သောင်တင်နေသော မမလေး
Vol. 12 Ch. 38
မက်ဒါနာက သူ့ကိုယ်သူ ကောင်းကင်ပေါ်ကနေ ပြုတ်ကျနေတာကို သတိထားမိတယ်။ သတိရ ရတစ်ချက် မရတစ်ချက်ပါ။ သေနတ်ကိုလှမ်းဆွဲဖို့ ကြိုးစားပေမဲ့ သေနတ်က သူနဲ့အတော်ဝေးဝေးအမြင့်မှာ မျောလွင့်နေတာ တွေ့လိုက်ရတယ်။ တဖြည်းဖြည်းနဲ့ မြေပြင်နဲ့ထိဖို့ နီးကပ် လာတာကိုလဲ သတိထားမိတယ်။ ဒါပေမဲ့ သူဘာမှ မလုပ်နိုင်တော့ဘူး... သူ့ကိုယ်သူ တကယ်သေရတော့မယ်လို့ တွေးခဲ့မိတဲ့အတွက် မျက်ရည်ကျမိတယ်။
“အေမီ၊ ငါနင့်ဆီကို ရောက်နိုင်မယ်မထင်တော့ဘူး။”
အဲဲဒီနောက်တော့ သူ့ခေါင်းက နောက်တစ်ကြိမ် ဟာလာ ဟင်းလင်းဖြစ်သွားတယ်။ ဒါပေမဲ့ သူသတိလစ်မသွားခင် ယောက်ျားလေးတစ်ယောက်ရဲ့ကျယ်လောင်တဲ့အော်သံနဲ့ နွေးထွေးတဲ့အထိအတွေ့ကို ခံစားလိုက်ရပါလေရောလား။
“မင်းသမီးလေး....”
...
မက်ဒါနာ မျက်လုံးဖွင့်လိုက်တယ်။ အဖြူရောင်မျက်နှာကျက် အမိုးက သူ့ကိုဆီးကြိုနှုတ်ဆက်လို့။ သူ့ရဲ့ခြေထောက် တစ်ဖက်ကို မခံစားမိဘူးဖြစ်နေတယ်။ ထဖို့ကြိုးစားတော့ တစ်စုံတစ်ယောက်က သူ့ပခုံးကိုဆုပ်ကိုင်ပြီး ညင်သာစွာ အိပ်ရာပေါ်ကို ပြန်လှဲချပေးလိုက်တာ သတိထားမိတယ်။
“ခဏနားပါဦး။ မင်းသမီးလေးရဲ့ဒဏ်ရာက ပြင်းလွန်းလို့ ခန္ဓာကိုယ်ထဲက သွေးကြောမတွေ ပေါက်ပြဲကုန်တယ်။ ခွဲစိတ်မှုလုပ်ပြီး သွေးကြောအစားထိုးကုသမှုလုပ်ထားပေမဲ့ ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားလို့မရသေးပါဘူး။”
အဲဒီစကားကြောင့် မက်ဒါနာက သူ့ကိုဂရုစိုက်ပေးနေတဲ့ သူကိုကြည့်လိုက်တယ်။ အနောက်တိုင်းဝတ်စုံကို သေချာ သပ်သပ်ရပ်ရပ်ဝတ်ထားပြီး ရင်ဘတ်မှာ ယုန်ပုံနှပ်ထားတဲ့ ငွေရောင်ဒိုင်းပါ တော်ဝင်တံဆိပ်ရင်ထိုးကို ထိုးထားတဲ့သူပါ။ မျက်နှာကိုကြည့်လိုက်တော့ ဝီစမစ်ငယ်ငယ်ကရုပ်နဲ့တူတဲ့ အမေရိကန်အာဖရိကန်နွယ်ဖွား အမျိုးသားတစ်ယောက် ဖြစ်နေတာ တွေ့လိုက်ရရော။
“ရှင်က... ဘယ်သူလဲ...” မက်ဒါနာက ခေါင်းကိုငဲ့စောင်းပြီး မေးလိုက်တော့ ကောင်လေးက သူ့နဖူးကိုသူ စိုးရိမ်စွာနဲ့ ဆုပ်ကိုင်ထားလိုက်တယ်။
“မ... မဟုတ်မှလွဲရော... မင်းသမီးလေး ကောင်းကင်ပေါ်က ပြုတ်ကျပြီးတော့ အတိတ်မေ့သွားတာတ မဟုတ်ပါဘူးနော်။ ကျွန်တော်မျိုးက ဖရက်လေ။”
“ရှင်ဘာတွေပြောနေတာလဲ၊ ပြီးတော့ ကျွန်မက ဘယ်ကို ရောက်နေတာလဲ။”
မက်ဒါနာက မေးလိုက်တော့ ဖရက်က ချက်ချင်းပဲ အိပ်ခန်းရဲ့ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်ပါတယ်။ ပြတင်းပေါက်ကနေတစ်ဆင့် ရေကန်ကြီးတစ်ကန်ရဲ့ သာယာလှတဲ့ အပေါ်စီးမြင်ကွင်းကိုမြင်နေရပြီးတော့ တစ်ဖက်ကမ်းမှာတော့ သစ်ပင်တွေစိမ်းစိမ်းစိုစိုနဲ့ စည်ကားလှတဲ့ မြို့လေးတစ်မြို့ရှိနေတာ မြင်ရတယ်။
“မင်းသမီးလေးအုပ်ချုပ်တဲ့တိုင်းပြည် ဆုဗာနာရဲ့ နန်းတော်မှာပါ။”
“ကျွန်မအုပ်ချုပ်တဲ့တိုင်းပြည်...” မက်ဒါနာကတော့ နားကို မလည်နိုင်တော့ဘူး။ ဖရက်ကတော့ မက်ဒါနာရှေ့မှာ စစ်သည်တစ်ယောက်လို ဒူးထောက်ချလိုက်ရင်း...
“ဟုတ်ပါတယ်... တကယ်တော့ နှုတ်ကျိုးနေလို့ မင်းသမီးလေးကို မင်းသမီးလေးလို့ ခေါ်နေမိတာပါ။ အမှန်က အရှင်မဘုရားလို့ခေါ်ရမှာပါ။”
“....”
ဖရက်ဆိုတဲ့ကောင်လေးက ကြောက်စရာကောင်းတဲ့ပုံစံနဲ့ တအားကိုရိုကျိုးပြနေတော့ မက်ဒါနာကြောက်လန့်ပြီး ထွက်ပြေးချင်လာပြီ။ ဧကန္တသေပြီးတော့ နတ်ပြည်မှာ နတ်သားလေးငါးရာနဲ့ နတ်သမီးလာဖြစ်နေတာတော့ မဟုတ်ပါဘူးနော်။
မက်ဒါနာပေါက်ကရတွေစတွေးမိတဲ့အချိန်မှာပဲ အခန်းတံခါး ပွင့်လာပြီး ဗစ်တိုးရီးယားခေတ်အိမ်စေဝတ်စုံကို ကျနစွာ ဝတ်ထားတဲ့ ညိုချောမိန်းကလေးတစ်ယောက်က ဝင်လာခဲ့ ပြန်ပါတယ်။
“အေ... အေမီ။” မက်ဒါနာ ဝမ်းသာသွားတယ်။ ဒါပေမဲ့ အဲဒီအိမ်စေမိန်းကလေး ဆက်ပြောလိုက်တဲ့ စကားကြောင့် ပျော်နေတာတွေ ချက်ချင်းပျောက်သွားတယ်။
“မလိုအပ်တာတွေ လုပ်မနေစမ်းနဲ့ဖရက်။ အဲဒါက ငါတို့ရဲ့ မမလေးမဟုတ်ဘူး။”
အဲဒီစကားကြောင့် ဖရက်မျက်နှာက မည်းမှောင်သွားပြီး လက်ကိုလေထဲဆန့်လိုက်တယ်။ သူ့လက်ထဲမှာ မိုးကြိုး လေးတစ်ခုပေါ်လာပြီး အေမီကိုချက်ချင်း ပစ်ခတ်တော့ မလိုပါပဲ။
“ငါက တည်ရှိမှုဖျောက်ဖျက်ခံလိုက်ရတဲ့ မင်းသမီလေးရဲ့ရုပ်ရည်ကို ဒီအတိုင်း မေ့သွားမယ်လို့ ထင်နေတာလား။”
အခန်းထဲမှာ မိုးကြိုးသဘာဝစွမ်းအင်တွေက ပြည့်နှက်နေပြီး ပရိဘောဂပစ္စည်းတွေအက်ကွဲကုန်တယ်။ အေမီရဲ့လက်ထဲ တံစဥ်တစ်ချောင်းလည်းတစ်ပြိုင်တည်းဆိုသလို ပေါ်လာပြီး အခန်းတစ်ခုလုံးကို အရိပ်တွေကဖုံးလွှမ်းလာတယ်။
“ငါပြောထားပြီးသား။ နင်က မမလေးရှိဖူးတယ်ဆိုတာပဲ မှတ်မိတော့တာ။ တခြားအချက်တွေကို နင်မသိတော့ဘူး။ အဲဒီအတွက် နင်ကြေကွဲနေမှန်းသိပေမဲ့ မမလေးရဲ့မူကွဲ တစ်ယောက်ကို မမလေးလိုမဆက်ဆံသင့်ဘူး။”
အဲဒီနောက်တော့ အေမီက အရိပ်တွေကို ပြန်သိမ်းတယ်။ ဒါကြောင့် ဖရက်ကလည်း မိုးကြိုးတွေကို ပြန်သိမ်းတယ်။ နောက်တော့ သူတို့နှစ်ယောက်က မက်ဒါနာကို ပြိုင်တူ ကြည့်လိုက်ကြပါပြီ။ အေမီကတော့ မျက်နှာသေနဲ့ မက်ဒါနာကို မေးကြည့်နေပြီး...
“အထူးသဖြင့် ဒီမူကွဲက မမလေး ပျောက်ကွယ်သွားရတဲ့အမှုရဲ့တရားခံတစ်ယောက် ဖြစ်နေချိန်မှာပေါ့။”
သူတို့နှစ်ယောက်ရန်ဖြစ်နေတာကိုကြည့်ရင်း မက်ဒါနာ ခေါင်းရှုပ်လာတယ်။ အဲဒါကြောင့် လက်ညိုးတစ်ချောင်း ထောင်လိုက်ပြီးတော့ မေးလိုက်လေရဲ့...
“ဟိုလေ၊ ဘာဖြစ်နေတာလဲ ကျွန်မကို ရှင်းပြလို့ရမလား။”
အဲဒီစကားကြောင့် ဖရက်က သက်ပြင်းချလိုက်တယ်။ အေမီက မက်ဒါနာကို အတော်ဒေါသထွက်နေပုံပေါ်ပေမဲ့ အတော်သည်းခံထားရတဲ့မျက်နှာနဲ့...
“တခြားသူတွေက တခြားအေမီရဲ့စစ်တပ်ကြီးကိုတားဖို့ အလုပ်ရှုပ်နေတော့ ဒီအစေခံကပဲ ရှင်းပြပေးပါရစေ။”
နောက်တော့ အေမီက ဒီကမ္ဘာကို တခြားလင်ဒါနဲ့ ဆေလာ မက်ဒါနာတို့ရောက်လာတဲ့ကိစ္စတွေနဲ့ ခါးပတ်မက်ဒါနာနဲ့ အဖွဲ့ကို ကြားဖြတ်တိုက်ဖို့လုပ်ရာကနေ မအောင်မြင်ဘဲ မက်ဒါနာပျောက်ကွယ်သွားရတဲ့ကိစ္စအထိ ရှင်းပြတယ်။
“နင်တို့နှစ်ယောက် ကောင်းကင်ပေါ်တက်သွားပြီးနောက် ငါတို့တွေ သူတည်ရှိတာကိုမေ့သွားကြတယ်။ ဒါပေမဲ့ တချို့လူတွေက အမှတ်ရနေပြီး ကျန်တဲ့သူအားလုံးကို ငါတို့မမေ့သင့်တဲ့သူ တည်ရှိနေသေးကြောင်း ပြောခဲ့တာမလို့ ငါတို့နင့်ကိုသိနေသေးတာပဲ။”
အဲဒီစကားကြောင့် မက်ဒါနာက တုန်ယင်နေတဲ့ သူ့ရဲ့လက်တစ်ဖက်ကိုမြှောက်ပြီး ကြည့်လိုက်တယ်။ “ငါက ဘာလို့ဒီလောက်တောင် တုံးအရတာလဲ။ ငါကြောင့် ကျန်ရစ်ခဲ့တဲ့ သူတွေက အများကြီးခံစားခဲ့ရမှာ။”
အေမီက နောင်တရနေပုံရတဲ့ မက်ဒါနာကိုကြည့်ပြီး ဘာမှ မပြောဘဲတိတ်ဆိတ်နေခဲ့တယ်။ အတန်ကြာတဲ့အခါမှ စကားပြန်စပါတယ်။
“ဒီတော့ အဲဒီနောက်ပိုင်းဘာဆက်ဖြစ်လဲ ပြောနိုင်မလား။ နင့်ကြည့်ရတာလဲ အခြေအနေကောင်းတဲ့ပုံ မပေါ်ဘူးလေ။”
“ငါ သစ္စာဖောက်ခံရတာ...”
“သစ္စာဖောက်ခံရတယ်...”
မက်ဒါနာက အေမီကို သူ့ဘက်မှာ ဖြစ်ခဲ့တဲ့အကြောင်းတွေ ပြန်ပြီးတော့ ပြောပြတယ်။ ကမ္ဘာကိုကယ်တင်ဖို့ မက်ဒါနာ မူကွဲတွေကိုစုခဲ့ပေမဲ့ အေမီက ရူးသွပ်နေခဲ့ပြီး တခြားအပြိုင် လောကတွေကို ကျူးကျော်ချင်နေတဲ့အကြောင်းတွေပေါ့။
“နားလည်ပြီ... တခြားအေမီကို ငါနားလည်နိုင်တယ်လို့ ယူဆတယ်။ ငါလည်း မမလေးကို လုံးဝဆုံးရှုံးလိုက်ရမယ် ဆိုရင် အဲဒီလိုရူးသွပ်သွားနိုင်တယ်လို့မြင်တယ်။”
ဒါပေမဲ့ ဖရက်ကတော့ ယုံတဲ့ပုံမပေါ်ပါဘူး။ သူ့ရဲ့မျက်လုံးထဲ မိုးကြိုးစွမ်းအားတွေနဲ့ပြည့်လာပြီး မက်ဒါနာကို ကြောက်စရာ ကောင်းတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
“ဒါပေမဲ့ သူလိမ်မလိမ် ငါတို့ဘယ်လိုလုပ် သိနိုင်မှာလဲ။”
အေမီက ခေါင်းခါပြလိုက်ပြီး ဖရက်ပခုံးကိုပုတ်လိုက်တယ်။ “ငါသူ့နှလုံးခုန်သံကို နားထောင်ခဲ့ပြီးသား။ သူလိမ်မနေဘူး။”
ဒီတော့မှ ဖရက်က စိတ်ပြန်လျှော့လိုက်တယ်။ အေမီက မက်ဒါနာကို ပြန်လှည့်ကြည့်လိုက်ပြီး...
“ဒီတော့ ကိုယ်ပိုင်လက်ထောက်ရဲ့သစ္စာဖောက်ခြင်းခံရတဲ့ တခြားမက်ဒါနာအနေနဲ့ ဘာဆက်လုပ်ဖို့ ရှင်တွေးထားလဲ။”
အေမီရဲ့မေးခွန်းက သိပ်ကိုလေးနက်တယ်။ မက်ဒါနာရဲ့ အမြင်ကိုမေးနေတာဆိုပေမဲ့ ဖြေတာတစ်ခုခုလွဲသွားရင် အသတ်ခံရနိုင်တယ်လို့ စတင်ခံစားလာရတယ်။ ဒါပေမဲ့ မက်ဒါနာမှာ အဖြေရှိပြီးသား။ အဲဒီအဖြေအတွက်လည်း သူတိုက်ခိုက်ခဲ့ပြီးသား။
“ငါက စူပါဟီးရိုးတစ်ယောက်မဟုတ်ဘဲ ကမ္ဘာကြီးကို ကယ်တင်ဖို့ကြိုးစားရာကနေ အလွဲကြီးလွဲသွားပြီးတော့ အခုလိုအရှုပ်တော်ပုံကြီးကို ဖြစ်စေခဲ့တဲ့ လူပဲ။”
မက်ဒါနာက သူ့ရင်ဘတ်နှလုံးသားရှိရာကို ဆုပ်ကိုင်ထားရင်း ပြောလိုက်တယ်။ “ဒါပေမဲ့ ဖြစ်နိုင်ရင် အနည်းဆုံးတော့ လူတစ်ယောက်ကို ကာကွယ်ပေးချင်သေးတယ်။ သခင်မ တစ်ယောက်အနေနဲ့ လက်အောက်ခံကို ကာကွယ်ပေးရမှာ ငါ့ရဲ့တာဝန်ပဲမဟုတ်လား။”
“အဲဒီလက်အောက်ခံက ရှင့်ကို သစ္စာဖောက်ခဲ့တာတောင်မှလား။”
အေမီက ထောက်ပြတော့ မက်ဒါနာက အသာတကြည်ပဲ ခေါင်းညိတ်ပြတယ်။ “သူက အထီးကျန်နေခဲ့ရုံပါ။ ကျွန်မ သူ့ကို မမုန်းပါဘူး။”
အဲဒီစကားကြောင့် ရှားရှားပါးပါးအနေနဲ့ ပထမဆုံး အေမီက ပြုံးလိုက်ပါတယ်။ “တခြားမက်ဒါနာဖြစ်နေတာတောင်မှ ရှင်က ကျွန်မမမလေးနဲ့သေလောက်အောင် ဆင်တူနေတုန်းပဲ။”
မက်ဒါနာကတော့ သူ့ကိုယ်သူ ပြန်ငုံကြည့်လိုက်ပြီးတော့ ပြောပါတယ်။ “ဒါပေမဲ့ တကယ်တမ်းပြောရရင် အဲဒီလို ဘယ်လိုလုပ်ရမလဲ ကျွန်မမသိဘူး။ ကျွန်မက အားနည်းတယ်။ ရှင်တို့ပြောတဲ့အတိုင်းဆိုရင် ကျွန်မက နည်းနည်းလေးလှုပ်ရုံနဲ့တင် ဒဏ်ရာတွေပြန်ပွင့်လာမှာ မဟုတ်လား။ ပြီးတော့ ခြေထောက်တစ်ဖက်လည်း မရှိတော့ဘူး။”
“ဒါတွေအားလုံးက အသေးအဖွဲတွေပါ။ ရှင်သာ ရှင့်ရဲ့အေမီကို နှစ်သိမ့်ပေးချင်ပြီး ကျွန်မတို့ရဲ့မမလေးကို ပြန်လွှတ်ပေးမယ်ဆိုရင် ကူညီပေးဖို့ အသင့်ပါပဲ။”
အေမီက လက်ခုပ်တစ်ချက်တီးလိုက်တယ်။ ဆုဗာနာရဲ့ ချစ်စရာကောင်းတဲ့ မြန်မာဝတ်စုံဝတ်ထားတဲ့ စက်ရုပ် အိမ်စေမိန်းကလေးတချို့က အိပ်ခန်းထဲဝင်လာပြီး မက်ဒါနာကိုထူပေးလိုက်တယ်။ အဲဒီနောက် နည်းပညာနဲ့ လုပ်ထားတဲ့ခြေတုကို မက်ဒါနာရဲ့ခြေထောက်နေရာမှာ အစားထိုးပေးလိုက်တယ်။ ပြီးတော့ အပြာနုရောင်ရှိပြီး ရေကူးဝတ်စုံတစ်စုံနဲ့တူတဲ့ မိန်းကလေးဝတ် နည်းပညာချပ်ဝတ်တစ်ခုကိုလဲ ယူလာပေးတယ်။
“သခင်တစ်ယောက်အနေနဲ့ ငယ်သားတွေကိုကာကွယ်ပေးဖို့ ချပ်ဝတ်တစ်ခုတော့ လိုတယ်မဟုတ်လား။ ဒီAquamarineဝတ်စုံက S အဆင့်ပဲရှိတယ်ဆိုပေမဲ့ ရှင့်အတွက် လုံလောက်မှာပါ။”
ဖရက်က ပခုံးပင့်လိုက်ပြီး ဝင်ပြောတယ်။ “အေမီ၊ အဲဒါက မင်းသမီးလေးစမ်းသပ်နေတဲ့ စစ်နတ်သမီးမော်ဒယ်သစ်ဖို့ ဝတ်စုံမဟုတ်လား။”
“အင်း၊ ဒါပေမဲ့ အခုတော့ ဒီက တခြားမမလေးအတွက် တိုက်ပွဲဝင်ဝတ်စုံအဖြစ် ထုတ်ပေးလိုက်တော့မယ်။”
အေမီက ဝတ်စုံရဲ့ရင်ဘတ်မှာရှိနေတဲ့ စွမ်းအင်ဗဟိုချက်ကို ထိလိုက်တော့ ဝတ်စုံက ချစ်စရာကောင်းတဲ့ လက်မအရွယ် ဒင်္ဂါးပြားလည်ပတ်လေးအဖြစ် ပြောင်းသွားပြီး အဖြူရောင် လည်တိုင်လှလှမှာ ပတ်ပြီးသားဖြစ်သွားတယ်။
“ဝတ်စုံကိုအသက်သွင်းမယ်ဆိုရင် လည်ပတ်ကိုထိပြီး ‘Suit Up'လို့ အော်ရမယ်။”
မက်ဒါနာက နားလည်တဲ့အနေနဲ့ ခေါင်းညိတ်လိုက်တယ်။ အေမီက နောက်ဆက်တွဲအနေနဲ့... “လက်နက်စနစ်တော့ မထည့်ရသေးတာမလို့ ရှင့်အနေနဲ့ ရှင့်သေနတ်ကိုပဲ ဆက်ပြီး သုံးရဦးမယ်။”
ဒီတစ်ခါတော့ မက်ဒါနာက ခေါင်းကိုစောင်းလိုက်တယ်။ “ဒဏ်ရာတွေကျတော့ရော...”
“နောက်မှ မမလေးတီထွင်ထားတဲ့ ဇီဝကွမ်တမ်စက်နဲ့ သွေးကြောတွေကိုပြန်တည်ဆောက်ပေးပါမယ်။ အဲဒါက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးသွားတာတောင်မှ ပြန်ပြီး တည်ဆောက်ပေးနိုင်စွမ်းရှိတယ်လေ။”
“ဘုရားရေ... ဒီကမ္ဘာက မက်ဒါနာက မနာလိုစရာ ကောင်းအောင် သန်မာတာပဲ။”
အဲဲဒီအချိန်မှာပဲ အေမီက ပြတင်းပေါက်အပြင်ကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး အကြည့်တွေက တင်းမာသွားတယ်။ ဖရက်ကလည်း ပြတင်းပေါက်ကနေ ခုန်ချပြီး အပြင်ကိုထွက်ကာ ပျံသန်းတယ်။
“ဘယ်သူလဲ...”လို့လဲ အော်လိုက်သေးတယ်။ မက်ဒါနာလည်း အဝေးကိုလှမ်းကြည့်လိုက်တော့ ပေါ်တယ်တစ်ခုပွင့်လာတာမြင်ရပြီး အဲဒီပေါ်တယ်ထဲက ဓားအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာတာ မြင်လိုက်ရရော။
“မြို့ကိုထိသွားရင် ပြဿနာဖြစ်တော့မှာပဲ။” ဖရက်က တွေးပူပြီး သူ့စွမ်းအားတွေနဲ့တစ်ခုခုလုပ်ဖို့ကြံပေမဲ့ အေမီက ပိုလျင်တယ်။ သူက လက်ညိုးတစ်ချောင်း ညွန်ပြလိုက်ရုံနဲ့ မြို့အကာအကွယ် စွမ်းအင်တံတိုင်းကြီးက အသက်ဝင်လာပြီး ဓားအလင်းတန်းဝင်ရောက်လာတဲ့ နေရာကွက်ကွက်ကိုပဲ စွမ်းအင်တွေစုစည်းခုခံလိုက်တယ်။
ဘုန်း....
လမင်းရေကန်ကရေတွေ လှိုင်းထသွားတယ်။ ဓားစွမ်းအင် လှိုင်းတွေက စွမ်းအင်အလွှာကိုတုန်ခါအက်ကွဲသွားစေပေမဲ့ ပြိုတော့ပြိုလဲမသွားဘူး။ အဲဒီအစား အရပ်မျက်နှာပေါင်းစုံကို လှိုင်းတွေက ပြန့်ကွဲသွားပြီး မြက်ပင်တွေအမြစ်က ကျွတ်တဲ့ လေပြင်းမုန်တိုင်းမျိုးအဖြစ်သာ အားလျော့သွားတယ်။
အဲဒီနောက်တော့ ပေါ်တယ်က ပြန်လည်သေးငယ်လာပြီး ပျောက်ကွယ်သွားတော့မယ့်အချိန်မှာပဲ ဓားကိုင်ထားတဲ့ လူတစ်ယောက်က ပေါ်တယ်ထဲကနေ ထွက်ပေါ်လာလေရဲ့။
“အပြိုင်ကမ္ဘာကနေ ကျူးကျော်လာတဲ့သူ။” ဖရက်က သူ့လက်နှစ်ဖက်ကနေ မိုးကြိုးစွမ်းအားတွေကို ထုတ်ဖော်ပြီး ဓားနှစ်လက်အဖြစ် အသွင်ပြောင်းလိုက်တယ်။ နောက်တော့ မြက်ခင်းပြင်ပေါ်လဲကျနေတဲ့ လူဆီကို တည့်တည့်မတ်မတ် ပျံသန်းသွားတော့တာပဲ။
ပေါ်တယ်က ထွက်လာတဲ့သူကလည်း အန္တရာယ်ကို အာရုံခံမိပုံနဲ့ မြေပြင်မှာဒူးထောက်ကျနေပြီး ဓားကိုမြေမှာစိုက်ကာ ကိုယ်ကိုပြန်မတ်ဖို့ ကြိုးစားနေတယ်။ ဖရက်က အဲဒီလူကိုမိုးကြိုးတွေနဲ့ ကင်ပစ်ဖို့ စက္ကန့်ပိုင်း အလိုမှာပဲ မက်ဒါနာက အလန့်တကြားအော်လိုက်လေရဲ့။
“ခဏလေး၊ အဲဒီလူကို ကျွန်မသိတယ်။ သူ့ဆီကို ကျွန်မကို ခေါ်သွားပေး။”
အေမီက တုံ့ဆိုင်းမနေဘဲ အိပ်ရာပေါ်လဲနေတဲ့ မက်ဒါနာကို မင်းသမီးလေးလို ပွေ့ချီလိုက်တယ်။ အဲဒီနောက်တော့ သူကိုယ်တိုင် ဖရက်ကိုမီအောင်လိုက်ပြီး ဖရက်ထက်တောင် ကျော်သွားသေးတယ်။ အဲဒီနောက် အမျိုးသားနှစ်ယောက်ရဲ့ ကြားမှာမားမားမတ်မတ်ရပ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက် လေရဲ့။
“ဖရက်၊ သွေးပူပူနဲ့လျှောက်လုပ်နေတာကို ရပ်လိုက်။”
အိမ်စေတစ်ယောက်နဲ့ဆံပင်ဖြူနဲ့မိန်းကလေးတစ်ယောက် တိုက်ပွဲကြားထဲ ဝင်လာတာကြောင့် နှစ်ယောက်လုံး အရှိန်ကို သတ်လိုက်ကြတယ်။ ဓားနဲ့လူကတော့ အေမီရဲ့ရင်ခွင်ထဲက မက်ဒါနာကို ကြည့်လိုက်ပြီး ပြုံးလိုက်လေရဲ့။
“သခင်မလေး၊ ခင်ဗျား လုံလုံခြုံခြုံနဲ့ ရှိနေတာပဲ။” နောက်တော့ စကားဆုံးတာနဲ့ အဲဒီလူက မြေပေါ်ကို ဆန့်ဆန့်ကြီးလဲကျသွားပြီး သတိလစ်သွားပါလေရော။