခုတွင် သူသည် သူ၏အဆုံးမရှိသော မှော်စွမ်းအင်တို့ဖြင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအား ထိန်းချုပ်နေ၏။
ဝုန်း… ဝုန်း… ဝုန်း….
ရောင်ခြည်စက်ဝန်းဘီးများက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းအနောက်တွင် လှည့်ပတ်ကခုန်နေကြသည်။ ကောင်းကင်နန်းဆောင်များ တစ်ခုပြီးတစ်ခု ပေါ်လာပြီး မဟာကောင်းကင်နတ်ဘုံတစ်ခုကို ဖွဲ့တည်လိုက်၏။
ဤကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်လာပြီး သိုင်းအခြေခံလည်း ဝုန်းခနဲ ထိုးတက်သွားသည်။ အတိုက်အခိုက်စွမ်းရည်တို့က အဆက်မပြတ် တိုးတက်လာနေသည်။
ခွန်အား အဆက်မပြတ် တိုးတက်လာခြင်းက နတ်ဧကရာဇ်လန်ရွှမ်၏ မူလဝိညာဉ်ကို ကြက်သီးမွေးညှင်းများ ထသွားစေသည်။
ရှစ်ချီလော်မှာ အားရဝမ်းသာ ဖြစ်နေ၏။ ယခုတွင် ကောင်းကင်နတ်အရှင်ဟုန်၏ ကျင့်စဉ်အား သူ မြင်နေရလေပြီ။
သူသည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲ၌ ချင်မူပြီးလျှင် အားအနည်းဆုံး မဟုတ်လော။ ကျင့်ကြံသည့်အချိန်မှာ တိုတောင်းသေးသည့်အပြင် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ အရှင်သခင် ဖြစ်သောကြောင့် ရာထူးနိမ့်ကာ အရင်းအမြစ် များများစားစား မရရှိခဲ့ပေ။ ထို့ကြောင့် သူ၏စွမ်းဆောင်နိုင်စွမ်းတို့က ကောင်းကင်နတ်အရှင်ဆယ်ပါးကို လိုက်မမှီနိုင်ချေ။
သူအနေဖြင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှတဆင့် တခြားကောင်းကင်နတ်အရှင်များ၏ ကျင့်စဉ်များကို ခိုးကြည့်နိုင်၏။ အခြားကောင်းကင်နတ်အရှင်များ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်နေသရွေ့ သူတို့၏သိုင်းကွက်များကို သူ ကြည့်ရှုနိုင်ပေသည်။
ယခုတွင် ကောင်းကင်နတ်အရှင်ဟောင်၊ နတ်အရှင်မချန်းနှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့၏ ကျင့်စဉ်များကို ရရှိပြီးဖြစ်၏။ ကောင်းကင်နတ်အရှင်သုံးပါးတွင် ကိုယ်ပိုင်အားသာချက်များ ရှိသောကြောင့် သူ့အနေဖြင့် သူတို့၏ ကျင့်စဉ်များကို ကိုယ်ပိုင်ကောင်းကင်နတ်ဘုံကျင့်စဉ်များအဖြစ် ပြောင်းလဲရန် လွယ်ကူမည် မဟုတ်ပေ။
သို့သော် ရှစ်ချီလော်အတွက် အခြားသူများ၏ ကျင့်စဉ်များကို ရနိုင်သမျှ အများဆုံး အသုံးပြုခြင်းက ပို၍ကောင်းမွန်သည်။
ကောင်းကင်နတ်အရှင်ဟုန်၏ ကျင့်စဉ် လှည့်ပတ်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည့်အခါ သူ့မှာ အံ့သြဝမ်းသာဖြစ်သွားတော့သည်။
“ဒါက ကောင်းကင်တာအိုကျင့်စဉ်ကို အဓိကထားပြီး တခြားဧကရာဇ်ကျင့်စဉ်တွေနဲ့ ရောထားတာပဲ… ခိုင်ဧကရာဇ် ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေလည်း ပါတယ်… ကျင့်ကြံပြီးမှရတဲ့ မဟာတာအိုတွေအပြင် ခိုင်ဧကရာဇ်ရဲ့ ဓားတာအိုတောင် ပါသေးတယ်… ခိုင်ဧကရာဇ်ရဲ့ ကျင့်စဉ်တွေလည်း ပါနေသေးတာပဲ… မပြည့်စုံသေးပေမယ့် အံ့သြဖို့ကောင်းတယ်”
ရှစ်ချီလော်က ခပ်ယဲ့ယဲ့ ပြုံးလျက် ကောင်းကင်နတ်အရှင်ဟုန်ဆီ လှမ်းကြည့်လိုက်သည်။ “ခိုင်ဧကရာဇ်ခေတ်တုန်းက ကောင်းကင်နယ်စားမင်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ နဂါးဟန်ကောင်းကင်နတ်ဘုံ တိုက်ခိုက်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တယ်…. ကောင်းကင်နယ်စားမင်းရဲ့ ရည်ရွယ်ချက်က ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ စွမ်းအားကို ငှားယူပြီး ငါတို့ကို ဖယ်ရှားဖို့လို့ ထင်ခဲ့တာ… အဟက်… ငါ တစ်ကွက် ကျော်သွားခဲ့မိတာပဲ… ကောင်းကင်နယ်စားမင်းရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ကောင်းကင်နတ်အရှင်ဟုန် ဖြစ်လာပြီး ခိုင်ဧကရာဇ် ပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်တွေကို ရရှိနိုင်ဖို့… အဲ့ဒါမှ ငါတို့ထက် ခြေတစ်လှမ်း စောပြီး ကောင်းကင်နတ်ဘုံအဆင့်ကို ကျင့်ကြံနိုင်မှာလေ … မြေခွေးအိုကြီး..”
သူမသည် ဤအခွင့်အရေးကို အသုံးချ၍ ကောင်းကင်နယ်စားမင်း၏ သရုပ်မှန်ကို အတည်ပြုနိုင်ခဲ့သော်လည်း ထုတ်မပြောခဲ့ပေ။ ထိုအစား ကောင်းကင်နတ်အရှင်ဟုန် ကောင်းကင်နယ်စားမင်းအား တိုက်ခိုက်နေသည်ကိုသာ ကြည့်ရှုနေ၏။
ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို အပြည့်အဝထိန်းချုပ်၍ ကောင်းကင်လက်နက်၏ စွမ်းအားကို အဆုံးအစွန်အထိ မြှင့်တင်နေသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းအနောက်တွင် သိုင်းပညာဧကရာဇ် ကွမ်းချာ၏ သိုင်းပညာကောင်းကင်နန်းဆောင်ပင်လျှင် ထွက်ပေါ်လာ၏။
ခိုင်ဧကရာဇ်ခေတ် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များက သူ့အရှေ့တွင် ပေါ်လွင်လာနေသည်။
ခိုင်ဧကရာဇ်ကိုယ်တိုင်ပင်လျှင် ခိုင်ဧကရာဇ်ခေတ်၏ ဧကရာဇ်ပလ္လင်ကျင့်စဉ်များကို တစ်ခုတည်းအဖြစ် မပေါင်းစည်းနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ခိုင်ဧကရာဇ်သည် သူ၏ ဉာဏ်ပညာအားလုံးကို ဓားလမ်းစဉ်လျှောက်လှမ်းရာ၌သာ အသုံးပြုခဲ့၏။ အခြားကမ္ဘာခေတ်နှောင်းတာအိုများတွင် အချိန်ဖြုန်းခဲ့ပါက ယနေ့အဆင့်အထိ အောင်မြင်နိုင်ခဲ့မည် မဟုတ်ပေ။
သို့သော် ကောင်းကင်နတ်အရှင်ဟုန်ကတော့ ထိုသို့မဟုတ်ချေ။
သူက ကောင်းကင်နယ်စားမင်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ခိုင်ဧကရာဇ်ခေတ်သည် ပြုပြင်ပြောင်းလဲမှု၏ ရလဒ်များကို ကောင်းကင်နယ်စားမင်းထံမှ ကွယ်၀ှက်မထားခဲ့ကြပေ။ ကောင်းကင်နယ်စားမင်းကိုယ်တိုင်ကား ထိုရလဒ်များကို စုပ်ယူနိုင်ခြင်းမရှိသော်လည်း ကောင်းကင်နတ်အရှင်ဟုန်ကတော့ လုပ်နိုင်သည်။
ကောင်းကင်နန်းဆောင် ၃၅ ခုဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်ဘုံတစ်ခုက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဦးခေါင်းနောက်တွင် အချိန်တိုအတွင်း ပေါ်လာသည်။ ထိုမျှသာမက ၃၆ ခုမြောက် ကောင်းကင်နန်းဆောင်ကလည်း ဖွဲ့တည်နေ၏။
ဤမြင်ကွင်းက နတ်ဧကရာဇ်လန်ရွှမ်ကို ထိတ်လန့်တုန်လှုပ်စေနေသော်လည်း ရှစ်ချီလော်ကိုတော့ အံ့ဩကာ နောင်တရနေစေသည်။
သူ ကောင်းကင်နတ်အရှင်ဟုန်၏ ကျင့်စဉ်ကို ကြည့်လိုက်သည့်အခါတွင် ကောင်းကင်နတ်အရှင်ဟုန်မှာ ကောင်းကင်နန်းဆောင် ၃၆ ခုကို ပိုင်ဆိုင်ထားသော်လည်း မပြည့်စုံသေးကြောင်း တွေ့လိုက်ရ၏။
၃၆ ခုမြောက် ကောင်းကင်နန်းဆောင် တိုးလာသည့်အတွက် ကျင့်စဉ်ထဲတွင် အားနည်းချက်တစ်ခု ပေါ်လာစေသည်။ ထိုအားနည်းချက်က ခန္ဓာကိုယ်အပေါ် သက်ရောက်နေသည့် ဖိအားကို ခန္ဓာကိုယ်တောင့်ခံနိုင်သော နောက်ဆုံးအကန့်အသတ်အထိ ရောက်သွားစေ၏။
တခြားနည်းဖြင့်ပြောရပါက သန်မာသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ကောင်းကင်နတ်အရှင်တစ်ပါးပင်လျှင် ကောင်းကင်နန်းဆောင် ၃၆ ခုဖြင့် ဖွဲ့တည်ထားသော မဟာကောင်းကင်နတ်ဘုံဆီမှ ဖိအားကို ခံနိုင်ရည်မရှိပေ။ မဟာကောင်းကင်နတ်ဘုံ၏ ဖိချေခြင်းအား သေချာပေါက် ခံရပေလိမ့်မည်။
အတိတ်တုန်းက ကောင်းကင်နတ်အရှင်ဟုန်သည် ဤသို့မပြည့်စုံသော ကျင့်စဉ်ကို အသုံးမပြုရဲခဲ့ပေ။ ယခုတွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ရှိနေသောကြောင့် စိုးရိမ်စရာမရှိ။
ယခု ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ စွမ်းအားသည် ကောင်းကင်နတ်အရှင်ဟုန်ထက် သာလွန်နေပြီဖြစ်သည်။ ဤကောင်းကင်လက်နက်၏ အတိုက်အခိုက်စွမ်းရည်သည် နတ်ဧကရာဇ်လန်ရွှမ်ထက်ပင် သာလွန်၏။ အတိုက်အခိုက်စွမ်းရည်က ဆက်လက် တိုးတက်နေသေးသည်။
နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှစ်ချီလော်တို့မှာ အံ့ဩမှင်သက်နေကြသည်။ ကောင်းကင်နတ်ဘုံအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ခွန်အားကို မည်သို့နည်းဖြင့် ဆက်လက်တိုးတက်နေစေမှန်း သူတို့နားမလည်နိုင်ကြပေ။
ဤတိုးတက်မှုမှာ ကောင်းကင်နန်းဆောင်များမှ လာခြင်းမဟုတ်ဘဲ ကောင်းကင်နတ်ဘုံ၏ နတ်ခန်းမများမှ ထွက်ပေါ်လာခြင်းဖြစ်သည်ကို ရှစ်ချီလော် အလျင်အမြန်ပင် သဘောပေါက်သွား၏။
ကောင်းကင်နတ်ဘုံအား ကျော်ဖြတ်နိုင်ရန် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ပေးထားသော နတ်ခန်းမရှစ်ခု ရှိသည်။ ထိုနတ်ခန်းမရှစ်ခု၏ စွမ်းအားမှာ ကျင့်ကြံပြီးမှရရှိသော တာအိုများဖြစ်ကြပြီး မွေးရာပါတာအိုများ မဟုတ်ကြချေ။
“ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှုက သိပ်ကို အံ့သြဖို့ကောင်းတာပဲ”
ရှစ်ချီလော်မှာ ငိုတော့မတတ် စိတ်လှုပ်ရှားလာမိသည်။ ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှု၏ အကြီးမားဆုံးအောင်မြင်မှုကို သူ့အရှေ့တွင် တွေ့မြင်နေရချေပြီ။
သူသည် ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နန်းဆောင် ၃၆ ခု တာအိုလမ်းစဉ်ကို ပလ္လင်ခန်းမ ၇၂ ခု ခုခံနေသည်အား မတွေ့မြင်ရသေးသော်လည်း ဤလမ်းစဉ်၏ ပြီးပြည့်စုံမှုကို ခံစားနေရပြီးဖြစ်သည်။
ကျင့်ကြံပြီးမှ ရရှိသောတာအိုဖြင့် ထောက်ပံ့ပေးထားသော ဤလမ်းစဉ်သည် ကောင်းကင်နန်းဆောင် ၃၆ ခုဖြင့် ဖွဲ့တည်ထားသော မဟာကောင်းကင်နတ်ဘုံမှ ဖိအားကို သိသိသာသာ လျော့ကျသွားစေ၏။