← Chapters

မုဆိုးအစစ်ဘယ်သူလဲ

Vol. 10 Ch. 139

မုဆိုးအစစ်ဘယ်သူလဲ

Vol. 10 Ch. 139

“ဖြစ်ခဲ့တဲ့အခြေအနေက တကယ်ဒီလောက်မရိုးရှင်းဘူးပဲ”

လုယန် မျက်မှောင်ကျုံ့နေသည်။

မြို့စား သို့မဟုတ် ဘိုးဘေးခန်းမမကောင်းဆိုးဝါးသည် သူတို့အတွက် အလွန်အန္တရာယ်များသည်။

“ငါတို့ဘာလုပ်ကြမလဲ”

မုန်ကျင်းကျိုးလည်း မျက်နှာဖြူရော်နေသည်။ အဖြေတစ်ခုရှာဖို့ သူ့ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်နေသည်။

ဘိုးဘေးခန်းမဝင်ပေါက်တွင် ရေးထားသည့် စည်းမျဉ်းများကို လုယန် မျက်လုံးထောင့်မှ လှမ်းမြင်လိုက်သည်။

အရပ်သားမြို့ဘိုးဘေးခန်းမစည်းမျဉ်း။

စည်းမျဉ်း ၁။ အနက်ရောင် သို့မဟုတ် အဖြူရောင်ဝတ်စုံ သင်ဝတ်ထားပြီး မူးဝေနေလျှင် အမြင်ဝေဝါးနေလျှင် အမွေးနက်များ လက်မောင်းတွင် ပေါက်နေလျှင် ဘိုးဘေးခန်းမသို့ဝင်ပါ။ ဗုဒ္ဓရုပ်ထုကို ရှိခိုးပါ။ ရုပ်ထုရှေ့မှရေကို သောက်ပါ။

စည်းမျဉ်း ၂။ ဘိုးဘေးခန်းမတွင် ဗုဒ္ဓရုပ်ထုကို ဖျက်ဆီး၍မရ။

စည်းမျဉ်း ၃။ ဘိုးဘေးခန်းမတွင် လူသားစားသည့် မကောင်းဆိုးဝါးတစ်ကောင်ရှိသည်။

စည်းမျဉ်း ၄။ ဘိုးဘေးခန်းမသည် ဘေးကင်းသည်။

“ခန်းမထဲကိုဝင်မယ်”

လုယန် ဆုံးဖြတ်ချက်အမြန်ချ၍ ဘိုးဘေးခန်းမထဲသို့ဝင်သည်။ တတိယနှင့်စတုတ္ထစည်းမျဉ်းသည် အချင်းချင်းဆန့်ကျင်နေသယာင်ရှိသည်။ တစ်ခု မှားရမည်။ သို့သော် ထိုသို့လည်း ဟုတ်ချင်မှဟုတ်မည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စည်းမျဉ်းများ၏သဘောတရားကို လုယန် နားလည်ခဲ့သည်။ စည်းမျဉ်းအားလုံး အမှန်ဖြစ်သည်။ ဤစည်းမျဉ်းနှစ်ခုနှင့်ဆီလျော်သည့် အခြေအနေတစ်ခုရှိရမည်။ ဘိုးဘေးခန်းမတွင် မကောင်းဆိုးဝါးရှိသည်။ သို့သော် ထိုမကောင်းဆိုးဝါးသည် ခန်းမထဲတွင် လူများကို မစားနိုင်ခြင်းဖြစ်မည်။

ထို့ကြောင့် ခန်းမထဲဝင်ခြင်းသည် စိတ်အချရဆုံးဖြစ်သည်။

ခန်းမထဲသို့ သူတို့ပြေးဝင်လာပြီးနောက် မြို့စား၏အသွင်ကို မြင်ကြရသည်။ တစ်ခါမှမမြင်ဖူးသည့် မကောင်းဆိုးဝါးမျိုးဖြစ်သည်။

လူတစ်ဝက် သားရဲတစ်ဝက်ပုံစံရှိသည်။ အရပ်က နှစ်ထိပ်အိမ်တစ်လုံးစာမြင့်သည်။ ကိုယ်အထက်ပိုင်း လူနှင့်သိပ်မကွာလှ။ နဖူးတွင် အပိုမျက်လုံးတစ်လုံးသာရှိသည်။ ပါးစပ်က နားနှစ်ဘက်အထိ ဆန့်ထွက်နေသည်။ မြွေပါးစပ်နှင့်တူသည်။

ကိုယ်အောက်ပိုင်းက မြင်းနှင့်တူသည်။ သို့သော် ဘယ်မြင်းမှ ခြေရှစ်ချောင်းမရှိ။ လူခြေထောက်မျိုးတော့ လုံးဝမဟုတ်။

တုတ်ခိုင်သည့် အမြီးတစ်ချောင်း နောက်ဘက်တွင် ရှိနေသည်ကိုလည်း လုယန် သတိထားမိသည်။ အမြီးက မြေပြင်ကို ညင်သာစွာပုတ်နေသဖြင့် ဖုန်မှုန်များ လွင့်ပျံတက်နေသည်။ သို့သော် ခန်းမအလင်းက မှိန်လွန်းသဖြင့် ဘယ်နတ်ဆိုးမျိုးနွယ်၏အမြီးဖြစ်မှန်း သေချာခွဲခြားမရ။

ခန်းမထဲတွင် ဘိုးဘေးကမ္ဗည်းတိုင်လုံးဝမရှိ။ ကိုယ်တစ်ပိုင်းဗလာ မျက်လုံးအဝတ်ဖုံးထားသည့် ဗုဒ္ဓရုပ်ထုသာ ခန်းမအလယ်တွင် ရှိနေသည်။ ခံ့ညားထည်ဝါပြီး ခြောက်ခြားစရာကောင်းသည်။

ရုပ်ထုရှေ့တွေင် ကြည်လင်သည့် ရေသုံးခွက်ရှိသည်။ ဘိုးဘေးစည်းမျဉ်းတွင် ဖော်ပြထားသည့် ခွေးနက်အသွင်ပြောင်းလဲခြင်းကို ကုသနိုင်သည့်ရေ ဖြစ်မည်ထင်သည်။

မြို့စားက အတင်းပြေးဝင်လာသည့် လူနှစ်ယောက်ကို ငုံ့ကြည့်၍ နည်းနည်းအံ့ဩနေသည်။

“မင်းတို့နှစ်ယောက်က တကယ်သာမန်မဟုတ်ဘူးပဲ။ ဆုံးဖြတ်ချက် ဒီလောက်မြန်တယ်ပေါ့။ မင်းတို့ကို ငါကိုယ်တိုင်ရှင်းဖို့တွေးခဲ့တာ မှန်သွားပြီထင်တယ်”

“မြို့စားကိုယ်တိုင် ထွက်လာရတယ်ဆိုတော့ အတော်လေးအလုပ်ကြိုးစားတာပဲ။ ရုံးတော်ကို ပြန်သွားလိုက်ပါလား”

မြို့စား စကားဆက်မပြောတော့။ လုယန်တို့လူစူ ရထားပျံပျက်ကျကတည်းက သူသတိထားမိသည်။ သို့သော် ကျင့်စဉ်အဆင့်အမြင့်ဆုံးဖြတ်သည့် တာအိုရှင်ဝစီပိတ် မြို့ပြင်သို့ထွက်သွားပြီးနောက် ကျင့်စဉ်အဆင့်နိမ့်သည့် ဤလူငယ်နှစ်ယောက်ကို သူသိပ်အရေးမစိုက်ခဲ့။

နောက်ပိုင်းတွင် ထိုနှစ်ယောက်က မြို့စည်းမျဉ်းများကိုအသုံးချ၍ တည်းခိုခန်းပိုင်ရှင်နှင့် ဆက်သွယ်လာသည်။ ထို့ကြောင့် သူစပြီး အလေးအနက်ထားရသည်။ ထိုနှစ်ယောက်သည် စည်းမျဉ်းများ အသုံးချရတွင် အတော်ကျွမ်းကျင်သလိုရှိသည်။ အန္တရာယ်များသည်။

သူတို့ကို မြို့စားရှင်းပစ်ချင်သည်။ သို့သော် ထိုလူငယ်များကို အလွယ်တကူ လှည့်စား၍ရမည်မဟုတ်။ ထို့ကြောင့် သူတို့အစီအစဉ်နှင့် သူတို့ကိုပြန်မျှားခေါ်ဖို့ အသုံးချသည်။

မြို့ထဲတွင် ဖြစ်ပျက်သမျှအားလုံးကို သူသိသည်။ ထိုနှစ်ယောက် ထွက်ပြေးမည့်အစီအစဉ်ကို စာရွက်ပေါ်ချရေးဆွေးနွေးသည်ကလည်း သူ့မျက်စိသုံးလုံးအောက်မှ မလွတ်။

ပါရမီရှင်တို့သည် မောက်မာတတ်သည့် ပြဿနာရှိသည်။ ဘယ်သူမှ ကိုယ့်ကိုမယှဉ်နိုင်ဟု ထင်တတ်ကြသည်။ ထိုစိတ်ဓာတ်ကို မြို့စားကအသုံးချသည်။ ထိုနှစ်ယောက်ကို လွတ်လမ်းရှာခွင့်ပေးသည်။ ယမန်များအားပြဿနာရှာသည်ကို သည်းခံလိုက်သည်။ နောက်ဆုံးအချိန်ကျမှ ကျောက်စိမ်းတံဆိပ်များကိုခိုး၍ ဘိုး‌ဘေးခန်းမတွင် သူတို့အစီအစဉ်ကို အဆုံးသတ်ဖို့စီစဉ်သည်။

ထိုနှစ်ယောက်က အတော်သတိရှိသည်။ ညဘက်တွင်တည်းခိုခန်းမှ ထွက်မည်မဟုတ်။ ထို့ကြောင့် တမင်တကာ ဟာကွက်တစ်ခုပြ၍ မျှားထုတ်ခဲ့ခြင်းဖြစ်သည်။

ယခု ပိုက်ကွန်သိမ်းဖို့ အချိန်ကျလာသည်။

လုယန်နှင့်မုန်ကျင်းကျိုး အကြီးအကျယ်မျက်နှာပျက်နေသည်။ ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းသည်ဟု ထင်ခဲ့သည်။ ယခုမှ အားလုံးက မြို့စား၏လှည့်ကွက်မှန်း သိကြသည်။

သူတို့ အတော်ပေါ့ဆခဲ့သည်။

မြို့စားက စကားဆက်မပြောတော့။ အမြီးကို လျှပ်စီးလို အမြန်ဝှေ့ယမ်းလိုက်သည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့ ခုခံချိန်မရဘဲ လွင့်ထွက်သွားပြီး နံရံနှင့်တိုက်မိသည်။

သို့သော် ဘိုးဘေးခန်းမသည် ဘေးကင်းသည်ဟူသည့် စည်းမျဉ်းကြောင် ဒဏ်ရာမရ။ ထိုသို့သာမဟုတ်ခဲ့လျှင် ထိုအမြီးရိုက်ချက်ဖြင့် ကိစ္စချောပြီးဖြစ်မည်။

သူတို့ စိတ်ဓာတ်ကျသွားသည်။ စွမ်းအားနှင့်အမြန်နှုန်းချက် ကွာဟချက်က ကြီးမားလွန်းသည်။ ဘယ်နည်းလမ်းနှင့်မ ယှဉ်နိုင်မည်မဟုတ်။ ထို့အပြင် မြို့စားက မသေမျိုးဖြစ်သည်။ သေမျိုးဖြစ်လျှင်ပင် သူ့ကိုဒုက္ခပေးနိုင်မည်မဟုတ်။

(**မြို့စားသည် စုစည်းခြင်းအဆင့်ကျင့်ကြံသူဖြစ်သည်။ မသေမျိုးဆိုသည်မှာ ဤအရပ်သားမြို့ထဲတွင် မသေနိုင်ဟု ဆိုလိုပါသည်)

ဘိုးဘေးခန်းမထဲတွင် သူတို့နှစ်ယောက်ကို သတ်၍မရမှန်း မြို့စားသိသည်။ ထို့ကြောင့် အပြင်သို့ တွန်းထုတ်သည်။

ခန်းမအပြင်ဘက်တွင် သူသည် ပြိုင်ဘက်ကင်းဖြစ်သည်။

မြို့စားက ကြီးမားသည့်ခန္ဓာကိုယ်ဖြင့် သူတို့ဆီ ပြေးတက်သွားသည်။ အခြေအနေမကောင်းမှန်း ရိပ်စားမိသဖြင့် ဗျူဟာကို ဆွေးနွေးနေဖို့မလိုတော့။ လုယန်နှင့်မုန်ကျင်းကျိုး တစ်ယောက်နှင့်တစ်ယောက် လက်ချင်းချိတ်ပြီး ခန္ဓာကိုယ်ကို လွှဲယမ်းလျက် မြို့စား၏ တိုက်ခိုက်မှုကို ရှောင်ထွက်သည်။

“မင်းတို့က စွမ်းရည်နည်းနည်းရှိသားပဲ”

မြို့စား လှောင်ပြုံးပြုံးသည်။ သို့သော် အရေးမစိုက်ပါ။ ထိုအသေးအဖွဲလှည့်ကွက်မျိုးကို သူ့ရှေ့တွင် တစ်ကြိမ်သာ သုံးနိုင်လိမ့်မည်။

“သူ့နောက်ဘက်ကိုသွား”

လုယန် အော်ဟစ်လိုက်သည်။ မြို့စား၏ခန္ဓာကိုယ်က ကြီးမားလွန်းသည်။ ကျဉ်းမြောင်းသည့်ခန်းမထဲတွင် ရုတ်တရက် လှည့်ဖို့မလွယ်။

မြို့စားလှည့်လာချိန်တွင် မုန်ကျင်းကျိုးက ဗုဒ္ဓရုပ်ထုကိုမြှောက်၍ ပစ်ပေါက်လိုက်သည်။

ဘိုးဘေးခန်းမထဲတွင် ဗုဒ္ဓရုပ်ထုကို ဖျက်ဆီး၍မရ။

ထို့ကြောင့် ရုပ်ထုသည် အကောင်းဆုံးလက်နက်ဖြစ်သည်။

“ဒါပဲလား”

ကြီးမားသည့်ကျောက်တုံးတစ်ခုကို ထွင်းထုထားသည့် ဗုဒ္ဓရုပ်ထုနှင့် ရင်ဆိုင်ရသော်လည်း မြို့စား မျက်နှာမပျက်။

လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။ အသံကာမှော်စက်ဝန်းကို ချိုးဖျက်ပြီး လေလှိုင်းတစ်ခု ကျဉ်းမြောင်းသည့် ခန်းမထတွင် ပေါ်လာသည်။ ပြင်းအားက ကြောက်စရာကောင်းသည်။

စုစည်းခြင်းအဆင့်ကျင့်ကြံသူအဖွဲ့တွင် ငါးယောက်မြောက်လူဖြစ်သည်။ မြို့စားရာထူးယူထားသည်မှာ ဟာသမဟုတ်။ သူအိပ်ပျော်နေစဉ်အတွင်း သူ့ခန္ဓာကိုယ် ပြဿနာတစ်ခု ကြုံခဲ့သည်။ ရုပ်ခန္ဓာ သေသွားသည်။

နိုးထလာပြီးနောက် ဝိညာဉ်သာကျန်ရစ်သည်။ မဟာကပ်အခွင့်အရေးများကို ယှဉ်ပြိုင်နိုင်ရန် မြို့စား၏ခန္ဓာကိုယ်ကို လက်လွှဲယူသည်။ ရေးဟောင်းကျင့်စဉ်နည်းလမ်းများသုံး၍ မြို့စားခန္ဓာကိုယ်ကို ယခုလက်ရှိအသွင်သို့ ပြောင်းခဲ့သည်။

ရုပ်ဆိုး၍ထူးဆန်းသည့်အသွင်မျိုး ရှိသော်လည်း ကျင့်ကြံသူတစ်ယောက်အနေဖြင့် စွမ်းအားသည်သာ အရာရာဖြစ်သည်။ ဤအသွင်၏ သူအသန်မာဆုံး အခြေအနေဖြစ်သည်။ မဟာကပ်တွင် သူ့ကိုထူးချွန်ထင်ရှားအောင် လုပ်ပေးလိမ့်မည်။

လက်သီးချက်က တားဆီး၍မရ။ လုယန် ချက်ချင်းလွင့်ထွက်သွားသည်။ စံချိန်မီ ကျားလက်သီးသိုင်းကိုသုံး၍ ကျားတစ်ကောင်အသွင်ဖြင့် သူ့ခန္ဓာကိုယ်ကို အချိန်မီ ထိန်းညှိပြီး ပေါ့ပါးစွာ ကျလာသည်။ လက်သီးရိုက်ခတ်အား အများစုကို ဖြေလျှော့နိုင်ခဲ့သည်။

မုန်ကျင်းကျိုးက ဗုဒ္ဓရုပ်ထုနှင့်အတူ ခန်းမအပြင်ဘက်သို့ လွင့်ထွက်သွားသည်။

“ဗုဒ္ဓရုပ်ထုကို မြေပေါ်မကျစေနဲ့။ ရုပ်ထုကွဲသွားတာနဲ့ မင်းသေလိမ့်မည်”

လုယန် အော်ဟစ်သတိပေးသည်။

မုန်ကျင်းကျိုးလည်း အန္တရာယ်ကို နားလည်သည်။ သူကိုင်ထားသည့်အရာက အပြင်ထွက်ဖို့မျှော်လင့်ချက်မဟုတ်။ အချိန်မရွေးပေါက်ကွဲနိုင်သည့် မှော်အဆောင်မျိုးဖြစ်သည်။

မုန်ကျင်းကျိုး အော်ဟစ်လိုက်သည်။ သူ့ကြွက်သားများ ဖောင်းကားလာသည်။ အရေပြားများ နီရဲလာသည်။ သွေးကြောများ ‌ဖောင်းထလာသည်။ လက်သီးနှစ်ဘက်ဖြင့် ခန္ဓာနှင့်ရုပ်ထုကို တည်ငြိမ်အောင် ထိန်းထားသည်။ ရုပ်ထုကို မြေပေါ်ကျမကွဲအောင် ကာကွယ်သည်။

“ခန်းမထဲကို မြန်မြန်ပြန်ဝင်”

လုယန် အော်ဟစ်လိုက်သည်။ ယခု သူတို့ ခန်းမအပြင်ဘက်သို့ ရောက်နေသည်။ မြို့စားလက်ချက်မိလျှင် မုချသေမည်။

“ဝင်လာချင်တယ်ပေါ့”

မြို့စား လှောင်ပြုံးပြုံးသည်။ ဘိုးဘေးခန်းမတံခါးက အိမ်နှစ်ထပ်စာမြင့်သည်။ မြို့စား၏ခန္ဓာကိုယ်က ဝင်ပေါက်ကို ကွက်တိကျ ပိတ်ဆို့ထားသည်။ သူရှိနေလျှင် လုယန်တို့ ဝင်နိုင်ဖို့ အခွင့်အရေးမရှိ။

“တိုက်ခိုက်ကြတာပေါ့လေ”

လုယန် မြို့စားဆီ ပြေးဝင်သွားသည်။ ခြေလှမ်းများက ပေါ့ပါးသွက်လက်သည်။ မြို့စားခန္ဓာကိုယ်အောက်ဘက်မှ လျှောဝင်နိုင်လောက်သည်။

သို့သော် မြို့စားကလည်း သူ့အကြံကို ရိပ်မိသည်။ ရှေ့ခြေထောက်များကို ဆန့်ထုတ်၍ စိတ်ဒုက္ခပေးသည့် ဤလူငယ်ကို နင်းချေဖို့ ကြိုးစားသည်။

သို့သော် လုယန်က ချက်ချင်းလမ်းကြောင်းပြောင်းလိုက်သည်။ မြို့စားခြေထောက်အောက်သို့ မရောက်တော့။

“နောက်ဆုံးတော့ ခင်ဗျားကို မျှားထုတ်နိုင်လိုက်ပြီပဲ”

လုယန် မခိုးမခန့် ပြုံးနေသည်။

သူ့အပြုံးကြောင့် တစ်ခုခုမူမမှန်ကြောင်း မြို့စားရိပ်မိလိုက်သည်။ ချက်ချင်းအပေါ်သို့ မော့ကြည့်သည်။ မုန်ကျင်းကျိုးက ဗုဒ္ဓရုပ်ထုကို နောက်တစ်ကြိမ်မ,လျက် သူ့ဆီပစ်ချသည်။

ဗုဒ္ဓရုပ်ထု ကြေမွသွားသည်။ လှိုင်းထနေသည့် အပြင်လောကထွက်လမ်းတစ်ခု မြို့စားခြေထောက်အောက်တွင် ပွင့်လာသည်။ ထိုလမ်းကြောင်းမှ အရိုးချလေပြင်းများ မြို့စားဆီ လွင့်ပျံလာသည်။ ဓားပေါင်းထောင်ချီဖြင့် အရေပြားကိုခွဲဖြတ်၍ အရိုးနှင့်အသားကို ပိုင်းခြားသကဲ့သို့ ပြင်းထန်သည့်ဝေဒနာကို ခံစားရသည်။ မြို့စား နာကျင်စွာအော်ဟစ်လိုက်သည်။

ရုန်းထွက်ရန် အပြင်းအထန်ကြိုးစားသည်။ သို့သော် လေဟာနယ်လမ်းကြောင်းက ပိတ်ဆို့ထားသည်။ သူမထွက်နိုင်။

စတင်ဖန်တီးကတည်းက ထိုလမ်းကြောင်းထဲရောက်သူမှန်သမျှ သေချာပေါက်သေအောင် ဒီဇိုင်းထွင်ထားသည်။ ဘယ်သူမှ မလွတ်နိုင်။

ဗုဒ္ဓရုပ်ထုချိုးဖျက်၍ မြို့မှထွက်ရန် ကြိုးစားသူမှန်သမျှ သေခြင်းတရားကသာ စောင့်ကြိုနေပေလိမ့်မည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ ဘေးမှရပ်ကြည့်၍ လှောင်ပြုံးပြုံးနေသည်။

“လမ်းကြောင်းထဲဝင်တာနဲ့သေအောင် စည်းမျဉ်းချထားတယ်။ ပြီးတော့ ခင်ဗျားက မသေမျိုးပဲ။ ဘယ်စည်းမျဉ်းပိုအားကောင်းသလဲ ကျုပ်သိချင်တယ်။ မသေမျိုးစည်းမျဉ်းလား။ လမ်းကြောင်းရဲ့စည်းမျဉ်းလား”

အစကတည်းက ကျောက်စိမ်းတံဆိပ်ကိုသုံးပြီး တာအိုလမ်းစဉ်ဂိုဏ်းကို အကူအညီခေါ်ဖို့ သူတို့ရည်ရွယ်မထား။

ကျောက်စိမ်းတံဆိပ်ကိစ္စက မြို့စားကိုအယုံသွင်းသည့် ပရိယာယ်တစ်ခုသာဖြစ်သည်။

************************************************

All Chapters