← Chapters

နည်းလမ်းမရှိလေတော့သလား

Vol. 10 Ch. 136

နည်းလမ်းမရှိလေတော့သလား

Vol. 10 Ch. 136

ဆေးဆိုင်ပိုင်ရှင်က ဖြေးညှင်းစွာ ဆက်ပြောသည်။

“ဒီနေရာကို စုစည်းခြင်းအဆင့်ကျင့်ကြံသူတွေ စီစဉ်ထားတာ။ စည်းမျဉ်းကို သူတို့ချမှတ်တာ။ သေခြင်းရှင်ခြင်းဂိတ်တံခါးတွေဟာ မှော်စက်ဝန်းမှာတည်တယ်။ ကောင်းကင်က မျှော်လင့်ချက်ပါးပါးလေးချန်ထားတယ်။ ဒီမှာချမှတ်ထားတဲ့ စည်းမျဉ်းတွေမှာ ထွက်ပေါက်တစ်ခုတော့ ရှိပါလိမ့်မယ်။

ဒါပေမယ့် စုစည်းခြင်းကျင့်ကြံသူတွေက ဘယ်သူ့ကိုမှ ထွက်မသွားစေချင်လို အဓိပ္ပါယ်မရှိတဲ့ ဒီစည်းမျဉ်းတွေကို သတ်မှတ်ထားတာပါ။ ဒါက သူတို့အကျိုးအတွက်ပဲ။ အားလုံးအတွက်လည်း မျှော်လင့်ချက်ရေးရေး‌လေးလည်း ချပေးထားတယ်ပေါ့လေ”

လုယန် အော်ဆဲချင်စိတ်ကို ထိန်းချုပ်၍ စာဆက်ရေးသည်။

‘မြို့စားကို ဘယ်လိုသတ်ရမလဲ’

“သတ်ဖို့မဖြစ်နိုင်ဘူး။ မြို့စားက မသေမျိုးပါ။ မင်းတို့သူ့ကို ဘယ်လိုသတ်နိုင်မှာလဲ”

ဆိုင်ရှင်က ပြောသည်။

မုန်ကျင်းကျိုး လက်သီးကိုတင်းတင်းဆုပ်၍ စည်းမျဉ်းချမှတ်သည့် စုစည်းခြင်းကျင့်ကြံသူများကို စိတ်ထဲမှ ကျိတ်ဆဲနေသည်။

စည်းမျဉ်း ၂၁ ခုက ရှိရှိမရှိရှိ ဘာမှမကွာခြား။

လုယန်လည်း မျက်နှာမကောင်း။ သို့သော် စိတ်တည်ငြိမ်အောင် ထိန်းထားသည်။ အော်ဆဲ၍လည်း အကျိုးမထူးနိုင်မှန်းသိသည်။ စာဆက်ရေးသည်။

‘မြို့စားက ဘယ်မှာလဲ’

ဆေးဆိုင်ပိုင်ရှင် တဟက်ဟက်ရယ်နေသည်။

“မင်းသူ့ကို တကယ်သတ်ဖို့စဉ်းစားနေတာလား။ စိတ်မကောင်းပါဘူး။ သူဘယ်မှာနေလဲ ငါမသိဘူး။ အရာရှိတွေကို သွားမေးရင်တော့ ရနိုင်ပါတယ်။ သူတို့က မြို့စားနဲ့ အနီးစပ်ဆုံးလူတွေပဲ။ မင်းကို သူတို့ပြောမယ်မပြောဘူးဆိုတာတော့ ငါနဲ့မဆိုင်ဘူး”

သူတို့ထွက်လာချိန်တွင် ဆေးဆိုင်ပိုင်ရှင်က လှမ်းအော်သည်။

“မင်းတို့ ဒီကနေ တကယ်ထွက်သွားချင်တဲ့ပုံပါ။ ငါမင်းတို့ကို သတိပေးလိုက်မယ်။ မြို့ထဲမှာ ဖြစ်ပျက်သမျှအားလုံးကို မြို့စားက သိနေတယ်ကွ။ ဒါသူ့အစွမ်းပဲ။ ဒီတော့ သတိထားကြပါ”

မုန်ကျင်းကျိုး ကျေးဇူးတင်စကားပြောရန်ပြင်သည်။ သို့သော် ဆေးဆိုင်ပိုင်ရှင်ကို စကားမပြောရဟူသည့်စည်းမျဉ်းကို ပြန်သတိရလာသဖြင့် ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည်။

လုယန်က အစမှအဆုံးထိ အေးစက်စက်သာရှိနေသည်။

“ဆေးဆိုင်ပိုင်ရှင်ပြောတာတွေ အမှန်လို့ မင်းထင်လား”

မုန်ကျင်းကျိုးက မေးသည်။

လုယန် ပြန်မဖြေ။ အတော်ဝေးဝေးသို့ ရောက်လာပြီးနောက် သူလှောင်ပြုံးပြုံးသည်။

“စည်းမျဉ်းအရ သူပြောတာတွေက အမှန်ပဲဖြစ်မှာပေါ့။ ဒါပေမယ့် အမှန်ပြောရုံနဲ့ သူကငါတို့ဘက်မှာရှိတယ်လို့တော့ မဆိုနိုင်ဘူးလေ။ သူနဲ့ တည်းခိုခန်းပိုင်ရှင် ဘာကွာလဲ သတိထားမိလား”

“ဘာကွာလို့လဲ”

“ဆေးဆိုင်ပိုင်ရှင်က ငါတို့စကားပြောအောင် နည်းလမ်းစုံသုံးပြီး ကြိုးစားခဲ့တာကွ”

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ တည်းခိုခန်းပိုင်ရှင်နဲ့ ဆက်သွယ်စဉ်က နှစ်ဘက်လုံး စာရေး၍သာပြောခဲ့သည်။ ဆေးဆိုင်ပိုင်ရှင်က နှုတ်ဖြင့် ပြန်ဖြေသည်။ သူတို့က စာရေး၍မေးရသည်။

တစ်ဘက်က စကားပြောနေသည်။ ကိုယ့်ဘက်က သတိလွတ်သွားလျှင် စကားပြန်ပြောမိနိုင်သည်။

“အတော်ကောက်ကျစ်တဲ့ မြေခွေးအိုပဲ”

မုန်ကျင်းကျိုး ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက် မူမမှန်သည့်အချက်ကို ပြန်သတိရလာသည်။

“သူငါတို့ကို တကယ်ဒုက္ခပေးချင်ရင် မြို့ထဲမှာဖြစ်နေတာအားလုံး မြိူ့စားကသိတယ်ဆိုတာ ငါတို့ကို ဘာလို့သတိပေးမှာလဲ”

လုယန်အတွက် ထိုအချက်က စဉ်းစားစရာမလို။

“ငါတို့ ဒီကနေထွက်ဖို့ နည်းလမ်းစုံသုံးပြီး ကြိုးစားနေတာ သူရိပ်မိတယ်။ သူတားလို့မရဘူး။ ဒါကြောင့် အရေးကြီးတဲ့အချက်အလက်တွေ ပြောပြတယ်။ မြို့စားကို အနိုင်မယူနိုင်ဘူးဆိုတာ ငါတို့သိအောင်လုပ်တယ်။

ဒီတော့ ဖြစ်နိုင်ခြေနှစ်ခုရှိလာမယ်။ ငါတို့လက်လျှော့သွားမယ်။ ဒါမှမဟုတ်ရင် ငါတို့အချင်းချင်း သဘောထားကွဲလွဲမယ်။ အဲလိုဆို ကိုယ့်ဒုက္ခကိုယ်ဖန်တီးသလို ဖြစ်လာမယ်လေ”

မုန်ကျင်းကျိုး စုပ်တစ်ချက်သပ်လိုက်သည်။ အတော်အခက်တွေ့နေသည်။

“အခု အကြီးဆုံးပြဿနာက ငါတို့ဘာလုပ်မယ်ဆိုတာ မြို့စားကသိနေတာပဲ။ ထွက်ဖို့နည်းလမ်း စဉ်းစားမိရင်တောင် သူငါတို့ကို တားနိုင်ဦးမှာပဲ”

မြို့စား၏စောင့်ကြည့်မှုအောက်မှ သူတို့ဘယ်လို ခိုးထွက်နိုင်မည်နည်း။

လုယန် ခဏစဉ်းစားသည်။ စိတ်ကူးတစ်ခု ရလာသည်။

စာရွက်နှင့်စုတ်တံကိုထုတ်၍ စာရေးသည်။

‘ငါတို့ချင်း စာနဲ့ပဲဆက်သွယ်မယ်။ အဲလိုဆို မြို့စားက ငါတို့အပေါ် အာရုံစိုက်တာ လျော့သွားနိုင်တယ်”

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။

လုယန် ဆက်ရေးသည်။

‘ငါတို့ကို ဂိုဏ်းကပေးထားတဲ့ ကျောက်စိမ်းတံဆိပ်တွေ ရှိတယ်မဟုတ်လား။ တံဆိပ်တစ်ခုချင်းစီက ငါတို့ရဲ့အမှတ်သညာပဲလေ။ တံဆိပ်ပျက်စီးသွားတာနဲ့ ငါတို့ဂိုဏ်းက လူလွှတ်ပြီး စစ်ဆေးလိမ့်မယ်။ ငါတို့အနေနဲ့လည်း တံဆိပ်ကို ဖျက်ဆီးနိုင်ဖို့ခက်တယ်။ ဒါပေမယ့် အပြင်ထွက်လမ်းထဲကို ပစ်ထည့်လိုက်မယ်ဆိုရင် အရိုးချလေပြင်းကြောင့် ပျက်စီးသွားမှာပဲ’

မုန်ကျင်းကျိုး မျက်လုံးများ အရောင်လက်လာသည်။ တကယ်ကောင်းသည့်စိတ်ကူးဟု သူယူဆသည်။ ထို့ကြောင့် သူလည်း စာပြန်ရေးသည်။

‘ဒါဆို မြို့စားကို ဘယ်လိုရင်ဆိုင်ကြမလဲ’

‘မြို့စားရဲ့အပြုအမူကို နားလည်နိုင်ဖို့ အရာရှိတွေနဲ့ပဲ စရမယ်’

သူတို့နှစ်ယောက် စာရွက်ပေါ်တွင် အပြန်အလှန်ရေး၍ အသေးစိတ်အစီအစဉ်တစ်ခု ပြင်ဆင်သည်။ ထို့နောက် စာရွက်ကို မီးရှို့၍ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကြသည်။

လုယန်ဆက်လျှောက်ရင်း ကိုယ်ပိုင်ကျောင်းနားသို့ ရောက်လာသည်။ ခါတိုင်းလိုပင် စာဖတ်သံများ ကြားရသည်။ သို့သော် ထာဝရနတ်မယ်က အမှန်တကယ် ခွေးဟောင်သံများဖြစ်ကြောင်းပြောသည်။ စည်းမျဉ်းစွမ်းအားလွှမ်းမိုးမှုကြောင့် စာဖတ်သံအဖြစ် ပြောင်းသွားခြင်းဖြစ်သည်။

စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ ကျောင်းထဲသို့ ဝင်မိလျှင် စာဖတ်သံများက ခွေးဟောင်သံအဖြစ် ပြောင်းလဲသွားမည်။ ဆိုးဝါးသည့်အဖြစ်မျိုး ကြုံရမည်။

ကိုယ်ပိုင်ကျောင်းဆရာက လုယန်နာသို့ ချဉ်းကပ်လာပြီး ကျောင်းထဲဝင်ဖို့ လုယန်ကို ဖျောင်းဖျသည်။ လုယန်က ခေါင်းကိုငုံ့ထားပြီး မကြားချင်ယောင်ဆောင်နေသည်။

ကျောင်းဆရာက စကားကြွယ်ကြွယ်ဖြင့် အဆက်မပြတ်ပြောနေသည်။

“မိတ်ဆွေ၊ ကျုပ်တို့ ထပ်ဆုံကြပြန်ပြီနော်။ တစ်ယောက်တည်းပါလား။ မင်းမိတ်ဆွေနဲ့ သဘောထားကွဲလွဲသွားပြီလား။ ဒါဆို ကျုပ်ပြောခဲ့တာတွေကို မင်းယုံကြည်သေးတဲ့သဘောပေါ့။ စည်းမျဉ်းတွေပြောတာကို မယုံပါနဲ့။ ဆယ်ခုမှာတစ်ခုက အလိမ်အညာပဲ။ မင်းခွဲခြားပြီး သိနိုင်မှာမဟုတ်ဘူး...

လုယန်ကို အငိုက်ဖမ်းတိုက်ခိုက်ရန် သူခေါင်းငုံ့လိုက်သည်။ ထိုစဉ် ခေါင်းငုံ့ထားသည့် လုယန်က ရုတ်တရက် ခေါင်းမော့လာသည်။ သူလည်း ခေါင်းမော့လိုက်သည်။ အားလုံးအမှောင်ကျသွားသည်။ ဘာဖြစ်သွားမှန်းမသိ။

ကိုယ်ပိုင်းကျောင်းဆရာက လုယန်ကိုသာ အာရုံစိုက်နေခဲ့သည်။ မုန်ကျင်းကျိုးက နောက်ကျောဘက်မှ အသာတိုးကပ်လာပြီး အိတ်တစ်လုံးဖြင့် စွပ်ချလိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့်တစ်ခေါက်က ကြောက်လန့်ခဲ့ရသည့်အတွက် သူတို့နှစ်ယောက် ကိုယ်ပိုင်ကျောင်းဆရာကို လက်စားချေလိုစိတ် ပြင်းပြနေသည်။ ယခု မျက်လုံးချင်းဆုံမည်ကို ကြောက်စရာမလိုတော့။ စိတ်တိုင်းကျလက်စားချေခွင့်ရလာသည်။

နတ်ဆိုးဂိုဏ်းဝင်တို့သည် အငြှိုးအတေးကြီးသူများဖြစ်သည်။ ထိုစရိုက်ကို လုယန်နှင့်မုန်ကျင်းကျိုးတို့ထံတွင် အထင်အရှားမြင်နိုင်သည်။

“ချကွာ”

နှစ်ယောက်သား ကိုယ်ပိုင်ကျောင်းဆရာကို စိတ်ရှိလက်ရှိ ထိုးကြိတ်ကန်ကျောက်သည်။

ကျောင်းဆရာ ထိုအခြေအနေမျိုး တစ်ခါမှမကြုံဖူး။ အဆက်မပြတ် အော်ဟစ်နေသည်။

“မရိုက်ပါနဲ့။ ကျုပ်ကိုမရိုက်ပါနဲ့တော့”

စည်းမျဉ်း ၉။ မီးခိုးရောင်ဝတ်စုံဝတ်ထားသူများသည် ကိုယ်ပိုင်ကျောင်းမှဆရာများဖြစ်သည်။ သူတို့ဘာပြောပြော အရေးမစိုက်ရ။

သူတို့နှစ်ယောက်လုံးသည် တစ်ဘက်သားကတောင်းပန်လျှင် ထောက်ထားငဲ့ညှာတတ်ကြသူများဖြစ်ပါသည်။ သို့သော် စည်းမျဉ်းအရ ကျောင်းဆရာဘာပြောပြော မကြားသလိုသာဟန်ဆောင်နေရသည်။

ဆက်လက်ရိုက်နှက်ရုံမှတစ်ပါး တစ်ခြားရွေးချယ်စရာမရှိ။

အားရကျေနပ်အောင် ရိုက်နှက်ပြီးနောက် သူတို့ သက်ပြင်းချလိုက်သည်။ ထွက်မသွားမီ မုန်ကျင်းကျိုးက တံတွေးဖြင့်ထွေးသည်။

“ထွီး၊ သောက်ရေးမပါတဲ့ကောင်။ မင်းငါနဲ့ နောက်တစ်ခါထပ်မတွေ့စေနဲ့”

နှစ်ယောက်သား လက်ချင်းချိတ်၍ တည်းခိုခန်းသို့ ပြန်ကြသည်။ ကျောင်းဆရာက အိတ်ထဲမှရုန်းထွက်၍ ဝေးကွာသွားသည့် သူတို့နောက်ကျောကို ဒေါသတကြီး စိုက်ကြည့်သည်။

“မင်းတို့ ငါနဲ့ထပ်မတွေ့စေနဲ့ပေါ့ကွာ”

လေးရက်မြောက်နေ့ မနက်ပိုင်းတွင် စားသောက်ဆိုင် အောက်ဆုံးထပ်သို့ သူတို့သွားကြသည်။ မြို့ထဲတွင် အသားပေါက်စီရောင်းသည့် တစ်ခုတည်းသောနေရာဖြစ်သည်။

စည်းမျဉ်း ၁၁။ မြို့ထဲမှ အစားသောက်အားလုံး အခမဲ့ပေးထားသည်။ ကိုယ့်ဘာသာ ယူစားနိုင်သည်။ သို့သော် အသားပေါက်စီများကို မစားရ။

အသားပေါက်စီသည် အခမဲ့ဖြစ်သည်။ ထို့ကြောင့် သူတို့စား၍မရသော်လည်း အားလုံးယူသွားဖို့ ဆုံးဖြတ်လိုက်သည်။ မနေ့က ကျောင်းဆရာကိုစွပ်ခဲ့သည့်အိတ်မျိုးဖြင့် ထည့်ယူသွားသည်။

ဝတ်ရုံနက်အရာရှိများ ပုံမှန်ချိန်အတိုင်း စားသောက်ဆိုင်သို့ ရောက်လာသည်။

အသားပေါက်စီ တစ်ခုမှမကျန်တော့။

“ဘယ်ကောင့်လက်ချက်လဲကွ”

အရာရှိများ ဒေါသအကြီးအကျယ်ထွက်သွားသည်။

အရပ်သားမြို့၏ အရာရှိစည်းမျဉ်းအရ နေ့တိုင်း အသားပေါက်စီသာ သူတို့စားရသည်။ ယခု ဘာသွားစားတော့မည်နည်း။

“ခေါင်းဆောင်၊ ဟိုလူနှစ်ယောက်ကို ကြည့်ပါဦး။ ကျုပ်တို့အသားပေါက်စီတွေ သူတို့သယ်သွားတာမဟုတ်လား”

အနံ့ခံအာရုံကောင်းသည့် အရာရှိတစ်ယောက်က အသားပေါက်စီနံ့ကို ရသွားသည်။

အရာရှိများ လှမ်းကြည့်ကြသည်။ သူတို့ရိပ်မိသွားမှန်း သိလိုက်သဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ ခြေကုန်သုတ်၍ ပြေးသည်။

ခုနက သံသယဝင်ရုံသာဖြစ်သည်။ ယခု သေချာသွားသည်။

“သေချာတယ်။ ဒီကောင်တွေပဲ။ လိုက်ကြဟေ့”

ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သည့် အရပ်သားမြို့က ယနေ့ ထူးထူးခြားခြား ဆူညံပွက်လောရိုက်နေသည်ကို မြို့ခံလူများ သတိထားမိကြသည်။

“ခွေးသူတောင်းစားနှစ်ကောင်။ မင်းတို့ ရပ်နေစမ်း”

လုယန်က ပြေးနေရင်းမှ ပြန်အော်ပြောသည်။

“ရပ်လို့မရဘူးဗျ။ စည်းမျဉ်း ၁၂ မှာ ပြောထားတယ်။ ကျုပ်တို့က စည်းမျဉ်းအတိုင်း လိုက်နာရတာပါ။ ကျုပ်တို့အခက်တွေ့အောင် မလုပ်ပါနဲ့”

စည်းမျဉ်း ၁၂။ အရာရှိများကို သတိထားပါ။ ဝတ်ရုံနက်ဝတ်ထားသူများသည် အရာရှိများဖြစ်သည်။ တွေ့လျှင် ချက်ချင်းထွက်ပြေးပါ။ သူတို့ဘယ်လိုလှမ်းခေါ်သည်ဖြစ်စေ နောက်လှည့်မကြည့်ရ။

အရာရှိခေါင်းဆောင် ဒေါသအိုးပေါက်ကွဲသွားသည်။

“အဲဒီ့သောက်စည်းမျဉ်းထဲမှာ အသားပေါက်စီယူသွားပါလို့ ပြောမထားဘူးကွ”

လုယန်နှင့်မုန်ကျင်းကျိုးတို့၏ ခြေထောက်များက မယုံနိုင်လောက်အောင် မြန်ဆန်သွက်လက်လှသည်။ အရာရှိများ သူတို့ကို လိုက်မမီကြ။

*************************************************

All Chapters