လူရွေးမှားသူ
Vol. 10 Ch. 140
စည်းမျဉ်း ၂၁။ မြို့ထဲမှ ထွက်နိုင်လျှင် သို့မဟုတ် မြို့စားကိုသတ်နိုင်လျှင် အရပ်သားမြို့၏ စည်းမျဉ်းများကို လိုက်နာစရာမလို။
ဆေးဆိုင်ပိုင်ရှင်က စည်းမျဉ်း ၂၁ အကြောင်း လုယန်နှင့်မုန်ကျင်းကျိုးကို ရှင်းပြစဉ်က သူတို့နှစ်ယောက်လုံး တူညီသည့်အတွေးတစ်ခု စဉ်းစားမိခဲ့သည်။
မြို့ထဲမှထွက်ဖိုလည်း မဖြစ်နိုင်။ မြို့စားကိုသတ်ဖို့လည်းမဖြစ်နိုင်။ ထိုစည်းမျဉ်းနှစ်ခု ရင်ဆိုင်တွေ့လျှင် ဘယ်စည်းမျဉ်းက ပိုသာမည်နည်း။
အဖြေကိုမသိသဖြင့် စမ်းကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မြို့စား မြို့ထဲမှထွက်သွားသည်ဖြစ်စေ မြို့စားကို သတ်နိုင်သည်ဖြစ်စေ သူတို့အတွက် အကျိုးရှိမည်။
မြို့စား မြို့ထဲမှ ထွက်သွားလျှင် အရပ်သားမြို့က သူတို့အပိုင်နယ်မြေ ဖြစ်လာမည်။ ထွက်သွားဖို့ တစ်ခြားနည်းလမ်း ရှာနိုင်သည်။ ဥပမာ ကိုယ်ပိုင်ကျောင်းဆရာထံမှ နည်းလမ်းရှာနိုင်သည်။
ထို့ပြင် မြို့စားထွက်သွားလျှင် အရပ်သားမြို့ လုံးဝမတုန်မလှုပ်ရှိနေမည်ဟု သူတို့မယုံကြည်။
မြို့စားကိုသတ်နိုင်လျှင်တော့ ပိုကောင်းသည်။ ကစားပွဲကို တိုက်ရိုက်ရှင်းလင်းနိုင်သည်။
သို့သော် မြို့စားကို ထွက်လမ်းထဲဝင်အောင်လုပ်ဖို့က လွယ်ကူသည့်အလုပ်မဟုတ်။
ဘိုးဘေးခန်းမ ဘယ်နေရာရှိမှန်းမသိ။ မြို့စားဘယ်သူမှန်းလည်းမသိခဲ့။
မည်သို့ပင်ဖြစ်စေ မြို့ထဲတွင် ပြဿနာရှာလျှင် မြို့စား လှုပ်ရှားလာအောင် တွန်းအားပေးနိုင်သည်။
စည်းမျဉ်းချမှတ်သူတို့သည် စည်းမျဉ်းချိုးဖောက်သူများကို သည်းခံမည်မဟုတ်။ ပါးရိုက်ခံရသလို ဖြစ်မည်။ သူတို့စည်းမျဉ်းများ ဟာကွက်အပြည့်ရှိနေကြောင်း ကြေငြာသလိုဖြစ်မည်။
ထို့ကြောင့် စည်းမျဉ်းများကို အသုံးချ၍ မြို့ထဲတွင် ဂြိုလ်မွှေရန် ဆုံးဖြတ်ခဲ့သည်။
ပထမဦးစွာ လုယန်က ကျောက်စိမ်းတံဆိပ်၏ စွမ်းဆောင်ရည်အကြောင်း ဇာတ်လမ်းဆင်၍ပြောသည်။ တမင်တကာ စာရေး၍ ဆွေးနွေးသည်။ အပြင်လူမသိစေလိုသည့် လျှို့ဝှက်ကိစ္စတစ်ခုလုပ်နေသလို ဟန်ဆောင်သည်။
မြို့ထဲမှ အဖြစ်အပျက်အားလုံး မြို့စားမျက်စိအောက်မှ မလွတ်မှန်းသိနေပြီးဖြစ်သည်။ ကစားပွဲအနိုင်ယူမည့် နည်းလမ်းကို လုယန်ဘာကြောင့် ထုတ်ပြောမည်နည်း။ စာရေး၍ ဆွေးနွေးမည်နည်း။
မြို့စားက လုယန်တို့နှစ်ယောက် မောက်မာသည်ဟု ယူဆသည်။ သူကိုယ်တိုင် မောက်မာစိတ်ရှိသည့်အဖြစ်ကို နားမလည်။ ထို့ကြောင့် ကျောက်စိမ်းတံဆိပ်အပေါ်သာ သူအာရုံစိုက်အောင် လုယန်က အောင်မြင်စွာ လှည့်စားနိုင်ခဲ့သည်။
ထို့နောက် လုယန်တို့က ယမန်များကို သုံးကြိမ် သွားဆွသည်။ သူတို့ကို မြို့စားးလက်အာက်ခံများ မယှဉ်နိုင်သည့်ကြောင်း ပြသည်။
လက်အောက်ခံများမယှဉ်နိုင်လျှင် အနှောက်အယှက်ပေးသည့် သူတို့နှစ်ယောက်ကို မြို့စားကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းမည်မှာ သေချာနေသည်။
ကျောက်စိမ်းတံဆိပ်ခိုးယူလျှင် အားလုံးဖြေရှင်းနိုင်မည်ဟု မြို့စားက တွေးသည်။ ဘိုးဘေးခန်းမထဲတွင်စောင့်သည်။ ထောင်ချောက်ထဲဝင်လာအောင် စောင့်သည်။ လုယန်တို့နှစ်ယောက် ကျောက်စိမ်းတံဆိပ်ကိုသုံးဖို့ ရည်ရွယ်မထားကြောင်း သူမသိ။ သူတို့လိုချင်သည်က ဘိုးဘေးခန်းမထဲတွင် မြို့စားပေါ်လာဖို့သာဖြစ်သည်။
လုယန်နှင့် မုန်ကျင်းကျိုး ထိုကိစ္စကို မည်သို့စီစဉ်ခဲ့သနည်း။ ထိုမျှရိုးရှင်းသည့် လှည့်ကွက်လောက်ကို ဆွေးနွေးစရာမလို။
ပါးနပ်မှုနှင့်လှည့်စားနိုင်စွမ်းမရှိလျှင် သူတို့နှစ်ယောက် နတ်ဆိုးဂိုဏ်းသခင်ရာထူး ဘယ်လိုရနိုင်မည်နည်း။
...............
ဘိုးဘေးခန်းမဝင်ပေါက်မှ အရိုးချလေပြင်းထဲတွင် မြို့စားပိတ်မိနေသည်။ မသေမျိုးစည်းမျဉ်းနှင့် သေခြင်းစည်းမျဉ်းတို့ အားပြိုင်နေသည်။ မြို့စားခန္ဓာကိုယ် အဆက်မပြတ် ဖျက်ဆီးခံရသည်။ အဆက်မပြတ် ပြန်အသစ်ဖန်တီးနေသည်။ ချက်ချင်းသေချင်စိတ်ပေါက်လောက်အောင် ပြင်းထန်သည့်ဝေဒနာကို ခံစားနေရသည်။
“ဒါက ဘာကြီးလဲဟ”
လုယန် မြို့စားကို သေချာအကဲခတ်ကြည့်နေသည်။ ထိုသတ္တဝါမျိုး သူတစ်ခါမှ မမြင်ဖူး။
“သားရဲအသွင်ပြောင်းနည်းပါ”
ထာဝရနတ်မယ်က သူ့စိတ်နယ်မြေမှ လှမ်းပြောသည်။
“သားရဲအသွင်ပြောင်းတယ်...”
လုယန် ခေါင်းထဲမှ ကျင့်ကြံမှုဗဟုသုတများကို ပြန်သုံးသပ်သည်။ အခြေရှာမတွေ့။
ပျောက်ကွယ်ခဲ့သည့် ရှေးခေတ်က ကျင့်စဉ်နည်းလမ်းတစ်ခုဖြစ်မည်။
ထာဝရနတ်မယ် ဆက်ပြောသည်။
“ရှေးဟောင်းခေတ်မှာ ဒီကျင့်စဉ်က ခဏရေပန်းစားခဲ့တယ်။ လူခန္ဓာနဲ့ နတ်ဆိုးခန္ဓာတစ်ခုကို ဝါးမျိုတာပါ။ အဲလိုလုပ်တော့ လူသားစွမ်းရည်ရော နတ်ဆိုးစွမ်းရည်ရော ရနိုင်တယ်လေ။ အတော်စွမ်းအားကြီးပါတယ်။ ဒါပေမယ့် ဒီကျင့်စဉ်မှာ ချို့ယွင်းချက် အကြီးကြီးရှိတယ်။ မသေမျိုးမဖြစ်နိုင်တော့ဘူး။
မသေမျိုးဖြစ်ဖို့ သန့်စင်တဲ့ခန္ဓာကိုယ်လိုအပ်တယ်။ လူသားနဲ့နတ်ဆိုးပေါင်းထားတဲ့ ခန္ဓာကိုယ်ဟာ အရိယဖလ မဖန်တီးနိုင်ဘူး။ နောက်ပိုင်းတော့ ဒီကျင့်စဉ် တဖြေးဖြေးတိမ်ကောသွားတယ်”
“ဒါဆို သူက ရှေးဟောင်းခေတ်ကလူလား”
“မဟုတ်လောက်ဘူး။ ရှေးဟောင်းခေတ်ကလူတွေက ဒီကျင့်စဉ်ရဲ့ ချို့ယွင်းချက်ကို သိကြတယ်။ ဒီကျင့်စဉ်ရဲ့ ကောင်းကွက်တွေကိုပဲသိပြီး ချို့ယွင်းချက်ကိုမသိတဲ့ နောက်ပိုင်းခေတ်က လူတစ်ယောက်ယောက် ရှာတွေ့ခဲ့တာ ပိုဖြစ်နိုင်တယ်။
ကျင့်စဉ်တစ်ခု ပိုရှေးကျပြီး ပိုတိမ်ကောနေလေ ပိုကောင်းလေလို့ ထင်ကြတာ မဆန်းပါဘူး။ ဒါပေမယ့် ရှေးကျတိုင်းလည်း စွမ်းအားကြီးချင်မှကြီးမှာပေါ့။ ကျင့်စဉ်တစ်ခု တိမ်ကောသွားတယ်ဆိုတာ အကြောင်းရင်းရှိလို့ပဲ။ ဘယ်သူမှမကျင့်ကြံနိုင်လို့ဖြစ်ရင်ဖြစ်။ မဟုတ်ရင် ဘယ်သူမှမကျင့်ကြံချင်လို့ပဲ။ ပြဿနာကို လက်တွေ့ကျကျသုံးသပ်ဖို့လိုတယ်”
ထာဝရနတ်မယ် ပုခုံးတွန့်ပြသည်။ ရှေးဟောင်းခေတ်တွင် ထိုအဖြစ်မျိုးက သိပ်မဆန်းလှ။
ဥပမာဆိုရလျှင် လူငယ်တစ်ယောက် ရှေးဟောင်းနယ်မြေတစ်ခုသို့ အမှတ်မထင်ဝင်မိမည်။ ရှေးဟောင်းကျင့်စဉ်တစ်ခုရမည်.။ နောက်တစ်ချိန် ကိုယ့်ကိုယ်ကို ပြိုင်ဘက်ကင်းဖြစ်လာမည်ဟု တွေးမည်။ ကျင့်စဉ်က ရှေးကျလွန်း၍ မပြည့်စုံသဖြင့် နတ်ဝိညာဉ်အဆင့်ရောက်ချိန်တွင် လုံးဝတစ်ခန်းရပ်သွားမည့်အဖြစ်ကို သူနားမလည်။
ကျင့်စဉ်နည်းလမ်းများသည် မျိုးရိုးအဆက်ဆက် ပြောင်းလဲတိုးတက်လာခြင်းဖြစ်သည်။ ချီအဆင့်မှ မသေမျိုးဖြစ်လာသည်အထိ ပြည့်စုံသည့် လမ်းကြောင်းတစ်ခု ဖြစ်မလာမီ အသက်ပေါင်းများစွာ စတေးခဲ့ရမည်။
ထာဝရနတ်မယ်က ကျယ်ပြန့်သည့် သူ့အတွေ့အကြုံဖြင့် ယခုခေတ် မေ့လျော့နေကြသည့် ဖြစ်စဉ်တစ်ခုကို ပုံမှန်အတိုင်း ပြောပြခြင်းဖြစ်သည်။
မြို့စားက သူတို့ကို စိုက်ကြည့်နေသည်။ စုစည်းခြင်းအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခဲ့သူဖြစ်၍ သူဦးနှောက်မနည်းပါ။ ထောင်ချောက်ထဲကျပြီးနောက် လုယန်တို့အစီအစဉ်ကို ချက်ချင်းနားလည်လာသည်။
သို့သော် နောက်ကျလွန်းသွားသည်။
နောက်ဆုံးတွင် မသေမျိုးစည်းမျဉ်းကို သေခြင်းည်းမျဉ်းက အနိုင်ယူသွားသည်။ မြို့စားခန္ဓာကိုယ် ပျက်စီးပျောက်ကွယ်သွားသည်။
လုယန်တို့ ကြိုခန့်မှန်းထားသည့်အတိုင်း ဖြစ်လာသည်။ တာအိုရှင်ဝစီပိတ် အစကတည်းက ပြောခဲ့သည်။ စည်းမျဉ်းများသည် ပုံမှန်အသိနှင့် ဆန့်ကျင်လွန်း၍မရ။ “အကြွင်းမဲ့ပြိုင်ဘက်ကင်း” “အကြွင်းမဲ့မသေမျိုး”ဟူသည် မရှိ။
မြို့စား၏ မသေမျိုးစည်းမျဉ်းသည် အကြွင်းမဲ့မဟုတ်။
“သေမယ်တဲ့လား။ ငါက ကောင်းကင်ဆန့်ကျင်မသေမျိုးစစ်ပဲ။ ထာဝရ မပျက်စိးနိုင်ဘူး။ ငါ့ဝိညာဉ်စစ်ကို ဘယ်တော့မှဖျက်ဆီးလို့မရဘူး။ ငါဘယ်လိုလုပ် ဒီနေရာမှာ သေနိုင်မှာလဲ”
အနက်ရောင်ဝိညာဉ်တစ်ခု မြို့စားခန္ဓာကိုယ်ထဲမှ ခုန်ထွက်လာသည်။ မူလပုံစံနှင့် နည်းနည်းကွဲပြားနေသည်။
မြို့စားသည် ကောင်းကင်ဆန့်ကျင်မသေမျိုးစစ်၏ အသုံးချခန္ဓာတစ်ခုသာဖြစ်သည်။ မူလပုံစံမဟုတ်။
(**ကောင်းကင်ဆန့်ကျင်မသေမျိုးစစ်ဆိုသည်မှာ သူ့ကျင့်စဉ်နာမည်ကိုယူ၍ သူ့ကိုယ်သူ ကင်ပွန်းတပ်ထားခြင်းဖြစ်သည်)
ပုံမှန်အတိုင်းဆိုလျှင် မြို့စား၏ရုပ်ခန္ဓာ သေသွားသည်နှင့် လုယန်နှင့်မုန်ကျင်းကျိုး အနိုင်ရသွားမည်။ သို့သော် ကောင်းကင်ဆန့်ကျင်မသေမျိုးက ထိုအရှက်တရားမျိုးကို သည်းမခံနိုင်။ စွမ်းအားကြီးသည့် စုစည်းခြင်းအဆင့်တစ်ယောက်။ နှစ်ပေါင်းထောင်ချီ နေထိုင်ခဲ့သည်။ ရန်သူများစွာကို အနိုင်ယူခဲ့သည်။ ယခု ဘာမဟုတ်သည့် အခြေတည်အဆင့်နှစ်ယောက်၏ လှည့်စားခြင်းကို ခံလိုက်ရသည်။
သူသည်းမခံနိုင်။
စည်းမျဉ်းကိုချိုးဖျက်ပြီး သူ့ဝိညာဉ်ပျက်စီမည်ဆိုလျှင်ပင် ယနေ့ ထိုအဖျက်ပိုးမွှားနှစ်ကောင်ကို အသေသတ်ဖို့ ဆုံးဖြတ်ထားသည်။
(**မြို့စားရုပ်ခန္ဓာကို ယူထား၍သာ အရပ်သားမြို့ကို သူထိန်းချုပ်နိုင်သည်။ ထိုခန္ဓာမှ ထွက်လာခြင်းသည့် စည်းမျဉ်းချိုးဖောက်ခြင်းဖြစ်သည်)
“ဪ...မင်းက ဓားဝိညာဉ်မြစ်လား”
ရုပ်ခန္ဓာ အကန့်အသတ်မရှိသဖြင့် ကောင်းကင်ဆန့်ကျင်မသေမျိုး၏ အာရုံက ပိုထက်မြက်လာသည်။ လုယန်က ဓားဝိညာည်မြစ်၊ မုန်ကျင်းကျိုးက တစ်ကိုယ်တော်ဝိညာဉ်မြစ်မှန်း သူအာရုံခံမိသည်။ ထိပ်တန်းဝိညာဉ်မြစ်နှစ်ခု ဖြစ်သည်။ မြို့စား၏ခန္ဓာကိုယ်ထက် များစွာသာလွန်သည်။
ဓားဝိညာဉ်မြစ်သည် တိုက်ခိုက်ရာတွင် တစ်ပန်းသာသည်။ ထိုခန္ဓာကို သူဝင်ပူးကပ်နိုင်ပြီး “ကောင်းကင်ဆန့်ကျင်လျှို့ဝှက်ကျင့်စဉ်”နှင့်ပေါင်းစပ်လိုက်လျှင် သူ့မူလခန္ဓာထက်ပင် သာလွန်သွားနိုင်သည်။ အကန့်အသတ်ချိုးဖျက်၍ ကူးဖြတ်ခြင်းအဆင့်သို့ ရောက်နိုင်သည်။
ကောင်းကင်ဆန့်ကျင်ကျင့်စဉ်သည် ပြိုင်ဘက်ကင်းဖြစ်သည့် ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်များကို စိန်ခေါ်နိုင်စွမ်းရှိသည်။ မဟာကပ်ရောက်လာလျှင်ပင် သူ့နှင့်ယှဉ်နိုင်သူ ရှိမည်မထင်။
“ဒါက ကောင်းကင်ကပေးတဲ့ အခွင့်အရေးပဲထင်ပါရဲ့ကွာ”
ကောင်းကင်ဆန့်ကျင်မသေမျိုး တဟားဟားအော်ရယ်နေသည်။ အမှတ်မထင်ရလာသည့် အခွင့်အရေးကြောင့် အံ့ဩဝမ်းသာဖြစ်နေသည်။ တစ်ညလုံးလမ်းပျောက်နေပြီးမှ ရွာတစ်ရွာတွေ့ရသလိုပင်ဖြစ်သည်။
လုယန်ကို သူ့လက်ခုပ်ထဲမှရေဟု သဘောထားသည်။ အခြေတည်အဆင့်တစ်ယောက်က စုစည်းခြင်းအဆင့်တစ်ယောက်ရှေ့တွင် ဘာလုပ်နိုင်မည်နည်း။
မီးခိုးရောင်မြူတန်းအဖြစ်ပြောင်း၍ လုယန်၏ သိစိတ်နယ်မြေသို့ ဝင်သွားသည်။ ခန္ဓာကိုယ်လွှဲပြောင်းယူရန် ပြင်ဆင်သည်။
လုယန် သူ့ကိုကြည့်၍ မယုံနိုင်အောင်ဖြစ်နေသည်။ မျက်နှာတွင် အံ့ဩရိပ်ပြည့်နေသည်။
“ခင်ဗျားက စုစည်းခြင်းအဆင့်ဖြစ်ပြီး ကိုယ့်စည်းမျဉ်းကိုယ် မလိုက်နာဘဲ ကျုပ်ကိုဝင်ပူးကပ်ဖို့ ကြိုးစားရဲတယ်ပေါ့”
ကောင်းကင်ဆန့်ကျင်မသေမျိုးက လုယန်ကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ လောကသဘာဝအကြောင်း မသိနားမလည်သည့် ကလေးတစ်ယောက်ဟု မြင်သည်။
“မင်းမသေခင် အမှန်တရားတစ်ခု ငါပြောပြမယ်။ ဒါမှမင်း ငြိမ်းငြိမ်းချမ်းချမ်သေနိုင်မှာ။ စွမ်းအားအကြီးဆုံးလူဟာ အမြဲတမ်းမှန်တယ်ကွ။ ဒါဟာ ခေတ်အဆက်ဆက်မပြောင်းလဲတဲ့ အမှန်တရားပဲ။ စုစည်းခြင်းအဆင့်တစ်ယောက်ကိုရန်စဖို့ အရည်အချင်းမမီရင် အမြီးကုပ်ပြီး ကောင်းကောင်းနေသင့်တယ်”
လုယန် သက်ပြင်းချလိုက်သည်။
“လူအားလုံး စည်းမျဉ်းလိုက်နာပြီး မျှမျှတတယှဉ်ပြိုင်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ခင်ဗျားက စည်းမျဉ်းအတိုင်းမကစားချင်မှတော့ ကျုပ်ကစားပွဲပြောင်းတာကို ခင်ဗျားအပြစ်မတင်နဲ့တော့”
ထို့နောက် သူ့နောက်မှလူကိုပြရန် ဘေးသို့ဖယ်ပေးသည်။ ကြိုဆိုသည့်ဟန်ဖြင့် လက်ဆန့်ထုတ်သည်။
“နတ်မယ်၊ အခု ခင်ဗျားအပေါ်မူတည်သွားပြီ”
တင်ပျဉ်ခွေထိုင်နေသည့် ထာဝရနတ်မယ်ကို ကောင်းကင်ဆန့်ကျင်မသေမျိုး မြင်လိုက်ရသည်။
ထာဝနတ်မယ်က ကောင်းကင်ဆန့်ကျင်မသေမျိုးကို ငုံ့ကြည့်ပြီး နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ လှောင်ရိပ် အထင်သေးရိပ် အပြည့်ပါသည်။
“ကောင်လေး၊ ဒီမသေမျိုးရှေ့မှာ ပူးကပ်ဖို့အကြောင်း ပြောရဲတယ်ပေါ့။ အတော်သတ္တိကောင်းတာပဲ”
“ဘာရယ်”
ကောင်းကင်ဆန့်ကျင်မသေမျိုး တွေးမရအောင်ဖြစ်သွားသည်။ ဘာကြောင့် သိစိတ်နယ်မြေတွင် လူနှစ်ယောက်ရှိနေသနည်း။ ဘာကြောင့် ထိုလူက သူ့ကိုယ်သူ့ မသေမျိုးဟု ပြောနေသနည်း။
ဘာကြောင့်မှန်းတော့မသိ။ ကြီးမားသည့်အန္တရာယ်တစ်ခု ကျလာတော့မည်ဟု သူခံစားနေရသည်။
*********************************************