← Chapters

ကောင်းကင်နယ်စားမင်း၏ သေဆုံးမှု (၂)

Vol. 111 Ch. 1462

ကောင်းကင်နယ်စားမင်း၏ သေဆုံးမှု (၂)

Vol. 111 Ch. 1462

ခိုင်ဧကရာဇ်ခေတ်၏ ပြုပြင်ပြောင်းလဲမှုသည် ကျင့်ကြံပြီးမှ ရရှိနိုင်မည့် ကမ္ဘာခေတ်နှောင်းတာအိုတို့ဖြင့် ကမ္ဘာဦးအစကတည်းက တည်ရှိခဲ့သော မွေးရာပါမူလတာအိုတို့အပေါ် ကျော်လွှားနိုင်ရန် အားထုတ်မှု ဖြစ်ခဲ့၏။ ထိုခေတ်၏ ပြုပြင်ပြောင်းလဲမှု ရလဒ်များမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်၏ ပြုပြင်ပြောင်းလဲမှုရလဒ်များလောက် မကြီးကျယ်ခဲ့သော်လည်း ကမ္ဘာခေတ်ဦးတာအိုတို့အပေါ် ကမ္ဘာခေတ်နှောင်းတာအိုတို့ဖြင့် ကျော်လွှားနိုင်မည့် မျိုးစေ့အား ချပေးခဲ့သည် ဟု ဆိုရမည်။ ခိုင်ဧကရာဇ်ခေတ် တည်ရှိခဲ့သော ကာလမှာ အလွန်တိုတောင်းခဲ့သောကြောင့် မျိုးစေ့မှ အပင်ပေါက်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

ခိုင်ဧကရာဇ်ခေတ် ပြုပြင်ပြောင်းလဲမှု၏ အကြီးမြတ်ဆုံး အောင်မြင်မှုက ခိုင်ဧကရာဇ်၏ ဓားသိုင်း မဟုတ်ပေ။ ခိုင်ဧကရာဇ်ခေတ်၏ နံပါတ်တစ် ကောင်းကင်ဆရာသခင်၊ တန်ခိုးရှင်သစ်ခုတ်သမား ဝမ်တျန်းကဲ ဆောင်ရွက်ခဲ့သော အပြောင်းအလဲတို့ပင် ဖြစ်သည်။

တန်ခိုးရှင်သစ်ခုတ်သမားသည် သူ့လက်သူ့ခြေဖြင့် ကြက်ကလေးတစ်ကောင်ကို ဖမ်းရန် ခွန်အားပင် မရှိသည့်အပြင် သိုင်းအဆင့်နှင့် ပတ်သက်လာပါက ကောင်းကင်ဆရာသခင်လေးပါးအနက် ဘိတ်ချေး ဖြစ်သော်ငြား ... သူ၏ဉာဏ်အမြော်အမြင်က မည်သူမျှ မယှဉ်နိုင်လောက်အောင် မြင့်မား၏။

ကောင်းကင်နန်းဆောင် ၃၆ ‌ဆောင်ကို ပလ္လင်ခန်းမ ၇၂ ခုဖြင့် ထောက်ကန်ပေးထားသည့် အယူအဆက သူ့ဆီမှ လာသည်။ သူက ကျင့်ကြံပြီးမှ ရရှိထားသော တာအို ၇၂ ခုကို သုံးကာ ကောင်းကင်နန်းဆောင် ၃၆ ဆောင်၏ ဖိအားကို လျော့ချ၍ ကောင်းကင်နတ်ဘုံအဆင့်မှ ခန္ဓာကိုယ်အပေါ် သက်ရောက်မည့် အထိအခိုက်အန္တရာယ်ကို နည်းပါးစေခဲ့သည်။

သူ၏ပြုပြင်မွမ်းမံမှုများ ပြီးနောက်၊ ပလ္လင်ခန်းမ ၇၂ ခုဖြင့် ထောက်ကန်လျက် ကောင်းကင်နန်းဆောင် ၃၆ ဆောင်ဖြင့် ဖွဲ့တည်လာသော ကောင်းကင်နတ်ဘုံအဆင့်သည် သမားရိုးကျ ကောင်းကင်နတ်ဘုံအဆင့်နှင့် ယှဉ်လျှင် ပိုမိုအင်အားကြီးမားသည့် စွမ်းအား၊ ပိုမိုမြင့်မားသော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထား‌သောကြောင့် စိုးရိမ်စရာမရှိပေ။

သို့သော် တန်ခိုးရှင်သစ်ခုတ်သမားက ဤနည်းစနစ်ကို အများသူငှာ အရှေ့သို့ ထုတ်ပြခြင်းမရှိခဲ့၏။ ထို့ကြောင့် သိသူလည်း များများစားစား မရှိပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့သာ သူ့ဆီမှ ပြည့်ပြည့်စုံစုံ သင်ကြားရရှိခဲ့သည်။

ကျန်းပိုင်ကွေ့ ထိုအတိုင်း ကျင့်ကြံထားသည်လား၊ မကျင့်ကြံဘဲ နေသည်လားတော့... မည်သူမှ မပြောနိုင်။

ကောင်းကင်နတ်အရှင်ဟုန် ရရှိထားသည့်အရာမှာ... တန်ခိုးရှင်သစ်ခုတ်သမား အစောပိုင်းနေ့ရက်များတုန်းက ဖန်တီးခဲ့သော နည်းစနစ်၏ အကြွင်းအကျန်လေးသာ ဖြစ်သည်။ ထိုမျှသာမက မမြင်ရသည့် အန္တရာယ်များလည်း ငုပ်လျှိုးနေသောကြောင့် ခေတ်နောက်ကျနေသည့် နည်းစနစ်တစ်ခုဟု ဆိုရမည်။

သို့တိုင်အောင် ဤသည်ကပင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအတွက် ကောင်းကင်နတ်ဘုံအား အတော်ကြာ တောင့်ခံထမ်းထားရန် လုံလောက်လေသည်။ သူ၏အတိုက်အခိုက်စွမ်းရည် တိုးတက်လာမှုကလည်း အံ့အားသင့်ဖွယ်ကောင်းသည်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နယ်စားမင်းအား ထိပ်တိုက်ရင်ဆိုင်သည်။ ခွန်အားအရ သူသည် ကောင်းကင်နယ်စားမင်းနှင့် တန်းတူယှဉ်နိုင်သလောက် ရှိ၏။ ထိုကဲ့သို့ အတိုက်အခိုက်စွမ်းရည်မျိုးကား အမှန်တကယ်ပင် အားကျစရာကောင်းသည်။

ထို့အပြင် ကောင်းကင်နတ်အရှင်ဟုန်၏ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများက ကောင်းကင်တာအိုမှ အခြေခံသော်လည်း ကောင်းကင်တာအိုနှင့်သာ သက်ဆိုင်နေခြင်းမဟုတ်ပေ။ ကောင်းကင်နယ်စားမင်းအား တိုက်ခိုက်ရာတွင် သူ့ကို အဓိကအားတစ်ရပ်အဖြစ် အကူအညီယူလျက် နတ်ဧကရာဇ်လန်ရွှမ်၊ နတ်အရှင်မချန်းနှင့် ရှစ်ချီလော်တို့က ဝိုင်းတိုက်ခိုက်ကြသည်။ ကောင်းကင်နယ်စားမင်းမှာ ပြန်လည်၍ အရေးနိမ့်သွားတော့သည်။

ကောင်းကင်နတ်အရှင်ဟုန်သည် တတ်နိုင်စွမ်းသမျှ လျင်မြန်စွာ တိုက်ခိုက်နေသည်။ သူ၏ခွန်အားက ဆုတ်ယုတ်နေသည့်အတွက် ဤတိုက်ပွဲကို မြန်နိုင်သမျှ မြန်မြန် အဆုံးသတ်ရလိမ့်မည်။

ကောင်းကင်နယ်စားမင်းမှာ အတတ်နိုင်ဆုံး လှုပ်ရှားရင်း ခန္ဓာကိုယ်ကို ချုံ့နေသော်လည်း သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများက တဖြည်းဖြည်း များလာသည်။

သို့သော် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအပေါ်တွင် အက်ကွဲကြောင်းများ ထလာသည်။ သူ့အရေပြားမှာ ပေါက်ကွဲကုန်ပြီး ကြွက်သားတို့ ကွဲထွက်ကုန်သည်။ သူကား ကောင်းကင်နတ်ဘုံအောက်၌ အချိန်မရွေး ပိပေတော့မည်။

ရုတ်တရက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နယ်စားမင်း၏ နဖူးကို အားကုန်ထိုးနှက်ကာ ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်ကို ဆွဲလှုပ်လိုက်သည်။

နတ်အရှင်မချန်းက အခွင့်အရေးကို အသုံးချ၍ နတ်ဘုရားစီရင်ရာစင်မြင့်ကို အသက်သွင်းသည်။ အသတ်အဖြတ်ဓားမရောင် နှစ်ချက်ကား ကောင်းကင်နယ်စားမင်း၏ နဖူးထဲ စိုက်ဝင်သွားချေပြီ။ တစ်ချိန်တည်းမှာပင် သူမ၏ အသိစိတ်အလျဉ်က ကောင်းကင်နယ်စားမင်း၏ အသိစိတ်အလျဉ်ကို တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် နတ်ဧကရာဇ်လန်ရွှမ်၏ အသိစိတ်အလျဉ်ကလည်း ကောင်းကင်နယ်စားမင်း၏ နဖူးထဲ ဝင်ရောက်လာရာ ကောင်းကင်နယ်စားမင်း၏ အသိစိတ်အလျဉ်မှာ ပြိုကွဲလုဆဲဆဲ ဖြစ်သွား၏။

ရှစ်ချီလော်က အခွင့်အရေးကို မြင်သည်နှင့် ကျန်ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ခုကို ကပျာကယာ ထိန်းချုပ်ကာ ခန္ဓာကိုယ်များကို ချုံ့လျက် ‌ကောင်းကင်နယ်စားမင်း၏ နဖူးထဲ ဝင်သွားတော့သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ခုတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိ၏။ သူတို့က ခန္ဓာကိုယ်များကို လျင်မြန်စွာ လှည့်ရင်း ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်အပေါ်သို့ လက်သီးချက်များ၊ ကန်ချက်များ အတောမသပ်နိုင်အောင် ပစ်သွင်း‌တော့သည်။

အသိစိတ်အလျဉ်ဆိုသည်မှာ စိတ်ဖြစ်ပြီး မူလဝိညာဉ်ကတော့ ဝိညာဉ် ဖြစ်သည်။ ကောင်းကင်နယ်စားမင်း၏ စိတ်မှာ ပြိုကွဲပျက်စီးလုဆဲဆဲ ဖြစ်နေကာ မူလဝိညာဉ်မှာလည်း ရှစ်ချီလော်ကြောင့် လွင့်ပျယ်ပေတော့မည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်တာအို၏ အသိစိတ်အလျဉ်က ကောင်းကင်နယ်စားမင်း သူ၏ရုပ်ခန္ဓာအပေါ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း အာရုံရလိုက်သည်။ ၎င်းသည် ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်တာအို၏ အသိစိတ်အလျဉ်ကို ချက်ချင်း ဖွဲ့တည်လိုက်ကာ ကောင်းကင်နယ်စားမင်း၏ ရုပ်ခန္ဓာအပေါ် ပြန်လည်ထိန်းချုပ်ရန် ကြိုးစားသည်။

ထိုစဉ်မှာပဲ နတ်ဧကရာဇ်လန်ရွှမ်က ခပ်ပြတ်ပြတ် တစ်ချက်အော်ကာ သူ၏ကောင်းကင်နတ်ဘုံရှိ တာအိုသစ်သီးကို အသက်သွင်းသည်။ ၎င်းကို ကောင်းကင်နယ်စားမင်း၏ နဖူးထဲ ပစ်သွင်းလိုက်လေသည်။ ထိုအခါ တာအိုလှိုင်းတစ်လှိုင်း ထွက်လာပြီး ကောင်းကင်တာအို၏ အသိစိတ်အလျဉ် ဆင်းသက်မလာနိုင်အောင် ဟန့်တားလိုက်တော့သည်။

ကောင်းကင်နတ်အရှင်ဟုန်က ထ၍ ကောင်းကင်နယ်စားမင်း၏ နဖူးထဲ ပြေးဝင်သွားသည်။ သူက အင်္ကျီလက်စ ခါကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှစ်ယောက်အား ချုပ်လိုက်ပြီး လွှင့်ပစ်လိုက်သည်။

ရှစ်ချီလော်လည်း ဒေါသူပုန်ထသွားပြီး မာမာထန်ထန် ပြောသည်။ “ကောင်းကင်နတ်အရှင်ဟုန်၊ ခင်ဗျားက ကောင်းကင်နယ်စားမင်းကို အခုလေးတင်ပဲ အနိုင်ယူနိုင်တယ်... ချက်ချင်း ရန်လိုပြီး ရဲဘော်သားချင်းတွေကို မမျှဝေတော့ဘူးပေါ့”

နတ်ဧကရာဇ်လန်ရွှမ်မှာ ကောင်းကင်နယ်စားမင်း၏ နဖူးထဲ ဝင်တော့မည့်အချိန် ကောင်းကင်နတ်အရှင်ဟုန် လွှင့်ပစ်လိုက်သည့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ သူ့ဆီ ပြေးဝင်လာကြောင်း မြင်လိုက်ရသည်။

နတ်ဧကရာဇ်လန်ရွှမ်လည်း ဝင်တိုက်ခံလိုက်ရသဖြင့် မူးဝေသွားပြီး မိုင်ထောင်ချီအကွာသို့ လွင့်သွားသည်။ သူ့နံရိုးမှ တဂျွတ်ဂျွတ်မြည်သံများကိုသာ ကြားနေရလေသည်။

သူ၏လက်ချောင်းက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ နဖူးထဲ စိုက်ဝင်နေပြီး နောက်စေ့ကို ‌ဖောက်ခွဲလိုက်သောကြောင့် အသားစများ၊ သွေးများ ကောင်းကင်တစ်လျှောက် လွင့်စင်ထွက်သွားသည်။ ကောင်းကင်လက်နက် ကောင်းကင်တန်အရှင်ယွီမှာ ဖွတ်ဖွတ်ညက်ညက် ကြေသည်အထိ ကောင်းကင်နတ်အရှင်ဟုန်၏ အသုံးပြုခြင်း ခံထားရသောကြောင့် တောင့်မခံနိုင်ပေ။ ယခုတွင် နဖူး ကွဲသွားသောကြောင့် ခန္ဓာကိုယ်လည်း ရုတ်တရက် ပေါက်ကွဲသွားသည်။

နတ်ဧကရာဇ်လန်ရွှမ်က သွေးအန်လိုက်သည်။ ‌ကောင်းကင်နတ်ဘုံအဆင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ဝင်တိုက်မှုက ပြင်းထန်လှလွန်းသည်။ သူပင် မခံနိုင်ပေ။

“ငါ့တာအိုသစ်သီး”

သူက ဒဏ်ရာများကို ချုပ်ပြီး ကောင်းကင်နယ်စားမင်းဆီ က‌ရောသောပါး ပြေးသွားသည်။ သို့သော် ကောင်းကင်နယ်စားမင်း မလှုပ်မယှက် ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။ ရုတ်တရက် သူ့နဖူးထက်၌ အသတ်အဖြတ်အရှိန်အဝါနှစ်တန်း လိမ်ယှက်သွားကြောင်း မြင်လိုက်ရသည်။ ရွှစ်ခနဲ အသံနှင့်အတူ ကောင်းကင်နယ်စားမင်း၏ နဖူးမှ ပွင့်သွားပြီး ဦးခေါင်းခွံလည်း ကွဲသွားချေပြီ။

နတ်အရှင်မချန်းကား ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားထဲ ဝင်ပြီး အတွင်းမှနေ၍ ကောင်းကင်နယ်စားမင်း၏ ဦးခေါင်းခွံအား ဖျက်စီးလိုက်ခြင်း ဖြစ်သည်။

ဤဓားမ၏ စွမ်းအားက အတိုင်းထက်အလွန် အားကောင်းသည်။ သို့သော် ဓားမရောင်နှင့်အတူ နတ်အရှင်မချန်းလည်း လွင့်ထွက်လာသည်။ ဤကောင်းကင်နတ်အရှင်မှာ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်တွင် ကောင်းကင်နတ်အရှင်ဟုန်၏ တက်နင်းခြင်း ခံထားရသည်။ သူမမှာ နတ်ဘုရားစီရင်ရာစင်မြင့်နှင့်အတူ ကောင်းကင်နတ်အရှင်ဟုန်၏ ကန်ထုတ်ခြင်း ခံလိုက်ရလေသည်။

နတ်အရှင်မချန်းနှင့်အတူ အဆီအနှစ်များက ကောင်းကင်နယ်စားမင်း၏ ဦးခေါင်းထဲမှ မြောက်တက်လာသည်။

ဝိညာဉ်အဆီအနှစ်တို့က ကောင်းကင်သို့ ထိုး‌ဖောက်သွား၍ ကောင်းကင်တာအိုမှာ တုန်ရီလာသည်။ ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ထဲရှိ ၄၉ ခုသော တာအိုတို့မှာ လွတ်မြောက်စ ပြုလာချေပြီ။

“ကောင်းကင်နယ်စားမင်း သေတော့မယ်” ရှစ်ချီလော်မှာ ကောင်းကင်နတ်အရှင်ဟုန်နှင့် အငြင်းပွားနေရန် အာရုံမရှိတော့ဘဲ ဝမ်းသာအားရ အော်ဟစ်နေသည်။

သူ၏ရတနာသေတ္တာက ဗြုန်းခနဲ ပွင့်လာပြီး မ‌ရေမတွက်နိုင်သော အဆန်းတကြယ်လက်နက်များ ခုန်ထွက်လာကာ ကောင်းကင်နယ်စားမင်း၏ အဆီအနှစ်များကို ဖမ်းယူ၍ ကောင်းကင်တာအိုကို သိမ်းဆည်းနေတော့သည်။

“ကောင်းကင်အဖျက်စွမ်းအင်က အားကောင်းလာပြီ... ကောင်းကင်နယ်စားမင်းတော့ တကယ် သေတော့မှာပဲ”

ကောင်းကင်နတ်အရှင်ဟုန်ကြောင့် နတ်ဘုရားစီရင်ရာစင်မြင့်အထက်၌ ပြားဝပ်နေသော နတ်အရှင်မချန်းလည်း ဝမ်းသာပျော်ရွှင်သွားသည်။ သူမ၏ခန္ဓာကိုယ်က ဖောင်းလာပြီးနောက် လေပြန်လျော့သွားကာ မူလအခြေအနေသို့ ပြန်ရောက်သွား၏။ သူမက နတ်ဘုရားစီရင်ရာစင်မြင့်အပေါ်တွင် အားကုန်ထုတ်လိုက်ပြီး အသတ်အဖြတ်ဓားမနှစ်လက်အား ရွှမ်တုထဲရှိ ကောင်းကင်အဖျက်စွမ်းအင်တို့ကို ဝါးမြိုစုပ်ယူစေတော့သည်။

အဝေးတွင် မြေအောက်ဘုံအရှင်သခင်၏ ဧရာမဦးခေါင်းကြီးကား ရွှမ်တု၌ ပေါ်နေခဲ့ချေပြီ။ နွားခေါင်း၊ ကျားမျက်နှာနှင့် ဦးချိုကြီး ပိုင်ဆိုင်ထားသော မြေအောက်ဘုံအရှင်သခင်က ကောင်းကင်နတ်အရှင်ကုန်း၏ ကိုယ်ပေါ်သို့ လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျန်တစ်ဖက်က နတ်အရှင်ယန်ကို ထိန်းထားသည်။

ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်အရှင်မယန်တို့မှာ ကောင်းကင်နတ်အရှင်ရုံကြောင့် ဒဏ်ရာအပြင်းအထန် ရထားခဲ့သောကြောင့် မြေအောက်ဘုံအရှင်သခင်သည် ပေါ်လာလျှင်ချင်း သူတို့အပေါ် ဖိနှိပ်ထားနိုင်ခဲ့၏။

ရုတ်တရက် မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။ သူက ကောင်းကင်နယ်စားမင်းဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် အနီရောင်အလင်းက ကောင်းကင်တစ်လျှောက် လင်းထိန်နေ၏။ ကောင်းကင်နယ်စားမင်း၏ အဆီအနှစ်တို့သည် ရွှမ်တုကို အနီရောင်သမ်းလာစေသောကြောင့် မရေမတွက်နိုင်သည့် ကြယ်များလည်း သွေးကဲ့သို့ နီစွေးလာတော့သည်။

မြေအောက်ဘုံအရှင်သခင်၏ မျက်နှာမှာ မှိုင်းညို့သွားသည်။ သူ၏မျက်လုံးသုံးလုံးတွင် မျှော်လင့်နေသည့်အရိပ်အယောင် ထင်ဟပ်နေလေသည်။ “တာအိုနောင်တော်၊ မင်းက ကောင်းကင်တာအိုကို ရရှိသွားပြီလား... ငါ မင်းကို ဂုဏ်ပြုစကား ပြောသင့်လား... ဝမ်းနည်းသင့်လား”

ဤအခိုက်အတန့်၌ ထိုက်ကျိစက်ဝန်းသည် မြေအောက်ဘုံအရှင်သခင်ကို လှည့်ပတ်လာ၏။ မြေအောက်ဘုံအရှင်သခင်မှာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်အရှင်မယန်တို့ကို ကပျာကယာ လွှတ်ပေးလိုက်သည်။ သူ၏လက်ဝါးများက ဘယ်နှင့်ညာ ရွေ့လျားရင်း ထိုက်ကျိစက်ဝန်းကို ခုခံလိုက်လေသည်။

ပြင်းထန်သော တုန်ခါသံကြီး ကြားလိုက်ရသည်။ မြေအောက်ဘုံအရှင်သခင် ထိုက်ကျိစက်ဝန်း၏ စွမ်းအားကို ကာလိုက်သည့်အခါ သူ၏ဧရာမခန္ဓာကိုယ်ကြီးမှာ တုန်ရီသွားပြီး ချော်ရည်တုံးများပင် ပြုတ်ကျလာသည်။ မရေမတွက်နိုင်သော သရဲမိစ္ဆာများမှာ ကြောက်လန့်တကြား အော်ဟစ်ရင်း အရပ်လေးမျက်နှာသို့ ထွက်ပြေးကုန်ကြ၏။

မြေအောက်ဘုံအရှင်သခင်မှာ သရဲမိစ္ဆာများကို နှစ်သိမ့်ပေးနေစဉ် သွေးတို့ ရွှဲစိုနေသည့် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် သူ့အရှေ့တွင် ပေါ်လာကြောင်း တွေ့လိုက်ရသည်။ သူတို့ခန္ဓာကိုယ်များ၌ ဓားဒဏ်ရာများ ပြည့်နှက်နေလေသည်။ သူတို့က နတ်အရှင်မယန်ကို ချီကာ အဝေးသို့ ပျံသန်းသွားကြသည်။

ဤထိုက်ကျိစက်ဝန်းသည် ရှေးဟောင်းနတ်ဘုရားထိုက်ကျိ၏ အထွတ်အမြတ်ရတနာ သဲခုံမှ ဖွဲ့တည်လာခဲ့၏။ ဤရှေးဟောင်းနတ်ဘုရားနှစ်ပါးမှာ ခိုင်ဧကရာဇ်နှင့် တိုက်ခိုက်နေခဲ့သော်လည်း နတ်အရှင်မယန် ဒဏ်ရာရသွားကြောင်း မြင်ရသဖြင့် အပြေးအလွှား လာကယ်ကြလေသည်။ သို့သော် ခိုင်ဧကရာဇ်၏ တိုက်ခိုက်မှု ‌အောင်မြင်သွားသောကြောင့် သူတို့နှစ်ယောက် ဒဏ်ရာအပြင်းအထန် ရသွားကြသည်။

မြေအောက်ဘုံအရှင်သခင် လက်လှမ်းတော့မည့်အချိန် ကောင်းကင်နတ်အရှင်ကုန်း၏ ဒဏ်ရာများက လျင်မြန်စွာ သက်သာလာသည်။ သူ့မှာ အံ့အားသင့်သွားပြီး အလျင်အမြန် လှမ်းကြည့်လိုက်သည့်အခါ သူ့ဆီသို့ လျှောက်လာနေသော ကောင်းကင်နတ်အရှင်ဟောင်ကို မြင်တွေ့လိုက်ရ၏။

ကောင်းကင်နတ်အရှင်ဟောင်၏အနောက်တွင် အရိပ်တစ်ခု ပေါ်လာသည်။ မြေအောက်ဘုံအရှင်သခင်လည်း အာရုံစိုက်၍ ကြည့်လိုက်သည့်အခါ ခေါင်းတွင် ဦးချိုနှစ်ချောင်း ပေါက်နေသော ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်နတ်အရှင်ဟောင်အနောက်မှ နီးနီးကပ်ကပ် လိုက်ပါလာကြောင်း တွေ့လိုက်ရလေသည်။

ကောင်းကင်နတ်အရှင်ရှုက သူ့ဆီ လျှောက်လာနေသည်။ သူမ၏ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ကျုံ့သွားပြီး အသက်လည်း ငယ်လာသည်။ သူမမှာ ဦးချိုပေါက်စလေးနှစ်ခုဖြင့် ကျစ်ဆံမြီးကျစ်ထားသော ကလေးမလေးတစ်ယောက် ဖြစ်သွားချေပြီ။

“ဖေဖေ အားချို” ကလေးမလေးက သူ့ကို လှမ်းခေါ်သည်။

“သမီးလေး...”

မြေအောက်ဘုံအရှင်သခင်၏ ရင်ထဲတွင် နာကျင်လာသည်။ ယိုတုမဟာတာအို၏ အချုပ်အနှောင်များက ခိုင်မာလှသော သံကြိုးများဖြစ်လာကာ သူ့နှလုံးသားကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။

“သမီးလေး”

မြေအောက်ဘုံအရှင်သခင်မှာ သွေးနှင့် ချော်ရည်တို့ အန်လိုက်ရသည်။ သူ့စိတ်ကား မတည်ငြိမ်တော့ပေ။ ထိုစဉ်မှာပဲ ကောင်းကင်နတ်အရှင်ဟောင်က လက်မြှောက်လိုက်ရာ လောကတစ်သောင်းလှည်းဘီး ဖွဲ့တည်လာသည်။ ၎င်းတို့က လျင်မြန်စွာ လည်ရင်း ကြီးသထက် ကြီးလာကာ သူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ရိုက်ခတ်တော့သည်။

လှည်းဘီးတစ်သောင်းသည် တစ်ခုတည်း ပေါင်းစည်းသွားပြီး မူလချီအသွင်သဏ္ဍာန် ပြောင်းလဲသွား၏။ မွေးရာပါမူလချီက ပန်းတစ်ပွင့်ပမာ ထင်ရကာ အတိုင်းထက်အလွန် ချွန်ထက်နေသည်။ နောက်တခဏတွင် ၎င်းသည် မြေအောက်ဘုံအရှင်သခင်၏ အရှေ့သို့ ရောက်လာချေပြီ။

“မြေအောက်ဘုံအရှင်သခင် နိုးထတော့”

ကောင်းကင်နတ်အရှင်ရုံက အပြင်းအထန် ဒဏ်ရာရထားသော ခန္ဓာကိုယ်ဖြင့် ပျံသန်းလာသည်။ သူက မြေအောက်ဘုံအရှင်သခင်၏ အရှေ့တွင် ရပ်လိုက်ပြီး သူ၏မူလဝိညာဉ်က ထလာကာ လက်နှစ်ဖက်လုံးဖြင့် လောကတစ်သောင်းလှည်းဘီးကို ခုခံလိုက်သည်။ ချက်ချင်းပင် သူ့တစ်ကိုယ်လုံး သွေးတို့ ရွှဲသွားတော့သည်။

သူ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်နှစ်ခုလုံးမှာ ယိုတုမိစ္ဆာမီးလျှံတို့ဖြင့် မီးဟုန်းဟုန်းတောက်နေသည်။ သူက လောကတစ်သောင်းလှည်းဘီးကို အတတ်နိုင်ဆုံးခုခံနေသော်လည်း သူ၏ဒဏ်ရာများကား ပြင်းထန်ဆိုးရွားနေပြီ မဟုတ်လော။ သူ့အနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ကွက်ကို မည်သို့မျှ မခုခံနိုင်သည်သာ။

ဓားရောင်အတန်းတစ်တန်းက ထွက်ပေါ်လာပြီး တဖြတ်ဖြတ် လက်သွားသည်။ တစ်ချိန်တည်းမှာပင် ၎င်းက ကောင်းကင်နတ်အရှင်ဟောင်နှင့် သူ့အနောက်ရှိ ထိုက်စုအား တိုက်ခိုက်နေ၏။

ကောင်းကင်နတ်အရှင်ဟောင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လေပေါ် ပျံတက်လိုက်သည်။ သူက မြေအောက်ဘုံအရှင်သခင်၏ ဦးခေါင်းကို ခုန်ကျော်သွား၏။ သူတို့နှစ်ယောက် မြေအောက်ဘုံအရှင်သခင်ထံ ပျံသန်းသွားသည်နှင့် ထိုက်စုက ရွှင်ပျော်ပျော်ဓားအား ကိုင်ထားသော ခိုင်ဧကရာဇ်ဆီ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာအမူအရာက အံ့ဩမှင်သက်နေလေသည်။ “နင် ငါ့ကိုမြင်ရတာလား”

ခိုင်ဧကရာဇ်က မဖြေဘဲ သူ့ဓားအား သုံးခါတိတိ ခါရမ်းလိုက်သည်။ ကောင်းကင်နတ်အရှင်‌ရုံကို သတ်တော့မည့် ကောင်းကင်နတ်အရှင်ကုန်းမှာ ချက်ချင်းဆိုသလို ဓားရောင်တို့ဖြင့် တိုက်ခိုက်ခံလိုက်ရသဖြင့် သူမခန္ဓာကိုယ်တစ်ခုလုံးမှ သွေးတို့ စီးကျလာသည်။ သူမမှာ ထိုက်စုနောက်သို့လိုက်၍ ထွက်ပြေးရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။

ကောင်းကင်တွင် သွေးရောင်များ ခြုံလွှမ်းထားသည့်အပြင် ပိုပို၍ နီရဲလာနေ၏။ ဤအခိုက်အတန့်တွင် စကြ၀ဠာတစ်ခုလုံးရှိ ကြယ်တာရာများသည် သွေးချင်းနီနေကြပြီး ကောင်းကင်မှာလည်း ရဲရဲတောက်နေချေပြီ။ သွေးရေတံခွန်တစ်ခုသည် ကောင်းကင်မှ သွေးများစီးကျလာသကဲ့သို့ အချိန်မရွေး ပေါ်ထွက်လာတော့မည့်အလားပင်။

နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်ရှိ နတ်ဓားမနှစ်လက်ပင်လျှင် ဤသို့အားကောင်းသော အသက်အဖြတ်အရှိန်အဝါများကို အချိန်မီ မစုပ်ယူနိုင်ကြချေ။ ၎င်းတို့က ကောင်းကင်၏ အသက်အဖြတ်အရှိန်အဝါများအကြားတွင် တဖြည်းဖြည်း အသွင်သဏ္ဍာန် ဖြစ်တည်ကာ အကောင်အထည် ရှိလာတော့သည်။

သွေးနီရောင်နဂါးနှစ်ကောင်ပေါ်ရှိ ပြောင်းပြန်အကြေးခွံများက တစ်ခုပြီးတစ်ခု ထောင်မတ်လာကြသည်။ အေးစက်စက်အလင်းရောင်တို့ ဖြတ်ခနဲ တောက်ပလာပြီး နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်တွင် တစ်ခုနှင့်တစ်ခု ရောယှက်သွားကြသည်။ နဂါးကြေးခွံများ ဝင်တိုက်သွားသည့်အချိန်တွင် မီးတောက်မီးပွားများ အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားကြ၏။

နတ်အရှင်မချန်းမှာ စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေသည်။ သူမက ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို ချက်ချင်း ကြည့်လိုက်၏။

“ကောင်းကင်တာအိုနဲ့ ကောင်းကင်နယ်စားမင်းကို ဝါးမြိုပြီး နတ်ဓားမနှစ်လက်ကို သန့်စင်နိုင်ခဲ့ပြီ… နတ်ဓားမနှစ်လက်ရဲ့ စွမ်းအားကို ပိုပြီးသန်မာလာစေတာပဲ… ထိုက်ချူရဲ့ ရတနာထက် အားနည်းမနေဘူး”

သူမက ထိုသို့တွေးပြီးနောက် အသက်အဖြတ်အရှိန်အဝါ ပြင်းထန်နေသော နတ်ဓားမနှစ်လက်ကို အသက်သွင်းကာ ကြက်သေသေနေသည့် ကောင်းကင်နယ်စားမင်းထံ ပြေးဝင်သွားချေသည်။

“ကောင်းကင်တာအို မဟာချိတ်တံဆိပ်”

ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားရှိ ကောင်းကင်နတ်အရှင်ဟုန်သည် စိမ့်ထွက်နေသော ကောင်းကင်တာအိုနှင့် ကောင်းကင်နယ်စားမင်း၏ ချီအဆီအနှစ်တို့ကို လျစ်လျူရှုထားသည်။ သူက လက်ဖဝါးကို လွှဲရမ်းလိုက်ရာ တခဏအတွင်း မရေမတွက်နိုင်သော ကောင်းကင်တာအိုချိပ်တံဆိပ်များက တာအိုသစ်သီးအပေါ် ကျရောက်သွား၏။ တာအိုသစ်သီး၏ တာအိုဆွဲဆောင်မှုက အလွန်အားကောင်းသော်လည်း မည်သူကမှ အသက်မသွင်းခဲ့လေရာ ကောင်းကင်နတ်အရှင်ဟုန်က ချက်ချင်း ဖိနှိပ်လိုက်သည်။

ကောင်းကင်နတ်အရှင်ဟုန်က လက်ချောင်းတစ်ချောင်းကို ခါလိုက်ရာ တာအိုသစ်သီးသည် ကောင်းကင်နယ်စားမင်း၏ နဖူးထဲမှ ပျံထွက်လာ၏။ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှ ပျံသန်းလာနေသော နတ်အရှင်မချန်းမှာ ရှုံ့တွနေသော တာအိုသစ်သီး၌ ကောင်းကင်တာအိုစွမ်းအားတို့ ကိန်းဝပ်နေကြောင်း တွေ့မြင်လိုက်ရသည်။ သူမက မည်သည်မှမပြောဘဲ နတ်ဓားမနှစ်လက်ဖြင့် တာအိုသစ်သီးအား လှမ်းခုတ်လိုက်တော့သည်။

ထိုအခိုက်အတန့်တွင် နတ်ဧကရာဇ်လန်ရွှမ် ရောက်ရှိလာသည်။ သူသည် ထိုမြင်ကွင်းကို မြင်လျှင် အလွန်တရာ ဒေါသထွက်သွားပြီး ထိုက်ချူကောင်းကင်နတ်သိုင်းကို သုံးကာ နတ်အရှင်မချန်းအား တိုက်ခိုက်တော့သည်။

နတ်အရှင်မချန်း၏ နောက်ကျောမှာ ထိုတိုက်ကွက်ကြောင့် ပေါက်ကွဲသွား၏။ သူမ၏ ပိနိသွယ်သော ခန္ဓာကိုယ်လေးမှာ နတ်ဘုရားစီရင်ရာစင်မြင့်ပေါ်မှ လွင့်ထွက်သွားသည်။ ထို့နောက် သူမက ဓားမကို ထုတ်၍ နောက်ပြန်ခုတ်ချလိုက်၏။ သွေးနဂါးနှစ်ကောင်က နတ်ဧကရာဇ်လန်ရွှမ်၏ လည်ပင်းကို ခုတ်ပိုင်းလိုက်သည်။

နတ်ဧကရာဇ်လန်ရွှမ်၏ ဦးခေါင်းမှာ လိမ့်ဆင်းကျသွား၏။ သူ့လည်ပင်းရှိ အသွေးအသားတို့က ယွစိယွစိ ဖြစ်လာကြကာ နောက်ထပ်ဦးခေါင်းတစ်လုံးက ဖောက်ခနဲ ထွက်ပေါ်လာချေပြီ။ သူက တာအိုသစ်သီးကို ယူလျက် သူ၏ ကောင်းကင်နတ်ဘုံထဲတွင် လွင့်မြောသွားစေသည်။

နတ်အရှင်မချန်းက လှည့်ကြည့်လိုက်သဖြင့် သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွား၏။ ထို့နောက် လူစုခွဲလိုက်ကြပြီး ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်အပေါ် ခုန်အုပ်လိုက်ကြသည်။ ရှစ်ချီလော်ကလည်း ကောင်းကင်နယ်စားမင်းခန္ဓာကိုယ်အပေါ် ခုန်အုပ်ထား၏။ ဤဗလတောင့်တောင့် လူကြမ်းကြီးသည် ခန္ဓာကိုယ် တသိမ့်သိမ့်တုန်နေသည့်အထိ ရယ်မောနေလေသည်။ “ကောင်းကင်နယ်စားမင်းရဲ့ သိုင်းအခြေခံကို စုပ်ယူပြီးရင် ကောင်းကင်နတ်ဘုံအဆင့်က သိပ်မဝေးတော့ဘူး”

ထိုအခိုက်အတန့်တွင် လောကတစ်သောင်းလှည်းဘီးက ဖြတ်သွားသညိ။ ရှစ်ချီလော်၏ ခန္ဓာကိုယ်မှာ လောကတစ်သောင်းလှည်းဘီးကြောင့် နှစ်ပိုင်းပြတ်သွားလေပြီ။ သူ၏ခန္ဓာကိုယ်အောက်ပိုင်းက အသည်းအသန် ပြေးလွှားနေပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ကောင်းကင်နယ်စားမင်း၏ခန္ဓာကိုယ်ကို လှမ်းဆွဲနေသေးသည်။

နတ်ဧကရာဇ်လန်ရွှမ်မှာ အံ့အားသင့်သွားပြီး သူ့ကိုယ်သူကာကွယ်ရန် အလျင်အမြန် လှည့်ကြည့်လိုက်သည်။ သို့သော် ကောင်းကင်နတ်အရှင်ဟောင်အနောက်တွင် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကို မြင်လိုက်ရ၏။ သူ့မှာ မျက်နှာအကြီးအကျယ် ပျက်သွားပြီး ကောင်းကင်နတ်အရှင်ဟောင်က သူ့နဖူးကို လက်ညှိုးထိုးလိုက်သည်။

နတ်ဧကရာဇ်လန်ရွှမ်မှာ သွေးအန်လျက် ထွက်ခွာသွားသည်။

အခြားတစ်ဖက်တွင် နတ်အရှင်မချန်းသည် ကောင်းကင်နတ်အရှင်ကုန်း ပျံသန်းလာနေကြောင်း တွေ့လိုက်ရသဖြင့် အသက်အဖြတ်အရှိန်အဝါနှစ်ခုကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်။ သူမသည် ကောင်းကင်နတ်အရှင်ကုန်း ဒဏ်ရာရသွားမည်ကို စိုးရိမ်၏။ သို့သော် သူမမှာ ကောင်းကင်နတ်အရှင်ကုန်း၏ ကြာပွတ်ဖြင့် အရိုက်ခံလိုက်ရပြီး ဂျင်တစ်လုံးအလား လည်ထွက်သွားသည်။

ကောင်းကင်နယ်စားမင်း၏ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နတ်အရှင်ဟုန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေ၏။ သူက ကောင်းကင်နယ်စားမင်း၏ ပြိုလဲတော့မည့် ကောင်းကင်နှင့်မြေကြီးဝိညာဉ်ကို ကြည့်ကာ အက်ကွဲကွဲ ပြောလိုက်သည်။။ “ဘာလို့ ကိုယ့်ကိုယ်ကို သစ္စာဖောက်ရတာလဲ”

ကောင်းကင်နယ်စားမင်းက ပြုံး၏။ သူ၏မူလဝိညာဉ်နှင့် ကောင်းကင်နှင့် မြေကြီးဝိညာဉ်တို့မှာ ပြိုလဲသွားလေသည်။

ကောင်းကင်နတ်အရှင်ဟုန်မှာ နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရ၏။ သူက ကောင်းကင်နှင့်မြေကြီးဝိညာဉ် ပြိုလဲသွားမှုကို တားဆီးချင်သည့်အလား လက်ဆန့်တန်းလိုက်သည်။ သို့သော် လက်ပြန်ရုတ်လိုက်၏။

သူ့လက်ချောင်းကို ခါလိုက်ရာ ကောင်းကင်နယ်စားမင်း၏ နောက်ဆုံးအသိစိတ်အလျဉ်မှာလည်း ပြိုကွဲသွားတော့သည်။

“ခင်ဗျားက ခင်ဗျားမဟုတ်တော့ဘူး… ခင်ဗျားရဲ့အသိစိတ်အလျဉ်ကို ထားခဲ့တာက ကျုပ်ရဲ့စင်ကြယ်မှုကို ညစ်ညမ်းစေလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟုန်မှာ စိတ်အေးသက်သာစွာ သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူ့မှာ စိတ်အေးသွား၍ မျက်ရည်များပင် စီးကျလာ၏။ သူ၏မူလဝိညာဉ်က ကောင်းကင်နတ်အရှင်ဟုန်၏ ခန္ဓာကိုယ်မှ ပျံထွက်လာကာ ကောင်းကင်နယ်စားမင်း၏ခန္ဓာကိုယ်ကို အလျင်အမြန်ပင်ထိန်းချုပ်လိုက်ပြီး ကောင်းကင်နယ်စားမင်း၏ စွမ်းအားကို စတင်စုပ်ယူတော့သည်။

“ခင်ဗျား သေသွားရင် ကျုပ် ခင်ဗျားအစား အသက်ရှင်ပေးမယ်… ခင်ဗျားရဲ့ ကောင်းကင်တာအိုကို ကျွမ်းကျင်တတ်မြောက်ပြီး တာအိုရဖို့ အိပ်မက်ကို ဖြည့်ဆည်းပေးမယ်.. ဒီလောကရဲ့ အရှင်သခင်ဖြစ်လာပေးမယ်”

ရုတ်တရက် ကောင်းကင်နတ်အရှင်ဟုန်မှာ မျက်နှာအကြီးအကျယ် ပျက်သွားသည်။ သူသည် ကောင်းကင်နယ်စားမင်း၏စွမ်းအားကို စုပ်ယူသန့်စင်နိုင်ခြင်းမရှိသည်အား တွေ့လိုက်ရသဖြင့် အံ့ဩမှင်သက်သွား၏။ အနည်းငယ်မျှကိုပင် သန့်စင်နိုင်ခြင်းမရှိပေ။

အကျဉ်းထောင်ကိုးထပ်စင်မြင့်က သူ၏တာအိုနှလုံးသားထဲတွင် ထွက်ပေါ်လာသည်။ ချွန်ထက်နေသည့် တောင်တန်းများနှင့် မြစ်ချောင်းများက အကျဉ်းထောင်ကိုးထပ်စင်မြင့်အလယ်ဗဟိုတွင် ပေါ်လာကြချေပြီ။

ကောင်းကင်နတ်အရှင်ဟုန်သည် အလွန်တရာသေးငယ်လှသော အကျဉ်းထောင်ကိုးထပ်စင်မြင့်ပေါ်တွင် ရပ်နေသည့် သူ့ကိုယ်သူအား တွေ့လိုက်ရသည်။ မော့ကြည့်လိုက်လျှင် တောင်တန်းများနှင့် မြစ်များအကြားရှိ သေးငယ်လာသော နေရာကွာဟမှုလေးကိုသာ တွေ့မြင်နေရ၏။ ရေတွင်းအဝကို မမြင်ရပေ။

သူက ရုန်းကန်လျက် ဟိန်း‌ဟောက်နေသော်လည်း မလွတ်မြောက်နိုင်ချေ။

ပြင်းထန်လာသော နာကျင်မှုက သူ၏တာအိုနှလုံးသားကို ပုံပျက်ပြိုလဲကာ သိုင်းအခြေခံကို ကျဆင်းလာစေသည်။

ထိုအခိုက်အတန့်တွင် တစ်လောကလုံးကို တုန်လှုပ်သွားစေနိုင်သော စွမ်းအားတစ်ရပ်က သူ့ခြေဖနောင့်အောက်မှ ပေါ်လာ၏။ ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်တာအိုရတနာကို လက်ထဲတွင် ကိုင်လျက် ကောင်းကင်နယ်စားမင်း၏ ဧရာမခန္ဓာကိုယ်ကြီးကို ဖောက်ထွက်ကာ ကောင်းကင်နတ်အရှင်ဟုန်၏ မူလဝိညာဉ်ကို ချေမှုန်းလိုက်တော့သည်။

ဝုန်း….

ကောင်းကင်နယ်စားမင်း၏ မျက်ခုံးနှစ်ဖက်ကြားမှ ကြောက်မက်ဖွယ် လှိုင်းဂယက်ကြီးတစ်ခု ဖြာထွက်သွား၏။ ရှေးဟောင်းနတ်ဘုရားဘုရင်သည် ကောင်းကင်နတ်အရှင်ဟုန်၏ ဝိညာဉ်အား တစ်ချက်တည်းဖြင့် ဖျက်စီးလိုက်လေပြီ။ ထို့နောက် ကောင်းကင်တာအိုအစစ်အမှန်ရတနာက ဧရာမတူကြီးတစ်လက်အဖြစ် ပြောင်းလဲကာ ကောင်းကင်နတ်အရှင်ဟုန်၏ ဦးခေါင်းအပေါ် ရိုက်ချလိုက်သည်။

“ခမည်းတော်”

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ သူက ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်ကို တစ်ချက်ပြီးတစ်ချက် ထုရိုက်နေတော့သည်။

“ခမည်းတော်၊ ခင်ဗျားက အိုနေပြီ… ကျွန်တော့်ကို အနိုင်မယူနိုင်တော့ဘူး…. ဒါတောင်မှ စကြ၀ဠာကို အုပ်ချုပ်ဖို့ အိပ်မက်မက်နေတာလား… ကျွန်တော့်အလှည့် ရောက်ပြီလေ..ခင်ဗျားမသေရင် ကျွန်တော်အလှည့် ဘယ်လိုယူလို့ရမှာလဲ… ဒါကို ခင်ဗျားဆီက သင်ခဲ့တာ… ကျွန်တော် တော်တယ်မလား”

ကောင်းကင်နတ်အရှင်ဟုန်မှာ စိစိညက်ညက် ‌‌ကြေ၍ ပျော့ပြဲသွားျသည်အထိ တစ်ချက်ပြီးတစ်ချက် ထုရိုက်ခံနေရ၏။ ရှေးဟောင်းနတ်ဘုရားဘုရင်ကား မမောပန်းနိုင်စွာ ဆက်လက် ထုရိုက်နေဆဲပင်။

All Chapters