ဘက်စုံတွက်ချက်မှုများ
Vol. 10 Ch. 138
အရပ်သားမြို့အပြင်ဘက်တွင် စုစည်းခြင်းအဆင့် စွမ်းအားရှင်ငါးယောက် တိုက်ခိုက်နေသည်။ ငါးရက်ကြာခဲ့ပြီဖြစ်သည်။
ရှေးခေတ်ကျင့်ကြံသူလေးယောက်က စွမ်းအင်ရိုက်ခတ်မှု မယိုစိမ့်စေရန် တိုက်ပွဲနယ်မြေကို ထိန်းထားသည်။ တာအိုဝစီပိတ်က သူ့စွမ်းအင်နယ်မြေအတွင်း ကြမ်းတမ်းစွာ တိုက်ခိုက်သည်။
“သောက်လခွမ်းကွာ၊ ဒီလိုရင်ဆိုင်ရအခက်ဆုံး ဓားကျင့်ကြံသူမျိုးနဲ့မှ လာကြုံရတယ်လို့”
ရှေးဟောင်းကျင့်ကြံသူတစ်ယောက် မျက်မှောင်ကျုံ့၍ ပြောသည်။ သမိုင်းတစ်လျှောက် ဓားကျင့်ကြံသူတို့သည် တိုက်ခိုက်ရာတွင် အင်အားအကြီးဆုံးဖြစ်သည်။ ခေတ်သစ်ဓားကျင့်ကြံသူနှင့် ပထမဆုံးအကြိမ် သူတို့ရင်ဆိုင်တွေ့ခြင်းဖြစ်သည်။ ထိုထက်ကံဆိုးသည့်အဖြစ်မျိုး မရှိတော့။
သူတို့လေးယောက်သည် စုစည်းခြင်းအလတ်တန်းဆင့်နှင့် ထိပ်ဆုံးအဆင့်များဖြစ်သည်။ စုစည်းခြင်းအဆင့်မျိုး စုစည်းခြင်းအဆင့်ထဲတွင် သူတို့စုပေါင်းတိုက်တိုက်ခိုက်မှုကို ယှဉ်နိုင်သူဟူ၍ မတွေ့ခဲ့ဖူး။ သို့သော်ယခု တာအိုဝစီပိတ်ကို မယှဉ်နိုင်အောင် ဖြစ်နေသည်။ သူတို့ပေါ့ဆလျှင် ရှုံးနိုင်ခြေရှိသည်။
အရပ်သားမြို့၏စည်းမျဉ်းများကို ထိန်းသိမ်းထားရသလို အချိန်ကြာမြင့်စွာ နိုးထချိန်မကြာသေး၍ စွမ်းအားပြည့်မရသေးသောကြောင့်လည်းပါသည်။ သို့သော်လည်း တာအိုဝစီပိတ်၏ ကြောက်စရာစွမ်းအားက အသိအမှတ်ပြုထိုက်သည်။
“ငါတို့ခေတ်က စုစည်းခြင်းအဆင့်ဓားပညာရှင်တွေတောင် ဒီလောက်အဆင့်မရှိပါဘူးကွာ”
နောက်တစ်ယောက်က သွေးတစ်ပွက်အန်ထုတ်ရင်း ပြောသည်။ သူတစ်ချက်ပေါ့ဆ၍ ဓားတစ်ချက်ထိထားသဖြင့် စွမ်းအင်ရောင် မတည်မငြိမ်ဖြစ်နေသည်။ ဒဏ်ရာကုသဖို့ အာရုံစိုက်ထားရသည်။
“ငါတို့ဘက်က လေးယောက်၊ သူကတစ်ယောက်တည်းမို့ တော်သေးတာပေါ့။ ရှေရှည်တိုက်ခိုက်ရင် ငါတို့အသာစီးရလာမှာပါ။ နောက်ထပ်ဆယ်ရက်လောက်ဆို သူဒီလောက် အားမကောင်းနိုင်တော့ပါဘူး”
“အရပ်သားမြို့ထဲမှာ အဆင်ပြေရဲ့လား။ တစ်ယောက်ယောက်က စည်းမျဉ်းတွေအသုံးချပြီး မြို့ထဲက တရားဝင်ထွက်လာရင် ငါတို့အားလုံး တန်ပြန်သက်ရောက်မှု ခံရမှာနော်”
တာအိုဝစီပိတ်က အရပ်သားမြို့စည်းမျဉ်းများကို ဓားစွမ်းအင်ဖြင့် ချိုးဖျက်ခဲ့သော်လည်း “တရားဝင်”ဟူသည့် အမျိုးအစားတွင်မပါဝင်ပေ။
“ဘာစိုးရိမ်စရာရှိလဲ။ ငါတို့ရဲ့ညီငါးက မြို့စားပဲလေ။ သူက တစ်ခြားခန္ဓာထဲ ပူးကပ်ထားတယ်ဆိုပေမယ့် ဟိုလူငယ်နှစ်ယောက်က သူ့ကိုမယှဉ်နိုင်ပါဘူး”
“ဟုတ်ပါတယ်လေ”
မြို့ထဲတွင် ညီငါးရှိနေသဖြင့် သူတို့လေးယောက် စိတ်သက်သာရာရသွားပြီး တာအိုရှင်ဝစီပိတ်ကို ဆက်တိုက်ခိုက်ကြသည်။
သူတို့စကားကြောင့် လုယန်နှင့်မုန်ကျင်းကျိုးအတွက် တာအိုရှင်ဝစီပိတ် စိုးရိမ်လာသည်။
“သူတို့ကို မြို့ထဲမှာနေဖို့ ပြောထားတာ။ လိမ်လိမ်မာမာတော့ နေကြလောက်မှာပါ”
လုယန်တို့နှစ်ယောက် လူကောင်းလူမွန်လေးများဖြစ်မည်ဟုတွေး၍ ရှေးဟောင်းကျင့်ကြံသူလေးယောက်ကို ဆက်တိုက်ခိုက်သည်။
လုယန်နှင့်မုန်ကျင်းကျိုး ထွက်သွားသဖြင့် ရှောင်ယွမ်ကလည်း စိုးရိမ်နေမည်မှာ သေချာသည်။ အချိန်ကြာသွားလျှင် လာရှာပေလိမ့်မည်။
“ဓားတစ်ချောင်း ဓားတစ်သောင်းအသွင်ပြောင်းမယ်”
တာအိုဝစီပိတ် အော်ဟစ်လိုက်သည်။ မြန်မြန်ဖြေရှင်းနိုင်ဖို့ စွမ်းအားပြည့်ထုတ်လွှတ်တိုက်ခိုက်ရန် ရည်ရွယ်ထားသည်။ ရှေးဟောင်းကျင့်ကြံသူလေးယောက် လန့်ဖျတ်သွားသည်။
ဓားတစ်ချောင်းကို ဓားတစ်သောင်းအသွင်ပြောင်းသည့်ပညာသည် ရှေးခေတ်ကတည်းက ထင်ရှားသည်။ ထိုပညာကို သူတို့လည်းသိသည်။
တာအိုရှင်ဝစီပိတ် ညာလက်ကိုမြှောက်လိုက်သည်။ ရွှေရောင်ဓားစွမ်းအင်က နေတစ်စင်းလို တောက်ပလာသည်။ ဓားကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်။ ဓားတစ်သောင်းပေါ်လာသည်။ အားလုံးက အစစ်အမှန်လိုဖြစ်နေသည်။ မူလဓားနှင့် ခွဲခြား၍မရ။
ဓားတစ်သောင်းက ဆူနာမီလှိုင်းများလို ကျဆင်းလာသည်။ စွမ်းအားက ခန့်မှန်းမရအောင် ပြင်းထန်သည်။
“သတိထားကြဟေ့၊ သူက စွမ်းအားပြည့်ထုတ်သုံးတော့မယ်”
တစ်ယောက်က သတိပေးသည်။
တာအိုဝစီပိတ် နောက်ထပ်ဓားပညာတစ်ခု ပြောင်းလဲလိုက်သည်။
“ဓားနှင့်လူ တစ်သားတည်းပေါင်းစည်း။
သူလုံးဝ ပျောက်ကွယ်သွားသည်။ ဓားနှင့်ပေါင်းစည်းသွားသည်။
ဓားတစ်သောင်းရှိနေသည်။ တာအိုဝစီပိတ် ဘယ်ဓားထဲပေါင်းသွားသည်ကို ရန်သူလေးယောက် မခွဲခြားနိုင်ကြ။ မရှာနိုင်ကြ။
သွေးအန်မတတ် စိတ်ပျက်သွားသည်။ ထိုသို့ အချိန်ဆွဲသည့် နည်းဗျူဟာမျိုး တစ်ခါမှ မကြားဖူးကြ။
“မင်းကိုယ်မင်း ဓားကျင့်ကြံသူလို့ ခေါ်ရဲသေးတာလားကွ”
...........
အရပ်သားမြို့အရာရှိစည်းမျဉ်းများ
စည်းမျဉ်း ၁။ ဝတ်ရုံနက်ဝတ်ထားသူသည် ရုံးတော်ယမန်များဖြစ်သည်။ ဝတ်စုံဝတ်ပြီးသည်နှင့် ချွတ်၍မရ။
(**ရဲစခန်းနှင့်တရားရုံးပူးပေါင်းထားသည့် ရုံးတော်မျိုးဖြစ်သည်။ ယမန်အရာရှိများသည် ဖမ်းဆီးနိုင်သည်။ တရားစီရင်နိုင်သည်)
စည်းမျဉ်း ၂။ ဘယ်သူ့ကိုမဆို စိတ်ကြိုက် အော်ခေါ်နိုင်သည်။ လှည့်ကြည့်သူများ ဇက်ကျိုးမည်။
စည်းမျဉ်း ၃။ ရုံးတော်ယမန်အဖွဲ့တွင် စစ်သည်ငါးဆယ်နှင့် မြို့စားတစ်ယောက်သာ ရှိသည်။ ထိုမှလွဲ၍ တစ်ခြားတစ်ယောက်ယောက်မြင်လျှင် လျစ်လျူရှူထားလိုက်ပါ။
စည်းမျဉ်း ၄။ ညကိုးနာရီမှ မနက်ခုနစ်နာရှီအတွင်း ရုံးတော်တွင်သာနေရမည်။
စည်းမျဉ်း ၅။ အသားပေါက်စီသာ စားရမည်။ သုံးရက်ဆက်တိုက် မစားပဲနေလျှင် သေမည်။
စည်းမျဉ်း ၆။ မြိူ့စားသာလျှင် ခေါင်းတစ်လုံး လက်နှစ်ဘက်ရှိသည်။
စည်းမျဉ်း ၇။ မူးဝေလာလျှင် အမြင်ဝေဝါးလာလျှင် သို့မဟုတ် လက်မောင်းတွင် အနက်ရောင်အမွှေးများ ပေါက်လာလျှင်၊ တစ်နာရီအတွင်း ပုံမှန်ပြန်ဖြစ်မလာလျှင် စည်းမျဉ်း ၄ ကို ဂရုစိုက်စရာမလို။ ဘိုးဘေးခန်းမသို့ ချက်ချင်းသွားပါ။
စည်းမျဉ်း ၈။ မြို့စားကို ညကိုးနာရီမှ မနက်ခုနစ်နာရီအတွင်း တွေ့ရမည်မဟုတ်။ တွေ့လျှင် ပုံရိပ်တုဟု မှတ်ပါ။
စည်းမျဉ်း ၉။ သင့်ကြောင့် လူတစ်ရာ လည်ပင်းကျိုးလျှင် အရပ်သားမြို့တွင် ဆက်နေမလား ထွက်သွားမလား သင်ရွေးချယ်နိုင်သည်။ မြို့မှထွက်သွားလျှင် ဤနေရာတွင်ဖြစ်ခဲ့သည့် မှတ်ဉာဏ်အားလုံး ပျောက်ကွယ်သွားမည်။
စည်းမျဉ်း ၁၀။ အထက်ပါစည်းမျဉ်းများကို မချိုးဖောက်ဘဲ မြို့စား၏အမိန့်များ နာခံရမည်။
စည်းမျဉ်း ၁၁။ မြို့လယ်တွင် သက်တမ်းသုံးရာရှိသည့် ညောင်ကြပ်ပင်တစ်ပင်ရှိသည်။ ညကိုးနာရီမှ မနက်ခုနစ်နာရီအတွင်း ထိုသစ်ပင်သည် ဘိုးဘေးခန်းမဖြစ်လာမည်။
“နောက်ဆုံးတော့လည်း ဘိုးဘေးခန်းမနေရာကို သိရပြီပဲ”
မုန်ကျင်းကျိုး ပြုံးလိုက်သည်။ အစက ဘိုးဘေးခန်းမနေရာကိုသိရန် နောက်ထပ် ပြဿနာနည်းနည်းဆက်ရှာဖို့ သူတို့စီစဉ်ထားသည်။ ယခု ပိုလွယ်ကူရိုးရှင်းလာသည်။ မထင်မှတ်ဘဲ ပျော်ရွှင်ရသည်။
လုယန်က တစ်ခြားကိစ္စကို တွေးနေသည်။ ယနေ့ “အရာရှိစည်းမျဉ်း”ကိုရရန် အတော်လေး အားစိုက်ခဲ့ရသည်။ အထူးသဖြင့် မြို့စားနေသည့်နေရာကို သိလိုခြင်းဖြစ်သည်။
“နည်းနည်းလေး ရှုပ်နေတယ်။ စည်းမျဉ်းအရဆို ညကိုးနာရီကနေ မနက်ခုနစ်နာရီအထိ ယမန်တွေဟာ ရုံးတော်မှာ နေရမယ်တဲ့။ ပြီးတော့ အဲဒီ့အချိန်အပိုင်းအခြားအတွင်းမှာ မြို့စားကို တွေ့မှာမဟုတ်ဘူး။ တွေ့ခဲ့ရင် ပုံရိပ်ယောင်လို့ မှတ်ပါတဲ့။ ဒီတော့ မြို့စားဟာ ညကိုးနာရီကနေ မနက်ခုနစ်နာရီအတွင်း ရုံးတော်မှာ မရှိတဲ့သဘောပဲ”
မြိူ့စား၏တည်နေရာကို မသိလျှင် ဘိုးဘေးခန်းမသို့ သွားချိန်၌ မြို့စားနှင့်တိုးနိုင်သည်။
“မြို့စားကို ပေါ့ပေါ့တွေးလို့မရဘူး။ သူ့အစွမ်းက တစ်ခုတည်းမဟုတ်လောက်ဘူး။ ဘယ်လောက်စွမ်းအားကြီးမှန်းလည်း သေချာမသိဘူး။ သူ့ကို ရှောင်နိုင်အောင် ကြိုးစားမှဖြစ်မယ်”
ရုတ်တရက် လုယန် အချက်တစ်ချက်ကို နားလည်လာသည်။
“မင်းသတိထားမိလား။ ညကိုးနာရီကနေ မနက်ခုနစ်နာရီအတွင်း မြို့စားက ရုံးတော်မှာမရှိဘူး။ အဲဒီ့အချိန်အတွင်းမှာ သက်ငယ်မိုးအိမ်တွေနဲ့ တည်းခိုခန်းတွေက စိတ်ချရတယ်။ လမ်းပေါ်မှာပဲ အန္တရာယ်ရှိတာ။ လမ်းပေါ်မှာ ဘာတွေရှိနိုင်လဲ။ မကောင်းဆိုးဝါးတွေပဲပေါ့။ မြို့စားက မကောင်းဆိုးဝါးဖြစ်ဖို့များတယ်”
မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားသည်။
“ဒါပေမယ့် ကြည့်ပါ။ စည်းမျဉ်း ၆ မှာ မြို့စားတစ်ယောက်ပဲ ခေါင်းတစ်လုံး လက်နှစ်ဘက်ရှိတယ်လို့ ပြောတယ်။ မကောင်းဆိုးဝါးက အဲလိုပုံစံဟုတ်ပါ့မလား”
လုယန် ခေါင်းငြိမ့်သည်။
“ပထမဆုံးညက ပြတင်းပေါက်အပြင်ဘက်မှာ မြင်ရတဲ့ အရိပ်ကို မှတ်မိလား။ ဒုတိယထပ်လောက်ထိ မြင့်တယ်။ ခန္ဓာကိုယ်အထက်ပိုင်းက လူနဲ့တူတယ်။ စည်းမျဉ်းဖော်ပြချက်နဲ့ ကိုက်ညီပါတယ်။ ခန္ဓာကိုယ်အောက်ပိုင်း ဘယ်လိုပုံရှိလဲဆိုတာ စည်းမျဉ်းမှာ ဖော်ပြမထားဘူးလေ”
မုန်ကျင်းကျိုး ဆုံးဖြတ်ချက်ချလိုက်သည်။
“ညကိုးနာရီထိုးတဲ့အချိန် တည်းခိုခန်းကို မပြန်ဘဲ ညောင်ကြပ်ပင်ဘေးမှာ ရပ်စောင့်နေရအောင်။ ဘိုးဘေးခန်းမအဖြစ် ပြောင်းသွားတာနဲ့ ငါတို့ပြေးဝင်မယ်။ ဗုဒ္ဓရုပ်ထုကို ဖျက်ဆီးပြီး ထွက်လမ်းပေါ်လာရင် ကျောက်စိမ်းတံဆိပ်တွေ ပစ်ထည့်မယ်။ ပြီးမှ လူခွဲပြီး တည်းခိုခန်းကို မြန်မြန်ပြန်ကြမယ်”
လူခွဲပြန်မှ တစ်ယောက်က မကောင်းဆိုးဝါးနှင့်တိုးခဲ့လျှင် ကျန်တစ်ယောက်က ဘေးကင်းလိမ့်မည်။ အနည်းဆုံးတော့ တစ်ယောက်လွတ်ရမည်။
“မကောင်းဆိုးဝါးက ငါတို့ကို မစားရဲလောက်ပါဘူး။ ငါတို့အသက်တွေက ဝိညာဉ်မီးအိမ်နဲ့ ချိတ်ဆက်ထားတာပဲ။ ငါတို့သေရင် မီးအိမ်ငြိမ်းသွားမယ်။ ငါတို့ဂိုဏ်းကလူတွေ လိုက်လာကြလိမ့်မယ်။ အဲဒီ့ စုစည်းခြင်းအဆင့်တွေ သေချာပေါက်သေလိမ့်မယ်”
ထိုစကားက မုန်ကျင်းကျိုးကို ပြောနေသယောင်ရှိသော်လည်း အမှန်တော့ အားလုံးသိနေသည့် မြို့စားကြားအောင် ပြောလိုက်ခြင်းဖြစ်သည်။
မြို့လယ်မှ ညောင်ကြပ်ပင်သို့ သူတို့ရောက်လာကြသည်။ အချိန်က တဖြေးဖြေးကုန်လွန်သွားသည်။
“ညကိုးနာရီ ထိုးပါပြီ”
ညကင်းသမား၏အော်သံနှင့် မောင်းထုသံပေါ်လာသည်။ ညောင်ကြပ်ပင်ဘေးပတ်လည်မှလေထု တွန့်လိပ်လာသည်။ အိုဟောင်းနေသည့် ဘိုးဘေးခန်းမအဖြစ် တဖြေးဖြေးပြောင်းလဲသွားသည်။ ခန်းမအပြင်ဘက်တွင် “အရပ်သားမြို့ဘိုးဘေးခန်းမစည်းမျဉ်း”ဟု ရေးထားသည်။
နှစ်ယောက်လုံး အတော်လေးစိုးရိမ်ထိတ်လန့်နေသည်။ ခါးမှ ကျောက်စိမ်းတံဆိပ်ကို အလိုလို လက်စမ်းလိုက်သည်။ ထို့နောက် မျက်နှာအကြီးအကျယ် ပျက်သွားကြသည်။
“ငါတို့ကျောက်စိမ်းတံဆိပ်တွေ မရှိတော့ဘူး”
သူတို့ သံပြိုင်အော်လိုက်မိသည်။
ထိုစဉ် ခန်းမထဲမှ လေးပင်သည့်စကားသံတစ်ခု ထွက်လာသည်။
“ဟားဟား၊ ငတုံးလေးနှစ်ယောက်။ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့အချိန်မှာ မင်းတို့တောင် အရာရှိစည်းမျဉ်းစာရွက်ကို ရှာနိုင်တယ်ဆိုရင် ငါကလည်း မင်းတို့ကျောက်စိမ်းတံဆိပ်တွေ ခိုးယူဖို့ ယမန်တွေကို အမိန့်ပေးလို့ရတာပဲမဟုတ်လား”
အရပ်သားမြို့အရာရှိများ၏စည်းမျဉ်း ၁၀။ အထက်ပါစည်းမျဉ်းများကို မချိုးဖောက်ဘဲ မြို့စား၏အမိန့်များ နာခံရမည်။
*********************************************